"ကောင်လေး... မင်းက တိုက်ခိုက်ဖို့အတွက် အစေခံတစ်ယောက်ကို သုံးရဲတယ်ပေါ့လေ။ ဂရန်းမားစတာ တစ်ယောက်ဆိုတာ စော်ကားလို့မရဘူး ဆိုတာကို မင်း မကြားဖူးဘူးလား"
ထိုသို့ပြောဆိုနေစဉ်မှာပင် ရှန်တုန်းလိုင်၏ နောက်ကျောဘက်၌ ရပ်နေသော အဘိုးအို တစ်ဦးသည် ရှေ့သို့ ထွက်လာလေသည်။
ထိုအဘိုးအိုမှာ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိပြီး ပိန်ချုံးကာ အားနည်းသည့်အသွင် ရှိသော်လည်း သူ၏ မျက်လုံးများကား အလွန်တရာ စူးရှထက်မြက်နေပေသည်။ သူသည်လည်း ထိပ်သီး သိုင်းပညာရှင် တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေ၏။
ယဲ့ပုဖန်က ထိုအဘိုးအိုကို ကြည့်ကာ "ခင်ဗျားကရော ဘာကောင်မို့လို့လဲ" ဟု မေးလိုက်သည်။
အဘိုးအိုက မောက်မာသော မျက်နှာအမူအရာဖြင့် "ငါက ဓားမိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟွမ်ချန်ချိုပဲ။ ပြီးတော့ ငါကလည်း ဂရန်းမားစတာ တစ်ယောက်ပဲကွ" ဟု ပြောလိုက်သည်။
သူ၏ စကားကြောင့် ထိုနေရာတွင် ထပ်မံ၍ ဆူညံသွားပြန်သည်။ ရှန်တုန်းလိုင် တစ်ယောက်တည်း ရှိနေခြင်းကပင် အလွန် အံ့မခန်း ဖြစ်နေပြီ ဖြစ်ရာ ယခု နောက်ထပ် ဂရန်းမားစတာ တစ်ဦး ထပ်မံ ထွက်ပေါ်လာပြန်ချေပြီ။
ယဲ့ပုဖန်က လှောင်ပြုံး ပြုံးလိုက်ပြီး အထင်အမြင်သေးသော အကြည့်ဖြင့် "ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ဂရန်းမားစတာတွေလို့ ခေါ်ဝံ့သေးတယ်ပေါ့လေ" ဟု ဆိုလိုက်သည်။
သူ၏ အမြင်တွင် ဂရန်းမားစတာ တစ်ဦး ဖြစ်လာရန်အတွက် အနည်းဆုံး အာကာသအဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။ သို့သော် ယခုအခါ သိုင်းလောကမှာ ကျဆင်းလာခဲ့ပြီ ဖြစ်ရာ မြေကမ္ဘာအဆင့် သိုင်းပညာရှင်များပင် ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်ကာ ဂရန်းမားစတာများ ဖြစ်လာနိုင်နေကြလေပြီ။
"ဘာမှ နားမလည်တဲ့ ကောင်စုတ်လေး... မင်းကများ ငါ့ကို အထင်သေးရဲတယ်ပေါ့"
ဟွမ်ချန်ချိုက အော်ဟစ်လိုက်ပြီး "ငါက အသက် လေးနှစ်အရွယ်တည်းက သိုင်းပညာကို စတင် သင်ယူခဲ့တာ။ အသက် ဆယ်နှစ် အရွယ်မှာဆို လူကြီးတွေနဲ့တောင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်နေပြီ"
"အသက် ၁၅ နှစ်မှာ မြို့ထဲက သိုင်းလက်ဝှေ့ရုံတွေ အားလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်ခဲ့တယ်။ အသက် ၃၀ မှာ ကောင်းကင်အဆင့် သိုင်းပညာရှင် အဆင့်ကို လှမ်းတက်နိုင်ခဲ့ပြီး အသက် ၄၀ မှာ ဂိုဏ်းချုပ်အဖြစ် တရားဝင် တာဝန်ယူခဲ့တယ်။ အသက် ၅၀ မှာ မြေကမ္ဘာအဆင့်ကို တရားဝင် ခြေချနိုင်ခဲ့ပြီး ဂရန်းမားစတာ ဆိုတဲ့ ဘွဲ့ထူးကို ရရှိခဲ့တာကွ"
"မင်းလို ကောင်စုတ်လေး တစ်ယောက်က ငါလို အဘိုးအို တစ်ယောက်နဲ့ ယှဉ်ဖို့ ဘာအရည်အချင်းများ ရှိနေလို့လဲ"
"အသက် ၃၀ မှာမှ ကောင်းကင်အဆင့်၊ ၅၀ မှာမှ မြေကမ္ဘာအဆင့်တဲ့လား။ ဒီလောက်ပဲ အဆင့် ရှိတာကိုတောင် အရှက်မရှိ ထုတ်ကြွားရဲသေးတယ်ပေါ့"
ယဲ့ပုဖန်က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ ထိုအဘိုးအို အလွန် ဂုဏ်ယူနေသော အရာများမှာ သူ၏ မျက်စိထဲတွင်တော့ လုံးဝကို ရယ်စရာ ကောင်းလွန်းလှပေသည်။
ဟွမ်ချန်ချိုက ဟိန်းဟောက်လိုက်ပြီး "ကောင်လေး... မင်းက ငါ့ကို မလေးမစား လုပ်ရဲတယ်ပေါ့လေ။ မင်း အောက်ဆင်းလာပြီး တိုက်ခိုက်ရဲလား"
ယဲ့ပုဖန်က "အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ တော်လိုက်တော့။ ကျုပ်ကို စိန်ခေါ်ချင်တဲ့သူ ဘယ်သူမဆို လာခဲ့လို့ ရတယ်။ ဒါပေမဲ့ အရင်ဆုံး ကျုပ်ရဲ့ အစေခံကို အနိုင်ယူလိုက်ဦး" ဟု ဆိုလိုက်၏။
"ကောင်းပြီလေ... မင်းရဲ့ ဒီခေါင်းမာမှုကို ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
ဟွမ်ချန်ချိုက ရှန်တုန်းလိုင်ဘက်သို့ လှည့်ကာ "အစ်ကိုရှန်... ဒီဘာမှ နားမလည်တဲ့ ကောင်စုတ်လေးကို ခင်ဗျား ကိုယ်စား ကျွန်တော်ပဲ သင်ခန်းစာ ပေးလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
မူလက သူသည် ခုံထုံဂိုဏ်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသဖြင့် အင်အားဖြည့်တင်းပေးရန် လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ မောက်မာလှသော ကောင်စုတ်လေးကို သူကိုယ်တိုင် ကိုယ်တွယ်ကာ သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ကောင်းပါပြီ ဂိုဏ်းချုပ်ဟွမ်။ ဒါဆိုလည်း ခင်ဗျားကိုပဲ လွှဲလိုက်ပါတော့မယ်"
မြေကမ္ဘာအဆင့်၏ အလယ်အလတ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ပြီးကတည်းက ရှန်တုန်းလိုင်မှာ ပို၍ပင် မောက်မာလာခဲ့ပေသည်။ သူ၏ အမြင်တွင် ယဲ့ပုဖန်ကို သူကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက တစ်ဖက်လူကို ဂုဏ်တင်ပေးလိုက်သလို ဖြစ်သွားပေမည်။ ဤသို့သော အခြေအနေမျိုးတွင် ဟွမ်ချန်ချို ဝင်ရောက် ဖြေရှင်းပေးသည်က အကောင်းဆုံးပင် ဖြစ်သည်။
နှစ်ဖက်စလုံးက တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်ရာ ကြည့်ရှုနေသူများ အားလုံးသည် နောက်သို့ ဆုတ်ပေးလိုက်ကြပြီး ခြံဝင်းအတွင်း၌ နေရာလွတ် တစ်ခုကို ဖန်တီးပေးလိုက်ကြသည်။
ဟွမ်ချန်ချိုသည် အဆင်သင့် ပြင်လိုက်ပြီး သိုင်းစတင်မည့် ဟန်ကို ပြုလုပ်လိုက်ကာ ယဲ့ထျန်းအား ကြည့်၍ "ငါက ဓားမိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟွမ်ချန်ချိုပဲ" ဟု ဆိုလိုက်သည်။
"ယဲ့ထျန်း" ဟု တစ်ဖက်မှ အေးစက်စွာ တုံ့ပြန်လာ၏။
သာမန် အလောင်းရုပ်သေးများသည် စကားမပြောနိုင်ကြပေ။ သို့သော် ယဲ့ပုဖန်၏ အလောင်းသန့်စင်ခြင်း လျှို့ဝှက်ကျမ်းမှာ သူ၏ ကိုယ်ပိုင် ထူးခြားချက်များ ရှိနေပေသည်။
သူသည် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြုကာ အလောင်းရုပ်သေးကို စကားပြောစေရန် အမိန့်ပေးနိုင်ပေသည်။ ဤအရာ၏ အကြီးမားဆုံးသော အားသာချက်မှာ အခြားသူများ၏ သံသယ ဖြစ်ခြင်းကို ရှောင်ရှားနိုင်ခြင်းပင် ဖြစ်သည်။
ဟွမ်ချန်ချိုက မောက်မာစွာဖြင့် "စပြီး တိုက်ခိုက်လိုက်စမ်း။ မင်းက မျိုးဆက်သစ် ဖြစ်နေတဲ့အတွက် မင်းကို သိုင်းကွက် သုံးကွက် အကျောပေးမယ်” ဟု ဆိုလိုက်သည်။
ယဲ့ထျန်းမှာမူ ငွေအလောင်း တစ်ခုသာ ဖြစ်ပြီး သူ၏ ခေါင်းထဲတွင် သခင်ဖြစ်သူ၏ အမိန့်ကို ပြီးမြောက်အောင် ထမ်းဆောင်ရန်မှလွဲ၍ အခြား မရှိပေ။ ထို့ကြောင့် သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ဟွမ်ချန်ချို၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လက်သီး တစ်ချက်ကို ပြင်းထန်စွာ ပစ်သွင်းလိုက်လေတော့သည်။
မူလက ထိုနေရာရှိ မည်သူကမျှ ယဲ့ထျန်းအား အလေးအနက် မထားခဲ့ကြပေ။ သူသည် ယဲ့ပုဖန်၏ အစေခံ သို့မဟုတ် ကိုယ်ရံတော် တစ်ဦးသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြပြီး သူ၏ သိုင်းစွမ်းရည်နှင့် ကျင့်ကြံမှုအဆင့်မှာ သိပ်မမြင့်မားနိုင်ဟု ယူဆထားခဲ့ကြသည်။
သို့သော် ထိုလက်သီးချက် ထွက်ပေါ်လာပြီးနောက်တွင်ကား ထိုနေရာရှိ လူတိုင်း၏ မျက်နှာ အမူအရာများမှာ ပြောင်းလဲသွားကြလေပြီ။ ၎င်းမှာ မြန်ဆန်လှသည်။ အလွန်တရာကို အံ့မခန်း မြန်ဆန်လွန်းလှပေသည်။
ထို့အပြင် ယဲ့ထျန်း၏ လက်သီးချက်မှာ အလွန်တရာ အစွမ်းထက်လှပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ စူးရှလှသော လေခွင်းသံကြီးများနှင့်အတူ ဝှစ်ခနဲ မြည်ဟည်းသွားလေသည်။
ရှဟိုအောက်မှာ ချက်ချင်းပင် တုန်လှုပ်သွားရသည်။ ကောင်းကင်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသော သိုင်းပညာရှင် တစ်ဦးအနေဖြင့် သူသည် ဘာတွေ ဖြစ်နေသနည်း ဆိုတာကို ကောင်းကောင်း နားလည်ထားပေသည်။ အင်အားနှင့် အမြန်နှုန်း နှစ်ခုစလုံးသည် ၎င်းတို့၏ အကန့်အသတ်များအထိ ရောက်ရှိသွားသောအခါမှသာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်သည်။
ငါက နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တာတောင် ဒီလိုမျိုး မလုပ်နိုင်သေးဘူး။ ယဲ့ပုဖန်က ဒီလို အစွမ်းထက်တဲ့ သိုင်းပညာရှင်ကို ဘယ်ကများ ရှာတွေ့လာတာလဲ။ ပြီးတော့ သူ့ကို အစေခံလို့တောင် ပြောနေသေးတယ်။
အံ့အားအသင့်ဆုံး သူမှာကား ဟွမ်ချန်ချိုပင် ဖြစ်ပြီး သူသည် ပထမဆုံး လန့်ဖျပ်သွားသူလည်း ဖြစ်၏။ မူလက သူသည် မောက်မာကာ အစွမ်းပြလိုခဲ့ပြီး တစ်ဖက်လူကို သိုင်းကွက် အနည်းငယ်ခန့် ခွင့်ပြုပေးကာ ဂရန်းမားစတာ တစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူသည် ရုပ်ဖျက်ထားသော ထိပ်သီး သိုင်းပညာရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့သလို ယဲ့ထျန်း၏ တိုက်ခိုက်မှုက ဤမျှအထိ ကြမ်းတမ်း ပြင်းထန်နေလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။
ယခုမူ ရှောင်တိမ်းရန် နောက်ကျသွားချေပြီ။ တစ်ဖက်လူအား သိုင်းကွက် သုံးကွက် ခွင့်ပြုမည် ဟူသော သူ၏ ကတိကိုပင် လျစ်လျူရှုလိုက်ပြီး အံကြိတ်ကာ ထိုလက်သီးချက်ကို ရင်ဆိုင်ရန် သူ၏ လက်ကို မြှောက်တင်လိုက်လေတော့သည်။
"ဘန်း..."
"ဂျွတ်..."
သူတို့ နှစ်ဦး၏ လက်သီးများမှာ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ရိုက်ခတ်သွားပြီးနောက် အရိုးကျိုးသံ တစ်ခု ဆက်တိုက် ထွက်ပေါ်လာလေသည်။ ယဲ့ပုဖန်၏ ပြုပြင်ပြောင်းလဲမှုကို ခံယူပြီးနောက် ယဲ့ထျန်း၏ ခွန်အားမှာ မြေကမ္ဘာအဆင့် အလယ်အလတ် အဆင့်နှင့် ညီမျှနေပြီ ဖြစ်ပြီး အထွတ်အထိပ်အဆင့်သို့ပင် ခြေတစ်ဖက် လှမ်းနေလေ၏။
အရေးအကြီးဆုံးအချက်မှာ ငွေအလောင်း တစ်ခုအနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ ရွှေနှင့် သံမဏိတို့ထက် ပို၍ မာကျောနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဟွမ်ချန်ချိုသည် ဤလက်သီးချက်ကို မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ချေ။
လက်သီးနှစ်ဖက် ရိုက်ခတ်သွားသည်နှင့် ယဲ့ထျန်း၏ လက်သီးမှာ လုံးဝကို တားဆီး၍ မရနိုင်တော့ဘဲ တစ်ဖက်လူ၏ လက်မောင်းကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားစေကာ လုံးဝ ရပ်တန့်မသွားဘဲ တစ်ဖက်လူ၏ ရင်ဘတ်ဆီသို့ ဒိုင်းခနဲ ဝင်ဆောင့်သွားလေတော့သည်။
"ဖူး..."
တုံးတိတိ အသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက် အံ့မခန်းဖွယ် မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။ ဂိုဏ်းချုပ် တစ်ဦးဖြစ်ပြီး သူ၏ မျိုးဆက်တွင် ဂရန်းမားစတာ တစ်ဦး ဖြစ်ခဲ့သော ဟွမ်ချန်ချိုမှာ ယဲ့ထျန်း၏ လက်သီးချက်ကြောင့် ရင်ဘတ်တွင် သွေးစွန်းနေသော အပေါက်ကြီး တစ်ပေါက် ပေါက်သွားခဲ့လေပြီ။
သူ၏ ခန္ဓာကိုယ်ကြီးမှာ စုတ်ပြဲနေသော အဝတ်ရုပ်သေးရုပ်လေး တစ်ရုပ်အလား လွင့်စင်ထွက်သွားကာ ဆယ်မီတာကျော်ခန့် အကွာသို့ ရောက်ရှိသွားပြီးနောက် မြေပြင်ပေါ်သို့ ဒုတ်ခနဲ လဲကျသွားလေတော့သည်။ ယဲ့ထျန်း၏ လက်သီးချက်သည် သူ၏ ကိုယ်တွင်းအင်္ဂါများကို လုံးဝ ကြေမွသွားစေခဲ့ပြီး ဟွမ်ချန်ချိုမှာ ရုန်းကန်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ ချက်ချင်း ပွဲချင်းပြီး သေဆုံးသွားခဲ့လေပြီ။
ဤအရာများ အားလုံးကို ပြုလုပ်ပြီးနောက် ယဲ့ထျန်းသည် အရေးမပါသော ကိစ္စလေး တစ်ခုကိုသာ လုပ်ဆောင်လိုက်ရသကဲ့သို့ နောက်သို့ ဆုတ်လိုက်ပြီး ယဲ့ပုဖန်၏ ရှေ့တွင် တစ်ဖန် ပြန်လည် ရပ်နေလိုက်လေသည်။
ဤနေရာရှိ လူများအားလုံးမှာ လုံးဝကို မှင်သက်သွားကြပြီး အချို့ သတ္တိနည်းသည့် မိန်းကလေးများမှာ အော်ဟစ်ကာ သူတို့၏ မျက်လုံးများကို လက်ဖြင့် ကွယ်ထားလိုက်ကြသည်။ ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည် ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြပေ။
ဂရန်းမားစတာ အဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သော ဓားမိုးဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သူ ဟွမ်ချန်ချိုသည် လူငယ် တစ်ဦး၏ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ချေ။
အရေးအကြီးဆုံး အချက်မှာ ယဲ့ပုဖန်သည် သူကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခြင်း မရှိသေးဘဲ အစေခံ တစ်ဦးကိုသာ လွှတ်လိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်သာ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက မည်မျှအထိ အစွမ်းထက်နေမည်နည်း။
ကြည့်ရသည်မှာ သူသည် အလကားသက်သက် လေလုံးထွားနေခဲ့ခြင်း မဟုတ်ပေ။ ရှန်တုန်းလိုင်သည် သူ့အား ဝင်ရောက် တိုက်ခိုက်ရန် တောင်းဆိုဖို့ အမှန်တကယ်ပင် အရည်အချင်း မပြည့်မီသေးခြင်း ဖြစ်တန်ရာ၏။
အံ့အားအသင့်ဆုံး သူများမှာ ဤနေရာတွင် ရှိနေသော သိုင်းပညာရှင်များပင် ဖြစ်ကြသည်။ ယဲ့ထျန်း၏ လက်သီးချက်သည် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းသနည်း ဆိုတာကို သူတို့ကသာ တိကျစွာ သိရှိထားကြပေသည်။ ဂရန်းမားစတာ တစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် သေဆုံံးအောင် လုပ်နိုင်သည် ဆိုကတည်းက ယဲ့ထျန်းကိုလည်း ဂရန်းမာစတာ တစ်ဦး ဟူ၍ သတ်မှတ်၍ ရပေတော့မည်။
ရှန်တုန်းလိုင်၏ မူလက မောက်မာနေသော နှလုံးသားမှာ ရုတ်တရက် အောက်သို့ ထိုးဆင်းသွားတော့သည်။ သူသည် သူ့ကိုယ်သူ ဟွမ်ချန်ချိုထက် အဆင့်တစ်ဆင့် သာသည်ဟု ယူဆထားသော်လည်း လက်သီးတစ်ချက်တည်းဖြင့်တော့ ဟွမ်ချန်ချိုကို သေအောင် မသတ်နိုင်ပေ။
သံသယဝင်စရာ မလိုအောင်ပင် သူ၏ ရှေ့မှောက်ရှိ ငြိမ်သက်နေသော ယဲ့ထျန်းမှာ ဂရန်းမားစတာ တစ်ဦး ဖြစ်ပြီး ဂရန်းမာစတာများထဲတွင်ပင် အလွန်တရာ အစွမ်းထက်လှသော သူတစ်ဦး ဖြစ်နေပေသည်။ သူသည် အပေါ်ယံတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း အတွင်းစိတ်ထဲတွင်မူ အလွန်အမင်း တုန်လှုပ်နေခဲ့ပေပြီ။
ဤမျှ အစွမ်းထက်လှသော ဂရန်းမားစတာ အဆင့် သိုင်းပညာရှင် တစ်ဦး ကျန်းပေ့မြို့တွင် မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း…။
ဝမ်ရွှယ်နင်သည်လည်း အလွန် လန့်ဖျပ်သွားခဲ့သည်။ ယဲ့ပုဖန် ပြောခဲ့သော ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ် ရှိသည်ဆိုသည့် သူငယ်ချင်းမှာ ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
သူမသည် သူမ၏ ချစ်သူ ကောင်လေးအတွက် စိုးရိမ်ပူပန်နေခဲ့သော်လည်း ယခုမူ လုံးဝကို စိတ်အေးသွားခဲ့လေပြီ။ ကြည့်ရသည်မှာ ယဲ့ပုဖန်သည် ကြိုတင် ပြင်ဆင်လာခဲ့ပုံ ရပေသည်။
အချို့က ဝမ်းသာနေချိန်တွင် အချို့ကမူ ဝမ်းနည်းနေကြသည်။ ရှီဝန်စုန်းနှင့် သူ၏ မြေးဖြစ်သူတို့မှာ လုံးဝကို မပျော်ရွှင်နိုင်ကြပေ။
သူတို့သည် ယဲ့ပုဖန် အရှက်ကွဲသွားသည်ကို ကြည့်ရှုရန် ကျန်ရစ်နေခဲ့ခြင်း ဖြစ်ပြီး ရှန်တုန်းလိုင်၏ လက်ဝါး တစ်ချက်တည်းဖြင့် သူ သေဆုံးသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ သို့သော် အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ ရလဒ်မှာ သူတို့ တွေးထင်ထားခဲ့သည်များနှင့် လုံးဝကို ကွဲလွဲနေခဲ့သည်။
ယဲ့ပုဖန်၏ စွမ်းဆောင်ရည်များက သူတို့ကို အကြိမ်ကြိမ် အံ့အားသင့်စေခဲ့လေပြီ။
သူတို့အထဲတွင် ပုံမှန်အတိုင်း အဖြစ်ဆုံးသူမှာကား ကဲ့ဝန်ကုန်း တစ်ဦးတည်းသာ ဖြစ်သည်။ သူသည် အာဖရိကတိုက်တွင် ယဲ့ပုဖန်၏ စွမ်းရည်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
သူရော ခရစ္စတီးနားပါ ဆရာ၏ အစေခံများ ဖြစ်ကြရာ အစွမ်းထက်သော ယဲ့ထျန်းကဲ့သို့ နောက်ထပ် အစေခံ တစ်ဦး ရှိနေခြင်းမှာလည်း ယုတ္ထိမတန်သည်တော့ မဟုတ်ပေ။
ယဲ့ပုဖန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ယဲ့ထျန်း၏ စွမ်းဆောင်ရည်အပေါ် သူ အနည်းငယ် မကျေမနပ် ဖြစ်နေကြောင်း သိသာလှသည်။
ဤအကောင်ကြီးသည် အကြမ်းဖက်လွန်းသွားခဲ့လေပြီ။ နောင်အနာဂတ်တွင် သူ ပို၍ သတိထားရမည် ဖြစ်ကြောင်း ထင်ရှားနေပေသည်။
ထို့နောက် သူက လှည့်ကာ ရှန်တုန်းလိုင်အား ကြည့်လိုက်ပြီး "အဘိုးကြီး... ခင်ဗျား အလှည့်ရောက်ပြီ" ဟု ဆိုလိုက်လေတော့သည်။
***