ပွဲကစားချိန် (၆၇) မိနစ်…
ဒေးဗစ် လူးဝစ်က ဘောလုံးကို ပြိုင်ဘက် ကွင်းဘက်ခြမ်းသို့ ရှင်းထုတ်လိုက်သော်လည်း ချူဖုန်းက အနည်းငယ် နောက်ကျသွားသဖြင့် ပီကေး အတွက် ဘောလုံးကို အလွယ်တကူ ရယူနိုင်ရန် အခွင့်အရေး ဖြစ်သွားခဲ့သည်။
ပီကေး၏ ခံစစ် စွမ်းရည်က သာမန်မျှသာ ဖြစ်သော်လည်း သူ၏ ဘောလုံး ပေးပို့မှု စွမ်းရည်ကတော့ တကယ်ကို မြင့်မားလှသည် မဟုတ်ပါလား။ မည်သို့ပင်ဆိုစေ သူက လာမာစီယာမှ ထွက်ပေါ်လာသူပင်။
ထို့အပြင် မီဒီယာ တစ်ခု၏ ဖော်ပြချက်အရ ပီကေး၏ ဉာဏ်ရည်က (၁၇၀) အထိပင် ရှိသည်ဟု ဆိုသည်။ ယင်းက သူ့ကို ကစားကွက် တစ်ခုလုံးအား ကောင်းမွန်စွာ မြင်တွေ့နိုင်စေခဲ့ပြီး မက်ဆီ၏ ညာဘက်ခြမ်းမှ ပြေးထွက်မှုကို လျင်မြန်စွာ သတိပြုမိသွားစေခဲ့သည်
‘ဖြောင်း’
ကြည်လင် ပြတ်သားသော အသံနှင့်အတူ ဘောလုံးက နူးကမ့် ကွင်းကြီး၏ ညကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင်…
မက်ဆီက ရုတ်တရက် အရှိန်မြှင့်ကာ အက်ရှ်လေယန်းကို ကျော်ဖြတ်သွားပြီး ညာဘက် ပေါင်ကို မြှောက်ကာ ဘောလုံးကို ဒေါ့ဗ် ချောကလက်လိုမျိုး ချောမွေ့ နူးညံ့စွာဖြင့် ထိန်းချုပ်လိုက်သည်။
အာဂျင်တီးနားသားများက သမိုင်းဝင် အကောင်းဆုံး ဘောလုံး ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
မက်ဆီ၏ သိမ်မွေ့သော ဘောလုံးထိန်းချုပ်နိုင်စွမ်းနှင့် လူလိမ်ခေါက်ကွက် စွမ်းရည်များက ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံးများထဲတွင် ပါဝင်လေသည်။
ဘောလုံးကို အသာအယာ ချပေးလိုက်တယ်၊ ဘောလုံးကို ပင့်တင်လိုက်တယ်၊ ဘောလုံးကို လိမ်ခေါက်သွားတယ်...
လှုပ်ရှားမှုတိုင်းက လှပ သေသပ်စွာ ချိတ်ဆက်နေလေသည်။
အက်ရှ်လေယန်း တစ်ယောက် အနောက်မှ နေ၍ ကြည့်နေရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ဘဲ မက်ဂွိုင်းယား အပေါ်သို့သာ မျှော်လင့်ချက်များ ပုံအပ်ထားလိုက်တော့သည်။
“ဟယ်ရီ... မင်း ဘာပဲလုပ်လုပ်။ မကန်ထုတ်လိုက်နဲ့နော် သူ့ကို ပိတ်ထားစမ်းပါ”
မက်ဂွိုင်းယားက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မက်ဆီ၏ ခြေဖျားများကို စူးစိုက်ကြည့်နေလိုက်၏။
လူတွေက အလွန်အမင်း အာရုံစိုက်နေချိန်တွင် မသိစိတ်မှ လှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်တတ်ကြသည်။ ထို့ကြောင့် မက်ဆီ ဘောလုံးကို ပင့်တင်လိုက်သည့် အခိုက်အတန့်တွင် မက်ဂွိုင်းယားလည်း လိုက်ပါ ရွေ့လျားသွားခဲ့လေသည်။
သို့သော်...
မက်ဆီက ဘောလုံးကို ပို၍ မြန်ဆန်သော အရှိန်ဖြင့် လိမ်ခေါက်သွားပြီး မက်ဂွိုင်းယားကို ချက်ချင်း ကျော်သွားလေသည်။
“ဂိုးပေါက်ရှေ့မှာ ဒီဂီယာ တစ်ယောက်တည်း ကျန်တော့တယ်ဗျာ”
“သူက...”
ကျန်းကျွင်း စကားပင် ဆုံးအောင် မပြောနိုင်သေးမီ မက်ဆီက ဘယ်ခြေဖြင့် တွန်းကန်လိုက်ရာ ဘောလုံးက ဂိုးပေါက်၏ ဘယ်ဘက်သို့ တိုးဝင်သွားတော့သည်။
ဘောလုံးက ဂိုးတိုင်ကို ထိကာ ဂိုးပေါက်ထဲသို့ ခုန်ဝင်သွားလေသည်
(၁-၂)
နူးကမ့် ကွင်းကြီး တစ်ခုလုံး ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ဘာစီလိုနာ ပရိသတ်များက သူတို့၏ ဘုရင်ကြီးကို ကြည့်ကာ နားကွဲမတတ် အားပေး အော်ဟစ်လိုက်ကြလေသည်။
ကွင်းထဲရှိ ဘောလုံး ဝေဖန်ရေးဆရာများ ကလည်း ပို၍ပင် စိတ်အားထက်သန်စွာဖြင့်...
“အို... ဂါလာ မက်ဆီ၊ ဂါလာ မက်ဆီ၊ ဂါလာ မက်ဆီ...”
“ဂိုး... ဂိုး... ဂိုး...”
မက်ဆီက အောင်ပွဲခံရန် မရွေးချယ်ဘဲ ဘောလုံးကို ကောက်ကိုင်ကာ နောက်သို့ ပြန်လျှောက်သွားလေသည်။
ထိုသို့ လျှောက်သွားစဉ် အတွင်း သူက ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များထံသို့ လက်သီးဆုပ်ကာ အောင်ပွဲခံပြလိုက်ရာ ပို၍ ကျယ်လောင်သော အားပေးသံများ ချက်ချင်း ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် မက်ဆီ၏ နာမည်ကို အော်ဟစ်သံများ အဖြစ် ပြောင်းလဲသွားတော့သည်။
ကွင်းဘေးမှနေ၍ ဤမြင်ကွင်းကို ကြည့်ကာ ဗယ်လ်ဗာဒီ တစ်ယောက် မနေနိုင်ဘဲ ရေရွတ်လိုက်မိ၏။
“သူ့ကို ကြည့်စမ်း သူ လုပ်တဲ့ လှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံပြီး အလွန် ကောင်းမွန်လွန်းတယ်။ မက်ဆီ ရှိနေတာ ငါတို့ တကယ် ကံကောင်းတာပဲ။ သူက ပြိုင်ဘက်ကို ဘယ်နည်းလမ်းနဲ့မဆို ခြိမ်းခြောက်နိုင်တယ်။ သူက ကြီးကျယ် ခမ်းနားတဲ့ စွမ်းဆောင်ရည်တွေကို အကျင့်တစ်ခုလို ဖြစ်နေအောင် လုပ်ပြနိုင်ခဲ့ပြီ”
သူ့ဘေးရှိ လက်ထောက်နည်းပြကတော့ နှုတ်ခမ်း တစ်ချက် တွန့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ ‘ခင်ဗျားက နံပါတ်တစ် မက်ဆီ ပရိသတ်ကြီး ဆိုပေမယ့် ဒီလောက်ကြီးတော့ အလွန်အကျွံ မချီးကျူးသင့်ဘူးလေ”
သို့သော် ဗယ်လ်ဗာဒီက ပြောလို့ မဆုံးသေးပေ။ သူက လေးနက်စွာဖြင့် ဆက်ပြောလိုက်၏။
“မက်ဆီက အချိန်တိုင်းမှာ ဘာလုပ်ရမယ်၊ ဘာလုပ်ဖို့ လိုအပ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိတယ်။ ပြီးတော့ ငါက ဒီလို ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဆီကနေ သင်ယူနေရတာပါ...”
မော်ရင်ညိုက ဗယ်လ်ဗာဒီ၏ စကားများကို သေချာစွာ နားထောင်နေပြီး သူ၏ နှုတ်ခမ်းများထက်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
‘ခင်ဗျား အနေနဲ့ ကစားသမား တစ်ယောက်ကို ဗဟိုပြုပြီး စနစ်တစ်ခု တည်ဆောက်နိုင်တယ်။ ပြီးတော့ ခင်ဗျားရဲ့ မျှော်လင့်ချက် အများစုကို အဲဒီ ကစားသမား အပေါ်မှာ ပုံအပ်ထားနိုင်တယ်။ ဒါပေမယ့် အဲဒီလို လုပ်လိုက်လို့ နည်းဗျူဟာတွေနဲ့ ကျန်တဲ့ အသင်းသားတွေကိုတော့ လုံးဝ လျစ်လျူရှုထားလို့ မရဘူးလေ...’
မဟုတ်ရင် အကျိုးဆက်တွေကတော့ ရှင်းနေတာပဲ... အခြေအနေတွေက ပိုမကောင်းလာပဲနဲ့ ဆိုးသွားတတ်တယ်လေ။
“လုခ်ရှော၊ စကော့... မင်းတို့ နှစ်ယောက် သွားပြီး သွေးပူ လေ့ကျင့်ခန်း လုပ်ကြ...”
မော်ရင်ညိုက အရန်ခုံတန်းဆီသို့ လှမ်းပြောလိုက်သည်။
“ဟုတ်ကဲ့ ဘော့စ်”
သူတို့နှစ်ဦးက ပြိုင်တူ ဖြေကြားလိုက်ပြီး အပေါ်ဝတ်များကို ဝတ်ဆင်ကာ သွေးပူ လေ့ကျင့်ခန်း လုပ်ရာ နေရာသို့ ပြေးသွားကြလေသည်။
“နောက်ပိုင်း ပြုလုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ရှိတယ်။ ပထမတစ်ခုက ညာဘက်ခြမ်း ခံစစ်ကို အားဖြည့်ဖို့ပဲ။ မက်ဆီကို ကစားသမား နှစ်ယောက်နဲ့ ချိတ်ဆက်ပြီး ကာကွယ်ရမယ်”
“တိုက်စစ်လိုင်းကို ရှေ့တိုးလိုက်။ ကိုယ့်နောက်က နေရာလွတ်တွေကို လျစ်လျူရှုထားလိုက်”
မော်ရင်ညိုက ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်လေပြီ။
ယခုအခါ ဘာစီလိုနာတို့ ဂိုးရသွားပြီ ဖြစ်ရာ သူတို့က အရှိန်အဟုန်ကို ရရှိသွားပြီ ဖြစ်ပြီး သေချာပေါက် ချေပဂိုး နောက်တစ်ဂိုး ထပ်ရရန် အစွမ်းကုန် ကြိုးစားလာပေလိမ့်မည်။ အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ ဤအချိန်တွင် ခံစစ်ကစားရန် ရွေးချယ်လိုက်မည် ဆိုပါက သူတို့က ပို၍ ပို၍ ဖိနှိပ်ခံရဖို့သာ ရှိလေသည်။
ထို့ကြောင့် သူတို့ အနေဖြင့် ကွင်းလယ်တွင်ပင် ဘာစီလိုနာ၏ တိုက်စစ်ကို ထိန်းချုပ်ရန် ကြိုးစားရပေလိမ့်မည်။
အတိတ်က ဆိုလျှင် သူသည် ဘယ်သောအခါမျှ ဤသို့ လုပ်ဆောင်မည် မဟုတ်ပေ။ ယင်းအစား လက်ရှိ ရလဒ်ကိုသာ ထိန်းသိမ်းထားနိုင်ရန် ခံစစ်ပိတ် ကစားဖို့သာ ကြိုးစားပေမည်။
သို့သော် သူက တစ်ချိန်က မော်ရင်ညို မဟုတ်တော့ပေ။
“လုခ်ရှောက အက်ရှ်လေယန်း နေရာမှာ ဝင်လာပြီး မက်တော်မီနေးက ရက်ရှ်ဖို့ဒ် နေရာမှာ ဝင်လာပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစာရင်း ပုံစံ နေရာယူမှုက (၄-၃-၂-၁) ဖြစ်သွားပါပြီဗျာ...”
“ဒါက ကွင်းလယ် အကူးအပြောင်းကို လုံးဝ စွန့်လွှတ်လိုက်တာလား”
ကျန်းကျွင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ကျန်းလုက ခေါင်းယမ်းလိုက်ပြီး သူ၏ အထင်ကို ပြောလေသည်။
“နောက်ခံလူ လေးယောက်နဲ့ ကွင်းလယ်ခံစစ် သုံးယောက်ကို အသုံးပြုတာဟာ ကွင်းလယ်မှာ အရေအတွက် အသာစီးရမှုကို အသုံးပြုပြီး ပြိုင်ဘက်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ထိန်းချုပ်ဖို့ပဲ။ ရည်ရွယ်ချက်က ဘာစီလိုနာရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကို ကန့်သတ်ဖို့နဲ့ သူတို့ရဲ့ ဘောလုံး ပေးပို့မှုတွေကို အနှောင့်အယှက် ပေးဖို့ပါပဲ...”
“ဒါ့အပြင် ဒီ လူစာရင်း ပုံစံ နေရာယူမှုက ကွင်းလယ်ခံစစ် ကစားသမားတွေ အနေနဲ့ ဘောလုံးကို ကြားဖြတ် လုယူပြီးတာနဲ့ ချက်ချင်း တိုက်စစ် ပြန်ဆင်ဖို့ အလေးပေးထားပါတယ်။ အဲဒါက တိုက်စစ်နဲ့ ခံစစ် အကူးအပြောင်းရဲ့ ရစ်သမ်ကို အများကြီး တိုးတက်စေပါတယ်...”
လူစားလဲလှယ်မှုများ ပြီးစီးသွားပြီးနောက် ပွဲကို ပြန်လည် စတင်လိုက်သည်။
“မန်ချက်စတာ ယူနိုက်တက်တို့က ဟာရဲရားကို ဘယ်ဘက်ကို ရွှေ့လိုက်ပြီး အဲဒီ စကော့ ဆိုတဲ့ ကောင်လေးကို ညာဘက်မှာ ထားလိုက်တယ်။ အဲ့ဒီလို လုပ်လိုက်တာက မက်ဆီကို တားနိုင်မယ်လို့ ထင်နေလို့လား”
“ငါ သူ့ရဲ့ အချက်အလက်တွေကို ကြည့်လိုက်တယ်။ ဒီနှစ်မှ အသက် (၂၃) နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ သူက ပွဲထွက်ခွင့် နေရာတောင် သေချာ မရသေးဘူးလေ”
စပိန် ဘောလုံး ဝေဖန်ရေးဆရာက အထင်သေးသော လေသံဖြင့် ပြောလိုက်၏။
ပွဲကြည့်စင်ပေါ်ရှိ ဘာစီလိုနာ ပရိသတ်များပင်လျှင် စကော့ မက်တော်မီနေးကို ကျယ်လောင်စွာ လှောင်ပြောင် အော်ဟစ်လိုက်ကြသည်။
မက်တော်မီနေးကတော့ ဝေဖန်မှုများကို လုံးဝ ဂရုမစိုက်ပေ။ ပွဲထွက်ခွင့် မရချိန်တွင်ပင် မန်ချက်စတာ ယူနိုက်တက်၌ ဆက်နေရန် ပြတ်ပြတ်သားသား ရွေးချယ်နိုင်သူ တစ်ယောက်သည် ခိုင်မာသော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားရမည်မှာ အသေအချာပင်…။
ထို့အပြင် သူ၏ အချစ်ဆုံး သူငယ်ချင်း ချူဖုန်း တစ်ယောက် ဥရောပ၏ ထိပ်တန်း အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိသွားသည်ကိုလည်း သူ စောင့်ကြည့်ခဲ့ရသည် မဟုတ်ပါလား…။
ထို့ကြောင့် သူ့တွင်လည်း ချူဖုန်းကဲ့သို့ ခိုင်ကျည်သော စိတ်ထားများ ရှိပေသည်။ သူ၏ ခံယူချက်ကလည်း ရိုးရှင်းသည်။
အပြောင်းအလဲများကို ခံနိုင်ရည်ရှိပြီး မိမိကိုယ်ကို သစ္စာရှိကာ ကြိုးစားပမ်းစား လေ့ကျင့်နိုင်သော ကစားသမားများသည် သေချာပေါက် ဆုလာဘ်များကို ရိတ်သိမ်းရမည်သာ ဖြစ်သည်။
မက်တော်မီနေး ကွင်းထဲသို့ ရောက်လာပြီးနောက် ကွင်းတွင်း အခြေအနေကို မကြာခဏ စောင့်ကြည့်ကာ သူ၏ နေရာယူမှုကို အဆက်မပြတ် ချိန်ညှိနေလေသည်။
“မန်ချက်စတာ ယူနိုက်တက်တို့က သူတို့ရဲ့ တိုက်စစ်ကို ရှေ့တိုးလိုက်ပြီးတဲ့ နောက်မှာ အခြေအနေတွေကို ပြောင်းပြန်လှန်ပြီး ဘာစီလိုနာကို ပြန်လည် ဖိအားပေးလာပါတယ်...”
“ပြီးတော့ သူတို့က ထိပ်တိုက် ရင်ဆိုင်မှုတွေကိုလည်း အရှိန်မြှင့်တင်လာပါတယ်ဗျာ”
“မက်တော်မီနေးက ဘယ်ဘက် တောင်ပံ ကနေ တိုက်စစ် တစ်ခု စတင်လိုက်ပါပြီ။ အတော်လေး ကောင်းမွန်တဲ့ အနေအထားပါပဲ”
ချူဖုန်းက ပီကေးနှင့် လန်းဂလတ်တို့ ကြားတွင် နေရာယူလိုက်ပြီး သူတို့ နှစ်ဦးစလုံး အပေါ် ဖိအားပေးထားသည်။
“ကစားကွက်ကို နည်းနည်း ထပ်ပိတ်လိုက်စမ်း”
ပီကေးက ဘူးစကွက်စ်ကို အော်ပြောလိုက်၏။
သူက လုံးဝကို လုံခြုံမှု မရှိသလို ခံစားနေရသဖြင့် ချူဖုန်း ဘောလုံး လက်ခံရယူနိုင်မည့် နေရာလွတ်ကို လျှော့ချရမည် ဖြစ်သည်။ ယင်းက ချူဖုန်းကို တားဆီးရာတွင် များစွာ ပိုမို လွယ်ကူစေမည် ဖြစ်သည်။
ဘူးစကွက်စ်က လက်ပြလိုက်ပြီး ဗီဒယ်လ်ကို အလယ်ဘက်သို့ ရွှေ့ရန် အချက်ပြလိုက်သည်။
ဒမ်ဘီလီက ဘယ်ဘက် တောင်ပံတွင် ရှိနေသဖြင့် ဗီဒယ်လ် အနေဖြင့် ကွင်းလယ်ခံစစ်တွင် လွတ်လပ်စွာ လှုပ်ရှား သွားလာနိုင်ပေသည်။
“တစ်၊ နှစ်၊ သုံး၊ လေး”
ချူဖုန်းက ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရာ သူ့ကိုယ်သူ လူလေးယောက် ဝိုင်းရံထားခြင်း ခံနေရသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် မချိပြုံးလေး ပြုံးလိုက်မိသည်။
သို့သော် ရှေးစကား တစ်ခွန်း ရှိသည် မဟုတ်ပါလား။ ‘သစ်ပင်က ပြောင်းရွှေ့ရင် သေတယ်။ လူကတော့ ပြောင်းရွှေ့ရင် ရှင်သန်တယ်’ ဆိုတာလေ။
ယင်းစကားပုံကို ဘောလုံး လောကတွင် အသုံးမပြုသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အဓိပ္ပာယ် ရှိပေသည်။ ဘောလုံးလောက၌ အရာရာသည် နေရာယူမှုများ အပေါ်မှာပင် မူတည်နေတာ မဟုတ်ဘူးလား။
ချူဖုန်း၏ အဆက်မပြတ် ရွေ့လျားမှုများက နေရာလွတ်များကို ဖြစ်ပေါ်လာစေပြီး မာရက်ဇ် အတွက် ဒေါင်လိုက် နေရာလွတ် တစ်ခုကို ဖန်တီးပေးလိုက်လေသည်။
ပေါ့ဘာက ထိုအခွင့်အရေးကို အရယူကာ မျှောထိုးပေးပို့မှု တစ်ခု ပြုလုပ်လိုက်သည်။
***