ပွဲပြီးဆုံးသွားပြီးနောက်…
နောက်တစ်ပွဲ ကစားရန် (၃) ရက် လိုသေးသဖြင့် ချူဖုန်းနှင့် အခြားသူများက ပြန်ရန် အလျင်လိုမနေကြဘဲ ဒီဂီယာ၏ လမ်းညွှန်မှုဖြင့် ဈေးဝယ်ထွက်ခဲ့ကြသည်။
ဘာစီလိုနာ မြို့က တက်ကြွလှုပ်ရှားသော ညဘဝကို ပိုင်ဆိုင်ထားသည်။
ဥပမာအားဖြင့် အနီရောင် မီးလုံးတို့ဖြင့် လှပနေတတ်သော လူနေရပ်ကွက်များပင်…။
ဘာစီလိုနာမြို့သည် အမ်စတာဒမ်မြို့လောက် ကမ္ဘာကျော်ခြင်း မရှိသော်လည်း ယင်းက ကြော်ငြာအား ကွာခြားခြင်းသာ ဖြစ်၏။ စွဲမက်ဖွယ် ကောင်းသော မြေထဲပင်လယ် ကမ်းရိုးတန်းနှင့် ယဉ်ကျေးမှု ဆွဲဆောင်မှုများ ပြည့်နှက်နေသော သမိုင်းဝင် နေရာများနှင့်အတူ နူးကမ့်မြို့သည် ဥရောပ၏ အလှပအဆုံး မြို့များထဲမှ တစ်မြို့ ဖြစ်ပေသည်။
သူတို့လူစုက မြို့လယ်ခေါင်တွင်သာ လမ်းလျှောက် ကြည့်ရှုပြီးနောက် စောစောစီးစီး အနားယူရန် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ သူတို့ အိပ်ပျော်နေစဉ် အတွင်းမှာပင် ဘာစီလိုနာနှင့် မန်ချက်စတာ ယူနိုက်တက်တို့၏ ပွဲစဉ်အကြောင်းက မယုံနိုင်စရာ ကောင်းလောက်အောင် ရေပန်းစားနေခဲ့သည်။
မီဒီယာများက မက်ဆီနှင့် ရော်နယ်ဒိုတို့ကို အစားထိုးရန် အလားအလာ ရှိသော တက်သစ်စ ကြယ်ပွင့် ငါးဦးကို ရွေးချယ်ခဲ့ကြသည်။
အမ်ဘာပေ၊ နေမာ၊ ဆာလာ၊ ဟာဇက်နှင့် ချူဖုန်း။
ရာသီဝက်ခန့် ကုန်လွန်ပြီးနောက် မည်သူက အခွင့်အရေး အများဆုံးလဲ ဆိုတာ သိသာ ထင်ရှားနေလေပြီ။
【ဘာစီလိုနာ ၁-၂ မန်ချက်စတာ ယူနိုက်တက်…။ ချူဖုန်းက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ထပ်မံ ရရှိသွားခဲ့ပါတယ်】 – The Guardian သတင်းစာ
【တရုတ် ကစားသမား ချူက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ယုံကြည်နေတယ်။ ဒါပေမယ့် လူငယ်တွေ အနေနဲ့ ပိုပြီး လက်တွေ့ကျသင့်ပြီး အဲဒီလို မပြောခင်မှာ ဆုဖလားတွေ အများကြီး ပိုရအောင် အရင်ယူသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်】
【ဒီနှစ် ဘလွန်းဒီအောဆု ရေပန်းစားမှု ပြောင်းလဲခြင်း - ချူက မက်ဆီကို ကျော်ဖြတ်ပြီး ပထမ နေရာကို ရောက်ရှိလာပြီ】
【ရီးရဲလ်မက်ဒရစ်တို့ ကျဆင်းသွားပြီး ကတည်းက လာလီဂါရဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကလည်း ကျဆင်းလာခဲ့တယ်။ ဒီည ဘာစီလိုနာရဲ့ စွမ်းဆောင်ရည်က ဒီအချက်ကို ပြီးပြည့်စုံအောင် သရုပ်ဖော်သွားခဲ့တာပါပဲ】
【ပွဲအပြီးမှာ မက်ဆီက ရော်နယ်ဒိုရဲ့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့တယ်】
【ချန်ပီယံလိဂ် အိမ်ကွင်း (၃၀) ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းနဲ့ (၂၇) ပွဲနိုင်၊ (၃) ပွဲသရေ ဆိုတဲ့ အံ့မခန်း မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာတို့ ဒီည မန်ချက်စတာ ယူနိုက်တက်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရပြီ】
《...》
မီဒီယာ အများအပြားက ဆက်စပ် သတင်းများကို ဖော်ပြခဲ့ကြပြီး အများစုက ကျိုးကြောင်း ဆီလျော်သော ခွဲခြမ်းစိတ်ဖြာမှုများကို ပေးစွမ်းခဲ့သော်လည်း အချို့ကတော့ အကြောင်းအရာနှင့် မဆီလျော်ဘဲ ကောက်နုတ် ဖော်ပြခဲ့ကြသည်။ ယင်းကဲ့သို့ ကျိုးကြောင်းမဆီလျော်သော ဖော်ပြချက်များကြောင်င့ပင် ပရိသတ်များ အကြား ပြင်းထန်သော ဆွေးနွေး ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။
【ဗယ်လ်ဗာဒီရဲ့ အခန်းကဏ္ဍက နည်းဗျူဟာတွေ ရေးဆွဲဖို့ မဟုတ်ပါဘူး။ သူ လုပ်ဖို့ လိုအပ်တာက ပွဲအပြီးမှာ မက်ဆီ အကြောင်းကို ပါးစပ်သရမ်းဖို့ပါပဲ】
【ဟားဟား... အဲဒီလောက် ထူးခြားတဲ့ အရာ တစ်ခုကို ချဲ့ကား ပြောဆိုဖို့ ဆိုတာလည်း ကျွမ်းကျင်မှု လိုတာပဲလေ】
【ဒါနဲ့ ချန်ပီယံလိဂ်မှာ အိမ်ကွင်း ရှုံးပွဲမရှိ မှတ်တမ်း အရှည်ကြာဆုံး တင်ထားတဲ့ ဘာစီလိုနာ နောက်ဆုံး ရှုံးခဲ့တာက ၂၀၁၃ တုန်းက ဘိုင်ယန် မြူးနစ်ကို မဟုတ်ဘူးလား】
【ဟုတ်တယ်။ ပြီးတော့ သူတို့ရဲ့ အချက်အလက်တွေက ကြောက်စရာ ကောင်းတယ်။ စုစုပေါင်း (၉၃) ဂိုး သွင်းထားပြီး တစ်ပွဲကို ပျမ်းမျှ (၃.၁) ဂိုး သွင်းထားတာ။】
-
【ဘာလို့ ချူဖုန်းက စံချိန်တွေကို ပိုပိုပြီး ချိုးဖျက်နေသလို ဖြစ်နေရတာလဲ】
【ရှောင်ချူ - ကျွန်တော့်ကို စံချိန်ချိုးဖျက်သူ လို့ ခေါ်လိုက်ပါ】
【မန်ချက်စတာ ယူနိုက်တက်ကလည်း ဘာစီလိုနာ အပေါ် အိမ်ကွင်း ရှုံးပွဲမရှိ မှတ်တမ်း ရှိတယ်နော်။ နောက်ခြောက်ရက် နေရင် အဲဒါများ အချိုးခံရမလား မသိဘူး】
【...】
ပရိသတ် အများစုက ဘာစီလိုနာ ဤမျှ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားခြင်းကို လက်မခံနိုင်ကြသေးသလို မက်ဆီကလည်း ဒုတိယအကျော့တွင် အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ပြသနိုင်မည် ဟု ယုံကြည်နေကြသည်။ နူးကမ့်တွင် ကစားခဲ့သော ပထမအကျော့၌ ချူဖုန်းက မက်ဆီကို အသာစီး ရခဲ့သည်မှာတော့ ငြင်းစရာ မလိုချေ။
ယင်းက အတိတ်က ဇာတ်လမ်းဟောင်း တစ်ခုကို ပြန်လည် အမှတ်ရစေသည်။
၂၀၀၆ ခုနှစ်တွင် ထိုစဉ်က ချယ်လ်ဆီး နည်းပြ ဖြစ်သူ ဂျိုဆေး မော်ရင်ညိုက ကင်းထောက် အစီရင်ခံစာ တစ်ခုတွင် မက်ဆီကို တားဆီးရန် နည်းဗျူဟာ တစ်ရပ်ကို အကြမ်းဖျင်း ရေးဆွဲခဲ့သည်။ ထိုအစီရင်ခံစာတွင် ဘာစီလိုနာ၏ နည်းဗျူဟာများ၊ ရော်နယ်ဒင်ဟို၊ ပူးယိုးလ်နှင့် အခြား ကစားသမားများကို ခွဲခြမ်းစိတ်ဖြာမှုနှင့် အကဲဖြတ်မှုများလည်း ပါဝင်လေသည်။
မက်ဆီ အပေါ် အကဲဖြတ်ချက်မှာ... “သူ့ကို ပြစ်ဒဧ် ပိုများများ ကျူးလွန်ပြီး တားဆီးဖို့ လိုအပ်ပါတယ်။ သတိပြုရမှာက သူ့ကို ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာ ပြစ်ဒဏ် ကျူးလွန်ဖို့ လိုအပ်ပါတယ်။ ဒါက အရမ်း အရေးကြီးပြီး စောစော လုပ်နိုင်လေ ပိုကောင်းလေပါပဲ...”
သေချာသည်ကတော့ ယင်းက ပြောရလွယ်သလောက်...
လက်တွေ့ အကောင်အထည် ဖော်ရာတွင် ခက်ခဲလှပေသည်။ မယုံလျှင် ပွဲအပြီး၌ လျှာထွက်မတတ် ဖြစ်ခဲ့သော ဟာရဲရားနှင့် အက်ရှ်လေယန်းတို့ကို သွားမေးကြည့်ပါ။
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော ပြောဆိုချက် တစ်ခုလည်း ရှိသေးသည်။
“ဘာစီလိုနာ ကစားသမားတွေ ကွင်းထဲမှာ ဒိုင်လူကြီး အပေါ် ဖိအားပေးတာကို သတိထားပါ။ ကိုယ့်ရဲ့ ကစားသမားတွေကလည်း ဒိုင်လူကြီး အပေါ် ကျိုးကြောင်းဆီလျော်တဲ့ ဖိအားတွေ ပေးသင့်ပါတယ်...”
ယခုအခါ (၁၃) နှစ် ကြာပြီးနောက် မက်ဆီ၏ စွမ်းရည်တို့က သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏ ကစားပုံကလည်း ပြောင်းလဲသွားခဲ့လေပြီ။
တစ်ဖက်၌ မော်ရင်ညိုကလည်း ပိုမို အသေးစိတ်ကျသော အစီရင်ခံစာ တစ်ခုနှင့် ပိုမို ကောင်းသော ပစ်မှတ်ထား နည်းဗျူဟာများကို ကြံဆလာနိုင်သည်။ ဥပမာအားဖြင့် မက်ဆီ နှင့် သူ၏ အသင်းဖော်များ အကြား ချိတ်ဆက်မှုကို ဖြတ်တောက်ရန် ရှေ့တက် ဖိအားပေးခြင်း ကဲ့သို့သော အရာမျိုး ဖြစ်သည်။
ထို့ကြောင့် ပရိသတ် အများစု အတွက် မဖြစ်နိုင်ဟု ထင်ရသော အရာသည် တကယ်တမ်းတွင် မရေမတွက်နိုင်သော အသေးစိတ် အချက်အလက်များကြောင့် ဖြစ်ပေါ်လာသော ရလဒ်များ ဖြစ်ပေသည်။ ထို့နောက် ဘောလုံးပရိသတ်များက သူတို့၏ အာရုံစိုက်မှုကို ဘလွန်းဒီအောဆီသို့ ပြန်လည် လှည့်လာကြပြန်သည်။
【အကယ်၍ မက်ဆီ သာ ကိုပါ အမေရိက ဖလားကို ရခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် မရှိရင်တောင် သူက ဘလွန်းဒီအောဆုကို ရနိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ လိဂ်ချန်ပီယံဆုကလည်း ရှိနေသေးတယ်လေ】
【အင်း... မကြာသေးမီ နှစ်တွေအတွင်းက ကိုပါ အမေရိက ရဲ့ ပွဲစဉ်ဇယားကို ကြည့်မယ် ဆိုရင် ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၉ တွေမှာ ကျင်းပခဲ့တယ်။ ပြီးတော့ ၂၀၂၀ မှာလည်း ကျင်းပမယ်လို့ ကြားတယ်။ အဲဒါက နည်းနည်း ပုံမှန် မဟုတ်သလို ဖြစ်မနေဘူးလား】
【မင်း ဆိုလိုချင်တာက... ကိုပါ အမေရိကက မက်ဆီ ဗိုလ်စွဲတဲ့ အထိ ဆက်ကျင်းပနေမယ် လို့ ပြောချင်တာ မဟုတ်လား】
【ဒါက မတူဘူးလေ။ တကယ်လို့ အာဂျင်တီးနားသာ ဗိုလ်စွဲခဲ့မယ် ဆိုရင် အဲဒါက မက်ဆီရဲ့ လက်ရွေးစင် ကစားသမားဘဝ ပထမဆုံး ဆုဖလား ဖြစ်လာမှာပါ။ အဲဒါက သူ့ရဲ့ နိုင်ငံတကာ ဆုဖလား မိုးခေါင်နေမှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပြီး ဘလွန်းဒီအောဆု ရဖို့ အခွင့်အရေးကို အများကြီး တိုးလာစေနိုင်တယ်】
【ဒါဆို မင်း ဆိုလိုချင်တာက ရှောင်ချူက ယူအီးအက်ဖ်အေ စူပါဖလား ၊ ကလပ် ကမ္ဘာ့ဖလား ၊ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လိဂ်ဖလားတွေ ရခဲ့ရင်တောင် ယှဉ်လို့ မရဘူးပေါ့】
【အဲဒါ ဖြစ်နိုင်တာပဲ။】
【အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့။ ဘလွန်းဒီအောဆု ကျင်းပတဲ့ သူတွေမှာလည်း ရှက်တတ်တဲ့ စိတ် နည်းနည်းတော့ ရှိပါသေးတယ်။ တကယ်လို့ ဖလား ငါးလုံး ရထားတဲ့ သူက ဘလွန်းဒီအောဆုကို မရနိုင်ဘူး ဆိုရင် ဒီဆုကို ဆက်ပြီး ကျင်းပနေတာက အဓိပ္ပာယ် မရှိတော့ပါဘူး။】
အင်တာနက် အသုံးပြုသူများ အကြားတွင် ဝေဖန်ဆွေးနွေးမှုများမှာ ဆူညံပွက်လောရိုက်နေသော်လည်း ကာရင်တန် လေ့ကျင့်ရေးစခန်း အတွင်း၌မူ အခြေအနေမှာ တည်ငြိမ်လျက် ရှိနေသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းသားများသည် ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများကို စနစ်တကျ ပြုလုပ်ပြီးစီးခဲ့ကြပြီးနောက် ကွင်းဘေး၌ အပန်းဖြေရင်း စကားစမြည် ပြောဆိုနေကြသည်။ ထိုစဉ် မာရက်ဇ်က ချူဖုန်းဘက်သို့ လှည့်ကာ နောက်ပြောင်သည့် လေသံဖြင့် စကားစလိုက်၏။
“ချူ... မကြာသေးခင်က မင်းနဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာတွေ အများကြီးပဲ။ ကလပ်က Trafficတွေ ထပ်ဝယ်နေပြန်ပြီလား”
ချူဖုန်းက ထိုစကားကို ကြားသောအခါ ပျင်းရိစွာ သမ်းဝေလိုက်ရင်း “သေချာတာပေါ့... မန်ဒက်စ်လည်း အများကြီး ဝယ်ထားလောက်တယ်လို့ ငါ ထင်တယ်...” ဟု ပြန်လည် ဖြေကြားလိုက်သည်။
သူသည် ပြင်ပမှ ဝေဖန်အကြံပြုချက်များနှင့် လူထု၏ ထင်မြင်ယူဆချက်များကို ကြီးကြီးမားမား အာရုံစိုက်နေသူ မဟုတ်ပေ။ လူထု၏ အသံများ မည်မျှပင် ပြင်းထန်နေပါစေ… သူကတော့ သူ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကိုသာ အကောင်းဆုံး အကောင်အထည် ဖော်လိုသည့် စိတ်ဆန္ဒ ရှိနေခဲ့သည်။
ဤသို့ဖြင့် လေ့ကျင့်ရေး ကွင်းအတွင်းမှ ဖြစ်ရပ်ငယ်လေးမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး အားလုံး မျှော်လင့်စောင့်စားနေသော ဧပြီလ (၁၄) ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ဤနေ့သည် ပရီးမီးယားလိဂ် ပွဲစဉ် (၃၄) စတင်မည့် နေ့ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက ဝက်စ်ဟမ်း ယူနိုက်တက်ကို မိမိတို့၏ အိမ်ကွင်းဖြစ်သော အိုးထရက်ဖို့ဒ်တွင် လက်ခံယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
---
ပွဲစဉ်စတင်သည်နှင့် ဝက်စ်ဟမ်း ယူနိုက်တက်တို့က မမျှော်လင့်ထားသော ကြမ်းတမ်းခက်ထန်သည့် ကစားဟန်ဖြင့် ဖိအားပေးလာကြသည်။ ပွဲကစားချိန် (၁၀) မိနစ်ပင် မပြည့်သေးသည့် အချိန်အတွင်းမှာပင် သူတို့သည် ဂိုးပေါက်တည့်မတ်သည့် ကန်ချက် (၃) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။
ဘောလုံး ဝေဖန်ရေးဆရာ ဂယ်ရီ နဗီးလ်က Commentary booth အတွင်းမှနေ၍ ပွဲအခြေအနေကို ခွဲခြမ်းစိတ်ဖြာကာ အားပါးတရ ပြောကြားနေလေသည်။
“ဝက်စ်ဟမ်း ယူနိုက်တက်တို့က ကြမ်းတမ်းတဲ့ ကစားဟန်နဲ့ ပွဲကို စတင်လာပါတယ်။ ပွဲကစားချိန် (၁၀) မိနစ်တောင် မပြည့်သေးခင်မှာ ကန်ချက် (၃) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အားလုံးက ဂိုးပေါက် တည့်မတ်မှုတွေချည်းပါပဲ...”
“ချူဖုန်း မပါတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်က ပြိုင်ဘက်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကို ဖိအားပေးဖို့ အတော်လေး ခက်ခဲနေပါလိမ့်မယ်...”
“ကြည့်လိုက်ပါဦး... ဒီကလန်ရိုက်စ်က ဘယ်လိုတောင် လွတ်လွတ်လပ်လပ်နဲ့ တိုက်စစ်မှာ အပြည့်အဝ ပါဝင်ခွင့် ရနေသလဲ ဆိုတာ။ ပြီးတော့ ဒီလူငယ် ကစားသမားလေးရဲ့ ကစားကွက် ဖန်တီးနိုင်စွမ်းက တကယ်ကို ကောင်းလွန်းပါတယ်ဗျာ”
နဗီးလ် စကားပြောနေစဉ်မှာပင် ကွင်းအတွင်း၌ အခြေအနေတစ်ခု ရုတ်တရက် ပြောင်းလဲသွားသဖြင့် သူ၏ မျက်နှာ အမူအရာမှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ ရိုက်စ်က ဟာနန်ဒက်ဇ်ထံသို့ အနုစိတ်လှသော မျှောထိုးပေးပို့မှု တစ်ခု ပြုလုပ်ပေးလိုက်ရာ၊ ဟာနန်ဒက်ဇ်က ဘောလုံးကို မထိန်းတော့ဘဲ ပါးနပ်စွာ အနောက်သို့ ခေါက်ချပေးလိုက်သည်။ ထိုအခါ ဖိလစ်ပီ အန်ဒါဆန်က နောက်ခံလူများကြားမှ လွတ်ထွက်သွားပြီး ဂိုးသမားနှင့် တစ်ဦးချင်း အနေအထားမှ ဂိုးသွင်းယူလိုက်လေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် စည်းကြပ်ဒိုင်က အလံကို စောစီးစွာ မြှောက်ထားခဲ့ပြီး လူကျွံဘော အဖြစ် သတ်မှတ်လိုက်သောကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းသားများမှာ သက်ပြင်း ချနိုင်ခဲ့ကြသည်။ လာမည့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် လူအင်အား ချွေတာသည့် အနေဖြင့် မော်ရင်ညိုက လူစာရင်းကို တစ်ဝက်ခန့် ပြောင်းလဲ အသုံးပြုထားခဲ့ရာ ဝက်စ်ဟမ်း၏ တိုက်စစ်အောက်တွင် ယူနိုက်တက်တို့ အနည်းငယ် ရုန်းကန်နေရသည်မှာ အထင်အရှားပင်။
***