“ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ စုစုပေါင်း သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲရဲ့ ပြင်းထန်မှုက ကျွန်တော် ထင်ထားတာထက်ကို ကျော်လွန်နေပြီး စိတ်လှုပ်ရှားစရာ ကောင်းမှုကလည်း ကျွန်တော့်ရဲ့ မျှော်မှန်းချက်တွေထက်ကို ပိုနေခဲ့ပါတယ်”
“မှတ်ချက်ပေးတဲ့ နေရာမှာ တစ်ယောက်ယောက်က ပြောထားတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ရာသီ အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ရှောင်ချူ ရဲ့ စွမ်းဆောင်ရည်က ပိုပိုပြီး ကောင်းလာတယ်တဲ့။ ဒီနေ့ သူရဲ့ စွမ်းဆောင်ရည်က အဲဒီအချက်ကို သက်သေပြသွားတာပါပဲ...”
“ပွဲချိန် တစ်လျှောက်လုံးမှာ ကျွန်တော်တို့က ဘာစီလိုနာရဲ့ ခံစစ်ကို လွှမ်းမိုးနိုင်ခဲ့ရုံသာမကဘဲ ခက်ခဲတဲ့ သွင်းဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အသင်းဖော်တွေ အတွက်လည်း အခွင့်အရေး အများအပြားကို ဖန်တီးပေးနိုင်ခဲ့ပါတယ်...”
“ကျွန်တော် ထင်ပါတယ်။ ဒုတိယအကျော့မှာလည်း ဘာစီလိုနာတို့က ချူဖုန်းကိုပဲ ဆက်ပြီး ပစ်မှတ်ထား လူကပ် ကစားကြဦးမှာပါ။ ဒါပေမယ့် လန်းဂလတ်က အနီကတ်ကြောင့် ပွဲပယ်ခံရမှာ ဖြစ်တဲ့အတွက် အမ်တီတီတစ်ယောက်ပဲ အရန် ဗဟိုနောက်ခံလူ အဖြစ် ကျန်ပါတော့တယ်...”
“ဒီပြင်သစ်သားလေးက မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်ကောင်းလာတာ ဆိုတော့ သူ့ရဲ့ စွမ်းဆောင်ရည် အဆင့်က အတော်လေး နိမ့်ကျနေပါသေးတယ်။ သူ ရှောင်ချူကို ထိန်းချုပ်ဖို့ ဆိုတာက အရမ်းကို ခက်ခဲပါလိမ့်မယ်။ ဗယ်လ်ဗာဒီ အနေနဲ့ ကွင်းလယ်ကနေပဲ စတင် ဖြေရှင်းရဖို့ များပါတယ်...”
ကျန်းကျွင်းက ပွဲစဉ်နှင့် ပတ်သက်၍ အကျဉ်းချုပ် ပြန်လည် သုံးသပ်ပြလိုက်သည်။
ကြိုတင် အောင်ပွဲခံခြင်းက ပညာမဲ့ရာ ကျသော်လည်း မန်ချက်စတာ ယူနိုက်တက် နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခွင့်အရေးက အမှန်တကယ်ပင် မြင့်မားနေပြီး သူတို့ ရရှိထားသော အဝေးဂိုး နှစ်ဂိုးက အတော်လေး အဖိုးတန်လေသည်။
ဤအချိန်တွင် နူးကမ့် ကွင်းကြီး၏ လေထုက အကြောင်းပြချက် မရှိဘဲ အေးခဲနေလေသည်။
ဘာစီလိုနာ ပရိသတ်များက ခရစ္စတီယာနို ရော်နယ်ဒိုကို သတိရသွားကြ၏။ သူသည် နူးကမ့်ကွင်းတွင် (၁၂) ဂိုးအထိ သွင်းယူထားပြီး ဘာစီလိုနာ အိမ်ကွင်းတွင် ဂိုးအများဆုံး သွင်းယူထားသော ကစားသမား ဖြစ်သည်။
သို့သော် ထို (၁၂) ဂိုး ဆိုသည်မှာ (၁၁) နှစ်တာ ကာလအတွင်း သွင်းယူခဲ့ခြင်း ဖြစ်သည်။
ယခု မန်ချက်စတာ ယူနိုက်တက်၏ ကျောနံပါတ် (၇) ဂျာစီကို ဆက်ခံထားသော လူငယ်လေးက ပွဲစဉ် တစ်ပွဲတည်းမှာတင် နှစ်ဂိုး သွင်းယူသွားခဲ့လေပြီ။ သူသာ (၁၁) နှစ်လောက် ကစားမည် ဆိုပါက ဂိုးမည်မျှ သွင်းယူနိုင်မည်နည်း။ ဘာစီလိုနာ ပရိသတ်များ အနေဖြင့် ယင်းကို စိတ်ကူးပင် မယဉ်ဝံ့ကြပေ။
ထို့အပြင် ဖလော်ရန်တီနိုက ချူဖုန်းကို ခေါ်ယူရန် ငွေကြေး အမြောက်အမြား သုံးစွဲရန် ဆန္ဒရှိနေသည် ဟူသော ကောလဟာလများကိုလည်း သူတို့ ကြားသိထားကြသည်။
အကယ်၍ ချူဖုန်းသာ ရီးရဲလ်မက်ဒရစ်သို့ အမှန်တကယ် ရောက်ရှိသွားမည် ဆိုပါက ဘာစီလိုနာ ပရိသတ်များ အနေဖြင့် ကျောချမ်းစရာပင်။
ယခုပွဲစဉ်တွင် ချူဖုန်း၏ စွမ်းဆောင်ရည်ကို ပြန်လည် ကြည့်ရှုမည် ဆိုပါက သူက ပီကေးနှင့် လန်းဂလတ် တို့ကို ဇကာပေါက် တစ်ခုလို လွယ်လွယ်ကူကူ ဖောက်ထွင်းသွားခဲ့သည်။ သူ၏ စွမ်းရည်သည်ကား အမြင်ဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းနေလေသည်။
အကယ်၍ ချူဖုန်းသာ ရီးရဲလ်မက်ဒရစ်၏ ဂန္ထဝင် ကွင်းလယ်လူ သုံးဦးနှင့်သာ တွဲဖက်လိုက်မည် ဆိုပါက သူတို့ ထုတ်လွှတ်မည့် စွမ်းအားက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပေလိမ့်မည်။
ချူဖုန်းကတော့ ဘာစီလိုနာ ပရိသတ်များ ဤမျှ ရှုပ်ထွေးသော ဇာတ်လမ်းများကို တွေးတောနေကြသည် ဆိုခြင်းကို လုံးဝ မသိရှိပေ။ သူက အဝေးကွင်းသို့ လိုက်ပါ အားပေးကြသော မန်ချက်စတာ ယူနိုက်တက် ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားရန် သူ၏ အသင်းဖော်များကို ဦးဆောင်နေလေသည်။
“ငါတို့ အိုးထရက်ဖို့ဒ် ကို ပြန်ရောက်တဲ့ အချိန်ကျရင် မင်းတို့ရဲ့ အိပ်မက်ဆိုးက စတင်တော့မှာပဲ”
“ကောင်းတယ်... သရဲနီ လူငယ်လေးတွေ”
“...”
မန်ချက်စတာ ယူနိုက်တက် ပရိသတ်များက စိတ်လှုပ်ရှားစွာ အားပေး အော်ဟစ်နေကြပြီး သူတို့၏ ခရီးစဉ်က တန်ဖိုးရှိသည်ဟု ခံစားနေကြရသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က မန်ချက်စတာ ယူနိုက်တက်တို့ ဘာစီလိုနာကို နှစ်ပေါင်းများစွာ ဆက်တိုက် ရှုံးနိမ့်ခဲ့ရစဉ်က နတ်ဆိုးနီ ပရိသတ်များမှာ အတော်လေး မကျေမနပ် ဖြစ်ခဲ့ကြရသည်။ သို့သော် ထိုအချိန်က ဘာစီလိုနာမှာ အရမ်းကို အင်အား တောင့်တင်းလွန်းလှပြီး သူတို့ကို စိတ်ပျက် အားငယ်စေသည် အထိပင် ကောင်းခဲ့သည်။
ယခုအခါ သူတို့၏ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရမှုများ အတွက် နောက်ဆုံးတော့ လက်စားချေနိုင်ခဲ့လေပြီ။
(၁-၂) ဆိုသော ရလဒ်လေးက သူတို့အတွက် သိပ်ပြီး အားရစရာ မကောင်းလှပေ။ သို့သော် လက်စားချေနိုင်ခြင်း အတွက် ပီတိ ဖြစ်မိကြပေသည်။
“ချူ... နောက်တစ်ကျော့က (၆) ရက်အကြာမှာ ကစားရမှာနော်။ အချိန်က အရမ်း ကပ်နေတယ်။ မင်း နားဖို့ လိုအပ်လား”
လူကာကူ၏ မည်းနက်နေသော မျက်နှာကြီးထက်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။ ယခုရာသီ၌ သူက ပွဲစဉ် အနည်းငယ်မျှသာ ကစားခွင့် ရထားရာ ရာသီကုန်ချိန်တွင် အရန်ခုံပေါ်၌သာ အချိန်မကုန်ချင်တော့ပေ။
သို့သော် ချူဖုန်းက သားရဲ တစ်ကောင်လိုပင် ကြံ့ခိုင်လွန်းလှသည်။ သူ့ထံတွင် ဒဏ်ရာ သို့မဟုတ် ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာ တစ်စုံတစ်ရာကိုမျှ မြင်တွေ့ရန် ခက်ခဲလှပေသည်။
“နောက်သုံးရက် အကြာမှာ ကစားရမယ့် လိဂ်ပွဲမှာတော့ ငါ ဝင်ကစားဖြစ်လောက်မှာ မဟုတ်ပါဘူး။ ဒုတိယအကျော့ ရောက်ရင်တော့ ငါ့ရဲ့ အကောင်းဆုံး ပုံစံကို သေချာပေါက် ပြန်ရနေမှာပါ...”
ချူဖုန်းက ပခုံးတွန့်ပြလိုက်သည်။
လူကာကူ၏ လက်ရှိ အကျပ်အတည်းမှာ သူ၏ ကိုယ်ပိုင် လုပ်ရပ်များကြောင့် အဓိက ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူက ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို တိုးတက်စေရန် ကြွက်သား တည်ဆောက်ရန် အတင်းအကျပ် ကြိုးစားခဲ့သဖြင့် ယခုရာသီ၌ ဒုက္ခတွေ့ခဲ့ရခြင်းပင်..။
“ဒါဆို ကောင်းတာပေါ့…”
လူကာကူက ပြုံးရင်း ချူဖုန်း၏ ပခုံးကို လှမ်းဖက်လိုက်သည်။
မလှမ်းမကမ်းတွင်….
ပီကေးက ဘာစီလိုနာ ပရိသတ်များ၏ လှောင်ပြောင်မှုများကို နားထောင်ရင်း ဤလူတွေကို နားလည်ဖို့ တကယ် ခက်ခဲတာပဲဟု စိတ်ထဲမှ တွေးလိုက်မိသည်။ ချူဖုန်းနှင့် သူ၏ အသင်းသားများ ကျေးဇူးတင်စကား ပြောကြားခြင်း ပြီးဆုံးသွားပြီးနောက် ဝန်ထမ်းများက သူတို့ကို ခေါ်ထုတ်သွားကြလေသည်။
“ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားတဲ့ အတွက် ဂုဏ်ယူပါတယ်။ အားလုံးကို ပြောချင်တာ တစ်ခုခုများ ရှိပါသလား”
ဝန်ထမ်း တစ်ဦးက ဆုဖလား တစ်ခုကို ကမ်းပေးရင်း မေးလိုက်၏။
“ဘာစီလိုနာက အရမ်းကို အင်အား တောင့်တင်းတဲ့ ပြိုင်ဘက် တစ်သင်းပါ။ ပြီးတော့ ဒီပွဲက ကျွန်တော် မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော်တို့ နောက်ဆုံးမှာ အနိုင်ရခဲ့ပါတယ်...”
ချူဖုန်းက ရန်စ စကား ပြောဆိုခြင်းတော့ မရှိပါချေ။
အကယ်၍ ပြိုင်ဘက်က အက်သလက်တီကို မက်ဒရစ်သာ ဆိုလျှင် သူက ထိုသို့ ပြုမူကောင်း ပြုမူပေလိမ့်မည်။ သို့သော် ဘာစီလိုနာကတော့ သူ့အတွက် အခြားသော ပြိုင်ဘက် တစ်သင်းသာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ စီးတီး စသည်တို့နှင့် ကွာခြားမှု မရှိပေ။
“ဘာစီလိုနာမှာ အားနည်းချက်တွေ ရှိနေတယ်လို့ မင်း ထင်လား”
သတင်းထောက်က ဆက်လက် မေးမြန်းလိုက်သည်။
ချူဖုန်းက ပြုံးလိုက်၏။ “ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ အကြောင်းကိုပဲ ပြောကြတာပေါ့ဗျာ။ ပထမ အချက်က ကျွန်တော်တို့ရဲ့ ညာခြမ်း ခံစစ် စနစ်က လုံလောက်အောင် မပြည့်စုံသေးပါဘူး။ မဟုတ်ရင် ဘာစီလိုနာရဲ့ အဲဒီဂိုးကို ကျွန်တော်တို့ ရှောင်လွှဲနိုင်ခဲ့မယ်လို့ ထင်ပါတယ်။ ဒုတိယ အချက်ကတော့ တိုက်စစ်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်တွေပါ။ ခေတ်သစ် ဘောလုံးလောကမှာ အစွန် နောက်ခံလူတွေက အရမ်း အရေးကြီးပါတယ်။ သူတို့ကိုလည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ထည့်သွင်း စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည် အတွက် ကျွန်တော် ကျေနပ်ပေမဲ့ ဒီထက် နည်းနည်း ပိုတိုးတက်လာကြရင် ကျွန်တော်တို့အသင်းက အများကြီး ပိုကောင်းသွားမယ် ထင်ပါတယ်”
ချူဖုန်း ပြေသည်က မှန်ပေသည်။ လက်ရှိတွင် မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်း အတွက် ချူဖုန်း ၊ ပေါ့ဘာနှင့် မာရက်ဇ် တို့၏ တစ်ဦးချင်း စွမ်းရည်များအပေါ်သာ မှီခိုနေရကာ ယင်းက ပြဿနာကို ယာယီသာ ဖြေရှင်းနိုင်ပြီး ရေရှည်အတွက် အဖြေ မဟုတ်ပေ။
ဆောင်းရာသီ အပြောင်းအရွှေ့ ကာလ မတိုင်မီကတည်းက ချူဖုန်းက ဤပြဿနာကို သတိပြုမိခဲ့ပြီး မော်ရင်ညိုနှင့်ပင် လေးလေးနက်နက် ဆွေးနွေးခဲ့ဖူးသည်။ သို့သော် မန်ချက်စတာ ယူနိုက်တက်တို့က သူတို့၏ ရန်ပုံငွေ အားလုံးကို ကန်တေအား ဝယ်ယူရာတွင် အသုံးပြုခဲ့ကြသည်။
“အရမ်း ကောင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုပါပဲ။ နောက်ဆုံး မေးခွန်း တစ်ခုအနေနဲ့... မက်ဆီလား၊ ရော်နယ်ဒို လား”
သတင်းထောက်က မေးလိုက်၏။
ချူဖုန်းက ယခင်ကလည်း အလားတူ မေးခွန်းမျိုး အမေးခံခဲ့ရဖူးသော်လည်း ထိုအချိန်က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ ယခုအခါ သူ စိတ်ပြောင်းသွားခဲ့ပြီ။
သူက ကင်မရာကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်၏။ “သူတို့ကို နှိုင်းယှဉ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ အကယ်၍ ကျွန်တော်သာ ရွေးချယ်ရမယ် ဆိုရင်တော့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ ရွေးချယ်မှာပါ...”
ထိုစကားကို ပြောပြီးနောက် သူက ဆုတံဆိပ်ကို ကိုင်ကာ ထွက်ခွာသွားခဲ့ပြီး အံ့အားသင့်နေသော သတင်းထောက်များကို အနောက်တွင် ချန်ထားရစ်ခဲ့လေသည်။
ချူဖုန်း တစ်ယောက် ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် အက်ရှ်လေယန်းက ပြုံးကာ ပြောလိုက်၏။ “ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ နောက်ထပ် နာရီဝက်လောက် နေရင် မင်းရဲ့ စကားတွေ ပျံ့နှံ့သွားပြီး ပရိသတ် မရေမတွက်နိုင်အောင် မင်းကို ဝေဖန်ကြတော့မှာပဲ...”
“မရေမတွက်နိုင်အောင် ဟုတ်လား”
ချူဖုန်းက နှုတ်ခမ်း တစ်ချက် တွန့်လိုက်သည်။
လူငယ် ကစားသမားတွေရဲ့ အိုင်ဒေါလ်တွေက မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒို ဖြစ်ရမယ်လို့ ဘယ်သူ သတ်မှတ်ထားလို့လဲ။
သူက ထိုနှစ်ဦးကို အကဲဖြတ်သည့် ကိစ္စတွင် အမှန်တကယ်ပင် မပါဝင်ချင်ခဲ့ပေ။ သူ ဘာကြောင့် သူ့ကိုယ်သူ ရွေးချယ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့တော့...
သူက ရည်မှန်းချက် ကြီးမားလို့ပင်…။
“တကယ်လို့ ကျွန်တော်တို့က ပရိသတ် အရေအတွက်ကို တကယ် ပြောနေကြတာ ဆိုရင် ကျွန်တော့်ရဲ့ လူမှုကွန်ယက်က Followersတွေနဲ့ တိုင်ပစ်လိုက်မှာပေါ့”
ချူဖုန်းက နည်းနည်းလေးမှ ပြာယာခတ်မသွားပေ။ သူက စသလို နောက်သလိုပင် ပြန်ပြောလိုက်၏။
“အဲဒါလည်း ဟုတ်တာပဲ...”အက်ရှ်လေယန်းက ရယ်ရင်း ချူဖုန်း၏ ခေါင်းကို ပုတ်လိုက်သည်။
ချူဖုန်း တစ်ယောက် နာမည်ရလာပြီး ကတည်းက မန်ချက်စတာ ယူနိုက်တက်၏ အိမ်ကွင်း ပွဲစဉ်တိုင်းတွင် တရုတ်လူမျိုး အများအပြားကို မြင်တွေ့လာရသည်။ လက်ရှိ အခြေအနေ အရဆိုလျှင် မန်ချက်စတာ ယူနိုက်တက် ကစားသမား အားလုံးကို ပေါင်းလိုက်လျှင်တောင် ချူဖုန်းလောက် ပရိသတ် အရေအတွက် များမည် မဟုတ်ပေ။
ထိုစဉ် ရုတ်တရက် ဥမင်လှိုဏ်ခေါင်း အဝင်ဝတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။
ဖြစ်စဉ်မှာ ပွဲကြည့်စင်ပေါ်မှ လူတစ်ယောက်က ခရစ္စတီယာနို ရော်နယ်ဒို၏ ဓာတ်ပုံကို ထုတ်ယူကာ မက်ဆီကို နှုတ်ဖြင့် အဆက်မပြတ် ရန်စနေသောကြောင့်ပင်။ မက်ဆီက အစကတည်းက စိတ်အခြေအနေ မကောင်းဖြစ်နေရာ ဤအရာကို မြင်လိုက်ရသောအခါ ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး တိုက်ရိုက် ပြန်လည် ချေပတော့သည်။
ချူဖုန်းက ထိုမြင်ကွင်းကို ခေတ္တမျှ ရပ်ကြည့်နေပြီးနောက် ပြုံးကာ အဝတ်လဲခန်းထဲသို့ ပြန်ဝင်သွားလေသည်။
ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်…
ဗယ်လ်ဗာဒီက သတင်းထောက်များကို ပြတ်သားသော လေသံဖြင့် ပြောကြားနေ၏။
“ကျွန်တော်တို့ ဒီနေ့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒါက နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်တွေ ဆုံးရှုံးသွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး...”
“ဆန့်ကျင်ဘက် အနေနဲ့ ကျွန်တော့်မှာ ဒါနဲ့ ပတ်သက်ပြီး အပြည့်အဝ ယုံကြည်မှု ရှိနေပါတယ်...”
“ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ မက်ဆီ ရှိနေလို့ပါပဲ...”
“ကျွန်တော်တို့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြစဉ်က မက်ဆီက ကျွန်တော့်ကို အများကြီး ဒုက္ခပေးခဲ့ပါတယ်။ အဲဒီ ခံစားချက်က ဘယ်လောက် နာကျင်ရလဲ ဆိုတာ ကျွန်တော် သိပါတယ်။ အခုတော့ မက်ဆီ ယူဆောင်လာပေးတဲ့ အရာအားလုံးကို ကျွန်တော် နောက်ဆုံးတော့ ခံစားနိုင်ပါပြီ...”
“နောက်တစ်ကျော့မှာ သူက ဘာစီလိုနာကို အောင်ပွဲဆီ ဦးဆောင်သွားပါလိမ့်မယ်”
***