ဘောလုံးက ချူဖုန်း ဖန်တီးပေးထားသော နေရာလွတ်ဆီသို့ လိမ့်ဝင်သွားပြီး မာရက်ဇ်က ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားကာ တိုက်စစ် အခွင့်အရေး တစ်ရပ်ကို ဖန်တီးယူလိုက်လေသည်။
“မာရက်ဇ်က အလယ်ကို ချိုးဝင်လာပါတယ်။ ဒမ်ဘီလီ က သူ့နောက်မှာ ရှိနေပြီး လက်ရော ခြေရော သုံးပြီး အနှောင့်အယှက် ပေးနေပါတယ်ဗျာ”
“ဗီဒယ်လ်က ပေးပို့မှုကို ကြားဖြတ် လုယူလိုက်ပြီးတော့ ဘေးဘက်မှာ ရှိနေတဲ့ ဘူးစကွက်စ်ဆီကို ပေးပို့လိုက်ပါတယ်...”
“ဒီအနေအထားက မန်ချက်စတာ ယူနိုက်တက် အတွက် အရမ်း အန္တရာယ် များတယ်။ ဘာစီလိုနာတို့ တန်ပြန်တိုက်စစ် စနေပါပြီ”
ဘူးစကွက်စ်က ဘောလုံးကို မထိန်းတော့ဘဲ မျှောထိုးပေးပို့မှု တစ်ခုကို ပြုလုပ်လိုက်လေသည်။
ဘောလုံးက ထက်မြက်သော ဓားမြှောင် တစ်လက်လို မန်ချက်စတာ ယူနိုက်တက်၏ ကွင်းလယ်ကို ဖောက်ထွက်သွားလေသည်။
လုခ်ရှောက ပြေးထွက်သွားပြီ ဖြစ်သော မက်ဆီကို ကြည့်ရင်း နောက်မှ လိုက်ပါချင်သော်လည်း မစွမ်းဆောင်နိုင်တော့သလို ခံစားလိုက်ရသည်။
သူ၏ ခြေထောက် ကျိုးသွားပြီး ကတည်းက သူ၏ ပြေးနှုန်းက အနည်းဆုံး (၃၀%) ခန့် လျော့ကျခဲ့ပြီး ယင်းကပင် မော်ရင်ညို သူ့ကို ပွဲထွက်ခွင့် မပေးရသည့် အကြောင်းရင်း ဖြစ်သည်။
‘မက်ဆီက ပွဲချိန် နောက်ဆုံးမိနစ်တွေမှာတောင် ဒီလောက် အမြန်နှုန်းမျိုးနဲ့ ပြေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
မက်ဂွိုင်းယားက မက်ဆီကို ကြည့်ရင်း ရင်တုန်နေချိန်တွင်ပင် လူရိပ်တစ်ခုက ဘေးမှ ဖြတ်ခနဲ ဝင်ရောက်၍ မက်ဆီ၏ ခြေထောက်ထဲမှ ဘောလုံးကို လုယူလိုက်သည်။
“အရေးပါတဲ့ ကြားဖြတ် လုယူမှုပါဗျာ…”
“မက်တော်မီနေးက ဘယ်လိုလုပ် အဲဒီ နေရာကို ရောက်နေတာလဲ။ သူက ဘာစီလိုနာရဲ့ ဘောလုံး ပေးပို့မယ့် လမ်းကြောင်းကို ကြိုတင် ခန့်မှန်းထားတာများလား”
“သူတို့ရဲ့ ခံစစ် အသိအမြင်နဲ့ နေရာယူမှုက ပြီးခဲ့တဲ့ ရာသီနဲ့ ယှဉ်ရင် အံ့မခန်း တိုးတက်လာတာပဲဗျာ”
ဘောလုံးကို ကြားဖြတ် လုယူပြီးနောက် မက်တော်မီနေးက အစွမ်းကုန် အားထုတ်ကာ ရှေ့သို့ ပြေးထွက်သွားလေသည်။ သူ၏ တိုက်စစ်လမ်းကြောင်း ရွေးချယ်ပုံကလည်း အတော်လေး ကောင်းပေသည်။
ပြီးခဲ့သည့် ရာသီ ကုန်ဆုံးချိန်တွင် သူက ချူဖုန်းထံမှ အကြံဉာဏ် တောင်းခံခဲ့ရာ ချူဖုန်းက မာတစ်ထံမှ သင်ယူရန်နှင့် ဦးနှောက်ကို အသုံးပြုသော Box To Box ကွင်းလယ်လူ တစ်ဦး ဖြစ်လာစေရန် ပြောခဲ့သည်။ မက်တော်မီနေးကလည်း ချူဖုန်း ပြောသည့်အတိုင်း အကောင်းဆုံး ကြိုးစားခဲ့၏။
ရာသီဝက်ကျော် ကြိုးစားပမ်းစား သင်ယူပြီးနောက် သူ၏ စွမ်းဆောင်ရည် အားလုံးက တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။ သို့သော် ပြင်ပလူများ အနေဖြင့် ယင်းကို မြင်တွေ့ရန် ခက်ခဲလှပေသည်။
သူ၏ ရိုးရှင်းပြီး လက်တွေ့ကျသော ကစားဟန်နှင့် ကိုယ်ရည်ကိုယ်သွေးတို့ကြောင့် မက်တော်မီနေးက မျက်စိပသာဒ ဖြစ်စေသော ကစားဟန်မျိုး ပြုလုပ်လေ့ မရှိပေ။ သို့သော် မက်တော်မီနေး၏ အချက်အလက်များကို သေချာစွာ လေ့လာကြည့်မည် ဆိုလျှင် သူသည် ဘက်စုံ ထူးချွန်သော ကွင်းလယ်လူ တစ်ဦး ဖြစ်လာနိုင်ကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ဘောလုံး အသိအမြင်၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားသာချက်များက သူ့ကို အလှည့်ကျ လူစာရင်း အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာနိုင်စေခဲ့သည်။
“မက်တော်မီနေးရဲ့ တွေးခေါ်မှုက အရမ်း ရှင်းလင်း ပြတ်သားပါတယ်ဗျာ”
“သူက ကိုယ်တိုင် တိုက်စစ်ကို မစပဲနဲ့ နေရာလွတ်ထဲမှာ ရှိနေတဲ့ ပေါ့ဘာကို ဘောလုံး ပေးလိုက်ပါတယ်”
“ဘာစီလိုနာက လက်ရှိမှာ တိုက်စစ်နဲ့ ခံစစ် ကြားက အကူးအပြောင်း အဆင့်ကို ရောက်နေပြီး ရှောင်ချူ အပေါ် ခံစစ် အားထုတ်မှုတွေကို လျှော့ချထားပါတယ်”
“အခွင့်အရေးပဲ”
ပေါ့ဘာကလည်း အလားတူပင် ပြတ်သားလှပြီး မယုံနိုင်စရာ ကောင်းလောက်အောင် အန္တရာယ် ကြီးသော မျှောထိုးပေးပို့မှု တစ်ခုကို ပြုလုပ်လိုက်လေသည်။
ချူဖုန်းက လန်းဂလတ်ကို ကျောပေးကာ မှီထားရင်း မျက်လုံးထောင့်မှနေ၍ ပီကေး ညာဘက်မှ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်းပင် ဆန့်ကျင်ဘက် အရပ်သို့ တစ်ဝက် လှည့်ထွက်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ဘယ်ခြေက ဘောလုံးနှင့် ထိတွေ့သွားသည်။
“မဖျက်ထုတ်လိုက်နဲ့”
ဗီဒယ်လ်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်၏။
ခံစစ် ကစားရာတွင် ထူးချွန်သူ တစ်ဦး အနေဖြင့် ဗီဒယ်လ်သည် တိုက်စစ် ကစားသမား တစ်ဦးက တစ်ဝက် လှည့်ထွက်လာသောအခါ များသောအားဖြင့် လူလိမ်ခေါက်ကွက် တစ်ခုကို ဆက်လက် ပြုလုပ်လေ့ ရှိကြောင်း သူ ကောင်းကောင်း သိထားသည်။
သို့သော် အချိန်နှောင်းသွားပါပြီ။
အကယ်၍ လန်းဂလတ် သာ ဖျက်ထုတ်မှုများကို ထိန်းချုပ်နိုင်ခဲ့မည် ဆိုပါက သူသည် ဒုတိယတန်းစား ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်လာမည် မဟုတ်ဘဲ ဘာစီလိုနာတွင် ပွဲထွက်ခွင့် နေရာကို အစောကြီး ကတည်းက ရရှိနေမည် ဖြစ်သည်။
ချူဖုန်းက ဘောလုံးကို ဘယ်ဘက်သို့ အသာအယာ ဆွဲယူလိုက်ပြီး လန်းဂလတ်၏ ဖျက်ထုတ်မှုကို လှပ သပ်ရပ်စွာ ရှောင်တိမ်းသွားလေသည်။
“သောက်ကျိုးနည်း”
ပီကေးက အကွာအဝေးကို ခန့်မှန်းကြည့်လိုက်ရာ နောက်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်ထဲမှ ကြိတ်ကာ ဆဲရေးလိုက်မိ၏။
‘ငါ ဘယ်လိုလုပ် ဒီလို အရူး အသင်းဖော်မျိုးနဲ့ လာတွဲမိနေရတာလဲ’
လန်းဂလတ်ကမူ သူ့ကို တစ်ယောက်ယောက်က ဝေဖန် ပြစ်တင်နေကြောင်း လုံးဝ မသိရှိပေ။ ထိုအစား ပွဲတစ်ပိုင်း နားချိန်တွင် နည်းပြ ပြောခဲ့သော ညွှန်ကြားချက်များကို သတိရကာ အံကို တင်းတင်းကြိတ်ပြီး ခြေထောက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်လေသည်။
‘ငါ ဘောလုံးကို မမှီနိုင်ရင်တောင် ချူဖုန်းကို မှီအောင် လှမ်းရမယ်’
ချူဖုန်းက ရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းရသေးမီ လန်းဂလတ်၏ ခြေချိတ်မှုကြောင့် ဟန်ချက် ပျက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ချူဖုန်းက မြေပြင်ပေါ်တွင် လှဲနေရင်း ဒေါသတကြီး တောင်းဆိုလိုက်၏။ “ဒိုင်လူကြီး... သေချာပေါက် ဂိုးသွင်းခွင့်ကို ဖျက်ဆီးပစ်တာ လုံးဝကို အနီကတ်ပဲ”
အကယ်၍ မန်ချက်စတာ ယူနိုက်တက်သာ နောက်ထပ် ဂိုးတစ်ဂိုး သွင်းနိုင်မည် ဆိုပါက သူတို့တွင် အဝေးဂိုး သုံးဂိုး ရှိသွားမည် ဖြစ်သည်။ ယင်းက သူတို့ အိမ်ကွင်းသို့ ပြန်ရောက်ပြီးနောက် (၀-၂) ဖြင့် ရှုံးနိမ့်မည် ဆိုလျှင်တောင်မှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ဆဲ ဖြစ်သည်ဟု အဓိပ္ပာယ်ရလေသည်။
သို့သော် လန်းဂလတ်က အားလုံးကို ဖျက်ဆီးပစ်လိုက်ရာ မည်သူမဆို ဒေါသထွက်မိမည်သာ။
“သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ ကျွန်တော်က သူ့ဘေးမှာ ရှိနေတာပါ။ ဒီဘောလုံးက တစ်ယောက်ချင်း အခွင့်အရေး ဖန်တီးပေးနိုင်တာ မဟုတ်ပါဘူး” ပီကေးက ကပျာကယာ ဝင်ရှင်းပြလိုက်သည်။
ဘူးစကွက်စ်ကလည်း ယုံကြည်မှု အပြည့်ဖြင့် ထောက်ခံလိုက်၏။ “ဟုတ်တယ်။ ဟုတ်တယ်... ကျွန်တော် အနောက်ကနေ သေချာ မြင်လိုက်ရတယ်”
ဘာစီလိုနာ ကစားသမားများ၏ ဆင်ခြေများကို ကြားသောအခါ မန်ချက်စတာ ယူနိုက်တက် ကစားသမားများက ဒေါသတကြီးဖြင့် ရှေ့သို့ တက်လာကာ ချေပပြောဆိုကြတော့သည်။ ချက်ချင်းပင် နှစ်ဖက် ကစားသမားများ အကြား ပဋိပက္ခ တစ်ခု ဖြစ်ပွားသွားပြီး တွန်းထိုးမှုများ၊ ဆဲရေးတိုင်းထွာမှုများ နေရာအနှံ့တွင် ဖြစ်ပေါ်လာလေသည်။
ဘူးစကွက်စ်၏ ရန်စမှုကို ခံရပြီးနောက် ပေါ့ဘာက အနည်းငယ် ဒေါသထွက်သွားပုံ ရပြီး သူ့ကို တွန်းရန် ပြင်လိုက်ချိန်တွင်ပင် ဘူးစကွက်စ်က ချက်ချင်းပင် မျက်နှာကို အုပ်ကာ မြေပြင်ပေါ်သို့ ခေါင်းစိုက်ကျသွားတော့သည်
ဒိုင်လူကြီးက လန်းဂလတ်ကို အနီကတ် ပြသပြီးနောက် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို သတိပြုမိသွားပြီး ထိုနေရာသို့ အပြေးအလွှား သွားကာ ပေါ့ဘာကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် အဝါကတ် ပြသရန် ရည်ရွယ်လိုက်သည်။
သို့သော် ရုတ်တရက် သူ၏ နားကြပ်ထဲမှ အသိပေးသံ တစ်ခုကို ကြားလိုက်ရ၏။
ဘူးစကွက်စ်က မသိမသာ သူ၏ လက်ကို ဖယ်ရှားလိုက်ရာ ချက်ချင်းပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး မြက်ခင်းပြင်ပေါ်မှ ကပျာကယာ ကုန်းရုန်း ထလိုက်လေသည်။ ထို့နောက် ဟန်ဆောင် လှဲချသဖြင့် သူသည်လည်း အဝါကတ် ထိသွားလေသည်။
“ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့”
ဒိုင်လူကြီးက သူ၏ မျက်လုံးများကို ညွှန်ပြလိုက်ပြီး ဘူးစကွက်စ်ကို သတိပေးလိုက်သည်။ တစ်ချိန်ထဲ၌ စိတ်ထဲတွင်လည်း တွေးလိုက်၏။
‘ဘူးစကွက်စ်ရဲ့ သရုပ်ဆောင် စွမ်းရည်တွေကြောင့် ငါတောင် လှည့်စားခံရမလို့။ ကံကောင်းလို့ ဗီဒီယိုအကူဒိုင် ရှိနေလို့ပေါ့...’
လန်းဂလတ် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကွင်းထဲမှ ထွက်ခွာသွားရပြီးနောက် (၁၀) ယောက်သာ ကျန်တော့သော ဘာစီလိုနာသည် ချေပဂိုး ရရန်ထက် ဦးဆောင်ဂိုး ထပ်မပေးရရန် အတွက်သာ ရွေးချယ်ဖို့ ကျန်တော့လေသည်။
“ဗယ်လ်ဗာဒီက မက်ဆီ နေရာမှာ အမ်တီတီကို လူစားလဲလိုက်ပါတယ်။ သူ လုံးဝကို အကျပ်ရိုက်သွားပုံ ရတယ်ဗျာ”
ပွဲပြန်စသည်နှင့် မန်ချက်စတာ ယူနိုက်တက်က ဦးဆောင်ဂိုး နောက်တစ်ဂိုး ထပ်သွင်းနိုင်ရန် အစွမ်းကုန် ကြိုးစားသည်။ သို့သော် ဘာစီလိုနာတို့က သူတို့၏ ကွင်းဘက်ခြမ်းတွင် ဘတ်စ်ကား ပိတ်ရပ်ကာ အံကြိတ်ပြီး တောင့်ခံသွားနိုင်ခဲ့သည်။
နောက်ဆုံးတွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်က ဘာစီလိုနာ (၁-၂) မန်ချက်စတာ ယူနိုက်တက် ရလဒ်ဖြင့် အဆုံးသတ်သွားခဲ့လေသည်။
***