"ရုတ်တရက် ရပ်လိုက်ပြီး ပြန်အရှိန်တင်တာ... မင်းက ဂြိုဟ်သားလားကွ..."
ပီကေး၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး လုံးဝ ထိတ်လန့်သွားတော့သည်။
သူ ရုတ်တရက် မိတ်ဆွေဟောင်း တစ်ယောက်ကို သတိရသွားသည်။
ချူဖုန်းက ပီကေးကို လိမ်ခေါက် ကျော်ဖြတ်သွားသည်နှင့် နူးကမ့်ကွင်းကြီး အနည်းငယ် တိတ်ဆိတ်သွားပြီး ကွင်းထဲရှိ အခြေအနေကို ထိခိုက်မည် စိုးသဖြင့် အားလုံး အသက်ရှူ အောင့်ထားကြသည်။
ပီကေး နောက်ပြန်လိုက်သွားသည်ကို မြင်ရကတည်းက တာစတီဂျန်သည် ဤမြင်ကွင်းကို ကြိုတင် ခန့်မှန်းထားခဲ့သည်။ ထို့ကြောင့် သူက ဂိုးပေါက်ကို ကြိုတင် စွန့်ခွာလာခဲ့သည်။
သင့် ခန္ဓာကိုယ် ဗဟိုချက်ကို နှိမ့်ချ ၊ လက်မောင်းများကို ကျယ်ကျယ်ဖြန့်ကာ သင့် ခံစစ် နယ်ပယ်ကို အမြင့်ဆုံး အထိ ချဲ့ကားပါ။ ဤသည်ကား ဂိုးသမားတို့၏ တစ်ဦးချင်း ရင်ဆိုင် တွေ့စဉ်၌ ထားရမည့် ပုံစံခွက်ပင်…။
သို့သော်လည်း ချူဖုန်းက ခန္ဓာကိုယ် အပေါ်ပိုင်းကို ချိန်သီး တစ်လုံးကဲ့သို့ လွှဲပြလိုက်ရာ တာစတီဂျန် ဟန်ချက် ပျက်သွားလေသည်။
ထို့နောက် ချူဖုန်းက အရှိန်တင်ပြီး ဘယ်ဘက်ကို ကွေ့ထွက်သွားသည်။
"နောက်တစ်ကြိမ် လွတ်ထွက်သွားပြန်ပြီ... လွတ်နေတဲ့ ဂိုးပေါက်ကို ကန်သွင်းလိုက်တယ်... ဆီမီဒို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်တာ မအောင်မြင်ဘူး..."
"၀:၂"
"ဒုတိယပိုင်း ၅၆ မိနစ်မှာ မန်ယူက နောက်ထပ် ဂိုးရသွားပြန်ပြီ... ဒါက ရှောင်ချူရဲ့ ဒုတိယဂိုးလည်း ဖြစ်ပါတယ်..."
"မယုံနိုင်စရာပဲဗျာ..."
"ဒီဂိုးကို ကြည့်လိုက်... ရှောင်ချူက ပေါက်ကွဲအား ဆိုတာ ဘာလဲဆိုတာကို ပြီးပြည့်စုံအောင် ပြသသွားတာပဲ..."
"ပေါက်ကွဲအားကို သုံးပြီး အစပြုမှုကို ရယူတယ်... ပြီးတော့ အင်အားသုံးပြီး ကျော်ဖြတ်မှု နှစ်ခုကို ပြီးမြောက်အောင် လုပ်တယ်... ဘာစီလိုနာ ခံစစ်ကြောင်း တစ်ခုလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တာပဲ..."
"ဒီလိုမျိုး ထိရောက်တဲ့ ထိုးဖောက်မှုက သွေးဆူစေလောက်အောင်ကို စိတ်လှုပ်ရှားစရာ ကောင်းတယ်ဗျာ..."
"လှတယ်... လှတယ်... အရမ်း လှတယ်..."
ကျန်းကျွင်းမှာ အလွန် အံ့သြသွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။
မှတ်ထားရမည့်အချက်မှာ ဤအသင်းသည် လာလီဂါကို ဦးဆောင်နေသော ဘာစီလိုနာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ကဲ့သို့ အသင်းငယ်လေး မဟုတ်ပေ။ ဘာစီလိုနာက မကြာသေးမီကမှ အက်သလက်တီကို မက်ဒရစ်ကို ၂-၀ ဖြင့် အနိုင်ရထားသော အသင်းလည်း ဖြစ်သည်။
နူးကမ့်ကွင်း ပွဲကြည့်စင် ထောင့်တစ်နေရာတွင် ချူဖုန်းက မန်ယူပရိသတ်များဆီသို့ လက်သီးဆုပ်ကာ အောင်ပွဲခံလိုက်ရာ ပရိသတ်များကလည်း စိတ်အားထက်သန်စွာဖြင့် ပြန်လည် အော်ဟစ် အားပေးကြသည်။
တဖျပ်ဖျပ် လင်းလက်နေသော ကင်မရာမီးရောင်များနှင့် မန်ယူပရိသတ်များ၏ စိတ်အားထက်သန်သော အကြည့်များကို ရင်ဆိုင်ရင်း ချူဖုန်းက လက်ကို မြှောက်ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။
"မန်ချက်စတာ ယူနိုက်တက်... ရှေ့သို့ချီ..."
နူးကမ့်တွင် သူတို့ ကြုံတွေ့ခဲ့ရသော အရှက်ကွဲမှုများကို မျိုးဆက်သစ် သရဲနီများက ဆေးကြောပေးနေကြပြီ။
ထို့ကြောင့် ဂုဏ်ယူရသည့် ခံစားချက်က လူတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေလေတော့သည်။
မီးရောင်များ အောက်တွင် လင်းလက်နေသော ချူဖုန်းကို ကြည့်ရင်း ချူဖုန်း၏ ရုတ်တရက် ရပ်တန့်မှုနှင့် အရှိန်တင်မှုများကို ပြန်လည် တွေးတောမိရင်း ပီကေး တစ်ယောက် အမှန်တကယ်ကို လက်မှိုင်ချချင်စိတ် ပေါက်သွားလေသည်။
သူတို့ နှစ်ယောက်ကြားက ကွာဟချက်က အတော်လေး သိသာထင်ရှားနေပြီ မဟုတ်ပါလား။
အကယ်၍ သူသာ နောက်ထပ် နှစ်အနည်းငယ်လောက် ပိုကြီးခဲ့မည် ဆိုလျှင်တော့ ပီကေး အနေဖြင့် အသက်အရွယ်ကြောင့်ဟုသာ အပြစ်ပုံချနိုင်မည် ဖြစ်ပြီး မဟုတ်ပါက အခြား မည်သည့် အကြောင်းပြချက်ကိုမျှ သူ ရှာတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် နောင်တရနေ၍လည်း အပိုပင် ဖြစ်သည်။ ဤအကြောင်းကြောင့် ပွဲစဉ်က ခေတ္တ ရပ်တန့်သွားမည် မဟုတ်ပေ။
ယခု မေးစရာ ရှိလာသည်က... ချူဖုန်းကို ဘယ်လို တားဆီးမလဲ...။
တိုက်စစ်ဆင်ဖို့ လူစာရင်းကို ရှေ့တိုးမလား ဒါမှမဟုတ် ဘောလုံး ပိုင်ဆိုင်မှု အခြေခံတဲ့ ကစားဟန်ကိုပဲ ဆက်သွားမလား ဆိုသည့် အပေါ် ဘာစီလိုနာ ကစားသမား အားလုံးက ဗယ်လ်ဗာဒီထံသို့ အကြည့်များ ရောက်သွားကြသည်။
ပြီးခဲ့သည့် ရာသီက အက်စ်ပန်ညိုကသာ ဘာစီလိုနာကို လိဂ်တွင် (၄၃) ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့သည်ကို ကြည့်ရုံဖြင့် သူတို့၏ နည်းဗျူဟာများက ညံ့ဖျင်းသည်ဟု ပြောမည် ဆိုပါက လုံးဝကို ယုတ္တိမတန်လှပေ။
မန်ချက်စတာ ယူနိုက်တက်၏ ပြဿနာများ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုလည်း သူ ကောင်းကောင်း သိထားသည်။
‘ငါတို့ရဲ့ တိုက်စစ်နဲ့ မန်ချက်စတာ ယူနိုက်တက်ကို ခြိမ်းခြောက်ရမယ်။ သူတို့ရဲ့ တောင်ပံ ကစားသမား နှစ်ယောက်ကို ခံစစ်ဆီ နောက်ဆုတ်သွားအောင် ဖိအားပေးရမယ်။ အဲဒီလိုဆိုရင် ငါတို့ရဲ့ ကွင်းဘက်ခြမ်းမှာ သူတို့ရဲ့ ဖိအားပေးမှု အရှိန်အဟုန်က သဘာဝကျကျပဲ လျော့ကျသွားလိမ့်မယ်...’
‘ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်က အနည်းငယ် နှေးကွေးတဲ့အတွက် ယေဘုယျအားဖြင့် သူတို့ရဲ့ အသင်းဖော်တွေကို ပံ့ပိုးပေးဖို့ ရှေ့ကို တက်လာလေ့ မရှိဘူး...’
‘အဲဒီ အချိန်ကျရင် ဘာစီလိုနာ အနေနဲ့ ကွင်းလယ်နဲ့ ခံစစ် ကြားက ဧရိယာကို လွှမ်းမိုးထားနိုင်လိမ့်မယ်’
ဤပွဲစဉ်တွင် အကြိတ်အနယ် ဖြစ်နေမှုကို ဖြိုခွဲရန် ဤတစ်ခုတည်းသော နည်းလမ်းသာ ရှိသင့်ပေသည်။ ဗယ်လ်ဗာဒီက ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ အာသာ နေရာတွင် ဗီဒယ်လ်ကို လည်းကောင်း ၊ ကော်တင်ဟို နေရာတွင် ဒမ်ဘီလီကိုလည်းကောင်း လူစားလဲလှယ်လိုက်လေသည်။
ဒမ်ဘီလီက ကွင်းဘေးတွင် ရပ်နေစဉ် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မရနိုင်အောင် ဖြစ်နေ၏။
သူ၏ ကလေးဘဝ အိပ်မက်က မက်ဆီနှင့်အတူ တိုက်ပွဲဝင်ရန် ဖြစ်ပြီး သူ့ကို ရာကီတစ် ပြီးလျှင် နံပါတ်တစ် မက်ဆီ၏ ပရိသတ်ကြီးဟုပင် သတ်မှတ်နိုင်ပေသည်။ သူတို့တွေက ပွဲပြီးတိုင်း မက်ဆီ၏ ဂျာစီများကို လုယက် စုဆောင်းရသည် အထိပင် အရူးအမူး ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။
‘ဘာစီလိုနာက လက်ရှိမှာ အကျပ်အတည်း တစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ ပြီးတော့ မက်ဆီ ကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်။ ဒါကြောင့် ငါ ထွက်လာမှ ဖြစ်မယ်’
ဒမ်ဘီလီ တစ်ယောက် ထိုအကြောင်းကို တွေးရင်း အလွန်အမင်း စိတ်ကူးယဉ်နေမိသဖြင့် သွားရည်ပင် ကျလာမတတ် ဖြစ်နေတော့သည်။
စိတ်ဓာတ်ကျနေသော ကော်တင်ဟိုနှင့် ဟိုက်ဖိုက် ရိုက်ပြီးနောက် သူက တောရိုင်းမြင်း တစ်ကောင်လို ကွင်းထဲသို့ ပြေးဝင်သွားပြီး သူ၏ အသင်းဖော်များကို အားပေးစကားများ အော်ဟစ် ပြောဆိုလိုက်၏။
ယင်းက ဘာစီလိုနာ အသင်းရှိ ညှိုးနွမ်းနေသော လေထုကို အတော်လေး လျော့ကျသွားစေခဲ့သည်။
ထို့နောက် ဗီဒယ်လ်က ဘူးစကွက်စ်ထံသို့ ချဉ်းကပ်သွားပြီး... “ဘော့စ်က မင်းကို တိုက်စစ်မှာ ပိုပြီး ပါဝင်စေချင်တယ်။ ကွင်းလယ် ခံစစ်ပိုင်းကိုတော့ ငါ တာဝန်ယူလိုက်မယ်...”
ယခုရာသီတွင် သူ ဘာစီလိုနာသို့ ပြန်လည် ရောက်ရှိလာပြီးနောက် သူ့ကို ကွင်းလယ်ခံစစ် ကစားသမား အဖြစ် အသုံးပြုခဲ့သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ယင်းက ကွင်းလယ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားဖြည့်ရန်ပင် ဖြစ်သည်။
“ရှင်းတယ်...”
ဘူးစကွက်စ်က ခေါင်းညိတ်လိုက်ပြီး မန်ချက်စတာ ယူနိုက်တက်၏ ကွင်းဘက်ခြမ်းသို့ ကြည့်လိုက်၏။
ပွဲကစားချိန် (၆၀) မိနစ်သို့ ရောက်ရှိလာခဲ့ပြီ။
“ဘာစီလိုနာရဲ့ တိုက်စစ် အရှိန်အဟုန်က အများကြီး တိုးလာပါတယ်ဗျာ။ ဘာပဲပြောပြော သူတို့က အိမ်ကွင်းမှာ ကစားနေရတာဆိုတော့ (၀-၂) ဆိုတဲ့ ရလဒ်ကို သေချာပေါက် လက်ခံနိုင်မှာ မဟုတ်ဘူးလေ...”
“တကယ်လို့ ဒီပွဲသာ ဒီအတိုင်း ပြီးဆုံးသွားမယ် ဆိုရင်...”
ကျန်းကျွင်း က မန်ချက်စတာ ယူနိုက်တက်တို့ ဆီမီးဖိုင်နယ်သို့ ခြေတစ်ဖက် လှမ်းဝင်သွားပြီဟု ပြောချင်ခဲ့သော်လည်း ရုတ်တရက် အစ္စတန်ဘူလ် အံ့ဖွယ်ဖြစ်ရပ်ကို သတိရသွားသဖြင့် သူ၏ ပါးစပ်ကို ပြတ်ပြတ်သားသားပင် ပိတ်လိုက်တော့သည်။
ပွဲတစ်ပိုင်းတည်းနဲ့ ရှန်ပိန် ဖောက်ဖို့ဆိုတာ မသင့်တော်ဘူးလေ။
ဘောလုံးက မက်ဆီထံသို့ မကြာခဏ ရောက်ရှိလာပြီး သူက သူ၏ ကျွမ်းကျင်မှုများကို အသုံးပြုကာ မန်ချက်စတာ ယူနိုက်တက်၏ ညာဘက် တောင်ပံ ခံစစ်ကို ဖိအားပေးနေလေသည်။
နောက်ထပ် သေသပ် လှပသော လူလိမ်ခေါက်ကွက် တစ်ခု…
အက်ရှ်လေယန်း အနေဖြင့် ပြစ်ဒဏ် ကျူးလွန်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အဝါကတ် ပြသခံရပြီး ဘာစီလိုနာကို ညာဘက်ခြမ်းမှ ဖရီးကစ် တစ်ခု ပေးလိုက်ရသည်။
ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၂၀ ကျော်လာပြီးနောက် သူက အပြင်းအထန် မောဟိုက်နေလေပြီ။
ပွဲမတိုင်မီက မက်ဆီကို ခုခံ ကစားရန် ခက်ခဲကြောင်း သူ သိထားသော်လည်း ဤမျှ ခက်ခဲလိမ့်မည် ဟုတော့ မထင်ထားပေ။
မက်ဆီ၏ အဆက်မပြတ် လားရာ ပြောင်းလဲမှုများက နောက်ခံလူများအား အတော်လေး ဒုက္ခပေးနိုင်ပေသည်။ သူက လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကာ သီသီလေး တောင့်ခံထားရခြင်းပင်။
ကွင်းလယ်ခံစစ် အဖြစ် ကစားနေသော ဟာရဲရားကလည်း အလားတူ အခြေအနေမျိုးပင် ဖြစ်သည်။ သူ့တွင် အဝါကတ် တစ်ကတ် ရှိနေပြီ ဖြစ်ရာ သူ၏ လှုပ်ရှားနိုင်စွမ်းကို များစွာ ကန့်သတ်ထားသလို ဖြစ်နေပြီး မက်ဆီကို ခံစစ် ကစားရာတွင် တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ကြောက်ရွံ့နေစေခဲ့သည်။
မည်သို့ပင်ဆိုစေ ဤသည်က အက်ရှ်လေယန်းနှင့် ဟာရဲရားတို့ အတွက် အလွန် ခက်ခဲသော ပွဲစဉ် တစ်ပွဲပင် ဖြစ်သည်။
ချူဖုန်းက ဘူးစကွက်စ်ကို လူကပ် ကစားရန် ဗဟို ကွင်းလယ် နေရာ အနီးသို့ နောက်ဆုတ်လာခဲ့သည်။
ဗယ်လ်ဗာဒီက တိုက်စစ်ဆင်ရန် အတွက် တိုက်စစ် ကစားသမား အမြောက်အမြားကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်တွင် အရေအတွက် အသာစီးရအောင် ကြိုးစားနေရာ သူတို့လို တိုက်စစ်ကစားသမားများ အနေဖြင့် ရွေးချယ်စရာ ဟူ၍ မရှိတော့ချေ။
“ဒီကာလလေးကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြ”
ချူဖုန်းက သူ၏ အသင်းဖော်များကို လှမ်းပြောလိုက်၏။
အကယ်၍ သူတို့က ဘာစီလိုနာ၏ အင်အားကောင်းသော ကာလကို ကြံ့ကြံ့ခံနိုင်ပြီး သူတို့၏ တိုက်စစ် အရှိန်အဟုန် လျော့ကျသွားမည့် အချိန်ကို စောင့်ဆိုင်းကာ ထိရောက်သော တန်ပြန် တိုက်စစ် အချို့ကို ပြုလုပ်နိုင်မည် ဆိုပါက ပွဲကို အဆုံးသတ်နိုင်ပေလိမ့်မည်။
သို့သော် မာဖီ၏ နိယာမအရ အရာရာက ထင်ထားသလို ဖြစ်မလာတတ်ပေ။
***