ပထမပိုင်းအပြီး အဝတ်လဲခန်းအတွင်းရှိ လေထုမှာ လေးလံထိုင်းမှိုင်းလျက် ရှိနေသည်။ ဘာစီလိုနာအသင်း၏ ခံစစ်ကစားသမား ပီကေးသည် သူ၏ မကျေနပ်ချက်များကို အဖော်ဖြစ်သူ အမ်တီတီထံသို့ ထုတ်ဖော်လိုက်ရင်း စကားစတင်လိုက်လေသည်။
“မင်းတို့လည်း ငါ့အခြေအနေကို သိတာပဲ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူတွေက နောက်တန်းကျော် အဝေးဘောတွေ ပေးနေတာ။ ပြီးတော့ ငါတို့ရဲ့ လူစာရင်းကလည်း အရှေ့ကို အရမ်း တက်နေတော့ ငါ့နောက်မှာ မြင်းတစ်ကောင်တောင် ပတ်ပြေးလို့ရတဲ့အထိ နေရာလွတ်တွေ အများကြီး ဖြစ်နေတာလေ။ ဒီလို အခြေအနေမျိုးမှာ ငါက ဘယ်လိုလုပ်ပြီး မန်ယူရဲ့ ကျောနံပါတ် (၇) ကို ထိန်းထားနိုင်မှာလဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် အမ်တီတီ၏ မည်းနက်သော မျက်နှာကြီးမှာ ရေမလောင်းဘဲ ပစ်ထားသော ဂေါ်ဖီထုပ် ညှိုးသွားသလိုမျိုး ရှုံ့တွသွားတော့၏။ ပီကေး၏ စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေး အရဆိုလျှင် သူသည် မိမိကိုယ်ကိုယ် အရင် ပြန်လည်သုံးသပ်မည့်သူ မဟုတ်ဘဲ အမှားအယွင်း ဟူသမျှကို အခြားသူ၏ ပုခုံးပေါ်သို့သာ အပြစ်ပုံချမည့်သူ ဖြစ်ကြောင်း အမ်တီတီက ကောင်းစွာ သိထားလေသည်။
“မင်းက ကိုယ်လုံး နှစ်လုံးစာလောက် အသာရနေတဲ့ အချိန်မှာတောင် ဘောလုံးကို မကာကွယ်နိုင်တာကို ငါ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ဘောလုံးကို စည်းအပြင် ထွက်အောင်တောင် မကန်နိုင်ဘူးဆိုတာကတော့ ပြဿနာ မဟုတ်ဘူးလား”
ပီကေးသည် အမ်တီတီ၏ အခြေအနေ သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်များကို ဂရုမစိုက်ဘဲ စကားစကတည်းက သူ့ကိုသာ ဝေဖန်ပြစ်တင်နေတော့သည်။ ပွဲချိန်တစ်ဝက်လုံး တစ်ဖက်သတ် အပြစ်တင်မှုများကို အောင့်အည်းသည်းခံလာခဲ့သော အမ်တီတီတစ်ယောက် နောက်ဆုံးတွင်တော့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး ဒေါသတကြီး ပေါက်ကွဲထွက်သွားလေတော့၏။
“ဒါဆိုရင် နေရာချင်း လဲလိုက်လေကွာ။ မင်းက ဘယ်ဗဟိုနောက်ခံလူ နေရာမှာ ကစား။ ငါက ညာဘက်မှာ ကစားမယ်”
ပီကေးသည် အမ်တီတီ၏ မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့် ခေတ္တမျှ ကြောင်အသွားသည်။ ထို့နောက် သတိပြန်ဝင်လာကာ ချက်ချင်း မတ်တတ်ရပ်ပြီး အမ်တီတီကို လက်ညှိုးထိုးကာ အော်ဟစ်ပြောဆိုလိုက်တော့သည်။
“ဘယ်လိုလုပ် ဖြစ်မှာလဲ။ ငါ့ရဲ့ အားသန်ခြေက ညာခြေလေ။ ငါက ဘယ်ခြမ်း ဗဟိုနောက်ခံလူ နေရာမှာ ခေါင်းနဲ့ လိုက်ကန်ရမှာလား”
အဝတ်လဲခန်းအတွင်းရှိ လေထုမှာ ချက်ချင်းဆိုသလို တင်းမာသွားခဲ့ပြီ ဖြစ်သည်။ ဒမ်ဘီလီနှင့် အခြားလူငယ်ကစားသမားများမှာ ထောင့်တစ်နေရာတွင် ကပ်နေကြပြီး ကြောက်လန့် တုန်ယင်နေကြ၏။
သူတို့၏ အသင်းအတွင်း အဆင့်အတန်းအရ ဤကဲ့သို့သော ထိပ်သီးကစားသမားကြီးများ၏ အချေအတင် ဆွေးနွေးမှုတွင် ဝင်ရောက်ဖြန်ဖြေခွင့် မရှိသဖြင့် လူကြီးတစ်ယောက်ယောက်က ရှေ့ထွက်ပြီး အခြေအနေကို ထိန်းသိမ်းပေးရန်သာ ဆုတောင်းနေကြရသည်။
သို့သော် အသင်း၏ အဓိကမဏ္ဍိုင်ဖြစ်သော မက်ဆီကတော့ အဝတ်လဲခန်းတံခါးကို မှီကာ ခေါင်းငုံ့လျက် အတွေးပင်လယ်ထဲတွင် နစ်မျောနေပုံရသည်။ နည်းပြ ဗယ်လ်ဗာဒီတစ်ယောက်လည်း အတော်လေး အနေရခက်နေ၏။
မက်ဆီသည် သူ၏မျက်စိထဲတွင် ကမ္ဘာ့အတော်ဆုံး ကစားသမား ဖြစ်သော်လည်း သူ၌ ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။ အဲဒါကတော့ စကားပြောရသည်ကို မကြိုက်ဘဲ တိတ်ဆိတ်စွာ နေတတ်ခြင်းပင် ဖြစ်သည်။
ယင်းမှာ မက်ဆီ ငယ်စဉ်က ခံစားခဲ့ရသော အရပ်ပုသည့်ရောဂါနှင့် ဆက်စပ်နေနိုင်ပါသည်။ မည်သို့ပင် ဆိုစေ ဤကဲ့သို့သော ရောဂါမျိုးက လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေနိုင်သည် မဟုတ်ပါလား။
ဗယ်လ်ဗာဒီသည် အချိန်ထပ်မံ မဆွဲတော့ဘဲ လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ အခြေအနေကို စတင် ထိန်းသိမ်းလိုက်သည်။
“အဟမ်း... အဲဒီဂိုးက မဖြစ်သင့်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါက ဆင်မြူရယ် (အမ်တီတီ) တစ်ယောက်တည်းရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ငါတို့က ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ ဖိအားပေးမှုက ဒီထက် ပိုပြီး ပြင်းထန်သင့်တာ...”
ဗယ်လ်ဗာဒီက စကားကို ခေတ္တရပ်ကာ မက်ဆီကို လှမ်းကြည့်လိုက်ပြီး -
“လီယို...”
တစ်ယောက်ယောက်က သူ၏ နာမည်ကို ခေါ်သဖြင့် မက်ဆီက အတွေးထဲမှ ရုန်းထွက်ကာ ဗယ်လ်ဗာဒီကို မော့ကြည့်လိုက်သည်။ ဗယ်လ်ဗာဒီက စကားလုံးကို သေချာစွာ ရွေးချယ်ပြီးမှ အကဲခတ်သည့် လေသံဖြင့် တောင်းဆိုလိုက်၏။
“တကယ်လို့ မန်ချက်စတာ ယူနိုက်တက်က ဘယ်ဘက်ကနေ တက်လာလို့ မင်းက အနီးအနားမှာ ရှိနေရင် ဝင်ပြီး နှောင့်ယှက်ပေးလို့ ရမလား...”
ခေတ်သစ် ဘောလုံးလောကတွင် ခံစစ်သည် တစ်ဖက်အသင်း၏ ကွင်းဘက်ခြမ်းမှပင် စတင်ရမည် ဖြစ်ပြီး တိုက်စစ်သည်လည်း ခံစစ်ပိုင်းမှ စတင်ရမည်ဟု အလေးပေး ဖော်ပြထားလေသည်။ အထူးသဖြင့် နှစ်ဖက်စလုံးက အင်အားချင်း မျှနေချိန်တွင် ကစားသမား တစ်ဦးချင်းစီ၏ လှုပ်ရှားမှုက အလွန် အရေးပါလှသည်။
သို့သော် ဥရောပ ထိပ်တန်းလိဂ် (၅) ခုရှိ ကစားသမားများထဲတွင် ခံစစ် ကစားရန် မလိုသော အခွင့်ထူးခံ ကစားသမား တစ်ဦးတည်းသာ ရှိသည်။ အဲဒါကတော့ လီယွန်နယ် မက်ဆီပင်…။ သူ၏ ပြိုင်ဘက်ကင်းသော စွမ်းရည်များက သူ့ကို ထိုကဲ့သို့သော အခွင့်ထူးကို ရရှိစေခဲ့ခြင်း ဖြစ်သည်။
မက်ဆီက ခေါင်းညိတ်ပြလိုက်ရင်း -
“ပြဿနာ မရှိပါဘူး...”
သူ့တွင် မည်သည့် အဆိုးမြင် စိတ်ခံစားချက်မှ မရှိသော်လည်း ကစားရသည်မှာ အနည်းငယ်တော့ သက်သောင့်သက်သာ မရှိသလို ခံစားနေရသည်။ လာလီဂါတွင် ဘာစီလိုနာ ရင်ဆိုင်ရသော ပြိုင်ဘက်များအားလုံးမှာ တိုက်စစ်စွမ်းရည် အကန့်အသတ် ရှိကြသဖြင့် ဘာစီလိုနာ ခံစစ်ကို ကြီးမားသော ခြိမ်းခြောက်မှု မပေးနိုင်ကြပေ။
ထို့ကြောင့် ဘာစီလိုနာတို့က တစ်ဦးချင်း စွမ်းရည်ကို အသုံးပြုကာ အလယ်နှင့် ညာဘက်ခြမ်းမှနေ၍ ပွဲကို မိမိတို့ စိတ်ကြိုက် ဖွင့်ကစားနိုင်ကြသည်။ သို့သော် ဤကဲ့သို့ နည်းဗျူဟာက မန်ချက်စတာ ယူနိုက်တက်ကိုတော့ အလုပ်မဖြစ်ခဲ့ပေ။
အကြောင်းမှာ မန်ချက်စတာ ယူနိုက်တက်၏ တိုက်စစ်ကလည်း အလွန် ကောင်းမွန်ပြီး ဘာစီလိုနာ၏ ကိုယ်ပိုင် ကစားဟန်ကို အသုံးပြုကာ ဘာစီလိုနာကိုပင် ပြန်လည် နှိပ်ကွပ်နေသောကြောင့် ဖြစ်သည်။ ဗယ်လ်ဗာဒီက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပွဲကို ဆက်လက် သုံးသပ် ပြင်ဆင်လေတော့သည်။
---
အခြား အဝတ်လဲခန်း တစ်ခုတွင်…
“အားလုံးပဲ ပထမပိုင်းမှာ အရမ်း ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲဖို့ သိပ်မလိုပါဘူး။ ငါတို့ သတ်မှတ်ထားတဲ့ နည်းဗျူဟာအတိုင်းပဲ ဆက်သွားကြမယ်...”
မော်ရင်ညိုသည် စကားအနည်းငယ်သာ ပြောဆိုပြီးနောက် မန်ချက်စတာ ယူနိုက်တက် ကစားသမားများကို အနားယူရန် အချိန်ပေးလိုက်၏။ မက်တော်မီနေးသည် ချူဖုန်းအနီးသို့ တိုးကပ်လာပြီး မျက်လုံးများ အရောင်တောက်လျက် မျှော်လင့်တကြီး မေးလိုက်သည်။
“ချူ... ခုနက ပေးပို့မှုက ဘယ်လိုလဲ ဇီဒန်းရဲ့ အငွေ့အသက်လေးများ ပါလား”
ချူဖုန်းက ဘာမှ မပြောဘဲ ပြုံးလိုက်၏။ မက်တော်မီနေး ဟု သူ အမည်ပြောင် ပေးထားသော မက် တော်မီနေး၏ အိုင်ဒေါလ်မှာ ဇီဒန်း ဖြစ်ပြီး သူက နေ့တိုင်း ဇီဒန်း၏ လူလိမ်ခေါက်ကွက်တွေကို လေ့ကျင့်နေခဲ့သည် မဟုတ်ပါလား။
သို့သော် လက်တွေ့ကတော့ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်စမြဲပင်။
“ဇီဒန်း မဟုတ်ရင်တောင် စခိုးလ်လောက်တော့ ဖြစ်ရမှာပေါ့...”
မက်တော်မီနေးက ချူဖုန်းကို အားကျစွာ ကြည့်လိုက်ပြီး သူ၏ လူလိမ်ခေါက်ကွက် စွမ်းရည်သာ ချူဖုန်းလို နုနယ်သိမ်မွေ့မည်ဆိုပါက အနည်းဆုံးတော့ "စကော့တလန် ဇီဒန်း" ဟူသော ဘွဲ့ကို ရနိုင်လိမ့်မည်ဟု တွေးနေမိသည်။ ချူဖုန်းက မက်တော်မီနေးကို တစ်ချက် ပုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ငါ မှတ်မိသေးတယ်။ ၂၀၁၂ တုန်းက စခိုးလ်က ငါတို့ကို သင်ခန်းစာ တစ်ခု ပေးခဲ့ဖူးတယ်။ အဝေးပေးပို့မှုတွေကို မြေပြင်နဲ့ ကပ်ပြီး ဘယ်လို မြန်အောင် ပေးရမလဲ။ ဘောလုံးက မြေပြင်ပေါ်ကျတဲ့ အခါမှာလည်း ကိုယ့်အသင်းဖော်တွေ ဖမ်းရလွယ်အောင် ဘယ်လို ပေးရမလဲ ဆိုတာမျိုးပေါ့... မင်းသာ သူ့ရဲ့ စွမ်းရည် တစ်ဝက်လောက် ရှိရင် ငါ အခုလောက်ဆို နှစ်ဂိုးလောက် သွင်းပြီးနေလောက်ပြီ။ လူငယ်လေး... မင်း လိုပါသေးတယ်”
သူက မက်တော်မီနေးကို ခင်မင်သဖြင့် နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်။ သို့သော် တော်မီနေးကတော့ အတွေးနက်သွားလေသည်။
အမှန်တကယ်ပင်... ဇီဒန်း ကဲ့သို့သော ထူးခြားသည့် ပါရမီရှင်နှင့် နှိုင်းယှဉ်ပါက စခိုးလ်က သူ့အတွက် အတုယူ သင်ယူရန် ပို၍ သင့်တော်သည် မဟုတ်ပါလား။
၂၀၀၆ ခုနှစ်တွင် စခိုးလ်က ကွင်းလယ်ခံစစ်နေရာသို့ ပြောင်းလဲ ကစားခဲ့ပြီး သူ၏ ခံစစ်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခဲ့ရုံသာမက ဘောလုံးဖြန့်ဝေပေးသူ အဖြစ်ပါ တာဝန်ယူခဲ့သည်။ သူ၏ တိကျလှသော အဝေးပေးပို့မှုများက အာဟာရကျွေးသလိုမျိုး တိုက်စစ်မှူးများ အတွက် အဆက်မပြတ် ရှိနေခဲ့ပေသည်။
ဇီဒန်းကပင် တစ်ခါက ပြောခဲ့ဖူးသည်... “စခိုးလ်က ပြီးပြည့်စုံတဲ့ ကွင်းလယ်လူ တစ်ယောက်ပဲ။ ခေတ်တစ်ခေတ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူပေါ့။ ငါ့ရဲ့ ကစားသမား ဘဝမှာ အကြီးမားဆုံး နောင်တ တစ်ခုကတော့ သူနဲ့အတူ မကစားခဲ့ရတာပဲ...” တဲ့လေ။
မက်တော်မီနေး တစ်ယောက် ရုတ်တရက်ဆိုသလို တိမ်တိုက်တွေ ကင်းစင်သွားသကဲ့သို့ သူ၏ အနာဂတ် ရည်မှန်းချက်က ရှင်းလင်းသွားခဲ့ပြီ။ သူက စိတ်ပိုင်းဖြတ်ထားသည့် လေသံဖြင့် ပြောလိုက်သည်။
“ချူ... ငါ ဆက်ပြီး ကြိုးစားသွားပါ့မယ်”
မက်တော်မီနေး၏ စကားကို ကြားပြီးနောက် ချူဖုန်း တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားရ၏။ ‘နောက်ဆုံးတော့ ငါကပဲ သူ့ကို မြှောက်ပင့်ပေးလိုက်သလို ဖြစ်သွားတာလား’ဟု သူ တွေးနေမိသည်။
မကြာမီ ဝန်ထမ်းများ၏ သတိပေးမှုကြောင့် ကစားသမားများ ကွင်းအတွင်းသို့ ပြန်လည် ဝင်ရောက်လာကြပြီး အိုးထရက်ဖို့ဒ် ကွင်းကြီးမှာလည်း တစ်ဖန် ပြန်လည် ဆူညံလာပြန်သည်။
‘တီ…’
အသင်းနှစ်သင်းက ကွင်းပြောင်းကာ မပြီးဆုံးသေးသော တိုက်ပွဲကို ပြန်လည် စတင်လိုက်ကြသည်။ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက် ဘာစီလိုနာတို့၏ အရှိန်အဟုန်က အနည်းငယ် ပြောင်းလဲသွားပြီး ဘူးစကွက်စ်က ပွဲကို စတင် ထိန်းချုပ်လာသည်။
လာမာစီယာ အကယ်ဒမီထွက် ကစားသမား တစ်ဦးအနေဖြင့် သူသည် သူ၏ မိတ်ဆွေဟောင်းများ ဖြစ်သော ဇာဗီနှင့် အင်နီယေစတာတို့ကို လွမ်းဆွတ်နေမိသည်။ သူတို့ သုံးဦးကို ဗဟိုပြုထားသော ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူသည့် စနစ်က ပြိုင်ဘက်များကို ခွေးပြေး ဝက်ပြေး ပြေးစေခဲ့သည် မဟုတ်ပါလား။
သို့သော် အခုတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ။ အာသာသည် အင်နီယေစတာ၏ လူငယ် ဗားရှင်း ဖြစ်သော်လည်း ရာကီတစ်ကတော့ ခံစစ်ကို ပိုပြီး အားသန်သူ ဖြစ်သည်။
ထို့ကြောင့် ပြဿနာမှာ ကွင်းလယ်က သိပ်မတည်ငြိမ်ခြင်း၊ ပြိုင်ဘက်ခံစစ်ကို ဖောက်ထွင်းနိုင်သော ပေးပို့မှုများ မပြုလုပ်နိုင်ခြင်းနှင့် ကြံ့ခိုင်မှုပိုင်း လိုအပ်နေခြင်းတို့ပင် ဖြစ်သည်။
ဘူးစကွက်စ်သည် မျှောထိုးပေးပို့မှု တစ်ခု ပြုလုပ်ချင်နေကြောင်း သတိပြုမိသဖြင့် မက်တော်မီနေးက ကြိုတင်ကာ ဘေးတိုက် နေရာယူလိုက်သည်။ မက်ဆီကလည်း အတင်းအကျပ် မပေးပို့ရန် လက်ပြကာ အချက်ပြလိုက်၏။
ထို့နောက် သူက ဘောလုံး လက်ခံရယူရန် စတင် ပြေးထွက်လေသည်။ သို့သော် သူ ဘယ်နေရာကို ပြေးပြေး၊ သူ့ရှေ့နှင့် ဘေးတွင် လူနှစ်ယောက်က အမြဲတမ်း ရှိနေပြီး သူ့ကို အပြင်ဘက်သို့ တွန်းထုတ်ရန် ကြိုးစားနေကြသည်။
ထို့ကြောင့် ဘူးစကွက်စ် တစ်ယောက် ဒမ်ဘီလီကိုသာ ဆက်လက် ရှာဖွေရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ပြင်သစ်သားလေးက ဘောလုံး လက်ခံရယူပြီးနောက် နေရာမှာတင် လိမ်ခေါက်နေသော်လည်း မာတစ်က သူ၏ လှည့်ကွက်ထဲ မဝင်ကြောင်း မြင်သောအခါ ဘောလုံးကို ဘယ်ဘက် တောင်ပံသို့ ထောင့်ဖြတ် ပေးပို့လိုက်သည်။ သို့သော် ထိုပေးပို့မှုက အနည်းငယ် ရှေ့ရောက်သွားခဲ့သည်။
“ဒမ်ဘီလီက အာသာကို သူ့လိုမျိုး မြန်မယ်လို့ ထင်နေတာလား မသိဘူး။ အာသာရဲ့ အရှိန်နဲ့ဆိုရင် အဲဒီ ဘောလုံးကို မီဖို့ မလွယ်ဘူးဗျ” ဟု အသံလွှင့်သူက မှတ်ချက်ပေးလိုက်သည်။
“ဝမ်-ဘစ်ဆာကာ”
ပရီးမီးယားလိဂ်၏ ဖျက်ထုတ်မှု ဘုရင်ကြီး ဝမ်-ဘစ်ဆာကာက ပြင်းထန်သော လျှောတိုက် ဖျက်ထုတ်မှု တစ်ခုကို ပြုလုပ်လိုက်လေသည်။ အာသာကတော့ ထိခိုက်မှု မရှိစေအောင် ရှောင်တိမ်းဖို့ ဆုံးဖြတ်လိုက်ပြီး ဝမ်-ဘစ်ဆာကာ၏ ခေါင်းပေါ်မှ ခုန်ကျော်သွား၏။
ဘောလုံးကတော့ ရှေ့သို့ လွင့်ထွက်သွားလေသည်။ မာရက်ဇ်က ကြိုတင် ပြင်ဆင်ထားသဖြင့် ဘောလုံးကို လက်ခံရယူလိုက်ပြီးနောက် လျင်မြန်စွာ လှည့်ကာ ရှေ့သို့ တိုးဝင်လေတော့သည်။
သူက ရှေ့ကို ကြည့်လိုက်ချိန်တွင်တော့ အလွန် ဝမ်းသာသွားရ၏။ အကြောင်းရင်း တစ်ခုခုကြောင့် အယ်လ်ဘာသည် အလယ်ဘက်သို့ အရမ်း တိုးနေသဖြင့် တောင်ပံတွင် နေရာလွတ်ကြီး ဖြစ်နေသောကြောင့်ပင်။
*