ဝှစ်…
မာရက်ဇ်က လွယ်လွယ်ကူကူပင် ရှေ့သို့ တိုးဝင်သွားပြီး ပင်နယ်တီ ဧရိယာ၏ ညာဘက်ခြမ်းတွင် ရပ်တန့်လိုက်သည်။
“မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ် လှည့်ပတ်မှုနဲ့ ရွေ့လျားမှုတွေက တကယ်ကို လှည့်စားနိုင်စွမ်း ရှိပါတယ်ဗျာ”
“ပေါ့ဘာက ဘူးစကွက်စ်ကို ဆွဲထုတ်သွားတယ်။ ရက်ရှ်ဖို့ဒ်နဲ့ ချူဖုန်းတို့က ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်သွားပြီး ဘာစီလိုနာ ခံစစ်ကို ဖိအားပေးနေတယ်”
“မာရက်ဇ်က အာသာကို ကျော်ဖြတ်ပြီး ဂိုးစည်း အနီးကနေ အမြင့်ဘော တစ်လုံး ဖြတ်တင်ပေးလိုက်ပါပြီ”
“ဒီဘောလုံးက ချူဖုန်းဆီကို ဦးတည်နေတာပါ”
နဗီးလ်က မိုက်ခရိုဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ မတ်တတ်ရပ်လျက် စူးစိုက် ကြည့်နေလေသည်။ Sky Sportsက စုစည်းထားသော အချက်အလက်များအရ မန်ချက်စတာ ယူနိုက်တက်သည် ပွဲပြီးဆုံးခါနီး (၁၀) မိနစ်နှင့် ဒုတိယပိုင်း အစ (၁၀) မိနစ်များတွင် ဂိုးအများဆုံး သွင်းယူလေ့ ရှိသည်။
မော်ရင်ညို၏ ပွဲတွင်း ပြုပြင်ပြောင်းလဲမှု စွမ်းရည်ကတော့ ဥရောပတွင် ထိပ်တန်း အဆင့်ပင်…။
ချူဖုန်းသည် အမ်တီတီ၏ နှောင့်ယှက်မှုများကို အံတုကာ ဘောလုံးကိုသာ စူးစိုက် ကြည့်နေ၏။ သူသည် ဘောလုံးပေါ်ရှိ ပုံစံများကိုပင် မြင်နေရသကဲ့သို့ တည်ငြိမ်နေသည်။
အမ်တီတီ တစ်ယောက် အလွန် စိတ်လှုပ်ရှားနေပြီး မသိစိတ်မှ ချူဖုန်းကို ဆိတ်လိုက်မိ၏။ ဒါက ခံစစ်ကစားသမား အများစု သုံးလေ့ရှိသော လှည့်ကွက်တစ်ခု ဖြစ်သည်။
ချူဖုန်း တစ်ယောက် စူးခနဲ နာကျင်သွားသော်လည်း သူ၏ လှုပ်ရှားမှုများကတော့ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက အမ်တီတီ၏ ပခုံးကို အားပြုကာ လေထဲသို့ ချက်ချင်း ခုန်တက်လိုက်လေသည်
တာစတီဂျန်က ဘေးဘက်သို့ လျင်မြန်စွာ ရွေ့လျားလိုက်ပြီး တုံ့ဆိုင်းနေသော အမူအရာဖြင့် ခေါင်းမော့ ကြည့်လိုက်၏။ သူ၏ မြင်ကွင်းထဲတွင်တော့ ချူဖုန်းသည် မြေပြင်မှနေ၍ ပျံတက်သွားသလိုပင်…။
ချူဖုန်း၏ ခုန်နိုင်စွမ်းက မယုံနိုင်စရာ ကောင်းလှသည် သို့သော် တာစတီဂျန်ကတော့ မကြောက်ပေ။ အမ်တီတီက ချူဖုန်းကို ထိရောက်စွာ မနှောင့်ယှက်နိုင်ခဲ့သော်လည်း ချူဖုန်း၏ နေရာယူမှုကိုတော့ ကန့်သတ်နိုင်ခဲ့သည် မဟုတ်ပါလား။ ယင်းက ခေါင်းတိုက်ရန် ထောင့်များကို ကျဉ်းမြောင်းစေသည်။
‘ငါ နေရာအားလုံးကို ပိတ်ထားပြီးပြီ။ ဒါကြောင့် ချူဖုန်းရဲ့ ခေါင်းတိုက်ချက်က ဘယ်လောက်ပဲ အားပါပါ။ အလုပ်ဖြစ်မှာ မဟုတ်ဘူး’ ဟု တာစတီဂျန်က တွေးနေစဉ်မှာပင်...
“စကော့”
ချူဖုန်းသည် ပင်နယ်တီ ဧရိယာ အပြင်ဘက်တွင် တစ်စုံတစ်ယောက် အရှိန်ပြင်းပြင်း ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ဘောလုံးကို ဂိုးထဲသို့ တိုက်ရိုက် မတိုက်ဘဲ ခေါင်းအသာလေး ဝှေ့ယမ်းကာ ဘေးဘက်သို့ ချပေးလိုက်လေသည်
‘ဖြောင်း’
ကြည်လင် ပြတ်သားသော အသံနှင့်အတူ ဘောလုံးက အခြားတစ်ဖက်သို့ ပျံသန်းသွားသည်ကို တာစတီဂျန် တစ်ယောက် မျက်လုံးပြူးကာ ကြည့်နေရတော့သည်။
“သတိထား” တာစတီဂျန်က အော်ဟစ် သတိပေးလိုက်၏။
ပီကေးက အန္တရာယ်ကို ခံစားလိုက်ရသဖြင့် ရှေ့သို့ တက်ကာ ဘောလုံးကို ကန်ထုတ်ရန် ပြင်လိုက်သော်လည်း သူ့ဘေးမှ တစ်စုံတစ်ယောက် လျှပ်စီးလက်သလို ထွက်ပေါ်လာသည်ကို သတိပြုမိသွားလေသည်။ မန်ချက်စတာ ယူနိုက်တက် ကျောနံပါတ် (၃၉) က အားပါသော ဗော်လီကန်ချက်ကို လုပ်လိုက်လေသည်။
‘ဘုန်း’
ဘောလုံးသည် ဘာစီလိုနာ ဂိုးပေါက်အတွင်းသို့ တဟုန်ထိုး တိုးဝင်သွားပြီး အဖြူရောင် ပိုက်ကွန်ကသာ တားဆီးထားနိုင်တော့သည်။
(၂-၁)
နောက်တစ်စက္ကန့်တွင် မက်တော်မီနေးသည် အိပ်မက်မက်နေသလိုမျိုး ဂိုးပေါက်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။ သို့သော် ကျယ်လောင်သော အားပေးသံများက သူ့ကို လက်တွေ့လောကထဲသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ပြီ။
“ငါ ဘာစီလိုနာကို ဂိုးသွင်းလိုက်ပြီ”
မက်တော်မီနေးက ပါးစပ်ကြီး နားရွက်တက်ချိတ်မတတ် ပြုံးလိုက်၏။ ချူဖုန်းက မက်တော်မီနေးကို ကွင်းဘေးသို့ ဆွဲခေါ်သွားပြီး ပရိသတ်များကို အားပေးသံ ပိုကျယ်အောင် လက်ပြ နှုတ်ဆက်လိုက်ကာ ပြောလိုက်သည်။
“မင်း ဘာရပ်လုပ်နေတာလဲ လာလေ... ပရိသတ်တွေရဲ့ အားပေးသံကို ခံစားလိုက်စမ်းပါ။ ဒါက မင်းအတွက်ပဲ”
ဝေါင်း
မန်ချက်စတာ ယူနိုက်တက် အလံနီကြီးများ လွင့်ထူနေပြီး ပရိသတ်များကလည်း လက်မောင်းများကို မြှောက်ကာ အားပေး အော်ဟစ်နေကြလေသည်...။ ဤမြင်ကွင်းက မက်တော်မီနေး၏ စိတ်ထဲတွင် တစ်သက်လုံး စွဲထင်ကျန်ရစ်သွားတော့မည် ဖြစ်သည်။
“ဂိုး... ဂိုး... ဂိုး... ဂိုး... ဂိုး...”
နဗီးလ်က အသက်ပင် မရှူနိုင်လောက်အောင် ဟိန်းဟောက် အော်ဟစ်နေ၏။ သူ အသက်ကို ခက်ခက်ခဲခဲ ပြန်ရှူပြီးနောက် အသံကုန် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“ဒုတိယပိုင်း ပွဲကစားချိန် (၅၃) မိနစ်မှာ မန်ချက်စတာ ယူနိုက်တက်တို့ ထပ်မံ ဂိုးသွင်းယူပြီး ရလဒ်ကို ပြောင်းပြန်လှန်လိုက်ပါပြီဗျာ။ အယ်လ်ဘာရဲ့ နေရာယူမှု အမှားကြောင့် မာရက်ဇ်က အလွယ်တကူ ရှေ့တိုးနိုင်ခဲ့ပြီး ဂိုးစည်း အနီးကနေ တိကျတဲ့ ဖြတ်တင်ဘော တစ်လုံးကို ပေးပို့ခဲ့တာပါ။ ချူဖုန်းက အမ်တီတီထက် အရင်ဦးအောင် ဘောလုံးကို ရယူနိုင်ခဲ့တယ်... ဒါပေမဲ့ သူက ဂိုးထဲကို တိုက်ရိုက် မတိုက်ဘဲ ပင်နယ်တီ ဧရိယာရဲ့ ဘယ်ဘက်ခြမ်းကို ခေါင်းတိုက် ချပေးလိုက်တာပါ။ ဒီလှုပ်ရှားမှုက ရိုးရှင်းပုံ ပေါ်ပေမဲ့ ခန္ဓာကိုယ် အလယ်ပိုင်း ကြွက်သာ အား အတော်လေး လိုအပ်ပါတယ်ဗျာ။ ဒီဂိုးအတွက် ဘယ်သူက အကောင်းဆုံးလဲလို့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ ချူဖုန်း လို့ပဲ ပြောချင်ပါတယ်”
အိုးထရက်ဖို့ဒ် ကွင်းကြီးက ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေချိန်တွင် ဘာစီလိုနာ ပရိသတ်များကတော့ ကျောချမ်းသွားကြရသည်။
တစ်ခါတုန်းကပေါ့... သူတို့သည် ပွဲကြည့်စင်ပေါ်မှာ ထိုင်ပြီး မက်ဆီက အံ့ဖွယ်ဖြစ်ရပ်တွေ ဖန်တီးပေးမှာကို စောင့်နေရုံပါပဲ။
သို့သော် ဒီနေ့မှာတော့ မက်ဆီ၏ မှော်အတတ်တွေ ပျောက်ဆုံးနေပုံ ရပြီး မန်ချက်စတာ ယူနိုက်တက်၏ အဓိက ကစားသမား ကျောနံပါတ် (၇) ကတော့ ကြောက်စရာ ကောင်းသော စွမ်းဆောင်ရည်ကို ပြသနေခဲ့သည်။
သူတို့ တကယ်ပဲ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူပြီး နောက်တစ်ဆင့် တက်နိုင်ပါဦးမလား။
ဘာစီလိုနာ ပရိသတ်တိုင်း၏ နှလုံးသားထဲတွင် အားငယ်စိတ်များ စတင် ဝင်ရောက်လာခဲ့ပြီ။
ကွင်းဘေးရှိ မြင်ကွင်းကလည်း လုံးဝ ကွာခြားလှသည်။ မန်ချက်စတာ ယူနိုက်တက် အရန် ကစားသမားများက ခုန်ပေါက် ကခုန်နေကြသော်လည်း ဘာစီလိုနာ အရန်လူများကတော့ တိတ်ဆိတ်နေကြ၏။
“နှစ်ကျော့ပေါင်း ရလဒ်က (၄-၂) ဖြစ်သွားပြီ။ ငါတို့မှာ အဝေးဂိုး နှစ်ဂိုး ရှိတယ်။ ဘာစီလိုနာမှာက တစ်ဂိုးပဲ ရှိတာ...”ဖာရီယာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
အောင်ပွဲခံပြီးနောက် မော်ရင်ညိုက တည်ငြိမ်မှု ပြန်ရလာ၏။
“တကယ်တော့ အခြေအနေက သိပ်ပြီး ထူးမခြားနားပါဘူး။ ဘာစီလိုနာ အနေနဲ့ ငါတို့ကို ကျော်တက်ဖို့ အတွက် နောက်ထပ် နှစ်ဂိုး သွင်းဖို့ လိုသေးတယ်လေ...”
ဒါက အိမ်ကွင်း၊ အဝေးကွင်း ဂိုးစည်းမျဉ်း၏ ဆွဲဆောင်မှုပင် ဖြစ်သည်။
“ဟုတ်ပါရဲ့။ အကယ်၍ သူတို့က နောက်ထပ် နှစ်ဂိုး သွင်းနိုင်ရင် သူတို့မှာ အဝေးဂိုး သုံးဂိုး ဖြစ်သွားမှာ ဆိုတော့ ငါတို့ ဆက်ပြီး သတိထားဖို့ လိုတယ်...”
ဖာရီယာက ထောက်ခံလိုက်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။ “ဘော့စ်... နောက်ထပ် ဘယ်လို ကစားမလဲ”
မော်ရင်ညိုက အေးစက်စက် လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“သတ်မှတ်ထားတဲ့ နည်းဗျူဟာအတိုင်းပဲ ဆက်သွားမယ်။ ဘာစီလိုနာကို တိုက်စစ်ပဲ ဆင်မယ်။ သူတို့ တစ်ဂိုး သွင်းရင် ငါတို့က နှစ်ဂိုး ပြန်သွင်းနိုင်ရမယ်”
သူသည် ယခင်အတိုင်းပင် တိုက်စစ်ဖြင့်သာ တုံ့ပြန်ရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်၏ လက်ရှိ ခံစစ် အဆင့်အတန်းနှင့် ကစားသမားများ၏ နည်းစနစ်ပိုင်းအရ ဆိုလျှင် ခံစစ်ချည်းပဲ ပိတ်ကစားနေ၍ မရနိုင်ပေ။
မက်ဆီသည် ဘောလုံးလောကတွင် ခြေဖျား အသုံးပြုရာတွင် အမြန်ဆုံး ဖြစ်ပြီး ကျဉ်းမြောင်းသော နေရာလွတ်များအတွင်း ထိုးဖောက်ရာ၌ အတော်ဆုံး ဖြစ်သည်။ သူ့ကို နေရာလွတ် နည်းနည်းလေး ပေးလိုက်သည်နှင့် ကျော်ဖြတ်ခြင်း ခံရမည်သာ ဖြစ်ကြောင်း မော်ရင်ညိုက လုံးဝ သံသယ မရှိပေ။
ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက်အတွက် လမ်းတစ်ခုတည်းသာ ရှိသည်။ အဲဒါကတော့ ပြန်လည် တိုက်ခိုက်ဖို့ပင်…။
တီ…
ပွဲပြန်လည် စတင်လိုက်ပြီ ဖြစ်သော်လည်း ဘာစီလိုနာတို့မှာ လမ်းပျောက်နေသလို ဖြစ်နေပြီး သူတို့၏ ကွင်းဘက်ခြမ်းတွင်သာ ဘောလုံးကို အဓိပ္ပာယ်မရှိ အပြန်အလှန် ပေးပို့နေကြတော့သည်။
“၂၀၀၉ ခုနှစ်တုန်းကတော့ ဘာစီလိုနာကို ဘယ်အသင်းမှ ထိပ်တိုက် မရင်ဆိုင်နိုင်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်တုန်းက မင်း တိုက်စစ်ဆင်သည်ဖြစ်စေ၊ မဆင်သည်ဖြစ်စေ နောက်ဆုံးတော့ ရှုံးမှာပဲလေ။ အခုလက်ရှိ ဘာစီလိုနာ အသင်းက ဘယ်လို ခံစားချက်မျိုး ပေးနေသလဲ... တိကျတဲ့ စက်ကိရိယာ တစ်ခုလိုပါပဲ။ အမှားအယွင်း တစ်ခုမှ အဖြစ်မခံနိုင်ဘူး။ မဟုတ်ရင် တစ်သင်းလုံး ပြိုလဲသွားလိမ့်မယ်... သူတို့ရဲ့ ပေးပို့မှုတွေကို ကြည့်ပါဦး။ ဘာခြိမ်းခြောက်မှုမှ မရှိဘူး။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြားဖြတ် လုယူပြီး တန်ပြန် တိုက်စစ် ဆင်မှာကို သူတို့ ကြောက်နေကြတာလေ...” ဟု နဗီးလ်က အရှည်ကြီး ဝေဖန်ပြောဆိုနေတော့သည်။
ပွဲကစားချိန် (၆၅) မိနစ်သို့ ရောက်သောအခါ ဗယ်လ်ဗာဒီသည် ပျင်းစရာ ကောင်းသော အခြေအနေကို လက်မခံနိုင်တော့ဘဲ လူစားလဲလှယ်မှုများ ပြုလုပ်ကာ ပွဲကို ပြောင်းလဲရန် ကြိုးစားလာသည်။ အာသာ နေရာတွင် ကော်တင်ဟို၊ ဆီမီဒို နေရာတွင် ရောဘတ်တို တို့ ဝင်လာကြ၏။
လူစားဝင် ကစားသမား နှစ်ဦးစလုံးမှာ တိုက်စစ်ကို အလွန် အားသန်ကြသူများ ဖြစ်သည်။ ရောဘတ်တိုသည် ဘာစီလိုနာ၏ တက်သစ်စ ကြယ်ပွင့် ဖြစ်ပြီး အသင်းအတွင်း မက်ဆီ ပြီးလျှင် ဘောလုံး လိမ်ခေါက်နိုင်စွမ်း ဒုတိယ အကောင်းဆုံး ဖြစ်သည်။
လူစားလဲမှုက အမှန်ပင် ထိရောက်မှု ရှိခဲ့ပြီး သူတို့က လှပသော တိုက်စစ်တစ်ခုကို ဆင်နွှဲနိုင်ခဲ့သည်။ ရောဘတ်တိုက ရာကီတစ်နှင့် တွဲဖက်ကာ တောင်ပံမှ ပြေးထွက်ပြီး လုခ်ရှောကို ရင်ဆိုင်ခဲ့သည်။
ထို့နောက် သူက ရုတ်တရက် အရှိန်သတ်လိုက်၊ ပြန်စလိုက် လုပ်ကာ ပေးပို့ရန် နေရာလွတ် ရှာဖွေပြီး အလယ်ရှိ မက်ဆီထံသို့ ဘောလုံး ပေးပို့လိုက်လေသည်။
ဘာစီလိုနာ ပရိသတ်များ၏ မျှော်လင့်ချက်များ ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည်။ မက်ဆီ၏ လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးနေသော်လည်း မက်တော်မီနေးကိုတော့ ကျော်ဖြတ်နိုင်ခဲ့သေးသည်။
သို့သော် နောက်တစ်စက္ကန့်မှာတော့ မက်ဆီသည် ကော်လာမှ ဆွဲကိုင်ကာ မြေပြင်ပေါ်သို့ အတင်း လွှဲချခြင်း ခံလိုက်ရသည်။ သူသည် ဒေါသတကြီးဖြင့် ပြန်ထလာပြီး မက်တော်မီနေးကို တွန်းကာ အော်ပြောလိုက်၏။
“မင်းတို့ တော်တော် လွန်နေပြီနော်”
အသင်းအတွင်းရှိ ဖိစီးနေသော လေထုနှင့် ရှုံးနိမ့်နေသည့် အခြေအနေက သူ့ကို စိတ်မထိန်းနိုင်အောင် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် နူးညံ့သိမ်မွေ့ပုံ ပေါက်သော်လည်း တကယ်တမ်းတွင် ဒေါသကြီးသူ တစ်ဦး ဖြစ်သည်။
မက်တော်မီနေးကတော့ ပြန်လည် တုံ့ပြန်ခြင်း မပြုသလို မြေပြင်ပေါ် လဲကျပြီး မျက်နှာကို အုပ်ကာ နာကျင်ဟန်လည်း မပြခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့သော ရှက်စရာကောင်းသည့် အလုပ်မျိုးကို မလုပ်ချင်သောကြောင့် ဖြစ်သည်။
“မက်တော်မီနေး၏ ပြစ်ဒဏ်ကျူးလွန်မှုက ပြတ်သားပါတယ်ဗျာ။ ဒီလို နည်းဗျူဟာမြောက် ဖောင်းဘောက လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မာတစ်က မက်ဆီနဲ့ အနည်းဆုံး (၁၀) မီတာလောက် ဝေးနေလို့ပါပဲ။ တကယ်လို့ မက်ဆီ ကျော်ထွက်သွားရင် ခံစစ်နဲ့ တိုက်ရိုက် ရင်ဆိုင်ရမှာဖြစ်ပြီး သူ့ရဲ့ စွမ်းရည်နဲ့ ဆိုရင် ကြီးမားတဲ့ ခြိမ်းခြောက်မှု ပေးနိုင်မှာပါ... မက်ဆီကို အဝါကတ် တစ်ကတ်နဲ့ တားဆီးလိုက်တာ... တကယ်ကို တွက်ခြေကိုက်တဲ့ အလုပ်ပါပဲ” ဟု နဗီးလ်က ချီးကျူးနေတော့သည်။
“ဒီဖရီးကစ်ကို ကြည့်လိုက်ပါဦး။ မက်ဆီက ထောင့်ကို အရမ်း အာရုံစိုက်လိုက်လို့ ဂိုးပေါက် လွဲသွားခဲ့ပါတယ်... မန်ချက်စတာ ယူနိုက်တက်ကတော့ ပွဲအရှိန်ကို လျှော့ချပြီး နောက်တန်းကနေ ဖြည်းဖြည်းချင်း တက်ဖို့ ရွေးချယ်လိုက်ပါပြီ... ဘာစီလိုနာ ကစားသမားတွေကြားမှာ ညီညွတ်မှု မရှိတော့ဘူးဗျ။ တချို့က ဘောလုံးကို အတင်းလိုက်လုနေပြီး တချို့ကတော့ နောက်ဆုတ်နေကြတယ်...”
နဗီးလ် ပြောသကဲ့သို့ပင် ဘာစီလိုနာတို့ ထိုးဖောက်ရန် ခက်ခဲလေလေ သူတို့၏ ကစားဟန်က ပို၍ ရှုပ်ထွေးလာလေလေပင် ဖြစ်သည်။ အချိန်များမှာ သဲနာရီထဲမှ သဲများကဲ့သို့ပင် တရွေ့ရွေ့ ကုန်ဆုံးနေပြီ ဖြစ်သည်။
ထို့နောက် မော်ရင်ညိုသည် ဂန္ထဝင်မြောက် ခံစစ် လူစားလဲမှု အချို့ကို ပြုလုပ်ပြီး ဘာစီလိုနာတို့ အသေအလဲ တိုက်စစ်ဆင်မည့် အခွင့်အရေးကို အကြိမ်ကြိမ် ဟန့်တားခဲ့သည်။ သူတို့သည် ဘာစီလိုနာ၏ ရစ်သမ်ကို အစအန မကျန်အောင် ဖျက်ဆီးပစ်လိုက်လေပြီ။
ပွဲချိန် နာကျင်အချိန်ပို နောက်ဆုံး မိနစ်တွင် မက်ဆီ၏ ပခုံးယိမ်း လူလိမ်ခေါက်ကွက်ကို အက်ရှ်လေယန်းက စည်းအပြင်ရောက်အောင် အပြတ်အသတ် ဖျက်ထုတ်လိုက်လေသည်။
တီ… တီ… တီ…
ဒိုင်လူကြီးက ပွဲပြီးဆုံးကြောင်း ဝီစီ မှုတ်လိုက်လေပြီ။ မန်ချက်စတာ ယူနိုက်တက်တို့ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ရလဒ် (၄-၂) ဖြင့် အပြတ်အသတ် အနိုင်ယူကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်၏။
*