“ဂိုး... ပထမပိုင်း မပြီးခင်မှာတင် မန်ချက်စတာ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရသွားပြန်ပါပြီ။ တန်ပြန်တိုက်စစ် မပါရင် သရဲနီတွေ မဟုတ်ဘူးလို့တောင် ပြောရမလိုပါပဲ”
နဗီးလ်က စိတ်လှုပ်ရှားစွာ ဟစ်အော်နေပြီး ရွန်းနီကလည်း ဘေးမှနေ၍ “သူ့ရဲ့ လူလိမ်ကွက်တွေက ငါ ငယ်ငယ်တုန်းကထက်တောင် ပိုပြီး ကြောက်စရာ ကောင်းသေးတယ်။ နွားမြီးခါ အကွက်နဲ့ သေမင်းတမန် ချိန်သီး အကွက်တွေကို အဲဒီလောက် အမြန်နှုန်းမှာ လုပ်နိုင်တာကတော့ တကယ်ကို အံ့မခန်းပါပဲ”ဟု ချီးကျူးလိုက်ရတော့သည်။
ဂွတ်ဒီဆင်ပတ်ခ် ကွင်းကြီးအတွင်း မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာပြီး အဲဗာတန် ပရိသတ်များပင် မတ်တပ်ရပ်ကာ လက်ခုပ်တီး ချီးကျူးခဲ့ကြသည်။ ထိုဂိုးမှာ တကယ်ကို လှပလွန်းလှသည် မဟုတ်ပါလား။
မာရက်ဇ်က ချူဖုန်းနား ရောက်လာပြီး “ချူ... မင်း ဒူးမနာဘူးလား”ဟု မေးရာ ချူဖုန်းက “ငါ့ဒူးတွေက သံမဏိနဲ့ လုပ်ထားတာကွ။ နာမှာ မကြောက်ပါဘူး” ဟု ရယ်မောရင်း ပြန်ဖြေလိုက်သည်။
ပွဲပြန်စပြီး မကြာမီမှာပင် ပထမပိုင်း ပြီးဆုံးသွားခဲ့ပြီ။ ဒုတိယပိုင်းတွင် မော်ရင်ညိုက ကစားကွက်ကို အနည်းငယ် ပြောင်းလဲလိုက်ပြီး ခံစစ်ကို ပိုမို အသားပေး ကစားစေခဲ့သည်။
(၆၃) မိနစ်တွင် ပေါ့ဘာက အဝေးကန်ချက်ဖြင့် နောက်ထပ် တစ်ဂိုး သွင်းယူပေးလိုက်သောအခါ ပွဲက အဖြေပေါ်သွားခဲ့ပြီ ဖြစ်သည်။ မော်ရင်ညိုက ချူဖုန်း နေရာတွင် ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာ နေရာတွင် မက်တော်မီနေး တို့ကို အစားထိုးကာ အနားပေးလိုက်၏။
ကန်တေမှာတော့ ကွင်းလယ်တွင် နေရာအနှံ့ ရှိနေပြီး အဲဗာတန်တို့၏ တိုက်စစ်များကို အကြိမ်ကြိမ် ကြားဖြတ် ဖျက်ထုတ်နေလေသည်။ ဇူးမား တစ်ယောက် စိတ်ဓာတ်မကျခဲ့သော်လည်း ရစ်ချာလီဆန်ကတော့ လုံးဝကို စိတ်ဓာတ် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
ပွဲပြီးဆုံးချိန်တွင် မန်ယူတို့ (၃-၁) ဖြင့် အနိုင်ရရှိသွားခဲ့သည်။ “ဂွတ်ဒီဆင်ပတ်ခ် မှာ (၃) မှတ် အပြည့် ရယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဂုဏ်ယူပါတယ်ဗျာ။ ဒါပေမဲ့ မန်ချက်စတာ စီးတီးကလည်း တော့တင်ဟမ်ကို အနိုင်ရထားလို့ (၂) မှတ် အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်ရှိနေတုန်းပါပဲ။ ဘယ်သူက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မလဲ ဆိုတာကတော့... နောက်ထပ် လေးရက်အကြာမှာ ကစားမယ့် မန်ယူနဲ့ မန်စီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အဖြေပေါ်ပါလိမ့်မယ်”
---
ဧပြီလ (၂၂) ရက်။
မန်ချက်စတာမြို့၏ အပူချိန်က ၁၈ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး မြို့ပြလေထုကလည်း သိသိသာသာ တက်ကြွလှုပ်ရှားနေလေသည်။ ဤအတောအတွင်း မန်ချက်စတာမြို့၏ အထင်ကရ အဆောက်အအုံ ဖြစ်သော မြို့တော်ခန်းမအပြင်ဘက်ရှိ LED ဖန်သားပြင်ကြီးပေါ်တွင် ဧရာမ ပိုစတာကြီးတစ်ခု ပေါ်လာ၏။
ဘယ်ဘက်ခြမ်းတွင် စွဲမက်ဖွယ်ကောင်းသော အနီရောင်၊ ညာဘက်ခြမ်းတွင်တော့ ကြည်လင်သော မိုးပြာရောင်။ ပိုစတာ၏ နောက်ခံတွင် နှစ်သင်းစလုံး၏ ကြယ်ပွင့်ကစားသမားများဖြစ်သော ချူဖုန်းနှင့် ဒီဘရိုင်းတို့က ထိပ်တိုက်ရင်ဆိုင်နေကြပြီး ပြင်းထန်သော ယှဉ်ပြိုင်လိုစိတ်များ လွှမ်းမိုးနေသည်။
“မန်ချက်စတာ ယူနိုက်တက် အောင်ပါစေ...” ဟု မန်ယူပရိသတ်တွေ မြို့တော်ခန်းမရှေ့က ဖြတ်သွားတိုင်း သံပြိုင်အော်ဟစ်သွားကြလေသည်။
အနီရောင်ဆိုသည်မှာ ဤမြို့၏ ဘောလုံးဂုဏ်သိက္ခာအတွက် ပြယုဂ်တစ်ခုဖြစ်ခဲ့ပြီး လူအများစုက မန်ချက်စတာမြို့ကို မန်ချက်စတာ ယူနိုက်တက်ကြောင့် စတင်သိရှိခဲ့ကြသည် မဟုတ်ပါလား။ အထူးသဖြင့် အိပ်မက်ပြဇာတ်ရုံ အိုးထရက်ဖို့ဒ်ကြောင့်ပေါ့။
မန်ချက်စတာ ယူနိုက်တက်သည် တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဤမြို့တစ်မြို့လုံးကိုတော့ သူတို့ပိုင်သည်ဟု လုံးဝမပြောနိုင်ခဲ့ချေ။ အကြောင်းမှာ ဤမြို့တွင် လျစ်လျူရှု၍မရသော မိုးပြာရောင် အစက်အပြောက်လေး ရှိနေသေးသောကြောင့်ပင်။
မန်ချက်စတာ နှစ်သင်းကြားက ရန်ငြိုးရန်စဇာတ်လမ်းကို ပြန်လိုက်မည်ဆိုလျှင် ၁၉၇၄ ခုနှစ်ဆီသို့ ပြန်သွားရပေလိမ့်မည်။ မန်ချက်စတာ ယူနိုက်တက်မှ မန်ချက်စတာ စီးတီးသို့ ပြောင်းရွှေ့သွားခဲ့သော ဒင်းနစ် လောသည် ဖနောင့်ဖြင့် နောက်ပြန်ကန်သွင်းခဲ့သော ဂိုးတစ်ဂိုးကြောင့် မန်ယူအသင်း တန်းဆင်းရမည့် အခြေအနေနှင့် အလွန်နီးစပ်သွားခဲ့သည်။
၎င်းသည် သူ၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် နောက်ဆုံးအကြိမ် ဘောလုံးဖြင့် ထိတွေ့ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုစဉ်က မန်ယူပရိသတ်များသည် ပွဲရလဒ်ကို ပယ်ဖျက်ပေးရန် မျှော်လင့်ချက်ဖြင့် ကွင်းထဲသို့ စောစောစီးစီး တိုးဝင်လာခဲ့ကြသော်လည်း မန်ယူတန်းဆင်းရမည့် ကံကြမ္မာကိုတော့ မည်သူမျှ မပြောင်းလဲနိုင်ခဲ့ချေ။
ဒင်းနစ် လောက နောက်ပိုင်းတွင် မီဒီယာအင်တာဗျူးတစ်ခု၌ “မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့် ဘဝမှာ အချစ်ဆုံးအသင်းပါ။ ဒါပေမဲ့ ကျွန်တော်ကပဲ သူတို့ကို အသေအလဲ ထိုးနှက်ခဲ့မိတယ်။ ဒိုင်လူကြီးက တစ်ခုခုကို အကြောင်းပြပြီး အဲဒီဂိုးကို မပေးဖို့တောင် ကျွန်တော် ဆုတောင်း နေခဲ့မိတာပါ...” ဟု ပြောခဲ့ဖူးသည်။
လိဂ်ဝမ်းခေတ်က ဒင်းနစ် လော၏ သစ္စာဖောက်မှုသည် မန်စီးတီးက မန်ယူအပေါ် ထားရစ်ခဲ့သည့် တစ်ခုတည်းသော နာကျင်စရာ မဟုတ်ခဲ့ပေ။ ၁၉၈၉ ခုနှစ်တွင် နှစ်သင်းပရိသတ်များ ပွဲကြည့်စင်ပေါ်တွင် အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး မန်ချက်စတာဒါဘီ၏ အကြီးမားဆုံးသော ပဋိပက္ခအဖြစ် စံချိန်တင်ခဲ့သည်။ မန်ယူပရိသတ်တွေအတွက် အသည်းကွဲစရာအကောင်းဆုံး အခိုက်အတန့်ကတော့ မန်စီးတီးကို ၅ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ခြင်းပင်။
“သုံးနှစ်ပြီးတော့ နောက်ထပ် သုံးနှစ်။ အရာအားလုံးက အရင်အတိုင်းပါပဲ။ ဆင်ခြေတွေ ပေးမနေနဲ့တော့။ အခုချက်ချင်း ထွက်သွားတော့ ဖာဂူဆန်”
ထိုစဉ်က အိုးထရက်ဖို့ဒ် အပြင်ဘက်တွင် ထိုကဲ့သို့သော စာသားများကို နေရာအနှံ့ ချိတ်ဆွဲထားခဲ့ကြ၏။ သို့သော် ဇာတ်လမ်းကတော့ လူတွေထင်သလို ဖြစ်မလာခဲ့ပေ။
ဖာဂူဆန်သည် အက်ဖ်အေဖလား ချန်ပီယံဆုဆိုသည့် အသက်ကယ်ကြိုးကို မိမိရရ ဆုပ်ကိုင်နိုင်ခဲ့သည်။ ထို့အပြင် ကျော်ကြားလှသော ‘Class of 92’ ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး သရဲနီများ၏ ဒုတိယမြောက် ရွှေရောင်ခေတ်ကို တည်ဆောက်နိုင်ခဲ့လေသည်။
သို့သော် မန်ချက်စတာ ယူနိုက်တက် မည်မျှပင် ကြီးကျယ်ခမ်းနားနေပါစေ၊ အိုးထရက်ဖို့ဒ်တွင် ဒါဘီပွဲ ကျင်းပသည့် နေ့ရက်တိုင်း၌ မန်ချက်စတာ စီးတီး၏ အသင်းသီချင်းသံကတော့ အမြဲတမ်း ပဲ့တင်ထပ်နေဦးမည်သာ။ အနီနှင့် အပြာ၏ ပြိုင်ဆိုင်မှုကလည်း ထာဝရ တည်ရှိနေပေလိမ့်မည်။
မန်ချက်စတာအသင်း နှစ်သင်းကြားတွင် ဇာတ်လမ်းတွေက အများကြီးပင်…။ ကိန်းက ဟာလန်း (အဖေဖြစ်သူ) ကို ခုန်ကန်ခဲ့တာ။ သစ္စာဖောက် ရှမိုက်ကယ်၊ နဗီးလ်ရဲ့ နတ်ဘုရားဆန်တဲ့ အနမ်းနဲ့ ရွန်းနီရဲ့ ရင်သပ်ရှုမောဖွယ် နောက်ပြန်ကန်ချက်တွေ...။
မြို့တော်ခန်းမဘေးက အဆောက်အအုံအတွင်းမှာတော့ ချူဖုန်းသည် မီဒီယာများ၏ အင်တာဗျူးကို ဖြေကြားနေခဲ့သည်။ ကာရေဂါက ခြေထောက်ချိတ်ထိုင်ရင်း “ပြီးခဲ့တဲ့ ရာသီနှစ်ခုမှာ မန်စီးတီးက ပရီးမီးယားလိဂ်ဖလား မရခဲ့ပေမဲ့ သူတို့ရဲ့ ခြေစွမ်းကတော့ တကယ်ကို အထင်ကြီးစရာကောင်းပါတယ်။ နောက်သုံးရက်မှာ ကစားရမယ့်ပွဲအတွက် စိုးရိမ်နေမိလား”ဟု မေးလိုက်၏။
တကယ်တော့ သူက မန်ယူနဲ့ မန်စီးတီး သရေကျသွားဖို့ပဲ ဆုတောင်းနေတာပါ။ ဒါမှ လီဗာပူးလ်အတွက် ချန်ပီယံမျှော်လင့်ချက် ကျန်ဦးမှာလေ။
ချူဖုန်းက မန်စီးတီးကို အထင်မသေးဘဲ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြလိုက်သည်။ “မစ္စတာ ဂွါဒီယိုလာရဲ့ မန်စီးတီးအပေါ် ပြုပြင်ပြောင်းလဲမှုက အရမ်းအောင်မြင်ပါတယ်။ သူရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်က ပျောက်ကွယ်မသွားဘဲ ပိုပြီး ထိရောက်လှပတဲ့ စနစ်တစ်ခု ဖြစ်လာခဲ့တာပါ။ မစ္စတာ ဂွါဒီယိုလာ ပြောသလိုပါပဲ။ လက်ရှိအခြေအနေမှာ မန်စီးတီးက ပြည့်စုံလုနီးပါး ဖြစ်နေပါပြီ”
နဗီးလ်က ဝင်ပြီး မချေပနိုင်ခင်မှာတင် ချူဖုန်းက ပြုံးလျက် စကားလမ်းကြောင်း ပြောင်းလိုက်၏။ “သတိပြုရမှာက ‘ပြည့်စုံလုနီးပါး’ဆိုတဲ့ စကားပါ။ အသင်းတော်တော်များများက မန်စီးတီး ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ထုတ်ပေးထားပြီးသားပါ။ အဲ့ဒါကတော့ ထိရောက်တဲ့ ဖိအားပေးမှုနဲ့ ထိရောက်တဲ့ တန်ပြန်တိုက်စစ်ပါပဲ”
ကာရေဂါကတော့ ချူဖုန်းဆီက စကားထပ်ကြားရဖို့ စောင့်နေပေမဲ့ ဘာမှ ထပ်ထွက်မလာသဖြင့် “ဒါဆို မန်ချက်စတာ ယူနိုက်တက်ရဲ့ တိကျတဲ့ နည်းဗျူဟာက ဘာဖြစ်မလဲ”ဟု အတင်းမေးတော့သည်။
ချူဖုန်းက ဘာမှမပြောဘဲ ပြုံးနေလိုက်၏။ ကာရေဂါက သူ့ဆီက သတင်းနှိုက်ဖို့ ကြိုးစားနေတာကို သူ မသိဘဲ နေမလား။ ဤကဲ့သို့သော အဆင့်မြင့်ပြိုင်ပွဲကြီးများတွင် နည်းဗျူဟာသည် အသက် သွေးကြောပင်။
ပြိုင်ဘက်၏ အစီအစဉ်ကို ကြိုသိထားလျှင် တစ်ပန်းသာသည် မဟုတ်ပါလား…။ ထို့အပြင် သူ့ဆရာ မော်ရင်ညိုက ပွဲမစမီ အသင်းအကြောင်း ဖောက်သည်ချသည့် ကိစ္စရပ်ကို လုံးဝ မကြိုက်ချေ။
ယင်းကြောင့် ချူဖုန်းအနေဖြင့် သူ၏ စည်းကို ကျော်ဖို့ မရည်ရွယ်ပေ။
“ချူက ပြောပြီးသားပဲလေ။ အဓိကကတော့ ထိရောက်မှုပဲ” ဟု နဗီးလ်က စကားဖြတ်ပေးလိုက်၏။
ကာရေဂါကတော့ အလျှော့မပေးဘဲ ဆက်မေးပြန်သည်။ “မင်းပြောတဲ့ ထိရောက်မှု ဆိုတာက ကြားရတာ လွယ်သလိုရှိပေမဲ့ တကယ်တော့ ဖြေရှင်းရ ခက်ခဲတဲ့ နည်းဗျူဟာ ပုစ္ဆာတစ်ခုပါ။ တစ်သင်းနဲ့ တစ်သင်း သုံးတာချင်း မတူရင် ရလဒ်ကလည်း ကွာခြားသွားမှာပဲ။ မန်ယူမှာတော့ ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ အစီအစဉ် ရှိမှာပဲလေ။ အဲဒါလေးကို အသေးစိတ် ပြောပြလို့ ရမလား”
ချူဖုန်း တစ်ယောက် ညည်းတွားဖို့တောင် အင်အားမရှိတော့ပေ။ ကာရေဂါ တစ်ယောက် ဘာတွေ တွေးနေတာလဲ။ သူက တကယ်ကြီး ငါ့ကို အရူးလို့ ထင်နေတာလား။
နဗီးလ်ကတော့ လူမှုဆက်ဆံရေး ပါးနပ်သူပီပီ အတင်းအဖျင်းသတင်းဖြင့် အာရုံလွှဲပေးလိုက်၏။ “ကဲ... နောက်မေးခွန်းတစ်ခုကတော့ ပရိသတ်တွေ စိတ်ဝင်စားမယ့် ကိစ္စပါ။ မင်းနဲ့ ဂွါဒီယိုလာရဲ့ သမီးကြားက ပတ်သက်မှုကို လူတိုင်း သိကြပါတယ်။ ဘယ်လိုစတွေ့ခဲ့ကြလဲဆိုတာ ပြောပြလို့ ရမလား”
ထိုမေးခွန်းကို ကြားသောအခါ ချူဖုန်းက ရှက်ရွံ့ဟန်ဖြင့် ပြောရင်း နှာခေါင်းကို ပွတ်လိုက်၏။ “အင်း... ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ပြီးတဲ့နောက် တစ်သင်းလုံး ဘားတစ်ခုကို သွားခဲ့ကြတယ်လေ။ အဲ့ဒီမှာပဲ သူနဲ့ စဆုံခဲ့တာပါ”
ချူဖုန်းက အဖြစ်အပျက်၏ အသေးစိတ်ကို မပြောပြချေ။ သို့သော် အဖြစ်အပျက်ကို အတွင်းကျကျ သိထားသော နဗီးလ်ကတော့ စိတ်ဝင်တစားဖြင့် ပရိသတ်များကို အသေအချာ ရှင်းပြပေးနေလေသည်။
“နောက်ပိုင်းမှာ ကိုင်လီ ဝေါ်ကာ တစ်ယောက် လူငယ်အသင်းဆီကို နားရက်တစ်ဝက်လောက် အပို့ခံလိုက်ရသေးတယ်။ မန်စီးတီးဘက်က အကြောင်းပြချက်ကတော့ သူ လေ့ကျင့်ရေးမှာ စိတ်မပါလို့တဲ့လေ”
အချိန်အတော်ကြာပြီးနောက် နဗီးလ်က လေးလေးနက်နက် ပြန်မေးလိုက်၏။ “နောက်ဆုံး မေးခွန်းအနေနဲ့... နောက်သုံးရက်မှာ ကစားမယ့် မန်ချက်စတာဒါဘီရဲ့ အဆုံးအဖြတ်က ဘာဖြစ်မလဲ”
ချူဖုန်းက ခေတ္တ စဉ်းစားပြီးမှ မြို့တော်အဆောက်အအုံပေါ်က ပိုစတာကို လက်ညှိုးထိုးပြလိုက်သည်။ “ကစားသမားတွေက အသင်းအတွက် ကစားပေးဖို့ ဘယ်လို ခံယူချက်မျိုး ထားရှိသလဲ ဆိုတာပါပဲ...”
နားလည်ရခက်သော အဖြေကြောင့် နဗီးလ်နှင့် ကာရေဂါတို့ ဆွံ့အသွားကြရ၏။ အဘယ်ကြောင့်ဆိုသော် ထိုစကား၏ အဓိပ္ပာယ်ကို သူတို့ ကောင်းကောင်းကြီး နားလည်ထားသောကြောင့်ပင်။
ဘောလုံးသမားဆိုသည်မှာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်သော်လည်း ‘ယုံကြည်ချက်’ သို့မဟုတ် ‘ခံယူချက်’ဆိုသည်မှာ ရှိရစမြဲပင်။ ၎င်းသည် ဘာသာရေးနှင့် မဆိုင်ပေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင်... မင်း အဲဒီဂျာစီကို ဝတ်လိုက်တဲ့ အချိန်မှာ ‘ဘာမဆို ဖြစ်နိုင်တယ်’ ဆိုတာကို သိနေရမယ်။ မင်းဟာ ဆုဖလားတွေနဲ့ ဂုဏ်ကျက်သရေတွေအတွက် တိုက်ပွဲဝင်ရမယ်။ နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်။ ဘယ်တော့မှ ပြိုင်ဘက်ကို လျှော့မတွက်ရသလို ရှေ့ဆက်ဖို့လည်း ရပ်တန့်မသွားရဘူး။ ပရိသတ် သောင်းပေါင်းများစွာရဲ့ ရှေ့မှာ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံကို ပြသပြီး အသင်းအတွက် ဂုဏ်ယူစရာတွေကို ယူဆောင်ပေးရမယ်။ ဒါက မင်းလုပ်သင့်တဲ့အရာ။ ဒါဟာ ခံယူချက်ပင်…။
နဗီးလ်က အတိတ်ကို ပြန်သတိရသွားပြီးနောက် စိတ်လှုပ်ရှားစွာ “မှန်တယ်။ နောက်ဆုံးတော့ ဒါက စိတ်ဓာတ်ခိုင်မာမှုပေါ်မှာပဲ မူတည်တာ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဘိဓာန်မှာ ‘မဖြစ်နိုင်ဘူး’ ဆိုတဲ့ စကားလုံး မရှိဘူးလေ” ဟု ဆိုလိုက်၏။
ချူဖုန်းကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ မန်ချက်စတာ ယူနိုက်တက်၏ တောက်ပသော အနီရောင်ဂျာစီတွင် မှော်စွမ်းအားတစ်ခု ရှိနေသကဲ့သို့ပင်။ ဝတ်လိုက်တိုင်း ထူးခြားသော ခံစားချက် တစ်ခုကို ရရှိစေခဲ့သည် မဟုတ်ပါလား။ ၎င်းက စိတ်ဓာတ်ကျဆင်းမှုတွေကို တွန်းလှန်ပေးနိုင်သလို ခက်ခဲသည့် ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိလေသည်။
***