ယဲ့ပုဖန်၏ စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုသည် ရှန်တုန်းလိုင်ထံသို့ ရောက်ရှိသွားလေသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်ကသာဆိုလျှင် ရှန်တုန်းလိုင်သည် ကြီးကျယ်သော အောင်ပွဲတစ်ရပ်ကို ရရှိလိမ့်မည် သို့မဟုတ် အနည်းဆုံးတော့ လုံးဝ အသာစီးရရှိလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုမူ အခြေအနေများက ကွာခြားသွားခဲ့လေပြီ။
ယဲ့ထျန်းသည် အံ့မခန်းဖွယ် ခွန်အားကို ထုတ်ဖော်ပြသကာ ဂရန်းမားစတာ တစ်ဦးဖြစ်သော ဟွမ်ချန်ချိုကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူ သတ်ဖြတ်ခဲ့သည်။ ထို့အပြင် သူသည် အစေခံ တစ်ဦးသာ ဖြစ်ပြီး စင်မြင့်ထက်တွင် ထိုင်နေသော ယဲ့ပုဖန်၏ စွမ်းအား အတိုင်းအတာမှာ မည်မျှရှိမည်ကို မည်သူကမျှ အတိအကျ မသိရှိကြပေ။
ဤအချက်ကပင် လူအများစုကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ ပွဲကြည့်ပရိသတ်များ အနေဖြင့် နှစ်ဖက်စလုံး ပို၍ အစွမ်းထက်လေ ပိုကောင်းလေဖြစ်ပြီး တိုက်ပွဲက ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလေ ပိုကောင်းလေပင် မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် ရှန်တုန်းလိုင်၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်နေပြီး သူသည် ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေသို့ လုံးလုံးလျားလျား ကျရောက်သွားလေပြီ။
ခုနက ယဲ့ထျန်း၏ လက်သီးချက်ကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ ထိုစွမ်းအားမှာ အနည်းဆုံး မြေကမ္ဘာအဆင့်၏ အလယ်အလတ်အဆင့်တွင် ရှိပေသည်။ အကယ်၍ သူသာ ဝင်ရောက် တိုက်ခိုက်မည် ဆိုပါက အနိုင်ရရန် လုံးဝ ယုံကြည်မှု မရှိချေ။
သို့သော် သူသာ ဝင်မပါခဲ့လျှင်လည်း မဖြစ်ပေ။ ဟွမ်ချန်ချိုသည် သူ့ကို ကူညီရန် လာရောက်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။ အကယ်၍ သူသာ မိတ်ဆွေဖြစ်သူအတွက် ကလဲ့စားမချေပေးနိုင်ပါက နောင်တွင် သိုင်းလောက၌ ဆက်လက် ရပ်တည်နိုင်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူသည် မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်း အတွက် လျှို့ဝှက်စွာ ဝမ်းသာနေမိသည်။ သို့မဟုတ်ပါက ဤတစ်ကြိမ်တွင် သူ သေချာပေါက် သေဆုံးရမည်မှာ အမှန်ပင်။
သူ၏ တွေဝေနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ယဲ့ပုဖန်က "ဂိုဏ်းချုပ်ရှန်... ခင်ဗျားက ဒီကို ကလဲ့စားချေဖို့ လာခဲ့တာ မဟုတ်ဘူးလား။ ဘာကို စောင့်နေတာလဲ" ဟု ထပ်မံ ပြောဆိုလိုက်လေသည်။
"ကောင်လေး... မင်းက သေလမ်းကို ရှာနေတာပဲ"
အခြေအနေများက ဤအဆင့်ထိ ရောက်ရှိလာပြီ ဖြစ်ရာ ရှန်တုန်းလိုင်အတွက် ဆုတ်လမ်း မရှိတော့ချေ။ သူသည် ခြံဝင်း၏ အလယ်တည့်တည့်သို့ ခြေလှမ်းလိုက်ပြီး ယဲ့ထျန်းအား ကြည့်ကာ "လာစမ်း။ စစ်မှန်တဲ့ ဂရန်းမားစတာ တစ်ယောက်ဆိုတာ ဘာလဲဆိုတာကို ဒီနေ့ မင်းတို့ကို ငါ ပြသပေးမယ်" ဟု ဆိုလိုက်သည်။
ယဲ့ထျန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး "လာခဲ့လေ" ဟု အေးစက်သောအသံဖြင့် တုံ့ပြန်လိုက်၏။
ယခင်က လူတိုင်းက သူ့အား စကားနည်းသူ တစ်ဦးဟုသာ ထင်မှတ်ထားခဲ့ကြသော်လည်း သူ၏ ရက်စက် ကြမ်းကြုတ်မှုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးနောက်တွင်မူ မည်သူကမျှ သူ့အား အထင်မသေးဝံ့ကြတော့ပေ။
"အသင့်ပြင်ထား။ ဒီသိုင်းကွက်ကို ခံလိုက်စမ်း"
ရှန်တုန်းလိုင်သည် အပေါ်ယံတွင် ရန်လိုနေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ သူ အနိုင်ရမည် ဟု ယုံကြည်မှု မရှိခဲ့ချေ။ ထို့ကြောင့် ဟွမ်ချန်ချိုကဲ့သို့ တစ်ဖက်လူအား တိုက်ကွက် သုံးကွက် ခွင့်ပြုမည်ဟု ကြွေးကြော်နေမည့်အစား အသာစီးရရန်အတွက် သူက အရင်ဆုံး စတင် တိုက်ခိုက်လိုက်လေတော့သည်။
သူက ခြေဖျားဖြင့် မြေပြင်ကို အသာအယာ နင်းလိုက်သည်နှင့် တစ်ပြိုင်နက် ငှက်ကြီးတစ်ကောင် ပျံသန်းသွားသည့်အလား လေထဲသို့ ခုနစ်မီတာ၊ ရှစ်မီတာခန့် ခုန်တက်သွားလေသည်။ ထို့နောက် ခေါင်းစိုက်ကာ ခြေထောက်ကို အပေါ်မြှောက်လျက် ယဲ့ထျန်း၏ ခေါင်းတည့်တည့်ဆီသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
ဂရန်းမားစတာ တစ်ဦး ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
"ဒါက ဒဏ္ဍာရီလာ လေဟုန်စီး ကိုယ်ဖော့သိုင်းပညာလား။ ဒါတွေ အားလုံးက တကယ်ကြီးလား"
"ဝိုး... အံ့ဩစရာပဲ။ ရှန်တုန်းလိုင်လို ဂရန်းမားစတာ တစ်ယောက် ဖြစ်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ သာမန်လူတွေဆိုရင် ဒါမျိုးကို ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"ရုပ်မြင်သံကြားထဲမှာ ကြည့်ရသလိုပဲ။ အားလုံးက အသက်ဝင်နေတာပဲ"
"ငါတို့တွေ ဘယ်လောက်တောင် အသိပညာ ခေါက်ခမ်းခဲ့သလဲ ဆိုတာ အခုမှ သိရတော့တယ်"
အချို့သော သူများသည် ရှန်တုန်းလိုင်ကို ဗီဒီယိုရိုက်ကူးရန် သူတို့၏ ဖုန်းများကို ထုတ်ယူလိုက်ကြသည်။ သို့သော် ကံမကောင်းစွာဖြင့် ရှန်တုန်းလိုင်၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် ရုပ်ထွက်မှာ ဝါးနေပြီး ရှင်းလင်းစွာ မမြင်ရချေ။
ရှန်တုန်းလိုင်၏ ကြည့်ကောင်းသော သိုင်းကွက်များနှင့် ယှဉ်လျှင် ယဲ့ထျန်းမှာမူ ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့နေလေသည်။ သူက ခေါင်းကို မော့ကာ တစ်ဖက်လူကို ရင်ဆိုင်ရန် လက်သီးတစ်ချက်ကိုသာ ပစ်သွင်းလိုက်သည်။
"ဘန်း... ထန်း..."
သူတို့၏ လက်သီးနှင့် လက်ဝါးတို့ ရိုက်ခတ်သွားပြီးနောက် နှစ်ဦးသားမှာ ချက်ချင်းပင် အကြိတ်အနယ် ရှိလှသော ထိပ်တိုက် တိုက်ပွဲတစ်ခု အတွင်းသို့ ရောက်ရှိသွားကြလေတော့သည်။
မူလက ရှန်တုန်းလိုင်၏ အမြင်တွင် တစ်ဖက်လူသည် ဟွမ်ချန်ချိုကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည် ဆိုသော်ငြားလည်း သူ၏ ကိုယ်ပိုင် စွမ်းအားထက် သိပ်မကွာလှဟု ယူဆထားခဲ့သည်။ သို့သော် သူတို့၏ လက်သီးနှင့် လက်ဝါး ရိုက်ခတ်သွားပြီးနောက် ချက်ချင်းပင် လွှမ်းမိုးနိုင်လွန်းသော အင်အားကြီး တစ်ရပ်ကို ခံစားလိုက်ရပြီး သူ၏ လက်ဝါးမှာ အချိန်မရွေး ကြေမွသွားတော့မည့်အလား ပြင်းထန်စွာ နာကျင်သွားရလေသည်။
ကံကောင်းစွာဖြင့် သူသည် လေထဲတွင် ရှိနေသောကြောင့် နောက်သို့ ဆယ်မီတာကျော်ခန့် ဆုတ်နိုင်ခဲ့၏။ မြေပြင်ပေါ်သို့ ပြန်လည် ကျရောက်လာချိန်တွင် ရှန်တုန်းလိုင်မှာ နောက်သို့ ခြေသုံးလေးလှမ်းခန့် ဆုတ်လိုက်ရသည်။
သူ၏ မျက်နှာမှာ နီမြန်းနေပြီး သွေးကြောများ ဆူပွက်နေကာ ရင်ဘတ်မှာလည်း မောက်တက်လာသည်။ အကယ်၍ သူသာ အသေအလဲ ဖိနှိပ်မထားပါက သွေးတစ်ပွက် အန်ထွက်သွားမည်မှာ သေချာပေသည်။
"တကယ်ကို အံ့ဩစရာပဲ"
သူ အလွန် တုန်လှုပ်သွားရသည်။ ယဲ့ထျန်း၏ ကျင့်ကြံမှုအဆင့်သည် မြေကမ္ဘာအဆင့် အလယ်အလတ် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အထွတ်အထိပ်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သူသည်မူ အလယ်အလတ်အဆင့်သို့ ယခုမှ ခြေချခါစသာ ရှိသေးရာ သူနှင့် တစ်ဖက်လူအကြားရှိ ကွာဟချက်မှာ အလွန် ကြီးမားနေလေပြီ။
ကြည့်ရသည်မှာ ခွန်အားသက်သက်ဖြင့် တိုက်ပွဲကို အနိုင်ရရန် မဖြစ်နိုင်တော့ချေ။ အခြားသော နည်းလမ်းများဖြင့် အောင်ပွဲရရန် ကြိုးပမ်းရပေတော့မည်။
ရှန်တုန်းလိုင်သည် တိုက်ပွဲအတွေ့အကြုံ အလွန် ကြွယ်ဝသူ တစ်ဦး ဖြစ်သည်။ သူသည် ချက်ချင်းပင် ဗျူဟာကို ပြောင်းလဲလိုက်ပြီး သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် အမြန်နှုန်းကို အသုံးပြုကာ ယဲ့ထျန်းအား ရင်ဆိုင်လေတော့သည်။
သို့သော် ယဲ့ထျန်းသည် ခွန်အားကြီးရုံသာမက အံ့မခန်း မြန်ဆန်လွန်းကြောင်းကို မကြာမီမှာပင် သူ သိရှိလိုက်ရပြီး အမြန်နှုန်းတွင်လည်း သူက ယဲ့ထျန်းကို မမှီချေ။ သိုင်းကွက် အနည်းငယ်မျှသာ ဖလှယ်ပြီးချိန်တွင် သူသည် ယဲ့ထျန်း၏ လုံးလုံးလျားလျား ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အခြေအနေ အလွန် ဆိုးရွားနေခဲ့ချေပြီ။
အခြေအနေများက ဤအဆင့်ထိ ရောက်ရှိလာပြီ ဖြစ်ရာ ရှန်တုန်းလိုင်အနေဖြင့် ဂရန်းမားစတာ တစ်ဦး ဆိုသော ဂုဏ်သိက္ခာကို ဂရုစိုက်နေနိုင်စွမ်း မရှိတော့ဘဲ သူ၏ အစွမ်းထက်ဆုံးသော ဖဲချပ်ကိုသာ ထုတ်သုံးရပေတော့မည်။
"လှည့်ပတ်ဓား"
ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ သူ၏ လက်ထဲမှ အေးစက်သော အလင်းတန်း နှစ်ခု ထွက်ပေါ်လာလေသည်။ တစ်ခုမှာ ယဲ့ထျန်း၏ မျက်နှာဆီသို့ ဦးတည်နေပြီး အခြားတစ်ခုမှာမူ သူ၏ ဝမ်းဗိုက်ဆီသို့ ပြေးဝင်သွားလေသည်။
လှည့်ပတ်ဓားသည် ရှန်တုန်းလိုင်၏ လျှို့ဝှက်ဖဲချပ် တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ သူ အသုံးမပြုခဲ့သော သိုင်းကွက်တစ်ခု ဖြစ်သည်။ ယနေ့တွင် သူ အခြား ရွေးချယ်စရာ မရှိတော့သဖြင့်သာ ၎င်းကို ထုတ်သုံးလိုက်ခြင်းပင်။
သူ၏ လှည့်ပတ်ဓား နှစ်လက်မှာ အထူးပြုလုပ်ထားသော လက်နက်များ ဖြစ်ပြီး တစ်ပေခန့် ရှည်ကာ လက်နက်အနေဖြင့်သာမက လျှို့ဝှက်လက်နက် အဖြစ်ပါ အသုံးပြုနိုင်ပြီး အလွန်တရာ ထက်မြက်လှပေသည်။
ဂရန်းမားစတာ ရှန်တုန်းလိုင်ပင်လျှင် လက်နက်ကို ထုတ်သုံးရန် ဖိအားပေးခံရသည်ကို မြင်လိုက်ရသောအခါ ဤနေရာရှိ လူအများစုမှာ အံ့အားသင့်သွားကြပြီး အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
သို့သော် လှည့်ပတ်ဓား နှစ်လက်နှင့် ရင်ဆိုင်ရချိန်တွင် ယဲ့ထျန်းမှာ အနည်းငယ်မျှပင် ပြာယာခတ်သွားခြင်း မရှိချေ။ သူသည် ပထမဓားကို ခေါင်းလှည့်ကာ ရှောင်တိမ်းလိုက်ပြီး ဒုတိယဓားကိုမူ လေထဲသို့ ခုန်တက်ကာ ရှောင်တိမ်းလိုက်သည်။ ထို့နောက် ရှန်တုန်းလိုင်ထံသို့ ညာလက်သီး တစ်ချက်ဖြင့် ပြေးဝင်သွားလေတော့သည်။
ထိုလက်သီးချက်သည် မိုးကြိုးပစ်ချလိုက်သည့်အလား ရှန်တုန်းလိုင်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ကျရောက်လာသည်။ ရှန်တုန်းလိုင်က လှောင်ပြုံး တစ်ချက် ပြုံးလိုက်၏။ ကြည့်ရသည်မှာ ယဲ့ထျ်နး ဟူသော လူငယ်သည် တိုက်ပွဲအတွေ့အကြုံ နည်းပါးပုံရပြီး လှည့်ပတ်ဓား၏ စွမ်းအားကိုပင် မသိရှိထားပုံရပေသည်။
လှည့်ပတ်ဓားသည် သူ၏ လျို့ဝှက်ဖဲချပ်ဖြစ်လာရခြင်း အကြောင်းအရင်းမှာ အနှီ ဓားနှစ်လက်သည် သွားလမ်း သာမက ပြန်လမ်းတွင်ပါ တိုက်ခိုက်နိုင်စွမ်း ရှိသောကြောင့်ပင်တည်း…။
ယဲ့ထျန်း ရှောင်တိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် လှည့်ပတ်ဓားသည် လျင်မြန်စွာ ပြန်လည် ပျံသန်းလာပြီး တစ်လက်က သူ၏ လည်ပင်းနောက်ကျောကို ခုတ်ပိုင်းလိုက်ကာ အခြားတစ်လက်မှာ သူ၏ ခါးဆီသို့ ရွယ်လိုက်လေသည်။ ထို့အပြင် ဓားနှစ်လက်၏ အမြန်နှုန်းမှာ လျှပ်စီးလက်သကဲ့သို့ အလွန် မြန်ဆန်လွန်းလှပေသည်။
အကယ်၍ ယဲ့ထျန်းသာ မရှောင်တိမ်းပါက ထိုဓားနှစ်လက်၏ ခုတ်ပိုင်းခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည်။
ထို့ကြောင့်ပင် ရှန်တုန်းလိုင်သည် ယဲ့ထျန်း၏ လက်သီးချက်ကို လျစ်လျူရှုထားလိုက်သည်။ သူ၏ အမြင်တွင် တစ်ဖက်လူသည် အသက်မစွန့်ဝံ့ပါက သူ၏ လက်သီးကို သေချာပေါက် ပြန်ရုတ်သိမ်းကာ လှည့်ပတ်ဓား နှစ်လက်ကို ရှောင်တိမ်းရပေမည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားသည်မှာ ယဲ့ထျန်းက သူ၏ လှည့်ပတ်ဓားများကို လျစ်လျူရှုထားပြီး ရှောင်တိမ်းမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြဘဲ သူ၏ ရင်ဘတ်ကို အထစ်အငေါ့ မရှိ တည့်တည့်ကြီး ထိုးချလိုက်ခြင်းကိုပင်…။
"ဒါက..."
ဒီကောင်လေးက သေချင်နေတာလား။
ရှန်တုန်းလိုင် အလွန် တုန်လှုပ်သွားသော်လည်း ပြာယာခတ်မသွားခဲ့ပေ။ သူ၏ အမြင်တွင် သူ၏ လှည့်ပတ်ဓားများက တစ်ဖက်လူ၏ လက်သီးထက် မည်သို့ပင်ဖြစ်စေ သေချာပေါက် ပို၍ မြန်ဆန်နေမည် ဖြစ်သည်။
ထင်သည့်အတိုင်းပင် လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လှည့်ပတ်ဓား နှစ်လက်သည် ယဲ့ထျန်း၏ လည်ပင်းနှင့် ခါးအောက်ပိုင်းကို ဆက်တိုက်ဆိုသလို ထိမှန်သွားလေသည်။ ထိုမြင်ကွင်းကြောင့် ကြည့်ရှုနေသူများ အားလုံး အံ့အားသင့်စွာဖြင့် အသက်ရှူမှားသွားကြပြီး ယဲ့ထျန်းမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့မည်ဟု ယူဆလိုက်ကြသည်။
သို့သော် အံ့မခန်းဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာလေတော့သည်။ လှည့်ပတ်ဓားသည် ယဲ့ထျန်းကို ထိမှန်သွားသော်လည်း သတ္တုချင်း ရိုက်ခတ်သွားသော "ထန်း... ထန်း..." ဟူသော အသံများသာ ထွက်ပေါ်လာပြီးနောက် မည်သည့် သွေးစက်မျှ ထွက်ကျလာခြင်း မရှိသလို မည်သည့် ဒဏ်ရာမျှလည်း မရရှိဘဲ နောက်သို့ လွင့်စင်ထွက်သွားလေတော့သည်။
"ဘုရားရေ... သူက ခန္ဓာကိုယ် အထူးပြု သိုင်းပညာရှင် တစ်ယောက်ပဲ"
ရှန်တုန်းလိုင်မှာ အလွန်အမင်း တုန်လှုပ်သွားရလေပြီ။ တစ်ဖက်လူက ဘာကြောင့် သူ၏ ဓားနှစ်လက်ကို လျစ်လျူရှုရဲသနည်း ဆိုသည်မှာ အံ့ဩစရာ မရှိတော့ချေ။ သူသည် ဓားမရှ၊ လှံမတိုးသော ခန္ဓာကိုယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် ယဲ့ထျန်း၏ လက်သီးသည် ရှန်တုန်းလိုင်၏ ရင်ဘတ်ဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှောင်တိမ်းရန် နောက်ကျသွားပြီ ဖြစ်ရာ ရှန်တုန်းလိုင်သည် အစွမ်းကုန် ကြိုးစား၍ လက်ဝါးတစ်ချက်ဖြင့် ပြန်လည် ခုခံလိုက်လေတော့သည်။
သို့သော် လုံးဝကို နောက်ကျလွန်းသွားချေပြီ။ အလောတကြီး တိုက်ခိုက်လိုက်ရသဖြင့် သူသည် သူ၏ စွမ်းအား တစ်ဝက်ကိုပင် မထုတ်သုံးနိုင်ခဲ့ချေ။
လက်သီးနှင့် လက်ဝါး ရိုက်ခတ်သွားသည်နှင့် ယဲ့ထျန်း၏ အစွမ်းထက်လှသော လက်သီးချက်သည် ရှန်တုန်းလိုင်၏ လက်ဝါးကို ရိုက်ချိုးလိုက်ပြီး သူ၏ ရင်ဘတ်ဆီသို့ ဒိုင်းခနဲ ဝင်ဆောင့်သွားလေတော့သည်။
"ဂျွတ်..."
အရိုးများ ကျိုးကြေသွားသော အသံကြီးက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ယဲ့ထျန်း၏ လက်သီးချက်သည် ရှန်တုန်းလိုင်ကို မဖောက်သွားသော်လည်း သူ၏ ရင်အုပ်ရိုး တစ်ခုလုံးကို ချိုင့်ဝင်သွားစေခဲ့သည်။
ရှန်တုန်းလိုင်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား လွင့်စင်ထွက်သွားကာ လေထဲတွင်ပင် သွေးများ ပန်းထွက်သွားလေတော့သည်။
"ဆရာ"
ရှဟိုအောက်က အော်ဟစ်လိုက်ပြီး သူ့အား ဖမ်းဆွဲရန် အပြေးအလွှား သွားလိုက်သည်။
သို့သော် အချိန်နှောင်းသွားချေပြီ။ ရှန်တုန်းလိုင်သည် သူ၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများနှင့် ရောနှောနေသော သွေးများကို တစ်ပွက်ပြီး တစ်ပွက် အန်ထုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် မျက်လုံးများ ပြူးကျယ်လျက် အသက်ထွက်သွားလေတော့သည်။
***