မန်ချက်စတာ ဒါဘီပွဲ နီးကပ်လာသည်နှင့်အမျှ ဆိုရှယ်မီဒီယာပေါ်တွင်လည်း ဟိုးဟိုး ကျော်နေတော့သည်။
【ဂွါဒီယိုလာက အခုနောက်ပိုင်း Inside forwardတွေကို နည်းနည်းပြန်ဆုတ်ခိုင်းတဲ့ နည်းဗျူဟာ အသစ်ကို သုံးနေတာ။ အပြင်းအထန် ဖိအားပေးတာမျိုးထက် ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းရည်ကို သုံးပြီး ကွင်းလယ်မှာ တိကျတဲ့ ပေးပို့မှုတွေနဲ့ အသာစီးရအောင် လုပ်တာ။ ဒါကြောင့် မန်စီးတီးက နိုင်ဖို့ အခွင့်အရေး ပိုများတယ်လို့ ထင်တယ်။】
【မန်စီးတီးရဲ့ နည်းဗျူဟာကို အပိုင်နိုင်ဆုံး နည်းပြက ဘယ်သူလဲ သိလား ဟုတ်တယ်။ မော်ရင်ညိုပဲ။ သူ မန်စီးတီးရဲ့ အားနည်းချက်ကို ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်】
【တကယ်တော့ မန်ယူက တော့တင်ဟမ်ရဲ့ နည်းဗျူဟာကို အတုယူလို့ ရပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်မှာ ဖိအားကို အမြင့်ဆုံး ပေးထားပြီး တိုက်စစ်မှူးတွေရဲ့ ထိရောက်မှုကို သုံးပြီး တိုက်စစ်ဆင်ဖို့ပါပဲ။】
【မန်ယူမှာ ချူဖုန်း ရှိနေသရွေ့တော့ ငါ လုံးဝ မစိုးရိမ်ဘူး။】
【မန်စီးတီးရဲ့ ကွင်းလယ်ခံစစ်က အားနည်းချက် ရှိနေတာ အသိသာကြီးပဲ။ ဖာနန်ဒင်ဟိုရော ဂန်ဒိုဂန်ပါ အင်အားချင်းဆိုရင် အားနည်းတယ်။ ချူဖုန်းသာ နေရာလွတ် ရသွားရင် သူတို့ ခံစစ်ကို အလွယ်လေး ဖြိုခွဲသွားမှာပဲ။】
---
တစ်ချိန်တည်းမှာပင် မန်ချက်စတာ စီးတီး၏ ဇိမ်ခံလေ့ကျင့်ရေးကွင်းအတွင်း၌တော့ ဂွါဒီယိုလာသည် နည်းဗျူဟာ သင်ပုန်းရှေ့တွင် ရပ်ရင်း ရှုပ်ထွေးလှသော မျဉ်းကြောင်းများကို ညွှန်ပြနေ၏။ “ငါကတော့ ချူဖုန်းကို လူကပ်ကစားဖို့ အစကတည်းက မစဉ်းစားထားဘူး။ အဲဒါက နည်းဗျူဟာအရ အင်အားတွေ အလဟဿ ဖြစ်စေနိုင်တယ်။ အဲဒီအစား ကွင်းလယ်နဲ့ တိုက်စစ်မှာ ကစားသမားတွေ ပိုထားပြီး ဘောလုံးပေးပို့မှုနဲ့ ထိန်းချုပ်မှုကိုပဲ ပိုလုပ်တာက ပိုကောင်းလိမ့်မယ်။ မန်ယူရဲ့ အားနည်းတဲ့ဘက်ခြမ်းမှာ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခြေအနေတွေ အများကြီး ဖန်တီးနိုင်ရင် ငါတို့အတွက် အခွင့်အရေးကောင်းတွေ အများကြီး ရလာမှာပဲ”
ထို့နောက် သူက ဒီဘရိုင်းကို ကြည့်ကာ “ကယ်ဗင်... မင်းက ကစားကွက် တည်ဆောက်ပုံနဲ့ နေရာယူမှုကို သေချာ ထိန်းချုပ်ပေးဖို့ လိုတယ်။ မန်ယူနောက်တန်းက နေရာလွတ်တွေ ပေးလာအောင် လုပ်စမ်းပါ။ မင်းရဲ့ အမြင်နဲ့ စွမ်းရည်နဲ့ဆိုရင် အသင်းဖော်တွေရဲ့ ခြေဖျားဆီ ဘောလုံး အရောက်ပို့နိုင်မယ်လို့ ငါ ယုံကြည်တယ်”ဟု ဆိုလိုက်၏။
ဒီဘရိုင်းက ခေတ္တ စဉ်းစားပြီးမှ တွန့်ဆုတ်စွာ မေးလိုက်သည်။ “ဒီနည်းဗျူဟာက ဘောလုံး ပိုင်ဆိုင်မှု အပေါ် အများကြီး မူတည်နေတာနော်။ တကယ်လို့ ကွင်းလယ်ခြမ်းမှာ ဘောလုံး အလွယ်တကူ အလုခံရရင် မန်ယူက အဝေးဘောတွေနဲ့ တန်ပြန်တိုက်စစ် ဆင်လာလိမ့်မယ်။ ကျွန်တော်တို့ ခံစစ်က အဲဒါကို တားနိုင်မှာ မဟုတ်ဘူး။ ဒါက စွန့်စားလွန်းရာ မရောက်ဘူးလား”
“ငါတို့မှာ တိုက်ပွဲဝင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး”
ဂွါဒီယိုလာက ခေါင်းယမ်းလိုက်၏။ မန်ယူက သရေရလဒ်ကို လက်ခံမှာ မဟုတ်သဖြင့် အသေအလဲ တိုက်ပွဲဝင်လာမည် ဖြစ်ကြောင်း သူ သိထားသည်။
ချန်ပီယံလုဘက်တွေ တွေ့ဆုံသည့် ပွဲစဉ်၌ ၃ မှတ် ဆုံးရှုံးလိုက်ရခြင်းက သေမိန့် အတည်ပြုသလိုပင်…။
“ငါတို့ မန်ချက်စတာ ယူနိုက်တက်ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ဖို့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်ကို ကစားရမယ်။ ငါတို့မှာ ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး။ မန်ယူကြောင့် ချန်ပီယံဆုတွေနဲ့ လွဲခဲ့တာလည်း များပြီ။ ဒီတစ်ခါတော့ ငါတို့ ရှိသမျှ အင်အားကုန်သုံးပြီး မန်ယူကို ဘာအခွင့်အရေးမှ မပေးတော့ဘူး။ မန်ယူက ငါတို့ကို ဆူညံတဲ့ အိမ်နီးချင်း လို့ပဲ အမြဲ မြင်နေကြတာ။ မနက်ဖြန်ကျရင် မန်ချက်စတာရဲ့ တကယ့် အရှင်သခင်တွေက ဘယ်သူလဲဆိုတာ ကမ္ဘာကြီးကို ပြလိုက်ကြစို့”
မန်စီးတီး ကစားသမားများကလည်း တက်ကြွစွာ သံပြိုင် ထောက်ခံလိုက်ကြလေသည်။ ၎င်းသည်လည်း ခံယူချက် တစ်မျိုးပင် ဖြစ်သည်။
နေ့ရက်များစွာ ကုန်လွန်ပြီး မန်ချက်စတာ ဒါဘီပွဲကြီး ရောက်ရှိလာလေပြီ။ ဆာမတ်စ် ဘတ်စ်ဘီ လမ်းမကြီးပေါ်တွင် အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ တည်ငြိမ်စွာ ရှိနေပြီး ဆာမတ်စ် ဘတ်စ်ဘီ၏ ကြေးရုပ်တုကြီးမှာလည်း ရှေ့သို့ စူးစူးစိုက်စိုက် ကြည့်နေလေသည်။
မလှမ်းမကမ်းတွင်တော့ ၁၉၅၈ ဖေဖော်ဝါရီ ၆ ရက်နေ့၌ ထာဝရ ရပ်တန့်သွားခဲ့သော မြူးနစ် နာရီ ရှိနေ၏။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာတွင် လူအုပ်ကြီးဖြင့် စည်ကားလာခဲ့ပြီ။ အိုးထရက်ဖို့ဒ် အတွင်း၌လည်း ပရိသတ် ခုနစ်သောင်းကျော်၏ အားပေးသံများက နားကွဲမတတ် ဆူညံနေလေသည်။
“သွေးပူလေ့ကျင့်ခန်းကို သေချာလုပ်ကြပါ။ ဒီနေ့ပွဲက အရမ်း ပြင်းထန်လိမ့်မယ်”ချူဖုန်းက အသင်းဖော်များကို သတိပေးလိုက်၏။
မက်ဂွိုင်းယားက ခေါင်းကို လှုပ်ယမ်းရင်း “ညီအစ်ကိုတို့... ငါ ဒီနေ့ ဂိုးသွင်းရမယ်လို့ ပြင်းပြင်းထန်ထန် ခံစားနေရတယ်ကွ” ဟု ဆိုသည်။
မာရက်ဇ်က “ဟယ်ရီ... အဲဒီလို ခံစားချက်မျိုးတွေ မထားပါနဲ့။ အဲဒါ နိမိတ်မကောင်းတာ ဖြစ်ဖို့ များတယ်” ဟု ပြန်နောက်လိုက်၏။
ဒီဂီယာကတော့ မက်ဂွိုင်းယား တစ်ယောက် အရေးကြီးပွဲတွေ ဆိုလျှင် ကြောင်တောင်တောင် ဖြစ်တတ်တာကို သိသဖြင့် စိုးရိမ်စိတ်ဖြင့် သတိထားနေတော့သည်။ သို့သော် မက်ဂွိုင်းယား စိတ်ဓာတ် မကျစေရန် တိုက်ရိုက်တော့ မပြောခဲ့ပေ။
မလှမ်းမကမ်းတွင် ဒေးဗစ် ဆေးလ်ဗားက “ကယ်ဗင်... ဘော့စ်နဲ့ ချူဖုန်းရဲ့ ပတ်သက်မှုအရဆိုရင် ချူဖုန်း တစ်နေ့နေ့ မန်စီးတီးကို ရောက်လာနိုင်မယ် ထင်လား” ဟု မေးရာ ဒီဘရိုင်းက “မထင်ပါဘူး” ဟု မသေချာဟန်ဖြင့် ပြန်ဖြေလိုက်သည်။
သို့သော် ချူဖုန်းသာ ရောက်လာခဲ့လျှင် မန်စီးတီးတို့ ဥရောပမှာ ဘယ်လောက်တောင် အင်အား ကြီးမားသွားမည်လဲ ဟု သူ တွေးနေမိသည်။ ဒေးဗစ် ဆေးလ်ဗားက သက်ပြင်းချရင်း လာပေါ့တ်ကို သတိပေးလိုက်၏။
“ဟူး... ပြိုင်ဘက်ဖြစ်နေတာကို ခေတ္တ မေ့ထားမယ်ဆိုရင် ချူဖုန်းက တကယ်ကို အပြစ် ပြောစရာ မရှိအောင် တော်တာပါပဲ။ ဒီနေ့တော့ ဘေးကင်းအောင်ပဲ ကစားစမ်းပါ။ နည်းဗျူဟာမြောက် ပြစ်ဒဏ်ကျူးလွန်ဖို့ လိုရင်လည်း တုံ့ဆိုင်းမနေနဲ့။ ဒါပေမဲ့ ပင်နယ်တီဧရိယာထဲမှာတော့ မိုက်မိုက်ကန်းကန်း မလုပ်နဲ့နော်”
မန်ယူပရိသတ်တွေ၏ အားပေးသံတွေကတော့ ကွင်းတစ်ခုလုံးကို လွှမ်းမိုးထားလေပြီ။
“အောင်ပွဲ အလီလီ ရမယ့် မန်ချက်စတာ ယူနိုက်တက်...”
“ဟေး... ငါတို့က သရဲနီတွေကွ...”
သွေးပူလေ့ကျင့်ခန်းအပြီးတွင် ကစားသမားများ အဝတ်လဲခန်းထဲ ပြန်ဝင်ကာ နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ကြသည်။ မော်ရင်ညိုက နည်းဗျူဟာကို အကျဉ်းချုပ် ပြန်ပြောပြပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“မန်စီးတီးရဲ့ ပေးပို့မှု တိကျနှုန်းကို မလျှော့ချနိုင်ရင် ငါပြောခဲ့တဲ့ နည်းဗျူဟာတွေ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်။ လီဗာပူးလ်က စိုးရိမ်စိတ်နဲ့ မတိုက်ခိုက်ဝံ့လို့ ရှုံးခဲ့တယ်။ အာဆင်နယ်က ဂိုးရပြီးမှ ခံစစ်ပဲ ပိတ်ကစားလို့ ၃ ဂိုး ပြန်ပေးခဲ့ရတယ်။ တော့တင်ဟမ်က မိနစ် ၈၅ အထိ တောင့်ခံနိုင်ခဲ့ပေမဲ့ နောက်ဆုံး ၅ မိနစ်မှာ နောက်ဆုတ်လိုက်လို့ မန်စီးတီးရဲ့ ပေးပို့မှုတွေကြားမှာ ပြိုလဲသွားခဲ့ရတာ။ ဒါကြောင့် မင်းတို့မှာ အင်အားရှိနေသရွေ့တော့ လုံးဝ ရပ်တန့်လို့ မရဘူး”
မော်ရင်ညို၏ စိတ်ဓာတ်မြှင့်တင်ရေး စကားများအပြီးတွင် မန်ယူကစားသမားများမှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြလေပြီ။
“ထွက်ကြစို့”
ချူဖုန်းသည် သူ၏ အသင်းခေါင်းဆောင်လက်ပတ်ကို တင်းကျပ်အောင် ပြန်ပတ်လိုက်ပြီး အဝတ်လဲခန်း တံခါးကို တွန်းဖွင့်ကာ ဥမင်လှိုဏ်ခေါင်း အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားလေတော့သည်။
လေထုကတော့ လေးလံ တင်းမာနေ၏။ အသင်းနှစ်သင်းလုံး ကွင်းထဲသို့ ထွက်လာချိန်တွင်တော့ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ဆူညံသွားတော့သည်။
“ယခုအခါ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) ကို တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီး။ ပွဲထွက်လူစာရင်းကို မိတ်ဆက်ပေးပါရစေ။ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာတာဖြစ်လို့ ဒီနေ့ပွဲက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာမှာ အသေအချာပါပဲဗျာ။ ဘယ်သူက နောက်ဆုံးမှာ အောင်ပွဲခံမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
တီ…
ဒိုင်လူကြီး၏ ခရာမှုတ်သံနှင့်အတူ ပွဲကို တရားဝင် စတင်လိုက်ချေပြီ။
မန်စီးတီးတို့ ပွဲစတင်ခြင်း ပြုလုပ်ကာ နောက်သို့ ဘောလုံးပေးပို့လိုက်သည်။
“ကွင်းလယ်ကနေ အပေါ်အထိ တက်ဖိထား... သူတို့ကို ဘောလုံး လွတ်လွတ်လပ်လပ် ပေးခွင့်မပြုနဲ့...”
ချူဖုန်းက မန်စီးတီး၏ ကစားကွက်ထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ဘောလုံးရနေသော ဖာနန်ဒင်ဟိုထံ ဦးတည်သွားလေသည်။ အခြား မန်ယူကစားသမားများကလည်း ပွဲမစမီက ချမှတ်ထားသော နည်းဗျူဟာများအတိုင်း စနစ်တကျနှင့် အဆက်မပြတ် ဖိအားပေးမှုများကို စတင်ကြ၏။
“နောက်မဆုတ်နဲ့...” ဒီဘရိုင်းက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအသံကို ကြားသည်နှင့် ဖာနန်ဒင်ဟိုက နောက်သို့ ဘောလုံးပြန်ပေးမည့် အကြံကို ရပ်တန့်လိုက်ပြီး နေရာယူထားသော ဒီဘရိုင်းထံသို့ ဘောလုံး ပေးပို့လိုက်သည်။ ဒီဘရိုင်းက ဘောလုံးကို လက်ခံရယူပြီး ဘာနာဒိုဆေးလ်ဗားထံ ထပ်မံ ပေးပို့လိုက်ပြန်သည်။ မန်စီးတီးတို့ ဘယ်ဘက်ခြမ်းမှနေ၍ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်ကို စတင်နေကြပြီ ဖြစ်သည်။
သို့သော် မန်ယူဘက်မှ မည်မျှပင် ပြင်းပြင်းထန်ထန် ဖိအားပေးနေပါစေ… မန်စီးတီးတို့က ရုန်းကန်နေရသည့် ကြားမှ ဘောလုံးကို ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲပင်။ ဘောလုံးပေးပို့မှု ပြောင်းလဲသွားသော အရေးပါသည့် အခိုက်အတန့်တိုင်းတွင် လူတစ်ယောက်တည်းကိုသာ ထပ်တလဲလဲ မြင်တွေ့နေရသည်။ ထိုသူက မန်စီးတီး၏ ကျောနံပါတ် (၁၇) ပင်တည်း။
နာမည်ကျော် 442 မီဒီယာ၏ လက်ရှိ ကွင်းလယ်လူများ အဆင့်သတ်မှတ်ချက်တွင် ဘယ်လ်ဂျီယံသား ကီဗင် ဒီဘရိုင်းက အဆင့် (၁) နေရာကို ထိုက်ထိုက်တန်တန် ရယူထားခဲ့သည်။ အဆင့် (၂) က မိုဒရစ် ဖြစ်ပြီး အဆင့် (၃) က ကန်တေ ဖြစ်၏။
ယခု မိနစ်အနည်းငယ်အတွင်း ပြသနေသော ဒီဘရိုင်း၏ ခြေစွမ်းက ထိုအဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ ငြင်းခုံနေမှုများအားလုံးကို လုံးဝ အသံတိတ်သွားစေခဲ့လေသည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ မန်စီးတီး၏ ဘောလုံးပေးပို့ခြင်းနှင့် ထိန်းချုပ်ခြင်းတို့က ပိုမို ချောမွေ့လာသည်။ သို့သော် သူတို့က ရှေ့သို့ အလွယ်တကူ တက်မလာဘဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရမှုကိုသာ ဆက်လက် စုဆောင်းနေကြ၏။
ဗြောင်ကျကျ ထုတ်ပြထားသော ဓားတစ်ချောင်းက ကြောက်စရာကောင်းပေ။ တကယ့် ကြောက်စရာ အကောင်းဆုံးက ဖုံးကွယ်ထားသော ဓားတစ်ချောင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်က မည်သည့်အချိန်တွင် ဓားဆွဲထုတ်မည်ကို သင် လုံးဝ ခန့်မှန်းနိုင်မည် မဟုတ်သောကြောင့်တည်း။
‘ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်တော့ဘူး...’
ချူဖုန်းက အတွင်းစိတ်မှ ရေရွတ်လိုက်ပြီးနောက် ရှေ့သို့ တက်ရန် လက်ဟန်ပြလိုက်သည်။
ဝေါင်း...
ပရိသတ်များ၏ အားပေးသံများ တစ်ဟုန်ထိုး မြင့်တက်လာမှုနှင့်အတူ အနီရောင်ဂျာစီ ဝတ်ဆင်ထားသော မန်ယူကစားသမားများက ကွင်းလုံးပြည့် ဖြန့်ထွက်လာကြသည်။ သူတို့၏ ကျောဘက်တွင် မြင်းတစ်ကောင် ပြေးလွှားနိုင်လောက်သည့် နေရာလွတ်ကြီး ကျန်ရစ်နေခဲ့သည်ကိုပင် ဂရုမစိုက်ကြချေ။
လူအင်အား သာလွန်မှုကို အသုံးချကာ ပြင်းထန်သော ဖိအားပေးစနစ်ကို တည်ဆောက်ခြင်းဖြင့် မန်စီးတီး၏ ဘောလုံးပေးပို့ထိန်းချုပ်သည့် ကစားကွက်ကို အရိုးရှင်းဆုံး နည်းလမ်းဖြင့် ဖျက်ဆီးပစ်လိုက်ခြင်းပင်။ နည်းလမ်းက ရိုင်းစိုင်းသော်လည်း အလွန် အလုပ်ဖြစ်ပေသည်။
သို့ရာတွင် အကျိုးအမြတ်နှင့် စွန့်စားရမှုက အချိုးကျနေ၏။
အကယ်၍ မန်စီးတီးဘက်မှ နောက်ခံလူများကို ကျော်ဖြတ်ကာ အဝေးဘော ဖြတ်တင်ပေးလိုက်နိုင်ပါက မက်ဂွိုင်းယားရော ဒေးဗစ်လူးဝစ်ပါ သူတို့၏ ပြန်လည်နေရာယူနိုင်စွမ်း အရ မန်စီးတီး တိုက်စစ်တန်းကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ စတာလင်း၊ အဂူရိုနှင့် ဘာနာဒိုဆေးလ်ဗားတို့က ပုံမှန်အားဖြင့် အရပ်ပုကာ လျင်မြန်ဖြတ်လတ်သော ကစားသမားမျိုးများ ဖြစ်နေသောကြောင့်တည်း။
***