ချူဖုန်းက အသင်းဖော်များကို အားပေးစကား ဆက်လက်ပြောကြားလိုက်သည်။ "ရပါတယ်... ကိစ္စမရှိဘူး။ ကွင်းလယ်နဲ့ ရှေ့တန်းမှာ ဖိအားကို လုံးဝ မလျှော့ကြနဲ့။ မန်စီးတီး တိုက်စစ်မှူးတွေက တစ်ဦးချင်း ကျော်ဖြတ်တာ အရမ်း တော်ကြတယ်။ မင်းတို့ မတားနိုင်ရင် နည်းဗျူဟာမြောက် ပြစ်ဒဏ်ပဲ ကျူးလွန်လိုက်။ အန္တရာယ်ဇုန်ထဲ ပေးမဝင်နဲ့"
မန်ယူကစားသမားများကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြကြသည်။ သူတို့သည် လောကဓံကို အတော်လေး ခံနိုင်ရည်ရှိနေကြပြီဖြစ်ရာ ဂိုးတစ်ဂိုး ပေးလိုက်ရရုံနှင့် စိတ်ဓာတ်ပြိုလဲသွားမည့်သူများ မဟုတ်ပေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ဒီဘရိုင်းနား၏ မျက်လုံးထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာသည်။ မန်ယူကို ဂိုးသွင်းနိုင်သည့်တိုင် သူတို့ မျှော်လင့်ထားသည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုမှာ ဖြစ်ပေါ်မလာခဲ့ပေ။ မန်ယူမှာ အလဲမခံသော လက်ဝှေ့သမားတစ်ယောက်ကဲ့သို့ ဘယ်လောက်ပင် ထိုးနှက်ခံရပါစေ ပြန်လည် ထလာမြဲ ဖြစ်နေသည်။
ဒီဘရိုင်းနားက ခေါင်းခါယမ်းကာ တွေးလိုက်မိသည်။ "သူတို့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ် အင်အားက အကန့်အသတ်ကို ရောက်နေပြီလို့ ငါ ခံစားရတယ်။ ငါတို့ ဘောလုံးပေးပို့မှုကို ဒီထက် ပိုမြန်အောင် လုပ်နိုင်ရင် သူတို့ကို အပြတ်အသတ် နှိပ်ကွပ်နိုင်လိမ့်မယ်"
သူသည် ဘဝတစ်လျှောက်လုံး စွန့်ပစ်ခံရမှုများနှင့် အထင်သေးခံရမှုများကို သူ၏ ခေါင်းမာမှုဖြင့် ကျော်ဖြတ်လာခဲ့သူ ဖြစ်သည်။ ဒေးဗစ်ဆေးလ်ဗားကလည်း ပြုံးရင်း ဝင်ရောက်ပြောဆိုလိုက်သည်။
"ငါတို့တွေ ပိုပြီး ကောင်းလာကြတာပဲ။ မန်ယူကို တစ်ခါမှ မနိုင်ဘူး ဆိုတာ မဖြစ်နိုင်ပါဘူး... ပြီးတော့ ငါလည်း ဘောလုံး ကစားနိုင်မယ့် အချိန် သိပ်မကျန်တော့ဘူး။ ငါ့အတွက် အနိုင်ရလဒ်လေး တစ်ခုလောက်တော့ ပေးခဲ့ကြစမ်းပါဦးကွာ"
တီ… ပွဲပြန်လည်စတင်ချိန်တွင် နှစ်သင်းစလုံးက အားကုန် ပြန်လည် ကြိုးစားကြပြန်သည်။ ဘောလုံး တစ်လုံး အတွက် ဖိအားပေးခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းများမှာ ပွဲ၏ အဓိက အနှစ်သာရ ဖြစ်လာတော့သည်။
ပွဲကစားချိန် (၃၄) မိနစ်…
ချူဖုန်းသည် တိုက်စစ်ဧရိယာထဲတွင် ကျောပေးကာ ဘောလုံးလက်ခံရယူသော်လည်း ကွန်ပနီ၏ အတင်းအဓမ္မ ပိတ်ဆို့မှုကြောင့် လှည့်ထွက်ခွင့် မရခဲ့ပေ။ ထို့ကြောင့် သူက ပေါ့ဘာဆီသို့ ဘောလုံး ခုတ်တင်ပေးလိုက်ရာ ပေါ့ဘာက ပင်နယ်တီဧရိယာအပြင်ဘက်မှနေ၍ အဝေးကန်ချက်တစ်ချက် ကန်လိုက်သော်ငြား ဘောလုံးမှာ ဂိုးဘားတန်းပေါ်မှ ကျော်ကာ ပွဲကြည့်စင်ထဲသို့ ရောက်ရှိသွားခဲ့သည်။
မန်စီးတီးတို့ တိုက်စစ်ပြန်စချိန်တွင်မူ ဘောလုံးပေးပို့မှုအပေါ် ပိုမိုအာရုံစိုက်လာကြသည်။ ဒီဘရိုင်းက တောင်ပံများတွင် သာမကဘဲ အလယ်သို့ပါ ဝင်ရောက်ကစားလာသဖြင့် မန်ယူ၏ ခံစစ်စီစဉ်မှုများမှာ ပျက်စီးကုန်တော့သည်။
ဝေါ်ကာကလည်း တောင်ပံမှနေ၍ အားဖြည့်ပေးနေ၏။ ဝေါ်ကာသည် ချူဖုန်း၏ အင်တာဗျူးကို ကြည့်ပြီးနောက် အလွန်ဒေါသထွက်နေခဲ့သည်လေ။
သူက မာတစ်ကို ကျော်ဖြတ်ရန် ကြိုးစားသော်လည်း ဘောလုံးထိန်းသိမ်းမှု မသေသပ်သဖြင့် အက်ရှ်လေယန်းက အခွင့်အရေးကို ဖြတ်တောက်လိုက်နိုင်သည်။ ဝေါ်ကာကလည်း အရှုံးမပေးဘဲ အက်ရှ်လေယန်းနှင့် အပြင်းအထန် ကိုယ်ချင်းတိုက်ရာမှ ဘောလုံးမှာ စည်းအပြင်သို့ ထွက်သွားတော့သည်။
ချူဖုန်းသည် အပြင်းအထန် မောဟိုက်နေပြီ ဖြစ်သော်လည်း အသင်းဖော်များကို အော်ဟစ်၍ သတိပေးလိုက်သည်။ "မန်စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်က အရမ်း ကောင်းလွန်းတယ်။ အမှား သေးသေးလေးတောင် မဖြစ်ဘူး။ ခြိမ်းခြောက်မှုကလည်း အရမ်း ကြီးတယ်။ ပထမပိုင်း ပြီးဖို့ (၁၅) မိနစ်လောက်ပဲ လိုတော့တယ်။ ဟူး… အားလုံးပဲ တောင့်ခံထားကြစို့။ ငါတို့ ပထမပိုင်းမှာပဲ အသာစီး ရအောင် လုပ်ရမယ်"
မန်ယူ၏ တစ်သင်းလုံးတက်၍ ဖိအားပေးမှု နည်းဗျူဟာမှာ ဒုတိယပိုင်းအထိ တောင့်ခံရန် ခက်ခဲလှသဖြင့် အခုကတည်းက အသာစီးရယူထားရန် သူ ဆုံးဖြတ်လိုက်သည်။
ကန်တေက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် "မင်းတို့တွေ အပြင်ဘက်ကို နည်းနည်း ထွက်ပေး။ အလယ်က ဟာကွက်တွေကို ငါ ဖြည့်ထားပေးမယ်" ဟု ပြောလိုက်သည်။
မန်စီးတီး တောင်ပံကစားသမားများ အတွင်းသို့ ချိုးဝင်ကစားလာခြင်းမှာ ဟာရဲရားနှင့် မာတစ်တို့ကို အကျပ်ရိုက်စေခဲ့သည် မဟုတ်ပါလား။
ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ မန်စီးတီးက တောင်ပံမှတစ်ဆင့် အလယ်သို့ ဘောလုံး ပို့လိုက်ရာ ဖာနန်ဒင်ဟို ဘောလုံးထိန်းလိုက်သည်နှင့် သူ့နောက်မှ "မန်ယူ ကျောနံပါတ် ၇ ကို သတိထား" ဟူသော သတိပေးသံ တစ်ခု ထွက်ပေါ်လာသည်။
ချူဖုန်းက နောက်မှ အတင်းလိုက်ကပ်လာခြင်း ဖြစ်သည်။ ဖာနန်ဒင်ဟို၏ ပေးပို့မှုမှာ ချူဖုန်း၏ နှောင့်ယှက်မှုကြောင့် အနည်းငယ် လွဲချော်သွားသော်လည်း ဒေးဗစ်ဆေးလ်ဗားဆီသို့တော့ တိတိကျကျ ရောက်ရှိသွားခဲ့သည်။ ဟာရဲရားက အံကြိတ်ကာ ပြေးဝင်လာပြီး ပေါ့ဘာနှင့် ပူးပေါင်းကာ ဖိအားပေးလိုက်ပြန်သည်။
ဒေးဗစ်ဆေးလ်ဗားသည် ကျဉ်းမြောင်းသော နေရာလေးတွင် လိမ်ခေါက်ထွက်ရန် ကြိုးစားသော်လည်း သူသည် အရင်ကဲ့သို့ မသွက်လက်တော့ပေ။ ခန္ဓာကိုယ်ကလည်း စိတ်သွားတိုင်း မပါနိုင်တော့သဖြင့် ဟာရဲရားတို့က ဘောလုံးကို ပြန်လည်လုယူသွားနိုင်ခဲ့လေပြီ။
ဤသည်မှာ ထိရောက်မှုပင် ဖြစ်သည်။ ချူဖုန်း အရင်က ပြောခဲ့သလိုပင် မန်စီးတီး၏ ပြဿနာကို ဖြေရှင်းမည့် အဖြေမှာ ထိရောက်သော ဖိအားပေးမှုနှင့် တန်ပြန်တိုက်စစ်သာ ဖြစ်ပေသည်။
ယခုပင် မန်ယူ၏ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလှသော တန်ပြန်တိုက်စစ်တစ်ခု စတင်လိုက်လေပြီ။
တောင်ပံရှိ မာရက်ဇ်ဆီသို့ ထောင့်ဖြတ်ပေးပို့လိုက်ပြီး မာရက်ဇ်ကလည်း ရှေ့သို့ ပြေးထွက်နေသော ပေါ့ဘာဆီသို့ အသာလေး ခုတ်တင်ပေးလိုက်သည်။ ပေါ့ဘာကမူ ဖာနန်ဒင်ဟို၏ အနောက်ရှိ ချူဖုန်းဆီသို့ မျှောထိုးပေးပို့မှုတစ်ခု ပြုလုပ်လိုက်လေသည်။
ဘောလုံးမှာ စိမ်းလန်းသော မြက်ခင်းပြင်ပေါ်တွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားပြီး ရှေ့သို့ တက်နေသော မန်စီးတီး ခံစစ်တန်းကို အမြန်နှုန်းဖြင့် ဖောက်ထွင်းသွားခဲ့လေပြီ။
"လှလိုက်တာဗျာ"
ဝေဖန်ရေးဆရာများ၏ အော်ဟစ်သံနှင့်အတူ "မန်စီးတီးတို့ သူတို့ရဲ့ တစ်သင်းလုံးတက်ပြီး ဖိအားပေးဖို့ ကြိုးစားခဲ့တဲ့ အတွက် တန်ဖိုးပေးဆပ်ရတော့မယ်" ဟု ဆိုလိုက်ကြသည်။
နည်းပြဂွါဒီယိုလာကလည်း ထိုင်ရာမှ ဝုန်းခနဲ ထကာ နည်းပြဧရိယာဆီသို့ ပြေးထွက်လာသည်။ မန်စီးတီးနောက်ခံလူများမှာ လူကျွံထောင်ချောက် တစ်ခုကို ဖန်တီးထားသော်လည်း ချူဖုန်း၏ ရှေ့တွင် ကွန်ပနီနှင့် လာပေါ့တ် ဟူသော အတားအဆီး နှစ်ခု ရှိနေသေးသည်။
ချူဖုန်းသည် ဘောလုံးကို တုံ့ဆိုင်းမနေဘဲ လက်ခံရယူလိုက်ပြီး အရှိန်အဟုန်ကို အမြင့်ဆုံး အသုံးချလိုက်သည်။ ဘယ်လား၊ ညာလား။
သူသည် လာပေါ့တ် ပုံစံကောင်း မရသေးသည်ကို သတိပြုမိသဖြင့် ညာဘက်သို့ ထိုးဖောက်ရန် ရွေးချယ်လိုက်သည်။ မာရက်ဇ်က ဇင်ချန်ကိုကို ဆွဲထုတ်သွားပေးသဖြင့် ချူဖုန်းအတွက် လမ်းပွင့်သွားခဲ့ပြီ ဖြစ်သည်။
ချူဖုန်းသည် လာပေါ့တ်ဆီသို့ အမြန်နှုန်းမြှင့်ကာ ပြေးဝင်သွားပြီး ရုတ်တရက် အရှိန်သတ်၊ လားရာပြောင်း၊ နောက်တစ်ခါ အရှိန်သတ်၊ နောက်တစ်ခါ လားရာပြောင်း ဟူသော လှုပ်ရှားမှုများကို ပင်နယ်တီ ဧရိယာရှေ့တွင် သုံးကြိမ်တိုင်တိုင် ပြုလုပ်လိုက်လေသည်။ ထိုအခါ လေးလံ ထိုင်းမှိုင်းနေသော လာပေါ့တ်မှာ လုံးဝ မျက်စိလည်သွားတော့သည်။
လာပေါ့တ်၏ ဦးနှောက်က ချူဖုန်း၏ လှုပ်ရှားမှုကို လိုက်နိုင်သော်လည်း သူ၏ ခန္ဓာကိုယ်နှင့် ဒဏ်ရာ ရထားသော ညာဘက်ဒူးခေါင်းမှာမူ ထိုကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် လားရာပြောင်းလဲမှုဒဏ်ကို မခံနိုင်တော့ပေ။
‘ဂျွတ်’
လာပေါ့တ်၏ နားထဲတွင် တစ်ခုခု ပြတ်တောက်သွားသည့် အသံကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး သူ၏ ဒူးမှာ ထိန်းမရတော့ဘဲ မြေပြင်ပေါ်သို့ အရှက်တကွဲ လဲကျသွားရတော့သည်။ ချူဖုန်းသည် လဲကျနေသော လာပေါ့တ်ကို လျစ်လျူရှုကာ ပင်နယ်တီဧရိယာ ညာဘက်သို့ ရောက်သည်နှင့် အနေအထား ပြင်ပြီး အားပါပါ ကန်သွင်းလိုက်လေသည်။ ဘောလုံးမှာ ဂိုးသမား အီဒါဆန် တစ်ယောက် ထင်မှတ်မထားသော ညာဘက်အပေါ်ထောင့်သို့ ဘောလုံးမှာ တည့်တည့်မတ်မတ် တိုးဝင်သွားခဲ့ပြီ ဖြစ်သည်။
‘ဖြောင်း’
ပိုက်ကွန်ထိသံနှင့်အတူ မန်ယူတို့ တစ်ဖန် ပြန်လည် ဦးဆောင်နိုင်ခဲ့လေပြီ။
ဝေဖန်ရေးဆရာ နဗီးလ်က "လှလိုက်တာဗျာ။ အရင်လို ဖိအားပေးမှု၊ အရင်လိုပဲ မန်စီးတီးရဲ့ အမှား၊ ပြီးတော့ အရင်အတိုင်းပဲ သွင်းဂိုး တစ်ဂိုး။ ချူဖုန်းက သူ ဘယ်လောက်အထိ ကောင်းသလဲ ဆိုတာကို ဒီဂိုးနဲ့ သက်သေပြသသွားတာပဲ။ ပင်နယ်တီ ဧရိယာ အပြင်ဘက်မှာ သုံးကြိမ်တိုင်တိုင် အရှိန်သတ် လားရာ ပြောင်းပြီး လာပေါ့တ်ကို မြေပြင်ပေါ် မှောက်ရက်သား လဲကျသွားအောင် လုပ်ပြသွားတာပါ" ဟု အားရပါးရ ချီးကျူးလိုက်သည်။
ထိုစဉ် ကွင်းထဲသို့ လူနာတင်စင်နှင့်အတူ ဆေးအဖွဲ့ဝင်များ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ နဗီးလ်က လေးနက်သော လေသံဖြင့် "ဟေး... လာပေါ့တ် ဘာလို့ ပြန်မထလာသေးတာလဲ။ ချူဖုန်းကြောင့် လာပေါ့တ်ရဲ့ ဒူးကို ထိခိုက်သွားတာများလား” ဟု မှတ်ချက်ပေးလိုက်သည်။
ပရော်ဖက်ရှင်နယ် အားကစားသမားများတွင် ဒူးအရွတ်များမှာ အလွန် ထိခိုက်လွယ်လှသည်။ နည်းပြဂွါဒီယိုလာ၏ မျက်နှာမှာ မှောင်ကျသွားသလို အသင်းဆရာဝန်ကလည်း လာပေါ့တ်၏ ရှေ့အရွတ် စုတ်ပြဲသွားနိုင်ကြောင်းနှင့် သူ ဆက်လက်ကစားရန် မဖြစ်နိုင်တော့ကြောင်း အတည်ပြုလိုက်သည်။
လာပေါ့တ် တစ်ယောက် ဒူးအရွတ်ကို ခွဲစိတ်ထားခဲ့သည်မှာ ခြောက်လပင် မပြည့်သေးသဖြင့် ယခုတစ်ခါ ထပ်မံ ထိခိုက်မိခြင်းမှာ သူ၏ ကစားသမားဘဝအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။
ချူဖုန်းသည် ဂိုးသွင်းပြီးနောက် သိပ်ပြီး အောင်ပွဲမခံဘဲ လူနာတင်စင်ပေါ်၌ ပါသွားသော လာပေါ့တ်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။ သို့သော် သူသည် ကစားသမားတစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ အသင်းအတွက် တာဝန်ကျေရန် လိုအပ်သည်ကိုလည်း သိရှိထားသည်။
လာပေါ့တ် ထွက်သွားပြီးနောက် ပွဲ၏ အရှိန်အဟုန်မှာ အနည်းငယ် ကျဆင်းသွားပြီး မကြာမီမှာပင် ဒိုင်လူကြီးက ဝီစီမှုတ်ကာ ပထမပိုင်းကို အဆုံးသတ်လိုက်လေသည်။
ပထမပိုင်းအပြီး ရလဒ်- မန်ချက်စတာ ယူနိုက်တက် ၂ - ၁ မန်ချက်စတာ စီးတီး
***