ယဲ့ထျန်းက လှည့်ကာ ယဲ့ပုဖန်၏ နောက်ကျောဘက်သို့ ပြန်သွားပြီး ရှန်တုန်းလိုင်ကို တစ်ချက်လေးပင် လှည့်မကြည့်တော့ချေ။
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း လူတိုင်း၏ ရင်ထဲတွင်မူ မုန်တိုင်းတစ်ခု တိုက်ခတ်နေလေပြီ။ သူ၏ မျိုးဆက်တွင် ဂရန်းမားစတာ တစ်ဦးဖြစ်ပြီး ခုံထုံဂိုဏ်းချုပ် ဖြစ်သူ ရှန်တုန်းလိုင်မှာ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား။
ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရပါက မည်သူကမျှ ယုံကြည်နိုင်မည် မဟုတ်ချေ။
ရှဟိုအောက်သည် သူ၏ ဆရာ၏ ရုပ်အလောင်းကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပြီး တုန်လှုပ်မှု၊ ဝမ်းနည်းမှုနှင့် ဒေါသတို့ဖြင့် စိတ်ရှုပ်ထွေးနေလေသည်။
ရှန်တုန်းလိုင်ကို တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာရန် ဖိတ်ခေါ်နိုင်ခဲ့သရွေ့ ယဲ့ပုဖန်ကို ချေမှုန်းနိုင်ပြီး ကျန်းပေ့မြို့တွင် သူ၏ အဆင့်အတန်းကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု အစက သူ တွေးထင်ထားခဲ့သည်။ ဤကဲ့သို့သော ရလဒ်ထွက်ပေါ်လာလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် မမက်ဖူးပေ။
သူသည် ဆရာဖြစ်သူအတွက် ကလဲ့စားချေရန် ရှေ့သို့ ပြေးထွက်သွားချင်ခဲ့သော်လည်း ရက်စက် ကြမ်းကြုတ်လှသော ယဲ့ထျန်းကို မြင်လိုက်ရချိန်တွင် သတ္တိများ လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။ ဂရန်းမားစတာ တစ်ဦးကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သူ ဖြစ်ရာ သူကဲ့သို့ ကောင်းကင်အဆင့် သိုင်းပညာရှင်လေးမှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ရှီဝန်စုန်းနှင့် သူ၏ မြေးဖြစ်သူတို့သည် ရှန်တုန်းလိုင်က ယဲ့ပုဖန်ကို မည်သို့ သတ်ဖြတ်မည်ကို ကြည့်ရှုရန် ကျန်ရစ်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ မျှော်လင့်ချက်များမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သွားခဲ့ရသည်။ တစ်ဖက်လူသည် လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ ရှန်တုန်းလိုင်နှင့် ဟွမ်ချန်ချိုတို့ကို လုံးဝ အပြတ်ရှင်းပစ်လိုက်လေသည်။
ဂရန်းမားစတာ အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သော အစွမ်းထက် သိုင်းဆရာကြီး တစ်ဦးက ယဲ့ပုဖန်၏ အစေခံအဖြစ် အဘယ့်ကြောင့် ခံယူနေရသနည်း…။ ထို့အပြင် ယဲ့ထျန်း ဆိုသူက ဘယ်က ရောက်လာသနည်း ဆိုတာကို သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
အပျော်ရွှင်ဆုံး သူများမှာကား ဝမ်မိသားစုပင် ဖြစ်သည်။ ဝမ်ရွှယ်နင်၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေ၏။
ယဲ့ပုဖန်၌ သူမ မသိသော လျှို့ဝှက်ချက်များစွာ ရှိနေသော်ငြားလည်း သူသည် သူမ၏ ချစ်သူ အမျိုးသားပင် ဖြစ်သည်။ မိန်းမတိုင်းက မိမိ၏ အမျိုးသား အောင်မြင်ကြီးကျယ်သည်ကိုသာ မြင်တွေ့လိုကြသည် မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် ဝမ်ရွှမ်ချဲ့မှာလည်း ပြုံးဖြီးနေလေသည်။ သူ၏ သမီးဖြစ်သူ ရွေးချယ်ခဲ့သော အမျိုးသားသည် ဆရာကြီးကဲ့၏ ဆရာ ဖြစ်နေရုံသာမက ဂရန်းမားစတာ ရှန်တုန်းလိုင်ကိုပါ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ယခုဆိုလျှင် ကျန်းပေ့မြို့၌ မည်သူကများ သူ့အား ပြဿနာရှာဝံ့တော့မည်နည်း။
ငါ့သမီးက ဒီလောက် အကဲခတ်ကောင်းပြီး ဒီလို ပြောင်မြောက်တဲ့ သမက်မျိုးကို ရှာတွေ့လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။
တစ်ချိန်တည်းမှာပင် ဝမ်ရွှယ်နင်နှင့် ယဲ့ပုဖန်တို့ ပေါင်းဖက်ခြင်းကို အစွမ်းကုန် မတားဆီးခဲ့မိသည့် အတွက် ၊ ယဲ့ပုဖန်၏ ရန်သူတစ်ဦး ဖြစ်မလာခဲ့သည့်အတွက် သူ လျှို့ဝှက်စွာ ဝမ်းသာနေမိသည်။ သို့မဟုတ်ပါက အကျိုးဆက်များမှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ချေ။
စံအိမ်တော် အပြင်ဘက်တွင်မူ ရှန်းမိသားစု၏ အရှင်သခင် ရှန်းထျန်းချီနှင့် ရှန်းချောင်ချူးတို့ စောင့်ဆိုင်းနေကြသည်။ သူတို့သည် ကျန်းနန်ရွှမ်ယွမ်စံအိမ်၏ တာဝန်ခံ စီမာဝေကို ဤနေရာတွင် စောင့်ဆိုင်းနေခြင်း ဖြစ်သောကြောင့် အထဲသို့ ဝင်ရောက်ကာ ပွဲမကြည့်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သူတို့ နှစ်ဦးစလုံးတွင် အထဲ၌ ကိုယ်ပိုင်လူများ ရှိနေသဖြင့် အထဲတွင် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို အပြည့်အဝ သိရှိနေကြသည်။
ဆရာကြီးကဲ့၏ အစီအစဉ် ကျရှုံးသွားပြီး ရှန်တုန်းလိုင်ပါ သေဆုံးသွားကြောင်း သိလိုက်ရသောအခါ ရှန်းထျန်းချီ၏ မျက်နှာပေါ်တွင် ကျေနပ်ဂုဏ်ယူနေသော အမူအရာတစ်ခု ပေါ်လာလေသည်။
ဘာဆရာကြီးကဲ့လဲ။ ဘာဂရန်းမားစတာလဲ။ ဘယ်သူမှ အားကိုးလို့ မရပါဘူးလေ။ နောက်ဆုံးတော့ အားလုံးက ယဲ့ပုဖန်ရဲ့ လက်အောက်မှာ ကျရှုံးသွားကြတာချည်းပါပဲ။ ကြည့်ရတာ ငါတို့ရဲ့ အစီအစဉ်ကမှ အသေချာဆုံး ဖြစ်နေပုံပဲ။
ရွှမ်ယွမ်စံအိမ်ဆိုတာက အစိုးရရဲ့ အင်အားစု တစ်ခုပဲ။ ယဲ့ပုဖန်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
"မင်းသာ ကောင်းကင်စစ်သည်တော် စီမံကိန်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာပြီး ရွှမ်ယွမ်စံအိမ်ကို ဝင်ခွင့်ရသွားတာနဲ့ တစ်ပြိုင်နက် ငါတို့ ရှန်းမိသားစုလည်း နောက်ဆုံးတော့ ခေါင်းမော့နိုင်တော့မှာပဲ" ဟု ရှန်းထျန်းချီက ပြောလိုက်သည်။
ရှန်းချောင်ချူးက "အဖေ ပြောတာ မှန်ပါတယ်။ ကံကောင်းလို့ အရင်က ကျွန်တော်တို့ အလောတကြီး မလှုပ်ရှားခဲ့မိတာ။ ယဲ့ပုဖန် ဆိုတဲ့ ကောင်လေးက တကယ်ကို အစွမ်းထက်လွန်းတယ်" ဟု ဆိုလေသည်။
စံအိမ်တော် အတွင်းတွင် လူများက အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းရန် ပြင်ဆင်နေကြစဉ်မှာပင် ယူနီဖောင်းဝတ် မှုခင်းတပ်ဖွဲ့ဝင် အယောက် နှစ်ဆယ်ကျော်ခန့် အပြင်ဘက်မှ အပြေးအလွှား ဝင်ရောက်လာကြသည်။ ထိုသူများ အားလုံးမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိသော အရှိန်အဝါများ ထွက်ပေါ်နေကြသည်။
ထိုအဖွဲ့ကို ဦးဆောင်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လိုက်ရသောအခါ ကဲ့ဝန်ကုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ ထိုသူကို သူ မှတ်မိနေသည်။ ထိုသူမှာ ကျန်းပေ့မြို့မှ မဟုတ်ဘဲ ကျန်းနန်ပြည်နယ် မှုခင်းတပ်ဖွဲ့၏ ခေါင်းဆောင် ချွေ့ပေါင်ကျုံးပင် ဖြစ်သည်။
ချွေ့ပေါင်ကျုံးသည် ကျန်းနန်ပြည်နယ်တွင် အရေးပါသော ရာထူးတစ်ခုကို ရယူထားသူ ဖြစ်ရာ သူက အဘယ့်ကြောင့် ကျန်းပေ့မြို့သို့ ရုတ်တရက် ရောက်လာသနည်း ဆိုတာကို ကဲ့ဝန်ကုန်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။
အထဲသို့ ဝင်ရောက်လာပြီးနောက် ချွေ့ပေါင်ကျုံးသည် မြေပြင်ပေါ်တွင် လဲကျနေသော ရှန်တုန်းလိုင်နှင့် ဟွမ်ချန်ချိုတို့ကို တစ်ချက် ကြည့်လိုက်ပြီး လေးနက်သော မျက်နှာအမူအရာဖြင့် "ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလူ နှစ်ယောက်ကို ဘယ်သူ သတ်လိုက်တာလဲ" ဟု မေးလိုက်သည်။
အခင်းဖြစ်ပွားရာ နေရာမှာ တိတ်ဆိတ်သွားပြီး မည်သူကမျှ စကားမပြောရဲကြပေ။
ယေဘုယျအားဖြင့် မြေအောက်လောကနှင့် လူ့မလိုင် အသိုင်းအဝိုင်းများကြားရှိ ဤကဲ့သို့သော ပဋိပက္ခများကို အစိုးရ အာဏာပိုင်များအား ဘယ်သောအခါမျှ အသိပေးလေ့ မရှိကြပေ။ သို့သော် အာဏာပိုင်များသာ ဝင်ရောက် စွက်ဖက်လာပြီ ဆိုပါက ဖြေရှင်းရန် အလွန် ခက်ခဲသွားတတ်ပေသည်။
ဤနေရာရှိ လူအများစုမှာ ပွဲကြည့်ရန် လာရောက်သူများသာ ဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ရန်သာ ကြိုးစားနေကြသဖြင့် မည်သူကမျှ ရှေ့ထွက်ကာ အပိုစကား ဝင်ပြောမည် မဟုတ်ချေ။
ချွေ့ပေါင်ကျုံးကို မြင်လိုက်ရသောအခါ ရှဟိုအောက်၏ မျက်လုံးများ အရောင်လဲ့သွားသည်။ ယခုအခါ ကလဲ့စားချေရန် အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ အစိုးရ အာဏာပိုင်များ၏ အင်အားကို အားကိုးရန်ပင် ဖြစ်သည်။
သူသည် မျက်နှာပျက်မည်ကို ဂရုမစိုက်နိုင်တော့ဘဲ စင်မြင့်ထက်ရှိ ယဲ့ပုဖန်နှင့် ယဲ့ထျန်းကို လက်ညှိုး ထိုးကာ "သူ့ကို သတ်သွားတာက ယဲ့ထျန်း၊ ပြီးတော့ အမိန့်ပေးခဲ့တာက ယဲ့ပုဖန်ပဲ။ သူတို့ နှစ်ယောက်စလုံးက လူသတ်သမားတွေပဲ" ဟု အော်ဟစ်လိုက်လေသည်။
ချွေ့ပေါင်ကျုံးက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဒီလူရမ်းကား နှစ်ယောက်ကို ဖမ်းလိုက်စမ်း" ဟု အမိန့်ပေးလိုက်သည်။
သူ၏ နောက်ရှိ တပ်ဖွဲ့ဝင်များသည် အမိန့်ရရှိသည်နှင့် ချက်ချင်းပင် လက်ထိပ်များ ထုတ်ယူကာ ဖမ်းဆီးရန် ပြင်ဆင်လိုက်ကြသည်။
"နေပါဦး"
ကဲ့ဝန်ကုန်းက ရှေ့သို့ ထွက်လာပြီး "ခေါင်းဆောင်ချွေ့... ကျွန်တော်တို့ အားလုံးက သိုင်းလောကသားတွေပါ။ သိုင်းလောကမှာလည်း သူ့စည်းကမ်းနဲ့သူ ရှိပါတယ်။ ဒါက ခင်ဗျားတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိသင့်ဘူး" ဟု ဆိုလိုက်သည်။
ချွေ့ပေါင်ကျုံးက အေးစက်စွာ ပြုံးလိုက်ပြီး "ဒါက ဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းပါ။ သိုင်းလောကတို့ ဘာတို့ ဆိုတာမျိုး မရှိဘူး။ လူသတ်မှု ကျူးလွန်တဲ့သူ ဘယ်သူမဆို ကျူးလွန်တဲ့ အတိုင်း အကျိုးဆက်ကို ခံစားရမှာပဲ"
ထိုသို့ပြောပြီးနောက် သူက သူ၏ နောက်သို့ လက်ဝှေ့ယမ်းကာ "သွားစမ်း။ တားရဲတဲ့သူ ဘယ်သူမဆို အကုန်ဖမ်း" ဟု အမိန့်ပေးလိုက်သည်။
ကဲ့ဝန်ကုန်းမှာ မျက်မှောင်ကြုတ်သွားလေသည်။ အခြေအနေများက ဤအဆင့်ထိ ရောက်ရှိလာပြီ ဖြစ်ရာ ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူတော့ချေ။ ယေဘုယျအားဖြင့် ဆိုရလျှင် သူတို့သည် အစိုးရ အာဏာပိုင်များနှင့် ထိပ်တိုက် မရင်ဆိုင်လိုကြပေ။
သူသည် သူ၏ ဆရာ မည်သို့ သဘောရသနည်း ဆိုသည်ကို သိရှိရန် ယဲ့ပုဖန်ထံသို့ လှည့်ကြည့်လိုက်သည်။
ယဲ့ပုဖန်၏ မျက်နှာမှာ တည်ကြည်နေ၏။ သူ ရှန်တုန်းလိုင်ကို သတ်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် ပြည်နယ်မြို့တော်မှ တိုက်ရိုက် ပြောင်းရွှေ့လာသော မှုခင်းတပ်ဖွဲ့က အပြေးအလွှား ဝင်ရောက်လာခဲ့သည်။
ထင်ရှားနေသည်မှာ… ဤသည်က သူ့အတွက် ပြင်ဆင်ထားသော ထောင်ချောက်ပင်…။
အားလုံး၏ အကြည့်တို့သည် ယဲ့ပုဖန်၏ မျက်နှာထက်သို့ ကျရောက်နေပြီး ဤအခြေအနေကို သူ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း ဆိုသည်ကို စောင့်ကြည့်နေကြသည်။
ထိုအခိုက်အတန့်တွင် တံခါးပေါက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ "ခေါင်းဆောင်ချွေ့... ရှင့်ရဲ့ အရာရှိ အရှိန်အဝါက တော်တော် ကြီးမားလှပါလား။ ကျွန်မကိုရော ဖမ်းဖို့ အစီအစဉ် ရှိနေသေးလား"
လူတိုင်းသည် အသံလာရာဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြရာ စံအိမ်တော် တံခါးဝတွင် ရဲရင့် ပြတ်သားသည့်ဟန် ရှိသော အမျိုးသမီး တစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုသူကား ကျားမလေး စီမာဝေ ဖြစ်ပြီး သူမ၏ နောက်တွင် ရှန်းထျန်းချီနှင့် ရှန်းချောင်ချူးတို့ လိုက်ပါလာကြသည်။
ကျန်းနန်ပြည်နယ် မှုခင်းတပ်ဖွဲ့၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် ချွေ့ပေါင်ကျုံးသည် ဤအမျိုးသမီးက မည်သူဖြစ်ကြောင်းကို သိရှိထားပေသည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ယနေ့တွင် သူသည် ယဲ့ပုဖန်အား ဖမ်းဆီးရန် တာဝန်ဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း ရွှမ်ယွမ်စံအိမ်မှ လူများနှင့် လာရောက် ထိပ်တိုက်တိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
"သခင်မလေးစီမာက နောက်နေပြန်ပါပြီ။ ရွှမ်ယွမ်စံအိမ်ဆိုတာက သေချာပေါက် အထူးအဆင့်အတန်း ရှိတဲ့ နေရာတစ်ခုပဲလေ။ ကျွန်တော်က ဘယ်လိုလုပ် ဖမ်းရဲပါ့မလဲ"
"ဒါပေမဲ့ ကျွန်တော်တို့က တစ်ယောက်အပေါ် တစ်ယောက် စီရင်ပိုင်ခွင့် မရှိသလို တစ်ယောက် ကိစ္စကိုလည်း တစ်ယောက် ဝင်မစွက်ဖက်ကြပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ အမှုတွဲ ကိုင်တွယ် ဖြေရှင်းမှုအပေါ်ကိုတော့ သက်ရောက်မှု မရှိသင့်ဘူး မဟုတ်လား"
သူ၏ စကားများမှာ နှိမ့်ချလွန်းခြင်း မရှိသလို မောက်မာလွန်းခြင်းလည်း မရှိချေ။ အပေါ်ယံတွင် အလွန် ယဉ်ကျေးနေသယောင် ရှိသော်လည်း အမှန်တကယ်တွင်မူ သူ၏ စုံစမ်းစစ်ဆေးမှုများတွင် ဝင်မစွက်ဖက်ရန် စီမာဝေအား သတိပေးနေခြင်းပင် ဖြစ်သည်။
စီမာဝေက ခြံဝင်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး သရော်လှောင်ပြောင်သည့် မျက်နှာအမူအရာဖြင့် "ခေါင်းဆောင်ချွေ့... ပြည်နယ်လုံခြုံရေးတပ်ဖွဲ့က လူပီပီ ရှင့်ရဲ့ အမှုစစ်ဆေးတဲ့ အမြန်နှုန်းကတော့ တကယ်ကို အံ့မခန်းပါပဲ" ဟု ပြောလိုက်သည်။
"ဒီမှာ ခုနလေးတင် ကိစ္စဖြစ်ထားတာကို ရှင်က အခု ချက်ချင်း ရောက်နေပြီပဲ။ ရှင်က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ဗေဒင်ဆရာ တစ်ယောက်များလား"
ချွေ့ပေါင်ကျုံးသည် ပုံမှန်အားဖြင့် ရာထူးမြင့်မားပြီး အာဏာကြီးမားသူ တစ်ဦးဖြစ်ရာ အခြားသူများ၏ မေးခွန်းများကို ဖြေဆိုရန် အချိန်ဖြုန်းလေ့ မရှိချေ။
သို့သော် သူ၏ ရှေ့မှ အမျိုးသမီးမှာ အလွန် အထူးခြားဆုံး အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ သူသည် စိတ်ရှည်သည်းခံကာ "သခင်မလေးစီမာက နောက်နေပြန်ပါပြီ။ ကျွန်တော်တို့က ဒီကို ယဲ့ပုဖန်အတွက် လာခဲ့တာပါ" ဟု ဖြေလိုက်ရသည်။
"မကြာသေးခင်က ကျန်းပေ့မြို့မှာ ကြီးမားတဲ့ အမှုအခင်းတွဲတွေ ဖြစ်ပွားခဲ့တယ်။ ခိုင်ဖုန်း ဆေးဝါးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ လင်းရုယင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့သလို ယန်မိသားစုဝင် ခုနစ်ယောက်ရဲ့ သေဆုံးမှု အကြောင်းရင်းကလည်း အခုထိ အမည်မသိ ဖြစ်နေဆဲပဲ"
"ကျွန်တော်က ဒီအမှုတွေအတွက် သီးသန့် လာခဲ့တာပါ။ ဒီလူသတ်မှု နှစ်ခုနဲ့ ကြုံလိုက်ရတာက တိုက်ဆိုင်မှု သက်သက်ပါပဲ"
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး "ကျွန်တော်ကလည်း အထက်အရာရှိတွေ ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်နေတာမို့လို့ သခင်မလေးစီမာ အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ဝင်မနှောင့်ယှက်ပါနဲ့"
စီမာဝေက မြေပြင်ပေါ်တွင် လဲကျနေသော ရှန်တုန်းလိုင်နှင့် ဟွမ်ချန်ချိုတို့ကို တစ်ချက်ကြည့်လိုက်ပြီး "အကယ်၍ သာမန်အမှုတစ်ခု ဆိုရင်တော့ ကျွန်မက သေချာပေါက် ဝင်စွက်ဖက်လို့ မရပါဘူး။ ဒါပေမဲ့ အဲဒါက ကျွန်မတို့ ရွှမ်ယွမ်စံအိမ်က လူတွေနဲ့ သက်ဆိုင်နေရင်ကော" ဟု မေးလိုက်သည်။
ချွေ့ပေါင်ကျုံးက ယဲ့ထျန်းကို လက်ညှိုးထိုးကာ "သခင်မလေးစီမာ... ဒီလူက ခင်ဗျားတို့ ရွှမ်ယွမ်စံအိမ်ကလို့ ဆိုလိုချင်တာလား"
"အခုထိတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ မကြာခင် ဖြစ်လာတော့မှာပါ"
စီမာဝေက ခေါင်းလှည့်ကာ "ရှင့်နာမည် ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။
"ယဲ့ထျန်း"
အဖြေရရှိပြီးနောက် သူမသည် အိတ်ထဲမှ မှတ်စုစာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ယဲ့ထျန်း၏ နာမည်ကို ဖြည့်စွက်ရေးသားရန် ဘောပင်တစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် ၎င်းကို ချွေ့ပေါင်ကျုံးထံသို့ ကမ်းပေးလိုက်ပြီး "ခေါင်းဆောင်ချွေ့... ရှင် မြင်ပြီလား။ ဒီလူက အခုဆို ကျွန်မရဲ့ ရွှမ်ယွမ်စံအိမ်က အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီမို့လို့ ရှင့်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိတော့ပါဘူး" ဟု ပြတ်သားစွာ ဆိုလိုက်လေတော့သည်။
***