စီမာဝေ၏ မျက်နှာထက်တွင် အမြဲတစေ အပြုံးရေးရေးလေး တစ်ခုကို ချိတ်ဆွဲထားပြီး စကားပြောရာတွင်လည်း ပေါ့ပေါ့ပါးပါးပင် ရှိလှသော်လည်း ဤနေရာရှိ လူတိုင်းသည် သူမ၏ လွှမ်းမိုးနိုင်လွန်းသော အရှိန်အဝါကို နက်ရှိုင်းစွာ ခံစားနေရပေသည်။
ဤအမျိုးသမီးမှာ တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိလွန်းလှပေသည်။ ပြည်နယ် မှုခင်းတပ်ဖွဲ့၏ ခေါင်းဆောင်ရှေ့တွင်ပင် သူမသည် ဤမျှလောက် မောက်မာစွာ ပြုမူဝံ့ပေသည်။
ချွေ့ပေါင်ကျုံး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး "သခင်မလေးစီမာ... ခင်ဗျား အခု လုပ်နေတာက နည်းနည်း လွန်မသွားဘူးလား" ဟု ဆိုလိုက်သည်။
"လွန်သွားတယ် ဟုတ်လား။ ကျွန်မကတော့ နည်းနည်းလေးတောင် လွန်တယ်လို့ မထင်ပါဘူး"
စီမာဝေက ဆက်၍ "ဒီလူက အရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ။ မကြာသေးခင်က ကျွန်မတို့ ရွှမ်ယွမ်စံအိမ်မှာ အသေအပျောက်တွေ၊ ဆုံးရှုံးမှုတွေ အရမ်း များခဲ့တယ်။ ဒါကြောင့် သွေးသစ်လောင်းဖို့ လိုအပ်လာတာပေါ့။ တကယ်လို့ ခေါင်းဆောင်ချွေ့ အနေနဲ့ မကျေနပ်ဘူး ဆိုရင်လည်း ရှင့်ရဲ့ အထက်အရာရှိတွေဆီမှာ သွားရောက် တိုင်ကြားနိုင်ပါတယ်" ဟု ပြောလိုက်သည်။
ချွေ့ပေါင်ကျုံးသည် ရွှမ်ယွမ်စံအိမ်က မည်သို့သော တည်ရှိမှုမျိုး ဖြစ်သည်ကို သိရှိထားပေသည်။ ထိုကဲ့သို့သော အထူးဌာနမျိုးနှင့် အကျိုးအကြောင်း ဆင်ခြင် ပြောဆိုနေ၍ မရနိုင်သလို စီမာဝေ၏ နောက်ခံအင်အားက မည်မျှ ကြီးမားကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထားသည်။
မြို့တော်မှ စီမာမိသားစု ဆိုသည်ကား သူ လုံးဝ အပြစ်မပြုဝံ့သော တည်ရှိမှုမျိုးပင် ဖြစ်လေသည်။
ထိုအချက်ကို တွေးမိသောအခါ သူသည် ဒေါသကို အတင်းအကျပ် မျိုချလိုက်ပြီး ယဲ့ပုဖန်ကို လက်ညှိုး ထိုးကာ "တကယ်လို့ အဲဒီလူကို ဖမ်းလို့ မရဘူးဆိုရင်တောင် ဒီတစ်ယောက်ကိုတော့ ဖမ်းလို့ရတယ် မဟုတ်လား။ အထောက်အထား အားလုံးအရ သူက ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်"
"သခင်မလေးစီမာ... ခင်ဗျားက သူ့ကိုပါ ရွှမ်ယွမ်စံအိမ်ထဲကို ခေါ်သွင်းထားတာတော့ မဟုတ်ပါဘူးနော်"
သူ၏ စကားကို ကြားလိုက်ရသောအခါ သခင်မလေး စီမာဝေက ခစ်ခစ်ခွိခွိ ရယ်မောလိုက်လေသည်။
"သေချာတာပေါ့။ သူ့ကို ရွှမ်ယွမ်စံအိမ်ထဲကို ကျွန်မ ခေါ်သွင်းထားတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်မတို့ ရွှမ်ယွမ်စံအိမ်ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်နေပြီးသားမို့လို့ပဲ။ ပြီးတော့ သူက အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ် တစ်ယောက်ပဲ။ အဲဒီရာထူးက ကျွန်မရဲ့ အဆင့်အတန်းထက်တောင် အများကြီး ပိုမြင့်နေသေးတယ်"
ထိုသို့ပြောပြီးနောက် သူမက လက်လှမ်းကာ အနက်ရောင် မှတ်စုစာအုပ်ငယ် တစ်အုပ်ကို ချွေ့ပေါင်ကျုံး၏ လက်ထဲသို့ ပစ်ပေးလိုက်လေသည်။
အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ် ဟူသည်မှာ ကောင်းကင်စစ်သည်တော် စီမံကိန်းကို တည်ထောင်ပြီးနောက် ရွှမ်ယွမ်စံအိမ်မှ ခန့်အပ်ထားသော အထူးရာထူး တစ်ခု ဖြစ်ရာ ထိုအထောက်အထား လက်မှတ်မှာ စီမာဝေ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
အမှန်တကယ်တွင် ရွှမ်ယွမ်စံအိမ်၏ စတုတ္ထမြောက် အကြီးအကဲ ဟူသော ယဲ့ပုဖန်၏ အဆင့်အတန်းမှာ ပို၍ မြင့်မားသော်လည်း ၎င်းကို လျှို့ဝှက်ထားဆဲ ဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးတွင် ထုတ်ဖော် ကြေညာရန် မသင့်လျော်ပေ။ ထို့ကြောင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ် ဟူသော အဆင့်အတန်းက ပို၍ သင့်လျော်ပေသည်။
ချွေ့ပေါင်ကျုံးသည် ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ "ယဲ့ပုဖန် - ရွှမ်ယွမ်စံအိမ်၏ အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ်" ဟူသော တောက်ပနေသည့် စာလုံးများကို မြင်တွေ့လိုက်ရသည်။
ထိုအရာက သူ့အား လေပူတစ်ချက် မှုတ်ထုတ်သွားစေသည်။ ရွှမ်ယွမ်စံအိမ်သည် အလွန်တရာ အထူးခြားဆုံး ဌာနတစ်ခု ဖြစ်ပြီး အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ်များမှာကား ပို၍ပင် မြင့်မားကာ အာဏာကြီးမားလှပေသည်။
ထိုကဲ့သို့သော အဆင့်အတန်းမျိုးဖြင့် သူတို့က သင့်ကို ပြဿနာ လာမရှာလျှင်ပင် ကံကောင်းလှပြီ ဖြစ်ရာ ဖမ်းဆီးရန် ဆိုသည်မှာ ဝေးစွတကား။
တစ်ချိန်တည်းမှာပင် သူ အလွန် အံ့အားသင့်သွားရသည်။ အထက်မှ အထူးညွှန်ကြားချက်များအရ ယဲ့ပုဖန်ကို ဖမ်းဆီးခေါ်ဆောင်လာရန်သာ အမိန့်ပေးထားပြီး တိကျသော အကြောင်းပြချက်များကိုမူ ရှင်းပြထားခြင်း မရှိပေ။
ယခုကြည့်ရသည်မှာ ဤကိစ္စ၏ နောက်ကွယ်တွင် အခြားသော အကြောင်းအရာများ သေချာပေါက် ရှိနေမည် ဖြစ်ပြီး နတ်ဘုရားများကဲ့သို့ ပုဂ္ဂိုလ်များ၏ တိုက်ပွဲတွင် သူ လုံးဝ ဝင်မပါဝံ့ချေ။ ယခု တစ်ဖက်လူတွင် အထူး အဆင့်အတန်း တစ်ခု ရှိနေပြီ ဖြစ်ရာ သူ့အတွက် နောက်ဆုတ်ရန် သင့်လျော်သော အကြောင်းပြချက် တစ်ခု ရရှိသွားပြီ ဖြစ်သည်။
ထိုအချက်ကို တွေးမိသောအခါ သူက "တောင်းပန်ပါတယ် သခင်မလေးစီမာ။ မစ္စတာယဲ့ရဲ့ အဆင့်အတန်းကို ကျွန်တော် အရင်က မသိခဲ့လို့ပါ။ စော်ကားမိသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့် လူတွေကို ခေါ်ပြီး အထက်ကို အစီရင်ခံဖို့ အခုပဲ ပြန်ပါတော့မယ်" ဟု ပြောလိုက်လေသည်။
မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူသည် သူ၏ နောက်ရှိ လူများကို လက်ဝှေ့ယမ်းပြကာ အားလုံးကို ခေါ်ဆောင်၍ ထွက်ခွာသွားလေတော့သည်။
ချွေ့ပေါင်ကျုံး ထွက်သွားပြီးနောက် ထိုနေရာရှိ လူများအားလုံးမှာ အလွန်အမင်း အံ့အားသင့်ကာ ဆွံ့အ မှင်သက်နေကြပြီး အားလုံး၏ အကြည့်တို့မှာ ယဲ့ပုဖန်ထံသို့သာ စူးစိုက်ကျရောက်နေကြပေသည်။
လူတိုင်းမှာ ယဲ့ပုဖန်ကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားကြလေပြီ။
သူက ဘာလို့ ဒီလောက်တောင် လျို့ဝှက်ဆန်းကြယ်နေရတာလဲ…။
ဆရာကြီးကဲ့ကို တပည့်အဖြစ် လက်ခံထားပြီး သူ၏ ဘေးတွင် ဂရန်းမားစတာ အဆင့်ရှိ အစေခံ တစ်ဦး ရှိနေသည့် အပြင် ယခုအခါတွင် ရွှမ်ယွမ်စံအိမ်၏ အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ် ဟူသော ဘွဲ့ထူးကိုပါ ပိုင်ဆိုင်ထားပြန်ချေပြီ။
အနှီ ဘွဲ့ထူး သုံးခုအနက် မည်သည့် တစ်ခုမဆို လူပေါင်းများစွာကို ရိုသေ လေးစားသွားစေရန် လုံလောက်နေပြီ ဖြစ်သော်လည်း ယခုမူ ထိုအရာများ အားလုံးသည် လူတစ်ယောက်တည်းတွင် စုစည်းနေလေရာ သူ့အား ကျန်းပေ့မြို့၏ အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် ပြုလုပ်ပေးလိုက်လေပြီ။
အရေးအကြီးဆုံး အချက်မှာ ယဲ့ပုဖန်သည် လက်တစ်ချောင်းပင် မစရာမလိုဘဲ ဤမျှများပြားလှသော ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ခြင်းပင်။
ဤစွမ်းရည်နှင့် ရလဒ်မှာ လူတိုင်း၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။ သူ၏ ကျင့်ကြံမှုအဆင့် မည်မျှမြင့်မားသနည်း၊ သူ၏ သိုင်းစွမ်းရည် မည်မျှ ကြီးမားသနည်း ဆိုတာကို မည်သူကမျှ မသိရှိကြဘဲ အားလုံးကို ခန့်မှန်း၍ ခံစားချက် တစ်ခုကိုသာ ခံစားရစေသည်။
စီမာဝေ၏ နောက်တွင် ရပ်နေသော ရှန်းထျန်းချီနှင့် ရှန်းချောင်ချူးတို့မှာ ဖယောင်းရုပ်တုများအလား ငြိမ်သက်နေကြသည်။ မူလက သူတို့သည် ရွှမ်ယွမ်စံအိမ်သို့ ဝင်ရောက်ပြီး စမ်းသပ်မှုကို အောင်မြင်ပြီးနောက် ကျောထောက်နောက်ခံ တစ်ခုကို ရှာတွေ့သွားမည် ဖြစ်ပြီး ယဲ့ပုဖန်ကို ကြောက်ရွံ့စရာ မလိုတော့ဟု တွေးထင်ထားခဲ့ကြသည်။
သို့သော် ထိုသူမှာ ရွှမ်ယွမ်စံအိမ်မှ အရေးပါသော ပုဂ္ဂိုလ်ကြီး တစ်ဦး၊ အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ် တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ပေ။ သူတို့အနေဖြင့် ကောင်းကင်စစ်သည်တော် စစ်ဆေးမှုကို အောင်မြင်ခဲ့လျှင်တောင်မှ သူ၏ လက်အောက်ရှိ သာမန် စစ်သားလေး တစ်ယောက်သာ ဖြစ်လာမည်ပင်။
သူတို့ နှစ်ဦး၏ အဆင့်အတန်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပြီး နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
ယခင်က သားအဖ နှစ်ဦးသည် ကလဲ့စားချေရန် စိတ်ကူးယဉ် အိပ်မက်များ မက်နေခဲ့သော်လည်း ယခုအခါ ၎င်းစိတ်ကူးယဉ် အိပ်မက်များ အားလုံးမှာ တစ်စစီ ရိုက်ချိုးခံလိုက်ရလေပြီ။ သူတို့သည် ရင်ဘတ်အတွင်းမှ နေ၍ လုံးလုံးလျားလျား လက်မြှောက် အရှုံးပေးလိုက်ကြပြီး ယဲ့ပုဖန်အား လုံးဝ ရန်မစသင့်သူများ စာရင်းထဲသို့ ထည့်သွင်းလိုက်ကြလေတော့သည်။
ရှီဝန်စုန်းနှင့် သူ၏ မြေးဖြစ်သူတို့မှာ မျှော်လင့်ချက်မဲ့သော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားလေပြီ။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူတို့သည် ယဲ့ပုဖန်၏ ရှေ့သို့ ရောက်လာကာ ဒုတ်ခနဲ ဒူးထောက်ချလိုက်ကြပြီး "မစ္စတာယဲ့... အရင်က ကိစ္စတွေ အားလုံးက ကျွန်တော်တို့ ရှီမိသားစုရဲ့ အမှားတွေပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ထွက်ပေါက် တစ်ခုလောက် ပေးပါ" ဟု တောင်းပန်လိုက်ကြသည်။
ယဲ့ပုဖန်က ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး "ကောင်းပြီ... ထွက်သွားကြတော့။ ငါက ပြဿနာတွေကို အမုန်းဆုံးပဲ။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျန်းပေ့ကနေ ရှီမိသားစု လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။
ထိုစကားများမှာ ကြမ်းတမ်းလွန်းသော်လည်း ရှီဝန်စုန်းနှင့် ရှီထျန်းချီတို့အတွက်မူ ကောင်းကင်ဘုံမှ တေးဂီတသံအလား နားဝင်ချိုလှပေသည်။ ဆိုလိုသည်မှာ ယဲ့ပုဖန်သည် သူတို့အပေါ် အငြိုးအတေး မထားတော့ခြင်းပင် ဖြစ်လေသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာယဲ့။ အခုကစပြီး ရှီမိသားစုဝင် ဘယ်သူမဆို ခင်ဗျားနဲ့ တွေ့တဲ့အခါ ရိုသေလေးစားမှုကို ပြသပါ့မယ်"
ထိုသို့ပြောပြီးနောက် သူတို့ နှစ်ဦးစလုံးသည် စံအိမ်တော်ထဲမှ ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြလေတော့သည်။
ထို့နောက် ယဲ့ပုဖန်က ရှဟိုအောက်နှင့် သူ၏ အဖွဲ့ကို ကြည့်ကာ "မင်းတို့ အားလုံးလည်း ထွက်သွားကြတော့။ ငါ့မျက်စိရှေ့မှာ နောက်တစ်ခါ ထပ်မပေါ်လာစေနဲ့" ဟု ဆိုလိုက်သည်။
ရှဟိုအောက်မှာ အလွန်အမင်း ဒေါသထွက်နေသော်လည်း ကူကယ်ရာမဲ့စွာဖြင့် ချွီလင်ဖုန်းနှင့် အခြားသူများနှင့်အတူ ရုပ်အလောင်း နှစ်လောင်းကို သယ်ဆောင်ကာ ထွက်ခွာသွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
စီမာဝေက ယဲ့ပုဖန်၏ ရှေ့သို့ လျှောက်လာပြီး သူ၏ ပခုံးကို ယုယယင်နှီးစွာ ဖက်လိုက်ကာ ဘေးရှိ ယဲ့ထျန်းကို ကြည့်၍ "အချစ်လေး... ဂရန်းမားစတာ နှစ်ယောက်ကိုတောင် သတ်ပစ်နိုင်တဲ့ ဒီလို အစွမ်းထက်တဲ့ သိုင်းပညာရှင်ကို ရှင် ဘယ်ကနေ ရှာတွေ့လာတာလဲ" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "ဒါက ဇာတ်လမ်းရှည်ကြီးပဲ။ အားတဲ့အခါကျမှ မင်းကို ပြောပြပါ့မယ်" ဟု ဖြေလိုက်၏။
သူတို့ နှစ်ဦး၏ ရင်းနှီးကျွမ်းဝင်သော အပြုအမူကို မြင်လိုက်ရသောအခါ ဝမ်ရွှယ်နင်၏ ရင်ထဲတွင် လေးလံသွားရသည်။ ယဲ့ပုဖန်တွင် ချစ်သူကောင်မလေး ရှိနေကြောင်း သူမ သိထားသော်လည်း သူမ၏ မိသားစု နောက်ခံနှင့် ရုပ်ရည်သွင်ပြင်အရ မည်သည့် အမျိုးသမီးကိုမဆို ရှုံးနိမ့်မည် မဟုတ်ဟု သူမ ယုံကြည်ချက် အပြည့် ရှိနေခဲ့သည်။
သို့ရာ၌ စီမာဝေကို မြင်လိုက်ရပြီးနောက် သူမ၏ ယုံကြည်မှုများ အားလုံး လွင့်ပါး ပျောက်ကွယ်သွား၏။ စီမာဝေသည် လှပရုံသာမက ထင်ရှား ကျော်ကြားသော မိသားစုမှ သခင်မလေး တစ်ဦး၏ အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူမသည် ရွှမ်ယွမ်စံအိမ်၏ အရေးပါသော အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ မည်သည့်ဘက်မှ ကြည့်ကြည့် သူမအနေဖြင့် ဤအမျိုးသမီးအပေါ် အားသာချက် တစ်ခုမျှ မရှိချေ။
အစက ဝမ်းသာအားရ ဖြစ်နေကြသော ဝမ်ရွှမ်ချဲ့နှင့် သူ၏ သားဖြစ်သူတို့မှာ ယဲ့ပုဖန်နှင့် စီမာဝေတို့၏ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် စိုးရိမ်လာကြသည်။ ကြည့်ရသည်မှာ နောင်အနာဂတ်တွင် သူတို့၏ သမီးဖြစ်သူကို ပို၍ ကြိုးစားအားထုတ်ရန် တိုက်တွန်းရပေတော့မည်။ သို့မဟုတ်ပါက ပြည့်စုံလွန်းလှသော လူပျိုကြီးကို အခြားသူများက လုယူသွားနိုင်ပေသည်။
ဝမ်ကျီယန်း၏ ခံစားချက်များမှာမူ အလွန်တရာ ရှုပ်ထွေးနေပြီး နောင်တတရားများဖြင့် ပြည့်နှက်နေပေသည်။ ဤမျှ ပြည့်စုံထူးချွန်လှသော အမျိုးသား တစ်ဦးသည် မူလက သူမနှင့် စေ့စပ်ထားခဲ့သော်လည်း သူမကိုယ်တိုင်ကပင် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
"ငါကိုယ်တိုင်က ချမ်းသာတဲ့ မိသားစုပဲ" ဟူသော ယဲ့ပုဖန်၏ စကားကို သူမ ပြန်လည် တွေးမိလိုက်သည်။
ထိုအချိန်က သူမနှင့် ဟောက်ဟုန်မေတို့က ထိုစကားကို သရော်လှောင်ပြောင်ခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ ယဲ့ပုဖန်သည် အမှန်ပင် ချမ်းသာကြွယ်ဝမှုကို ကိုယ်စားပြုသည်။ ထိုမျှတင်မကသေး အာဏာကိုပါ ပိုင်ဆိုင်ထားသေးသည်။
ဆရာကြီးကဲ့၏ ဆရာ၊ ဂရန်းမားစတာ အဆင့်ရှိ အစေခံ တစ်ဦးကို ပိုင်ဆိုင်ထားသူ၊ ပြီးတော့ ရွှမ်ယွမ်စံအိမ်၏ အဆင့်တစ် ကောင်းကင်ဗိုလ်ချုပ်။ ဤဘွဲ့ထူးများထဲမှ မည်သည့် တစ်ခုမဆို လူပေါင်းများစွာကို သူ့အား ရိုသေကိုးကွယ်သွားစေရန် လုံလောက်လှပေသည်။
သူမတို့ သားအမိ နှစ်ဦးသည် ချမ်းသာသော မိသားစုအတွင်းသို့ ဝင်ရောက်ရန် အမြဲတစေ အိပ်မက်မက်နေခဲ့ကြသော်လည်း နောက်ဆုံးတွင် အကောင်းဆုံး အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရလေပြီ။
"အခွင့်အရေး တစ်ခုက ငါ့ရှေ့ကို ရောက်လာခဲ့ပေမဲ့ ငါ တန်ဖိုးမထားခဲ့မိဘူး..."
ဤစကားစုက ထိုအခိုက်အတန့်တွင် ဖြစ်ပေါ်နေသော သူမ၏ စစ်မှန်သော ခံစားချက်များကို အကောင်းဆုံး ဖော်ပြနေသော်လည်း နောင်တရရန်ကား အချိန်နှောင်းသွားချေပြီ။ ဝမ်မိသားစုမှ ဝမ်ရွှယ်နင် ဖြစ်စေ၊ အလွန်တရာ လှပလွန်းလှသော စီမာဝေ ဖြစ်စေ သူမနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
ထိုအချက်ကို တွေးမိသောအခါ ဝမ်ကျီယန်းသည် စိတ်ပျက်အားငယ်သော မျက်နှာအမူအရာဖြင့် ခြံဝင်းအတွင်းမှ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။
ယဲ့ပုဖန်သည် ဝမ်ကျီယန်း ထွက်သွားသည်ကိုပင် သတိမထားမိလိုက်ချေ။ သူက ကဲ့ဝန်ကုန်းကို လက်ဝှေ့ယမ်းပြကာ "ကောင်းပြီ... အခု ကိစ္စတွေ ပြီးသွားပြီဆိုတော့ သူတို့ အားလုံးကို ပြန်လွှတ်လိုက်တော့" ဟု ဆိုလိုက်သည်။
"အားလုံးပဲ... ကျွန်တော့်ရဲ့ ဆရာက အားလုံးကို ပြန်ဖို့ အမိန့်ပေးလိုက်ပါပြီ။ ဒီနေ့ အခမ်းအနားကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ ဒီနေ့ ကိစ္စကို နောင်ကျရင် အပြင်မှာ လျှောက်မပြောကြပါနဲ့။ မဟုတ်ရင် ကျွန်တော် ကဲ့ဝန်ကုန်းရဲ့ ရန်သူအဖြစ် သတ်မှတ်ရလိမ့်မယ်"
ကဲ့ဝန်ကုန်းက နှုတ်ပိတ်အမိန့် ထုတ်ပြန်လိုက်ပြီးနောက် ဖူကျောက်ကျယ်နှင့် အခြားသူများက ယနေ့ လာရောက်သော ဧည့်သည်များ အားလုံးကို ပြန်လည် စေလွှတ်လိုက်ကြလေတော့သည်။
***