အားကစားကွင်းအတွင်းရှိ ဆူညံသံများကြားမှ ဝေဖန်ရေးဆရာ၏ အသံမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြီး ပွဲစတင်ရန် ပြင်ဆင်နေသည့် အသင်းနှစ်သင်း၏ ပွဲထွက်လူစာရင်းကို စတင် မိတ်ဆက်ပေးလေသည်။
“ကဲ... အခု နှစ်သင်းလုံးရဲ့ ပွဲထွက်လူစာရင်းကို မိတ်ဆက်ပေးပါရစေ။ အဲဗာတန်က ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး ကားလ်ဗတ်က တစ်ဦးတည်းသော တိုက်စစ်မှူးပါ။ ကွင်းလယ်တိုက်စစ် ကစားသမားတွေ အဖြစ် ရစ်ချာလီဆန်၊ ဆီဂတ်ဆန်နဲ့ ဘားနတ် တို့ ပါဝင်ပါတယ်။ ကွင်းလယ်ခံစစ်မှာတော့ ရှနိုက်ဒါလင်နဲ့ အိုင်ဒရစ်ဆာ တို့ တွဲဖက်ကစားမှာဖြစ်ပြီး ခံစစ်တန်းမှာတော့ ကိုးလ်မန်း၊ မိုက်ကယ်၊ ဇူးမားနဲ့ ဒစ်ဂ်နေးတို့ ပါဝင်ကြပါတယ်”
“ဘရာဇီးလ်သား ရစ်ချာလီဆန်ကို ခေါ်ယူပြီးကတည်းက အဲဗာတန်ရဲ့ တောင်ပံတိုက်စစ် အင်အားက တကယ်ကို တိုးတက်လာတာပါပဲ။ မန်ချက်စတာ ယူနိုက်တက်ကတော့ ၄-၃-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး ပေါ့ဘာ၊ မာရက်ဇ်တို့ ပါဝင်နေပါတယ်။ ဒီလူစာရင်းက တောင်ပံတွေကို အထူး အားဖြည့်ထားပုံရတာမို့ မော်ရင်ညိုရဲ့ တန်ပြန်နည်းဗျူဟာလို့ ပြောလို့ရပါတယ်ဗျာ”
ဂွတ်ဒီဆင်ပတ်ခ် ကွင်းကြီးအတွင်း၌ အဲဗာတန် ပရိသတ်များ၏ ဟစ်ကြွေးသံများမှာ အဆက်မပြတ် ဆူညံနေစဉ်မှာပင် ဒိုင်လူကြီးက ပွဲစတင်ရန် ဝီစီမှုတ်လိုက်လေသည်။
တီ…
အဲဗာတန်အသင်းသည် ဘောလုံးကို စတင်ကန်ပြီး တိုက်စစ်ကို ချက်ချင်း အရှိန်မြှင့်တင်လိုက်ကြသည်။ နှစ်ရာသီကြာအောင် စနစ်တကျ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် သူတို့သည် လိဂ်၏ ထိပ်ဆုံး (၁၀) သင်းစာရင်းထဲ၌ ခိုင်မာစွာ အခြေချနိုင်ခဲ့ပြီ ဖြစ်သည်။
တကယ်တော့ ပိုပြီး စိတ်ဝင်စားစရာကောင်းသည့် အချက်တစ်ခု ရှိသေးသည်။ ဝိန်းရွန်းနီ တစ်ယောက် အဲဗာတန်သို့ ပြန်လည်ရောက်ရှိလာစဉ် ပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ဝါရင့် ကစားသမားကြီး အဖြစ် ခြေစွမ်းပြတော့မည်ဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း ခရစ္စမတ်ကာလ ကျော်လွန်သွားသည့် အခါ အသင်း၌ (၁၅) ပွဲဆက်တိုက် ဂိုးမသွင်းနိုင်သည့် မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်ခဲ့ရသည်။
အရှက်ရစရာ အကောင်းဆုံးကတော့ ရွန်းနီ တစ်ယောက် အမေရိကန်လိဂ်သို့ ထွက်ခွာသွားပြီး နောက်တစ်ရာသီမှာတင် အဲဗာတန်၏ စွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာခဲ့ခြင်းပင်။ ယခုအခါ သူသည် ဂယ်ရီနဗီးလ်နှင့်အတူ ဘောလုံးဝေဖန်ရေးခန်းထဲတွင် ရောက်ရှိနေလေသည်။
ရွန်းနီက မန်ချက်စတာ ယူနိုက်တက်၏ နောက်တန်းခံစစ်ကို ကြည့်ရင်း အနည်းငယ် ရွဲ့တဲ့တဲ့ နိုင်သော လေသံဖြင့် “မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်တန်းခံစစ်ကို ကြည့်ပါဦး။ ငါ မထွက်ခင်တုန်းကနဲ့ လုံးဝကို ကွာခြားသွားပြီပဲ”ဟု ဆိုလိုက်သည်။
အကြောင်းမှာ သူသာ စောစောစီးစီး ထွက်မသွားခဲ့လျှင် ချန်ပီယံဆု နှစ်ခုလောက် ထပ်ရနိုင်မည်ဟု ခံစားနေရသောကြောင့်ပင်။
နဗီးလ်ကတော့ အားမနာတမ်း ပြန်ပက်လိုက်၏။ “မင်းကတော့ နောက်နေပြန်ပြီ။ မင်းရဲ့ လစာနှုန်းထားနဲ့ ဆိုရင် အသင်းက ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ။ ကလပ်က မင်းအပေါ်မှာ တကယ်ကို ကောင်းခဲ့တာပါ”
ထိုစဉ်က ရွန်းနီမှာ မန်ယူနှင့် စာချုပ်တစ်နှစ် ကျန်ရှိနေသေးသော်လည်း အဲဗာတန်သို့ အလွတ် ပြောင်းရွှေ့ကြေးဖြင့် သွားခွင့်ပြုခဲ့သည့်အပြင် လစာနှင့် ဘောနပ်စ်အချို့အတွက် ပေါင် (၁၅) သန်းအထိ မန်ယူက စိုက်ထုတ်ပေးခဲ့သေးသည်။ ယင်းက လူကာကူ၏ အပြောင်းအရွှေ့အတွက် လမ်းခင်း ပေးလိုက်သလိုလည်း ဖြစ်သွားခဲ့သည်။
ရွန်းနီက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။ “ဟူး... ချူဖုန်းသာ ပထမအသင်းကို ခြောက်လလောက် စောရောက်ခဲ့ရင် ငါ ဘယ်လိုနည်းနဲ့မှ ထွက်သွားမှာ မဟုတ်ဘူး။ ဘယ်သူသိမှာလဲ။ မင်းတို့တွေ သရဲနီ မျိုးဆက်သစ် အမြွှာကြယ်ပွင့်တွေကို ကွင်းထဲမှာ မြင်တွေ့ရနိုင်တာပေါ့”
နဗီးလ်က သူ့ကို မထီမဲ့မြင် ကြည့်လိုက်မိသည်။ ‘အချိန်ဆိုတာ သားသတ်သမားရဲ့ ဓားပဲ’ဟူသော စကားမှာ ရွန်းနီအတွက်တော့ အမှန်ပင် ဖြစ်နေသည်။
ရွန်းနီ၏ ခန္ဓာကိုယ်မှာ ယခုအခါ ဗိုက်ပူနံပူ ဖြစ်နေချေပြီ။ နဗီးလ် အနေဖြင့် သူ အရှိန်ပြင်းပြင်း ပြေးနိုင်ပါဦးမလားဟုပင် သံသယဝင်မိသည်။
အမှန်တကယ်တော့ ရွန်းနီမှာ အသက်အရမ်းကြီးနေသည် မဟုတ်ပေ။ ၁၉၈၅ ခုနှစ်ဖွား ဖြစ်သဖြင့် စီရော်နယ်ဒို၊ အက်ရှ်လေယန်းတို့နှင့် အသက်အတူတူပင်။ သို့သော် ထိုသူများမှာ ထိပ်တန်းလိဂ်များတွင် ပွဲထွက်ကစားသမားများအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ရွန်းနီကတော့ ထိုသို့မဟုတ်တော့ပေ။
“မင်းရဲ့ လက်ရှိ စိုးရိမ်စိတ်တွေကို ဖုံးကွယ်ဖို့ အတိတ်က အောင်မြင်မှုတွေကို ပြန်ပြောနေတာ ငါ သိပါတယ်။ ဒါပေမဲ့…”
နဗီးလ်က စကားပြောနေစဉ်မှာပင် ကွင်းအတွင်း အခြေအနေကြောင့် အသံမှာ ရုတ်တရက် မြင့်တက်သွားသည်။ “အဲဗာတန်ရဲ့ တိုက်စစ်ကို တစ်ချက် ကြည့်လိုက်ကြရအောင်ဗျာ”
အဲဗာတန်က ဘေးစည်းမှနေ၍ ဘောလုံးကို ပင်နယ်တီဧရိယာထဲသို့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းလိုက်သကဲ့သို့ အားပါပါ ပစ်ထည့်လိုက်ရာ မက်ဂွိုင်းယား၏ ခေါင်းတိုက်ရှင်းထုတ်ချက်မှာ အားမပါဘဲ ဖြစ်သွားသည်။ ဘောလုံးမှာ ရစ်ချာလီဆန်ထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။
ဘရာဇီးလ်သားလေးက ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် စောင်းလိုက်ပြီးနောက် နောက်ပြန် လေထဲတွင် ဝှေ့ယမ်းကန်လိုက်လေသည်။ ဒီဂီယာ တစ်ယောက် တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီမှာတင် ဘောလုံးမှာ ဂိုးကွန်ချာအတွင်းသို့ တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။
(၁-၀)
ကွင်းကြီးတစ်ခုလုံး အားပေးသံများဖြင့် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အဲဗာတန် ပရိသတ်များမှာ လက်မောင်းများကို ဝှေ့ယမ်းကာ အောင်ပွဲခံနေကြတော့သည်။ အဲဗာတန်သည် မန်ယူ၏ မဟာမိတ် ဖြစ်သော်လည်း နိုင်ချင်စိတ်ကတော့ အပြည့်ရှိနေသည် မဟုတ်ပါလား။
ရစ်ချာလီဆန် ကတော့ ဂိုးသွင်းပြီးနောက် အလွန်အမင်း မောက်မာစွာဖြင့် မီတာများစွာ ပြေးသွားပြီး လေထဲသို့ ခုန်တက်ကာ လက်သီးဖြင့် လေထုကို ထိုးချလိုက်သည့် အောင်ပွဲခံဟန်ကို ပြုလုပ်လိုက်၏။
နဗီးလ် တစ်ယောက် ဒေါသတကြီး အော်ဟစ်နေတော့သည်။ “မောက်မာလိုက်တာ။ အရမ်းကို မောက်မာလွန်းတယ်။ ဒီအောင်ပွဲခံဟန်က ဘယ်သူ့ရဲ့ ကိုယ်ပိုင်ဟန်လဲဆိုတာ ဥရောပတင်မက တစ်ကမ္ဘာလုံးက သိပြီးသားပါ။ ဒါက ချူဖုန်း တစ်ယောက်တည်းပဲ သုံးရမယ်လို့ မဆိုလိုပေမဲ့ အခုလို အချိန်မျိုးမှာ ဒါကို သုံးလိုက်တာကတော့ တမင် သက်သက် ရန်စတာပဲဗျ”
ရစ်ချာလီဆန်၏ လုပ်ရပ်မှာ ချူဖုန်း၏ မျက်နှာကို ဗြောင်ကျကျ ရိုက်လိုက်သကဲ့သို့ပင်။ ချူဖုန်းကတော့ ကွင်းလယ်စက်ဝိုင်းအတွင်းမှာ ရပ်ရင်း ပွဲပြန်စရန် စောင့်နေသည်။
ရစ်ချာလီဆန်က သူ့ဘေးမှ ဖြတ်သွားစဉ် ရန်စသော အကြည့်များဖြင့် စိုက်ကြည့်သွားသော်လည်း ချူဖုန်းကတော့ လုံးဝ လျစ်လျူရှုထားလိုက်သည်။ သူ့ကို နင်းပြီး နာမည်ကြီးချင်သူတွေက ပရီးမီးယားလိဂ်ရော၊ ချန်ပီယံလိဂ်မှာပါ ဒုနဲ့ဒေး ရှိနေသည် မဟုတ်ပါလား။
မိမိကိုယ်တိုင်က လူငယ်မျိုးဆက်ရဲ့ အကျော်ကြားဆုံး ကစားသမား ဖြစ်နေတာကိုပဲ အပြစ်တင်ရတော့မှာပေါ့။
ရစ်ချာလီဆန်ကတော့ ချူဖုန်းက သူ့ကို ပြန်မရန်စသဖြင့် အနည်းငယ် စိတ်ပျက်သွားပုံရသည်။
ချူဖုန်းက အသင်းဖော်များကို သတိပေးလိုက်သည်။ “ဒီဂိုးကြောင့် စိတ်မလှုပ်ရှားကြနဲ့။ ငါတို့ အင်အားက ပိုသာပါတယ်။ ဖြည်းဖြည်းချင်း ကစားမယ်ဆိုရင် သေချာပေါက် ပြန်ချေပနိုင်မှာပါ...”
ပွဲပြန်လည်စတင်ပြီးနောက် မန်ယူတို့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ကွင်းလယ်တွင် ဘောလုံးကို ထိန်းချုပ်ကာ ပြိုင်ဘက်ကို စမ်းသပ်လာကြသည်။ အဲဗာတန်၏ တုံ့ပြန်မှုကတော့ ရိုးရှင်းပါသည်။ မန်ယူတို့ ရှေ့မတက်နိုင်အောင် ကွင်းလယ်၌ပင် ဖိအားပေးခြင်းနှင့် ပြစ်ဒဏ်ကျူးလွန်ခြင်း နည်းဗျူဟာကို အသုံးပြုခြင်းပင်။
ပွဲကစားချိန် (၂၄) မိနစ်တွင် ရစ်ချာလီဆန်က တောင်ပံတွင် ဟာရဲရားကို ကျော်ဖြတ်ရန် Rainbow flickကို သုံးလိုက်သည်။ မန်ယူအသင်းအတွင်းဝယ် နိုင်ငံရေးမှူး ဟု ခေါ်ဝေါ်ကြသော အန်ဒါ ဟာရဲရားက ဤသည်ကို ခွင့်မပြုနိုင်ချေ။
“ငါ့ရှေ့က ဖယ်စမ်း”ဟု ဟာရဲရားက တီးတိုးရေရွတ်ရင်း ဘောလုံးကို လျစ်လျူရှုကာ ရစ်ချာလီဆန်၏ လမ်းကြောင်းကို အရင်ဆုံး ပိတ်ဆို့လိုက်လေသည်။ ဝါရင့်ကစားသမားဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။
ဘောလုံးကို မာတစ်က ရယူလိုက်ပြီး ကန်တေထံ ပေးပို့လိုက်ရာ ကန်တေက ချက်ချင်း မျှောထိုးပေးပို့မှု ပြုလုပ်လိုက်သည်။ အက်ရှ်လေယန်း တစ်ယောက် တောင်ပံတစ်လျှောက် လေပြင်းတစ်ရပ်လို ပြေးထွက်သွားချေပြီ။
“ငါ့ကို ပေး”
ချူဖုန်းက ပင်နယ်တီဧရိယာထဲမှ ထွက်လာပြီး ဘောလုံးလက်ခံရန် နေရာယူလိုက်ရာ ဇူးမားကလည်း အနီးကပ် လိုက်ပါလာ၏။ အဲဗာတန် ညာနောက်ခံလူ ဒစ်ဂ်နေးမှာတော့ အကျပ်ရိုက်နေလေပြီ။
အက်ရှ်လေယန်းကို တားရမလား၊ ဒါမှမဟုတ် ဇူးမားကို ကူပြီး ချူဖုန်းကို ပိတ်ရမလား။
‘သူတို့က မန်ယူ ကျောနံပါတ် (၇) ဆီပဲ ပေးမှာ သေချာတယ်’ဟု ဒစ်ဂ်နေးက ထိုသို့တွေးကာ ချူဖုန်းဘက်သို့ အနည်းငယ် ယိမ်းလိုက်စဉ်မှာပင်...
ချူဖုန်းက သူ့နောက်မှ ဇူးမား ကပ်ပါလာသည်ကို မြင်သဖြင့် ဘောလုံးကို အတင်း ကာကွယ်မည့်အစား ညာခြေဖမိုးဖြင့် အသာလေး တို့လိုက်လေသည်။ ဇူးမား တစ်ယောက် ဘောလုံးမှာ သူ၏ ပေါင်ကြားထဲမှ နေ၍ အသာလေး လျှောထွက်သွားပြီး ဘယ်တောင်ပံက အက်ရှ်လေယန်းထံသို့ တည့်တည့်မတ်မတ် ရောက်ရှိသွားသည်ကို ကြည့်ရင်း အံ့အားသင့်သွားရလေသည်။
ဝေဖန်ရေးဆရာက အော်ဟစ်လိုက်သည်။ “ထူးခြားလှတဲ့ ပေးပို့မှုကြီးက အဲဗာတန်ရဲ့ ခံစစ်ကို ဖောက်ထွက်သွားပြီး အက်ရှ်လေယန်းဆီကို ရောက်သွားပါပြီ။ တစ်ဦးချင်း အနေအထားပါဗျာ”
အက်ရှ်လေယန်းက ဘောလုံးကို တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ကာ ဂိုးသမား ထွက်လာသည့်အချိန်တွင် အဝေးတိုင်ဆီသို့ တိုက်ရိုက် ကန်သွင်းလိုက်လေတော့သည်။
ဂိုး...
(၁-၁)
အက်ရှ်လေယန်းကလည်း လက်သီးကို လေထဲသို့ ထိုးပြကာ အောင်ပွဲခံလိုက်ရာ မန်ယူပရိသတ်များက ရစ်ချာလီဆန်ကို ပြန်လည် လှောင်ပြောင်ကြတော့သည်။
“အဲဒီ ဘရာဇီးလ်ကောင်လေးကို ကြည့်ဦး။ ချူနဲ့ ယှဉ်ချင်နေတာတဲ့လား”
“မင်းက ချူထက် ငါးလတောင် ကြီးတာတောင် ဆုဖလား တစ်လုံးမှ မရှိသေးဘူးလေကွာ”
မန်ယူပရိသတ်တွေရဲ့ ပါးစပ်ကတော့ တကယ်ကို ကြောက်စရာကောင်းလှသည်။ ရစ်ချာလီဆန်၏ ရင်ထဲတွင် ဒေါသတောင်ပွားများ ပေါက်ကွဲထွက်တော့မည့်အတိုင်းပင် ခံစားနေရသည်။
ပွဲကစားချိန် (၄၃) မိနစ်
မန်ယူတို့ နောက်ထပ် တန်ပြန်တိုက်စစ် ဆင်လာပြန်သည်။ ဒေးဗစ်လူးဝစ်က အဝေးဘော ကန်တင်လိုက်ရာ မာရက်ဇ်ထံသို့ ရောက်ရှိသွားပြီး မာရက်ဇ်က အလယ်ရှိ ပေါ့ဘာဆီ ပေးပို့လိုက်သည်။
ပေါ့ဘာက ဘောလုံးကို နေရာချပြီး ချူဖုန်းထံသို့ ထောင့်ဖြတ် ပေးပို့လိုက်၏။ ဇူးမားက သင်ခန်းစာ ရသွားသဖြင့် အနီးကပ် မကပ်တော့ဘဲ အကွာအဝေးတစ်ခုကနေ စောင့်ကြည့်နေသည်။
သို့သော် ချူဖုန်းက သူ့ဆီကို တိုက်ရိုက် ပြေးဝင်လာခဲ့ပြီ။ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ဇူးမား၏ ရင်ထဲတွင် ဖိအားများကြောင့် အသက်ရှူပင် ကြပ်လာသလို ခံစားရ၏။
သူ ငြိမ်ခံနေ၍ မဖြစ်တော့ပေ။ သူ ရှေ့တိုးလာသည့် အခိုက်အတန့်မှာပင် ချူဖုန်းက ညာခြေကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်လေသည်
ဘောလုံးမှာ နွားမြီးခါ လူလိမ်ကွက် အတိုင်း မျဉ်းကွေးတစ်ခု ရေးဆွဲကာ ဇူးမား၏ ဆန့်ထုတ်ထားသော ခြေထောက်ဘေးမှနေ၍ လျှောတိုက် ထွက်သွားခဲ့ပြီ။ ချူဖုန်း၏ ပေါက်ကွဲထွက်သော အရှိန်အဟုန်က ဇူးမားကို တစ်လှမ်းတည်းနှင့် ကျော်ဖြတ်သွားပြီး ဘောလုံးနောက်သို့ အမီ လိုက်နိုင်သွားခဲ့သည်။
“ဝိုး… လှပလွန်းတဲ့ လူလိမ်ကွက်က အဲဗာတန် ခံစစ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ။ အခုတော့ ချူ နဲ့ ဂိုးပေါက်ကြားမှာ ဂိုးသမားပဲ ကျန်ပါတော့တယ်”
အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် တစ်ယောက် အစွမ်းကုန် အာရုံစိုက်ထားသော်လည်း သူ့ရှေ့ရှိ ချူဖုန်း၏ လှုပ်ရှားမှုကို မြင်သောအခါ သူငယ်အိမ်များ ကျုံ့ဝင်သွားရတော့သည်။ ဘယ်ခြေကို ရှေ့တိုး၊ ခန္ဓာကိုယ်ကို ဘယ်ဘက် ယိမ်းလိုက်... ညာခြေကို ရှေ့တိုး၊ ခန္ဓာကိုယ်ကို ညာဘက် ယိမ်းလိုက်... ဒါက ဘယ်တော့မှ မရပ်တန့်တဲ့ သေမင်းတမန် ချိန်သီး လူလိမ်ကွက်ပင် ဖြစ်သည်။
ပစ်ဖို့ဒ်မှာ မျက်စိများပင် လည်သွားရချေပြီ။ ချူဖုန်း ဘယ်ဘက်ကို ချိုးမလဲဆိုတာ သူ လုံးဝ ခန့်မှန်း၍ မရတော့ပေ။
ချူဖုန်းက ဘယ်ဘက်မှ ထိုးဖောက်တော့မည့်ဟန် ပြလိုက်ရာ ပစ်ဖို့ဒ်က မသိစိတ်မှ လိုက်ပါသွားသော်လည်း... ချူဖုန်းက ဘောလုံးကို မထိခဲ့ပေ။ ပစ်ဖို့ဒ် မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ချူဖုန်းက ညာဘက်မှနေ၍ ဘောလုံးကို ဆွဲထွက်သွားလေပြီ။ ထို့နောက် လွတ်နေသော ဂိုးပေါက်ထဲသို့ အသာလေး ကန်သွင်းလိုက်လေတော့သည်။
(၁-၂)
***