ဘာနာဒိုဆေးလ်ဗားက အက်ရှ်လေယန်းကို ခြေယောင်ပြ ကျော်ဖြတ်ပြီးနောက် အလယ်သို့ ဖြတ်ဝင်လာသည်။ ထို့နောက် အလယ်ကြောအတိုင်း ဘောလုံးကို မျှောပေးလိုက်၏။
ထိုစဥ် လူရိပ်နှစ်ခုက ဘောလုံးထံသို့ တစ်ပြိုင်နက် ခုန်ဝင်လာကြ၏။
ကန်တေနှင့် ဒီဘရိုင်း...
သို့သော် တိုက်စစ်ဘက်တွင် ရှိနေသော ဒီဘရိုင်းက ဘောလုံးနှင့် သိသိသာသာ ပိုနီးကပ်နေသည်။ ဒီဘရိုင်းက ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ ခေါင်းထဲတွင် အသင်းဖော်များနှင့် ပြိုင်ဘက်များ၏ နေရာယူမှုများကို ပြသနေသော ဂျီဩမေတြီ ပုံစံကြမ်းတစ်ခု ပေါ်လာသည်။
လှည့်စားမှု ပြည့်နှက်နေသော ပေးပို့မှု လမ်းကြောင်းတစ်ခုက စာမျက်နှာပေါ်တွင် ရှင်းလင်းစွာ ပုံဖော်နေ၏။
မန်စီးတီး တိုက်စစ်မှူးများ ပင်နယ်တီဧရိယာထဲသို့ စုပေါင်း ပြေးဝင်နေကြပြီး သူတို့၏ ပစ်မှတ်က မက်ဂွိုင်းယားသာ ဖြစ်သည်။ ယင်းကို ရှေ့တန်းမှနေ၍ ချူဖုန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
“ဒီဘောလုံးကို ထွက်သွားခွင့် ပေးလို့ လုံးဝ မဖြစ်ဘူး...”
ချူဖုန်းက အားကုန် အော်ဟစ်လိုက်သည်။ သို့သော် ချူဖုန်း၏ အော်သံ မထွက်လာမီမှာပင် ကန်တေက အန္တရာယ် ရှိကြောင်းကို နားလည်လိုက်ပြီး လျှောထိုး ဖျက်ထုတ်မှုကို ပြုလုပ်ရန် စတင်လိုက်သည်။
သိထားရမည့် အချက်မှာ ကန်တေသည် ဘောလုံးဖျက်ထုတ်ရာတွင် လျှောထိုး ဖျက်ထုတ်မှုကို နောက်ဆုံး ရွေးချယ်စရာ အဖြစ်သာ သုံးလေ့ ရှိပေသည်။ ယင်းကလည်း သူ၏ ခြေထောက်များက အနည်းငယ် တိုနေ၍ ဖြစ်ပေမည်။
“ဒီဘရိုင်းက မျှောထိုးပေးပို့မှု တစ်ခု လုပ်လိုက်ပြီ... ဒါပေမဲ့ ကန်တေ လိုက်မမီတော့ဘူးဗျ...”
“အနီးထောင့်ထဲ ကွေးဝင်သွားတဲ့ ကန်ချက်လေးကို ကြည့်လိုက်ပါဦး... တကယ့် အနုပညာလက်ရာ တစ်ခုလိုပဲ...” ကာရေဂါက မန်စီးတီးအတွက် အားပေးနေ၏။
မက်ဂွိုင်းယားက လိုက်မီရန် ခြေထောက်ကို အစွမ်းကုန် ဆန့်ထုတ်လိုက်သော်လည်း ဘောလုံး၏ လမ်းကြောင်းက လှည့်စားလွန်းလှရာ သူ၏ ဖိနပ်ဆူးများနှင့်သာ ပွတ်တိုက်သွားပြီး ပင်နယ်တီ ဧရိယာထဲသို့ လိမ့်ဝင်သွားလေသည်။
အဂူရိုက ဘောလုံးနောက်သို့ အရှိန်ကုန် ပြေးလိုက်၏။ တစ်ဖက်၌ ဒီဂီယာက ဂိုးပေါက်ကို စွန့်ခွာရန် ရွေးချယ်လိုက်သည်။
ကစားသမား နှစ်ဦးကြား အကွာအဝေး ဆက်လက် ကျဉ်းမြောင်းလာသည်နှင့်အမျှ အဂူရိုက ချိန်ပင် မချိန်တော့ဘဲ တန်းကန်လိုက်လေသည်။ ဘောလုံးက ဒီဂီယာ၏ ပေါင်ကြားတည့်တည့်သို့ ဦးတည်သွား၏။
ဒီဂီယာက ခြေထောက် နှစ်ချောင်းစလုံးကို အောက်ချမည့်အစား သူ၏ ညာဘက်ခြေထောက်ကို လျှပ်တစ်ပြက် အလျင်ဖြင့် ကွေးလိုက်သည်။ ဤသည်ကပင် မန်ချက်စတာ ယူနိုက်တက် အတွက် ကယ်တင်ပေးမှု တစ်ခု ဖြစ်သွားလေသည်။
ဘုန်း...
ဘောလုံးက သူ၏ ခြေထောက်ကို ထိပြီး ထွက်လာရာ ဘောလုံးရှိရာ နေရာသို့ ရောက်လာသော ဒေးဗစ်လူးဝစ်က အားပါသော ကန်ချက်ဖြင့် ရှင်းထုတ်လိုက်လေသည်။
“လှတယ်ဟေ့... ဒီဂီယာ...”
ချူဖုန်းက လေးစားစွာဖြင့် လက်မထောင်ပြလိုက်သည်။ အိုဘလက်ခ်ဖြစ်စေ၊ ကော်တွိုက်စ် ဖြစ်စေ ဤမျှ မြန်ဆန်သော ကန်ချက်ကို တားဆီးနိုင်မည် မဟုတ်ပေ။
ကမ္ဘာပေါ်တွင် ဒီဂီယာ တစ်ဦးတည်း၌သာ ယခုလို အနီးကပ် တေ့ကန်မှုများကို တားဆီးနိုင်သည့် အံ့မခန်း တုံ့ပြန်မှုနှင့် အမြန်နှုန်း ရှိပေသည်။
မန်ယူအသင်းဖော်များကလည်း ဒီဂီယာနားသို့ ရောက်လာပြီး သူ့ကို ဝိုင်းချီးကျူးကြ၏။ တကယ်တော့ သူတို့အားလုံးသည် ဂိုးဝင်သွားပြီ ဟု ထင်ခဲ့ကြပေသည်။
မန်ယူ၏ ဖိအားပေးမှု အရှိန် လျော့ကျသွားသည်ကို သတိထားမိလိုက်သောကြောင့် သူတို့၏ တိုက်စစ် အလုပ် မဖြစ်ခဲ့သော်လည်း မန်စီးတီးတို့ အလွန်အမင်း စိတ်ပျက်မသွားကြပေ။ ပထမအကြိမ် တိုက်စစ် ဆင်ရာတွင် ဂိုးမသွင်းနိုင်လျှင်ကော ဘာဖြစ်သနည်း…။
ဒုတိယအကြိမ် ၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်များတွင် ဂိုးသွင်းယူနိုင်ပေလိမ့်မည်။
ဤအတွေးဖြင့် မန်စီးတီးတို့ နောက်ထပ် တိုက်စစ်တစ်ခုကို စတင်လိုက်ကြပြန်လေပြီ။
အိုးထရက်ဖို့ဒ် ကွင်းကြီးအတွင်း၌ ဝေဖန်ရေးဆရာ၏ စိတ်လှုပ်ရှားဖွယ် အသံမှာ ပဲ့တင် ထပ်သွားပြန်သည်။ "ဒီဘရိုင်းကပဲ တိုက်စစ်ကို ဖန်တီးပေးလိုက်ပြန်ပြီဗျာ။ ကွင်းလယ်ကနေ ဘယ်တောင်ပံမှာ ပြေးထွက်နေတဲ့ စတာလင်းးဆီကို မျှောပေးလိုက်တာပါ"
ထိုအချိန်တွင် မန်ယူအသင်း၏ ခံစစ်ကစားသမား ဝမ်-ဘစ်ဆာကာ တစ်ယောက် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း တစ်ဦးချင်း ရင်ဆိုင်ရသည့် အနေအထားတွင် ဘောလုံးကို ကြားဖြတ် လုယူနိုင်ခြင်း မရှိခဲ့ပေ။ စတာလင်းးသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အတင်း တိုးထွက်သွားခဲ့လေပြီ။
သူသည် သူ၏ ကျော်ကြားလှသော တင်ပါးလေးကို နောက်သို့ အနည်းငယ် ပစ်ကာ ဒိုင်နိုဆော ပြေးပုံစံဖြင့် ဝမ်-ဘစ်ဆာကာကို အနောက်၌ ချန်ထားရစ်ခဲ့လေသည်။ အပြေးလောကတွင် ပြောစမှတ် ပြုရသော စကားတစ်ခု ရှိသည်။
ပြေးလမ်းပေါ်၌ လူနှစ်မျိုးသာ ရှိသည်။ တစ်မျိုးမှာ ဂျမေကာ လူမျိုးဖြစ်ပြီး ကျန်တစ်မျိုးမှာတော့ ကျန်သည့် လူများ ဟူ၍ ဖြစ်သည်။ စတာလင်းသည်လည်း ဂျမေကာနိုင်ငံ၊ ကင်းစတန်မြို့တွင် မွေးဖွားသူ ဖြစ်သည့်အားလျော်စွာ သူ၏ ပြေးပုံပြေးနည်းမှာ အနည်းငယ် ထူးဆန်းနေသော်လည်း အရှိန်အဟုန်မှာမူ လျော့ပါးသွားခြင်း မရှိပေ။
စတာလင်းသည် အနီးနားရှိ သူ၏ အသင်းဖော်များကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရဲတင်းလှသော အကြံတစ်ခု ရရှိသွားကာ ပင်နယ်တီဧရိယာအတွင်းသို့ ပြတ်ပြတ်သားသား တိုးဝင်လိုက်တော့သည်။ မန်ယူနောက်ခံလူ ဒေးဗစ်လူးဝစ်ကလည်း အတွေ့အကြုံရှိသူပီပီ ခန္ဓာကိုယ်ကို နှိမ့်ချကာ ရှေ့တည့်တည့်မှ ကန်သွင်းခွင့် နေရာလွတ်ကို ပိတ်ဆို့ထားလိုက်သည်။
သို့သော်လည်း စတာလင်းသည် ဂိုးကန်သွင်းရန် လုံးဝ ရည်ရွယ်ထားခြင်း မရှိပေ။ ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် ပွဲစဉ်များတွင် သူသည် ပင်နယ်တီဧရိယာအတွင်း ပြိုင်ဘက်ကို (၂၃) ကြိမ်တိုင်တိုင် လိမ်ခေါက် ကျော်ဖြတ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်၌ ပထမအဆင့် ချိတ်ခဲ့သူဖြစ်သည်။ ချူဖုန်းမှာမူ (၂၁) ကြိမ်ဖြင့် ဒုတိယနေရာတွင်သာ ရှိခဲ့၏။
‘ဝှစ်’
စတာလင်းသည် တင်ပါးကို တစ်ချက်လှုပ်ကာ ညာဘက်သို့ လားရာကို လျှပ်တစ်ပြက် ပြောင်းလဲလိုက်သည်။ ဒေးဗစ်လူးဝစ်က မသိစိတ်မှ ဘောလုံးကို ကြားဖြတ်ရန် ခြေလှမ်းလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် အန္တရာယ်ကို ရိပ်စားမိသွားပြီး သူ၏ ခြေထောက်ကို အစွမ်းကုန် ပြန်လည်ရုပ်သိမ်းလိုက်သည်။
သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။
စတာလင်းသည် သူ၏ သန်မာလှသော ခန္ဓာကိုယ်အလယ်ပိုင်း ကြွက်သားအားကို အသုံးပြုကာ လားရာကို အစွန်းရောက်အောင် ပြန်လည် ပြောင်းလဲလိုက်ပြန်သည်။ ဘောလုံးမှာ ပင်နယ်တီဧရိယာ၏ ဘယ်ဘက်ခြမ်းသို့ ဖြည်းညှင်းစွာ လိမ့်သွားသော်လည်း စတာလင်းမှာမူ ဒေးဗစ်လူးဝစ်ဇ်၏ ခြေထောက်နှင့် ငြိကာ မြက်ခင်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
တီ…
ကွင်းလယ်ဒိုင်လူကြီးက ဝီစီမှုတ်ကာ ပင်နယ်တီအမှတ်ဆီသို့ ပြတ်သားစွာ လက်ညှိုး ညွှန်လိုက်လေသည်။ မန်စီးတီး ပရိသတ်များအတွက်မူ ထိုဝီစီသံမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ဂီတသံတစ်ခုကဲ့သို့ ခံစားလိုက်ရပေလိမ့်မည်။
"ပင်နယ်တီလား"
"ပင်နယ်တီပဲ"
ဝေဖန်ရေးခန်းအတွင်းရှိ နဗီးလ်နှင့် ကာရေဂါတို့၏ လေသံများမှာ လုံးဝ ကွဲပြားနေသလို ခံစားချက်များမှာလည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေတော့သည်။
နဗီးလ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "စတာလင်းက ဒေးဗစ် လူးဝစ်ရဲ့ ခြေထောက်ကို တမင် သွားထိတာ မဟုတ်ဘူး ဆိုရင် ငါ နဗီးလ် တစ်ယောက် ဒီရှေ့က စားပွဲခုံကို အခုချက်ချင်း ဝါးစားပစ်လိုက်မယ်ဗျာ"
ကာရေဂါကတော့ ရယ်မောရင်း မေးလိုက်၏။ "ဒေးဗစ် လူးဝစ်က စတာလင်းကို ဝင်တိုက်မိတာ မဟုတ်ဘူးလား?"
"အဲဒီလောက် အင်အားလေးနဲ့ လူတစ်ယောက်က လဲကျသွားရမလားဗျာ။ ငါ့ရဲ့ အသက် ၉၀ အရွယ် အဘွားတောင် အဲဒီလောက်နဲ့ မလဲဘူး။ ပြီးတော့ ဒေးဗစ် လူးဝစ်က ခြေထောက် ပြန်ရုပ်နေတာကို စတာလင်းက ဘယ်ဘက်ကနေ အသာလေး ကျော်သွားလို့ ရရက်နဲ့ တမင်တကာ ပြစ်ဒဏ်ရအောင် လုပ်သွားတာ" ဟု နဗီးလ်က ကာရေဂါကို မျက်စောင်းထိုးရင်း ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။
ကာရေဂါကတော့ အေးဆေးတည်ငြိမ်စွာဖြင့်ပင် "ဒါနဲ့... ဒေးဗစ် လူးဝစ်က စတာလင်းကို ထိမိတာ မဟုတ်ဘူးလား" ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။
နဗီးလ်မှာမူ ဘာမှ ပြန်လည်ပြောဆိုနိုင်ခြင်း မရှိတော့ပေ။ ကာရေဂါ ပြောသည်မှာ အမှန်တရား ဖြစ်သလို ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကိုလည်း ပြောင်းလဲ၍ မရနိုင်တော့ပေ။
မန်ယူကစားသမားများမှာ ဒိုင်လူကြီးကို ဝိုင်းအုံကာ ငြင်းခုံနေကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ဤပွဲ၏ ဒိုင်လူကြီး အက်ကင်ဆန်ကမူ သူ၏ ဆုံးဖြတ်ချက်ကို လုံးဝ ပြင်ဆင်ခြင်း မပြုဘဲ ပြတ်သားစွာ ပြောဆိုလိုက်သည်။
"လူကြီးမင်းတို့… တကယ်လို့ VAR သာ ရှိရင်လည်း ခင်ဗျားတို့ ကန့်ကွက်စရာ ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့ ဆုံးဖြတ်ချက်က အမှန်ပဲ"
ချူဖုန်းက ဆက်လက်ငြင်းခုံနေကြသော သူ၏ အသင်းဖော်များကို တားမြစ်လိုက်သည်။ အဖြေမှာ ထွက်ပေါ်ပြီးသား ဖြစ်သောကြောင့် ဆက်လက်ရုန်းကန်နေခြင်းမှာ အပိုသာဖြစ်ကြောင်း သူ သိမြင်ထားသည်။
ဒေးဗစ်လူးဝစ်ကမူ အမှားကျူးလွန်မိသူပီပီ အပြစ်မကင်းသလို ခံစားနေရသဖြင့် ခေါင်းကို ပွတ်ရင်း ညည်းတွားနေတော့သည်။ "ငါ ခြေထောက်ကို ပြန်မရုပ်သင့်ဘူး။ လျှောတိုက်ပြီး ဘောလုံးကို တိုက်ရိုက် ရှင်းပစ်လိုက်ရမှာ..."
ချူဖုန်းက အသက်အငယ်ဆုံး ဖြစ်သော်လည်း ရင့်ကျက်တည်ငြိမ်စွာဖြင့် ဒေးဗစ် လူးဝစ်ကို နှစ်သိမ့်လိုက်သည်။
"အမှားတွေအတွက် စိတ်မပျက်ပါနဲ့။ ရဲရဲဝံ့ဝံ့ပဲ ဆက်လုပ်ကြစို့"
ထို့နောက် သူက ဂိုးသမား ဒီဂီယာကို ကြည့်ကာ "ဒေးဗစ်... ဖိအားတွေ မထားပါနဲ့။ ကာကွယ်နိုင်ရင် ကာကွယ်မယ်။ မရရင်လည်း ပွဲက အခုမှ ပြန်စတာလို့ပဲ သဘောထားလိုက်ပါ" ဟု အားပေးလိုက်သည်။
ဒီဂီယာကလည်း ယုံကြည်မှု အပြည့်ဖြင့် "စိတ်ချစမ်းပါ" ဟု ပြန်လည်ပြောဆိုကာ လက်ခုပ်တီးပြလိုက်လေသည်။
ဒိုင်လူကြီး ဝီစီမှုတ်လိုက်သည်နှင့် မန်စီးတီးတိုက်စစ်မှူး အဂူရိုက အရှိန်ယူကာ ကန်သွင်းလိုက်ရာ ဘောလုံးမှာ ဘယ်ဘက်အပေါ်ထောင့်သို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။ ဒီဂီယာမှာ လားရာမှန်အောင် ခန့်မှန်းနိုင်ခဲ့သော်လည်း ကန်ချက်မှာ ပြင်းထန်လွန်းသဖြင့် မတားဆီးနိုင်ခဲ့ချေ။
(၁-၁)
မန်ယူအသင်း၏ ပြင်းထန်သော ဖိအားပေးမှုအောက်တွင်ပင် မန်စီးတီးတို့သည် သူတို့၏ ကစားကွက် ရစ်သမ်ကို ပြန်လည် ရရှိလာခဲ့ပြီ ဖြစ်သည်။ စတာလင်း၏ ပါးနပ်မှုကြောင့် ရရှိလာသော ပင်နယ်တီမှာ ပွဲကို ပြန်လည်သက်ဝင်စေခဲ့၏။
***