“မန်ယူရဲ့ နည်းဗျူဟာက မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ မန်စီးတီးရဲ့ ဘောလုံးပေးပို့မှု ကစားကွက် စည်းချက်ကတော့ ထပ်ပြီး ပျက်စီးသွားပြန်ပါပြီ...”
“ဒါပေမဲ့ ဒီလို အရှိန်အဟုန်မျိုးက တကယ့်ကို ရင်သပ်ရှုမောစရာပဲဗျာ...”
နဗီးလ်က ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ စူးရှတောက်ပနေသော မီးရောင်များအောက်တွင် သူ၏ ကိုယ်ပိုင်အရိပ်ကို ပြန်မြင်နေရသလိုပင်။ ထို့ပြင် တစ်ချိန်က ဘယ်သူမှ ယှဉ်မရခဲ့သော ရဲရင့်သည့် မန်ချက်စတာ ယူနိုက်တက်ကိုပါ မြင်ယောင်လာမိသည်။
ကာရေဂါကလည်း ထုံးစံအတိုင်း ပြန်လည် ချေပခြင်း မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူလည်း ထိုခံစားချက်ကို အပြည့်အဝ ခံစားနေရသောကြောင့် ဖြစ်သည်။
မန်စီးတီး၏ ကစားကွက်က နောက်သို့ ဆုတ်သွားချိန်တွင် လာပေါ့ထံ ဘောလုံး ရောက်သွား၏။ ထိုစဥ် ချူဖုန်းက လာပေါ့၏ အဝေးဘော ကန်တင်မည့် ထောင့်ကို ပိတ်ဆို့ရန် ပြတ်ပြတ်သားသား ရှေ့တက်လာခဲ့ပြီး ဘေးဘက်ရှိ မာရက်ဇ်ကလည်း ဒေါင့်ဖြတ်ပေးပို့မည့် လမ်းကြောင်းကို ဖြတ်တောက်ထားလိုက်သည်။
လာပေါ့တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ဟိုဒီ ကြည့်နေမိသည်။ ပေးပို့စရာ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရသဖြင့် ဂိုးသမားထံ နောက်ပြန်ပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
“ငါ့ဆီ မပေးနဲ့...”
အီဒါဆန် စကားပြောလို့ပင် မဆုံးသေး။ လာပေါ့က နောက်သို့ ဘောလုံး ပြန်ပေးလိုက်ချေပြီ။
ထို့နောက် လာပေါ့တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိထားမိလိုက်သည်က ချူဖုန်းသည် သူ၏ ဖိအားပေးမည့် ပစ်မှတ်ကို အလွယ်တကူ ပြောင်းလဲလိုက်ပြီး အီဒါဆန်ထံသို့ အရှိန်တင် ပြေးဝင်သွားခြင်းပင်။ ကွင်းလုံးပြည့် ပရိသတ်များမှာ အသက်ရှူရပ်မတတ် တင်းမာသွားကြသည်။
အီဒါဆန်က တစ်စက္ကန့်မျှသာ တွေဝေသွားပြီးနောက် ပြတ်သားစွာပင် အစပြုလုပ်ရှားလိုက်သည်။ သူက ဘောလုံးကို အဝေးသို့ အားပါပါ ကန်ထုတ်ပစ်လိုက်၏။
ဘန်း...
“ချူဖုန်းက ဒါကို ကြိုသိနေတဲ့ပုံပဲ... သူက ခြေထောက်ကို ဆန့်ထုတ်ပြီး ကြိုပိတ်ထားလိုက်တော့ ဘောလုံးက ဂိုးပေါက်ထဲကို ပြန်ကန်ထွက်သွားတယ်ဗျ...”
“အိုး... နှမြောစရာကောင်းလိုက်တာဗျာ...”
ဘောလုံးက တိုင်ကို ပွတ်တိုက်သွားပြီး ကွင်းပြင်သို့ လိမ့်ထွက်သွားသောအခါ နဗီးလ်တစ်ယောက် မချိတင်ကဲ ညည်းတွားလိုက်မိသည်။ ချူဖုန်းသာ နည်းနည်းလေး ပိုကံကောင်းခဲ့မည်ဆိုလျှင်... မန်ယူသာ စောစောစီးစီး ဦးဆောင်ဂိုး ရသွားပါက ကျန်ရှိနေသော ပွဲချိန်များတွင် ပြင်းထန်သော ဖိအားပေးမှုများကို ဆက်လက် ထိန်းထားစရာ မလိုတော့ဘဲ များစွာ သက်တောင့်သက်သာ ရှိသွားမည် မဟုတ်ပါလော။
အီဒါဆန်တစ်ယောက် တုန်လှုပ်နေဆဲဖြစ်ကာ ဘောလုံးကောက်သည့် ကလေး ပစ်ပေးသော ဘောလုံးကို လှမ်းဖမ်းလိုက်သည်။ ခုနက ဖြစ်ပျက်သွားသည့် မြင်ကွင်းက သူ့ကို အလွန် ထိတ်လန့်သွားစေခဲ့သည်။
လာပေါ့ တစ်ယောက် ဒီလောက် နီးကပ်နေတာကို ဘာစိတ်ကူးနဲ့ နောက်ပြန် ပေးလိုက်ရတာလဲ။
ထို့ပြင် ပွဲမစမီကတည်းက ဂွါဒီယိုလာက သတိပေးထားခဲ့သည် မဟုတ်ပါလား…။ ချူဖုန်း၏ ဘောလုံးလမ်းကြောင်း ခန့်မှန်းနိုင်စွမ်းက အလွန် တိကျကြောင်းနှင့် တိုက်စစ်ဇုန်တွင် အရေးပါသော ကြားဖြတ် လုယူမှုများ အကြိမ်ကြိမ် လုပ်ပြထားကြောင်းကို သေချာပေါက် ပြောထားခဲ့သည်။
မန်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ခဲ့သော လိဂ်ဖလား ဗိုလ်လုပွဲတွင်လည်း လာပေါ့သည် အမှားအယွင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် ဆယ်မိနစ်အကြာတွင် ဂွါဒီယိုလာ၏ လူစားလဲခြင်းကို ခံခဲ့ရသည်။
ယခု အချိန်တွေ အများကြီး ကုန်လွန်သွားတာတောင် ဒီကောင်က သင်ခန်းစာ မယူသေးဘူးလား။ လိဂ်ဖလား ဗိုလ်လုပွဲက အဖြစ်အပျက်ကို ထပ်ပြီး ပုံတူကူးချင်နေတာလား။
“ဆောရီးကွာ... ငါ့အမှားပါ...”
လာပေါ့က အမှားကို ဝန်ခံလိုက်သည်။ ဘာကြောင့်မှန်း မသိသော်လည်း ချူဖုန်းနှင့် ရင်ဆိုင်ရတိုင်း သူ အမြဲတမ်း ထိတ်လန့်နေတတ်သည်။
တွေဝေပြီး ဆုံးဖြတ်ချက် မပြတ်သားနိုင်သော ခံစားချက်ကြီးပင်။ သူတို့၏ မူလ ခြေစွမ်း (၁၀) ပုံရှိလျှင် (၆) ပုံခန့်သာ ထုတ်သုံးနိုင်တော့သည်။
လာပေါ့က သူ၏ ခေါင်းကို ရိုက်ချလိုက်ကာ အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်ပြီး “အသင်းခေါင်းဆောင်... ခဏနေရင် ကျွန်တော့်နောက်က အခြေအနေကို သေချာလေး ကြည့်ပေးထားပါဦး...”
ကွန်ပနီက ခေါင်းညိတ်ပြလိုက်သည်။ လာပေါ့၏ ခံစားချက်ကို သူ နားလည်ပါသည်။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ချူဖုန်း၏ အလဲထိုးခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည် မဟုတ်ပါလား…။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရင်ထဲတွင် မိစ္ဆာနတ်ဆိုးများ ဝင်ပူးနေသကဲ့သို့ စိတ်ဒဏ်ရာ ရနေခြင်းပင်။ ထို့ပြင် သူက ဒူးဒဏ်ရာ အပြင်းအထန် ရရှိထားသူလည်း ဖြစ်သည်။
“မင်း ကိုင်တွယ်ရ ခက်တယ်လို့ ခံစားရရင် ဘောလုံးပိုင်ဆိုင်မှုကို ကိုယ့်သဘောနဲ့ကိုယ် လျှော့ချပစ်လိုက်လို့ ရတယ်...” ကွန်ပနီက ကြင်နာစွာ သတိပေးလိုက်သည်။
ဤသို့ပြုလုပ်ခြင်းက မန်စီးတီး၏ ဘောလုံးပေးပို့ထိန်းချုပ်နိုင်စွမ်းကို လျော့ကျသွားစေမည် မှန်သော်လည်း ခုနကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်လာခြင်းထက်စာလျှင် ပိုကောင်းသေးသည် မဟုတ်ပါလော။
လာပေါ့က အတင်းပြုံးပြကာ “ကျွန်တော် စိတ်ကို ပြန်ပြင်ဆင်ပြီးပါပြီ...”
ထိုသို့ပြောသည်ကို မြင်သောအခါ ကွန်ပနီက ဘာမှ ဆက်မပြောတော့ချေ။
မန်စီးတီး၏ ဂိုးစည်းမှ ကန်တင်ခြင်းက တောင်ပံရှိ ဇင်ချန်ကိုထံသို့ ရောက်သွားသည်။ ယူကရိန်းသား၏ ဘောလုံးဆွဲတက်နိုင်စွမ်းက အတော်လေး ကောင်းမွန်သော်လည်း သူ စွမ်းရည်ပြချင်နေချိန်တွင် မန်ယူကစားသမားများက သူ့ကို ဖိအားလာမပေးသည်ကို တွေ့လိုက်ရသည်။
အချိုးမညီတဲ့ ခံစစ်စနစ်လား။
ဂွါဒီယိုလာက မော်ရင်ညိုကို လှမ်းကြည့်လိုက်ပြီးနောက် အာတီတာနှင့်အတူ အခြေအနေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ “မန်ယူက ငါတို့ရဲ့ တိုက်စစ်အားကောင်းတဲ့ဘက်က ညာတောင်ပံ ဆိုတာ သိထားတယ်... ဒါကြောင့် သူတို့ရဲ့ ခံစစ်က အဲဒီဘက်ကို အလေးသာနေတယ်။ သူတို့ ကိုယ်တိုင် လွတ်ထားပေးတဲ့ ဘယ်တောင်ပံအတွက်ကရော...”
ဒါ ထောင်ချောက်ပဲ... ။
ဂွါဒီယိုလာ ရုတ်တရက် မော့ကြည့်လိုက်သည်။
ဇင်ချန်ကိုက ကွင်းလယ်မျဉ်း အနီးအထိ ဘောလုံးကို လိမ်ခေါက်ဆွဲလာပြီးနောက် အလယ်သို့ ချိုးဝင်လာသော ဒီဘရိုင်းထံ ဘောလုံး ကန့်လန့်ဖြတ် ပေးပို့လိုက်သည်။
သို့သော် ထိုခဏမှာပင် မန်ယူတို့က ဖိအားပေး တိုက်ခိုက်မှုကို စတင်လိုက်ချေပြီ။
တစ်သင်းလုံး၏ ကစားကွက်က ဆောက်သွားကြီး တစ်လက်နှင့် တူနေပြီး မန်စီးတီး၏ ကွင်းလယ်ကို အညှာအတာမဲ့စွာ ထိုးဆောက်နေသည်။ ကန်တေက ဒီဘရိုင်းအနီးသို့ လျင်မြန်စွာ ကပ်လာ၏။ သူက ခန္ဓာကိုယ် တောင့်တင်းမှုပိုင်းတွင် သိပ်မအားကောင်းသော်လည်း ဒီဘရိုင်းကို ရစ်ပတ်နှောင့်ယှက်နိုင်ခဲ့သည်။
အခြေအနေများ ရှုပ်ထွေးသွားမှုကြောင့် ဒီဘရိုင်းတွင် ဘောလုံးပေးစရာ လမ်းကြောင်း မရှိတော့ဘဲ သူ၏ ဘောလုံးဆွဲနိုင်သည့် နေရာလွတ်များ ကျဉ်းမြောင်းလာသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် တောင်ပံသို့ ရောက်နေသော ဇင်ချန်ကိုထံသို့သာ ဘောလုံး ပြန်ပေးလိုက်ရတော့သည်။
သို့ရာတွင် မန်ယူ၏ ဖိအားပေးမှုက မပြီးဆုံးသေးပေ။ ဟာရဲရားနှင့် ဝမ်ဘစ်ဆာကာတို့က တိတ်တဆိတ် ရှေ့တက်လာကြပြီး ဒေးဗစ်ဆေးလ်ဗားနှင့် ဇင်ချန်ကိုတို့ကို အသီးသီး ပစ်မှတ်ထားလိုက်ကြသည်။
“အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုက တကယ့်ကို ပြတ်သားလွန်းတယ်... ဇင်ချန်ကို နောက်ပြန်ပေးလိုက်ရလို့ အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်သွားပြီဗျ...”
“အဂူရိုက တိုက်စစ်ဇုန်မှာ လူကျွံနေတယ်... ဖာနန်ဒင်ဟိုသာ ဘောလုံးပေးနိုင်ရင်...”
နဗီးလ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
ဝုန်း...
ပေါ့ဘာက ဖာနန်ဒင်ဟိုကို ဘေးတိုက် ဝင်ဆောင့်လိုက်ရာ ဖာနန်ဒင်ဟို ရည်ရွယ်ထားသော အဝေးဘော လမ်းကြောင်း လွဲချော်သွားလေသည်။ ဘောလုံးက ရှေ့သို့ လိမ့်ထွက်သွားကာ ယိမ်းထိုး တုန်လှုပ်နေ၏။
ဒီဘရိုင်းကို နှောင့်ယှက်ပြီးနောက် ကန်တေက သူ၏ မူလနေရာသို့ ပြန်မသွားဘဲ ရှေ့သို့ ဆက်တက်သွားခဲ့သည်။ သူ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းက မန်ယူတို့ ဘောလုံး ပြန်လည် ရရှိရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့သည်။
ကန်တေက ပေါ့ဘာထံသို့ ပထမအကြိမ် ဒေါင့်ဖြတ်ပေးပို့မှု လုပ်လိုက်ပြီး ပေါ့ဘာက ဘောလုံး လက်ခံရယူကာ လှည့်ထွက်ပြီး မန်စီးတီး ပင်နယ်တီဧရိယာဆီသို့ အရှိန်ကုန် ပြေးထွက်သွားလေသည်။
မန်ယူ၏ ရှေ့တက် ဖိအားပေး ကစားကွက်ကြီးက အကျိုးအမြတ်များ ရရှိသွားခဲ့ချေပြီ။
“ဒါ့အပြင် မန်စီးတီးရဲ့ ကစားကွက်က ရှေ့ကို အရမ်း တက်လွန်းနေတယ်... နောက်တန်းမှာ ခံစစ်ကစားသမား အရေအတွက် အကန့်အသတ် ဖြစ်သွားပြီ...”
“ဒါကြောင့် မန်ယူတို့ တိုက်စစ်ဇုန်မှာ (၃) ယောက်ချင်း ယှဉ်ရမယ့် အခွင့်အရေး ရသွားပါပြီဗျာ...”
နဗီးလ် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေါ့ဘာက တိုက်စစ်ဇုန်သို့ ရောက်ရှိလာပြီး အရှိန် အနည်းငယ် လျှော့ကာ ဂိုးကန်သွင်းမည့် ဟန်ပြင်လိုက်သည်။ သူ၏ ရှေ့ရှိ အသင်းဖော်များကလည်း အသင့်ပင်။
ချူဖုန်းနှင့် မာရက်ဇ်တို့ နှစ်ဦးစလုံးက ပင်နယ်တီဧရိယာထဲသို့ ပြေးဝင်နေကြပြီး ထပ်ဆင့် တိုက်စစ် အတွဲအဖက်ကိုပင် အကောင်အထည် ဖော်နေကြသည်။
လာပေါ့တစ်ယောက် လုံးဝကို ကြက်သေသေသွားပြီး ခေါင်းထဲတွင် ရှုပ်ထွေးသွားကာ မည်သူ့ကို လူကပ်ရမှန်း မသိတော့ချေ။ နောက်ဆုံးတွင် သူက မသိစိတ်၏ စေ့ဆော်မှုအရ ချူဖုန်းနောက်သို့သာ လိုက်သွားလိုက်သည်။
မည်သို့ပင်ဆိုစေ ချူဖုန်းက အန္တရာယ် အပေးနိုင်ဆုံး မဟုတ်ပါလား…။ ကွန်ပနီကမူ အခြေအနေကို ထိန်းချုပ်ရန် ရှေ့သို့ တက်လာခဲ့ပြီ ဖြစ်သည်။
သူ၏ ရည်ရွယ်ချက် အထမြောက်သွားပြီ ဖြစ်သဖြင့် ပေါ့ဘာက ဘယ်ဘက်သို့ ပြတ်ပြတ်သားသား မျှောထိုးပေးပို့မှု တစ်ခု လုပ်လိုက်ရာ ဘောလုံးက မာရက်ဇ်ထံသို့ တိကျစွာ ရောက်ရှိသွားတော့သည်။
ဝေါ်ကာက အလွန် လျင်မြန်စွာ လိုက်မီလာသည်။ အကယ်၍သာ မာရက်ဇ် စက္ကန့်ဝက်ခန့် တွေဝေသွားပါက မန်ယူ၏ တိုက်စစ်ကို သူ ဖြတ်တောက်နိုင်မည်ဟု ယုံကြည်ထား၏။
သို့သော် အိမ်မက်နှင့် လက်တွေ့ကြားရှိ ကွာဟချက်က ကြီးမားလွန်းလှသည်။ မာရက်ဇ်က ပြေးနေစဉ်မှာပင် ဂိုးကန်သွင်းမည့် အနေအထားကို ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဘောလုံး သူ၏ ရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် တန်းကန်လိုက်လေသည်။
ရွှစ်... ဘန်း...
ဘောလုံးက မြက်ခင်းပြင်ပေါ်မှ လိမ့်ဆင်းသွားကာ အဝေးထောင့်ဆီသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး ဘေးသို့ ရွေ့လာသော အီဒါဆန်နှင့် ကပ်သီးလေး လွဲသွားခဲ့သည်။
ဆူညံနေပြီဖြစ်သော အိုးထရက်ဖို့ဒ်ကွင်းကြီးက ဤအချိန်တွင် ပို၍ပင် ဆူညံသွားတော့သည်။ မန်ယူ ပရိသတ်များ၏ အားပေးသံများက သည်းထန်စွာ ရွာသွန်းနေသော မိုးသက်မုန်တိုင်းအလား လူတိုင်း၏ နားစည်များကို ရိုက်ခတ်သွားလေသည်။
၁-၀…
***