မန်ယူ၏ ပြင်းထန်သော ဖိအားပေးမှုက ကိုးမိနစ်တိတိ ကြာမြင့်ခဲ့ပြီး မန်စီးတီး၏ ဘောလုံးပေးပို့ ထိန်းချုပ်သည့် ကစားကွက်ကို အရင်ဆုံး ဖျက်ဆီးပစ်ကာ ထောင်ချောက်ဆန်သော ခံစစ်ဗျူဟာဖြင့် ဘောလုံးပိုင်ဆိုင်မှုကို ပြန်လည် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ နည်းဗျူဟာ တစ်ခုလုံးကို အပြစ်ဆိုဖွယ်ရာ မရှိအောင် အကောင်အထည် ဖော်နိုင်ခဲ့လေသည်။
“ဂိုး.....”
“Sky Sports ရဲ့ ပွဲကြို မဲခွဲဆုံးဖြတ်မှုမှာ ပရိသတ် ၆၀% က မန်စီးတီးက အရင်ဂိုးသွင်းမယ်လို့ ယုံကြည်ခဲ့ကြတာဗျ...”
“ဒါပေမဲ့ အမှန်တရားက ဘာလဲဆိုတော့... မန်ယူက အရင် ဦးဆောင်ဂိုး ရသွားပါပြီ။ ချူဖုန်းရဲ့ ကံဆိုးမှုလေးသာ မပါခဲ့ဘူးဆိုရင် ရလဒ်က အခုဆို ၂-၀ တောင် ဖြစ်နေလောက်ပြီ...”
“မန်ယူတို့ အိုးထရက်ဖို့ဒ်မှာ အိမ်မက်ဆန်တဲ့ အစပျိုးမှုကို ရရှိသွားပါပြီဗျာ...”
နဗီးလ် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် မျက်နှာကြီး နီရဲလာကာ စားပွဲကို လက်သီးဖြင့် ထုပြီး သူ၏ ခံစားချက်များကို ပေါက်ကွဲထုတ်လိုက်သည်။ ပွဲမစမီက သူ ဘယ်လောက်ပဲ ယုံကြည်မှု ရှိနေပုံပေါ်ပါစေ၊ တကယ့် တကယ်တွင်တော့ သူ တော်တော်လေး မသေမချာ ဖြစ်နေခဲ့သည်။
သူက မန်ယူ ဂိုးသွင်းနိုင်ခဲ့လျှင်တောင် ချူဖုန်းက ပြင်းထန်သော ထိုးဖောက်မှုများနှင့် သူ၏ တစ်ဦးချင်း စွမ်းရည်များကို သုံးပြီး ယူရလိမ့်မည် ဟု ထင်ထားခဲ့သည်။
ယခုလို နည်းဗျူဟာပိုင်း အောင်မြင်မှုမျိုး ဖြစ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။ မော်ရင်ညိုက ဂွါဒီယိုလာထက် ပိုတော်သည်ဟု ပြောရန် မသင့်တော်သော်လည်း ပွဲအစ ၁၀ မိနစ်တွင်တော့ ၎င်းက အမှန်တရား ဖြစ်ခဲ့ပေသည်။
စိမ်းလန်းသော ဘောလုံးကွင်းပြင်ပေါ်တွင်။
ကစားသမားများက မာရက်ဇ်ဘေးတွင် စုရုံးကာ အောင်ပွဲခံနေကြသည်။
“ရီယာ့ဒ်... မင်းရဲ့ ရွှေဘယ်ခြေက အလုပ်လုပ်သွားပြန်ပြီ... မင်းကို ငါ တကယ် သဘောကျတာကွာ...”
“ခုနက လူလိမ်ခေါက်ကွက်လေးကလည်း တကယ့်ကို လှတယ်ကွ...”
မန်ယူကစားသမားများက မာရက်ဇ်ကို တစ်လှည့်စီ ချီးကျူးနေကြရာ သူ၏ မျက်နှာပေါ်တွင် အပျော်များ အတိုင်းသား ပေါ်လွင်နေ၏။
ချူဖုန်းက အဆုံးသတ် မှတ်ချက်ပေးလိုက်သည်။ “အခု ငါတို့ တစ်ဂိုး အသာရသွားပြီဆိုတော့ အရင်လောက် ဖိကစားစရာ မလိုတော့ဘူး။ ဒါပေမဲ့ ကွင်းလယ်နဲ့ တိုက်စစ်ဇုန်တွေမှာ ဆက်ပြီး ဖိအားပေးနေရမယ်။ မန်စီးတီးနဲ့ ငါတို့ အကြိမ်ကြိမ် ကစားဖူးတယ်... သူတို့ ဘယ်လောက် အကြောမာတယ် ဆိုတာ ငါတို့ သိပြီးသားပဲ... ဒါကြောင့် လုံးဝ သတိလက်လွတ် မဖြစ်စေနဲ့...”
သူက တမင်တကာ ပျော်ပွဲလာဖျက်သူ လုပ်နေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘောလုံးပွဲများက ခန့်မှန်းရ ခက်ခဲပြီး မိနစ်အနည်းငယ်အတွင်း ကောင်းကင်ဘုံမှ ငရဲပြည်သို့ ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။
ဘောလုံးလောကတွင် ၁၉၉၉ ခုနှစ် နူးကမ့်ဖြစ်ရပ်ကဲ့သို့ ဖြစ်ရပ်ပေါင်း များစွာ ရှိခဲ့ဖူးသည် မဟုတ်ပါလား…။
ထိုစကားကို ကြားသောအခါ မန်ယူကစားသမားများက သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်မှုကို ပြန်လည် ရယူလိုက်ကြသည်။ အောင်ပွဲအရုဏ်ဦးက ရှေ့တွင် ရှိနေပြီဖြစ်ရာ မည်သူကမျှ ၎င်းကို လက်လွှတ်မခံလိုကြသလို သူတို့၏ ကစားသမားဘဝတွင် အမည်းစက်တစ်ခု အဖြစ်လည်း မခံလိုကြချေ။
ကွင်းဘေးမှ မော်ရင်ညိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူ ဘာကြောင့် ချူဖုန်းကို အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ခဲ့တာလဲ။
ချူဖုန်းက နာမည်ကြီးလို့၊ စွမ်းဆောင်ရည် ကောင်းလို့ ဒါမှမဟုတ် ရုပ်ချောလို့ မဟုတ်ပေ။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်မှာ ပြသတဲ့ သူ၏ တည်ငြိမ်မှုကြောင့်ပင်…။
ဘောလုံးဆိုတာ စိတ်အားထက်သန်မှု လိုအပ်သည့် အားကစားတစ်ခု ဖြစ်ပေမဲ့ တည်ငြိမ်သော ဆုံးဖြတ်ချက်များလည်း လိုအပ်တယ် မဟုတ်ပါလော။
“ဘော့စ်... ကျွန်တော်တို့ အရှိန်လေး နည်းနည်း လျှော့ဖို့ လိုတယ်... မဟုတ်ရင် ဒုတိယပိုင်းမှာ ခက်ခဲသွားလိမ့်မယ်...” ဖာရီယာက သတိပေးလိုက်သည်။
ဘောလုံးလောကရှိ မည်သည့်အသင်းမှ ကစားသမားများက စက်ရုပ်များ မဟုတ်သရွေ့ ပွဲချိန်ပြည့် ဖိအားပေးကစားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် စည်းချက်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရေးက အလွန် အရေးကြီးသည်။
ဖိအားပေးမှုကို အဓိကထားသော ကလော့ပ်၏ နည်းဗျူဟာများကြောင့် အထင်မလွဲလိုက်ပါနှင့်။ သူ့တွင် ရှင်းလင်းသော စည်းချက်တစ်ခု ရှိပြီး ကွင်းတွင်းရှိ ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိသည်။
မန်ယူက ထိုသို့သော ပြင်းထန်သည့် ဖိအားပေးမှုမျိုး မလုပ်နိုင်ပေ။ ထို့ကြောင့် မော်ရင်ညိုက ပါးနပ်သော နည်းလမ်းတစ်ခု ဖြစ်သည့် အချိုးမညီသော ခံစစ်စနစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ဗဟိုချက်က ကန်တေပင်။
ပြင်သစ်သား ကန်တေသည် အလွန် ကြီးမားသော ဧရိယာကို လွှမ်းခြုံ၍ ကစားနိုင်သည်။ ခပ်ပိုပို ပြောရလျှင် သူ့ကို လူတစ်ယောက်ခွဲစာ အဖြစ် အသုံးပြုနိုင်သည်။
သူက အားနည်းသော ခံစစ်ဧရိယာကို ကာကွယ်ပေးနိုင်ရုံသာမက ရှေ့သို့တက်၍ အရေးပါသော ကြားဖြတ် လုယူမှုများကိုပါ အခွင့်ကောင်းယူ လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ဂွါဒီယိုလာက သူ၏ နားထင်များကို ပွတ်သပ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အလွန်အမင်း ပင်ပန်း နွမ်းနယ်နေသည့် အမူအရာများ ပေါ်လွင်နေ၏။
မော်ရင်ညို ပြောင်းလဲသွားပြီဟု သူ ခံစားလိုက်ရသည်။ အရင်ကထက် ပိုတော်လာပြီး ပိုရဲတင်းလာခဲ့ပြီ။
ခုနက မန်ယူတို့လို အခြေအနေမျိုးတွင် မန်စီးတီးအတွက် မန်ယူ၏ ခံစစ်ကို ဖောက်ထွက်ရန် အဝေးဘော တစ်ချက်သာ လိုအပ်သည်။ ကံဆိုးစွာဖြင့် မန်ယူက သူတို့ကို ကန်သွင်းခွင့် မပေးခဲ့ပေ။
‘ဒါပေမဲ့ မော်ရင်ညို တိုးတက်လာသလို ငါလည်း တိုးတက်လာခဲ့တာပဲ...’
ဂွါဒီယိုလာက စိတ်ကို ပြန်လည် တည်ငြိမ်စေလိုက်ပြီးနောက် သူ၏ ကစားသမားများကို လက်ညှိုး ညွှန်ကာ ညွှန်ကြားချက်များ အတိုင်း လုပ်ဆောင်ရန် လက်ဟန်ပြလိုက်သည်။
ဘောလုံးပိုင်ဆိုင်မှုကို အခြေခံသော ကစားကွက် ဗားရှင်း ၃.၀ ။
ဒါက ယခုရာသီတွင် သူ ပြောင်းလဲထားသော မန်စီးတီး၏ ပုံစံသစ် ဖြစ်ပြီး ပြီးခဲ့သည့် ရာသီက နည်းဗျူဟာများကို လုံးဝ စွန့်လွှတ်ထားခြင်းပင်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဖာထေးသည့် အဆင့်ကို ကျော်ကာ စနစ်တစ်ခုလုံးကို အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းရှိ နယ်ပယ်အသီးသီးမှ ထိပ်တန်းသို့ ရောက်နေသူများတွင် ဘုံတူညီချက် အနည်းနှင့် အများ ရှိတတ်ကြသည်။ ဥပမာ - သူတို့၏ ကိုယ်ပိုင် အကြံဉာဏ်များကို ဘယ်သောအခါမှ သံသယ မဝင်ခြင်းမျိုးပင်။
ဂွါဒီယိုလာက ပြီးပြည့်စုံသော ဥပမာတစ်ခု ဖြစ်သည်။
သူ၏ တည်ငြိမ်သော အမူအရာက မှော်ဆန်သော စွမ်းအားတစ်ခု ရှိနေသကဲ့သို့ မန်စီးတီး ကစားသမားများ၏ ရင်ထဲမှ မတည်ငြိမ်မှုများကို ဖယ်ရှားပေးလိုက်သည်။
“ငါတို့ ညာတောင်ပံနဲ့ အလယ်ပေါက်ကနေ ဖောက်ဝင်ရမယ်... ပြီးတော့ သူတို့ ငါတို့ကို ဖိအားမပေးနိုင်အောင် ကွင်းလယ်ဧရိယာမှာ အမြန် အကူးအပြောင်းတွေ လုပ်ရမယ်...”
ဒီဘရိုင်းက ပြတ်သားစွာ ပြောလိုက်သည်။ အသင်းထဲတွင် အသံတစ်သံတည်းသာ ရှိရမည် ဖြစ်ပြီး သို့မှသာ အားလုံး စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ကာ ရှုပ်ထွေးသော တိုက်စစ်ဆင်မှုမျိုးကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
မန်စီးတီးတွင် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားကွက်မျိုး ကစားနိုင်စွမ်း ရှိသလား။
ဒါက သံသယဝင်စရာပင် မလိုပေ။ သူတို့အားလုံးက ဘောလုံးကိုင် ကစားရာတွင် အထူးချွန်ဆုံး ကစားသမားများ ဖြစ်ကြလေသည်။
ပွဲပြန်စသည်နှင့် တစ်ပြိုင်နက်...
မန်စီးတီးက သူတို့ ချမှတ်ထားသော နည်းဗျူဟာများကို ခိုင်ခိုင်မာမာ အကောင်အထည် ဖော်ကြပြီး ဒီဘရိုင်းက ဘောလုံး ဖြန့်ဝေမှုကို အဓိက တာဝန်ယူထားသည်။
ဖျစ်... ဖျစ်... ဖျစ်...
မန်စီးတီးတို့ လျင်မြန်စွာ ရှေ့သို့ ဆွဲတက်လာသည်နှင့်အမျှ ဘောလုံးကို ထပ်တလဲလဲ ထိတွေ့နေသော အသံများ ထွက်ပေါ်လာသည်။ တူညီသော ဇာတ်လမ်းက ပြန်လည် စတင်နေသကဲ့သို့ပင်။
မန်ယူက အညှာအတာမဲ့စွာ ဖိအားပေးကြပြီး မန်စီးတီး၏ ဘောလုံးပေးပို့မှု စည်းချက်ကို ဖြတ်တောက်ရန် ကြိုးပမ်းသည့် အနေဖြင့် နည်းဗျူဟာမြောက် ဖောင်းဘောများကိုပင် အသုံးပြုလာကြသည်။
သို့ရာတွင် မိနစ် ၃၀ ကျော်ကြာ ဖိအားပေးပြီးနောက် မန်ယူကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သိသိသာသာ ကျဆင်းလာခဲ့သည်။
FIFA ဂိမ်းထဲတွင်ဆိုလျှင် အစိမ်းရောင်ဘားတန်းမှ အဝါရောင်ဘားတန်းသို့ ပြောင်းသွားသကဲ့သို့ပင်။
သူတို့၏ ဖိအားပေးနိုင်မှု အရှိန်က လျော့ကျသွားသည်။ ယင်းက အနည်းငယ်သာ ဖြစ်သော်ငြား မန်ချက်စတာ စီးတီး အတွက် တဖြည်းဖြည်းနှင့် ကစားရ ပိုသက်သာလာသည်။
“ဝိုင်းလုကြကွာ...”
အက်ရှလေယန်းက အရှေ့သို့ ပြေးထွက်သွားကာ အော်ဟစ်လိုက်ပြီး ဘောလုံးရနေသော ဘာနာဒို ဆေးလ်ဗားထံ တန်းတန်းမတ်မတ် သွားလိုက်သည်။ ဘာနာဒို ဆေးလ်ဗားက ယုန်တစ်ကောင်အလား သူ၏ ညာခြေကို သုံး၍ ဖျက်ထုတ်မှုကို ရှောင်တိမ်းကာ ရှေ့သို့ ခြေလှမ်း အနည်းငယ် ဆက်သွားပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်သည်။
ထိုအခါ အက်ရှ်လေယန်း တစ်ယောက် ရှေ့တိုးနောက်ဆုတ် လုပ်ရင်း လိုက်ပါနေရုံမှအပ အခြား မလုပ်နိုင်တော့ချေ။ သူ ယခု ကြီးမားသော ဖိအားများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ အသက်ပိုကြီးလာပြီဖြစ်ရာ လူငယ်များနှင့် မယှဉ်နိုင်တော့သည်မှာ သေချာလှသည်။
***