~ဆုမိုသည် ဇာတ်သိမ်းခန်း၌ ကိုယ်ထင်ပြလိုခြင်း မရှိပေ။
ထို့အတူ ယန်ရီဇီ၏ အသက်အန္တရာယ် ကြုံနေရချိန်တွင် သူရဲကောင်း တစ်ဦးအဖြစ် ရုတ်တရက် ပေါ်ထွက်လာပြီး ကယ်တင်ရှင် လုပ်လိုခြင်းလည်း မရှိပေ။
အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ အစကတည်းက ဤကစားပွဲ မပြီးဆုံးသေးကြောင်း ဆုမို အာရုံခံမိနေသောကြောင့် ဖြစ်၏။
တစ်ဖက်တွင် ကျိလေ ကောင်းကင်နန်းတော်၏ ဒုတိယ နန်းတော်သခင်သည် သူမ၏ ထူးဆန်းအံ့ဖွယ် သိုင်းပညာများဖြင့် ယန်ရီဇီနှင့် အဖွဲ့ကို ယှဉ်ပြိုင်တိုက်ခိုက်နေ၏။
အခြားတစ်ဖက်တွင် ယန်ရီဇီသည် သူ၏ စွမ်းအားအကုန်ကို ထုတ်မသုံးဘဲ တစ်စုံတစ်ခုကို စောင့်မျှော်နေသလို ခံစားရသည်။
အထူးသဖြင့် ကူပိရန် အဖမ်းခံလိုက်ရချိန်တွင် ထိုခံစားချက်က ပိုမို ပြင်းထန်လာခဲ့သည်။
ထို့ကြောင့် ဆုမိုသည် စိတ်ရှည်လက်ရှည်ဖြင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
အကယ်၍ အခြေအနေက ဒီနေရာမှာတင် ရပ်တန့်သွားခဲ့လျှင် ဆုမိုအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အသင့်တော်ဆုံး အချိန်ဖြစ်ပေလိမ့်မည်။ ယန်ရီဇီကို ချက်ချင်း ဖမ်းဆီးပြီး လေးလေးနက်နက် ဆွေးနွေးမှု ပြုလုပ်ရုံသာ။
သို့သော် အခြား အပြောင်းအလဲများ ဖြစ်ပေါ်လာပါက သူ ပုန်းအောင်းနေခြင်းသည် မည်သည့် အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် အကောင်းဆုံး ပြင်ဆင်မှု ဖြစ်ပေလိမ့်မည်။
နောက်ဆုံးရလဒ်သည် ဆုမို မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
တကယ်ပင် နောက်ဆက်တွဲ ဇာတ်လမ်းများ ရှိနေခဲ့သည်။
ဘိုးဘေး ခန်းမဆောင်အောက်မှ တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသော လူသားဂိုဏ်းချုပ်သည် ကျောက်ခဲတစ်လုံးတည်းဖြင့် သူ၏ သိုင်းပညာ အဆင့်အတန်းကို ပြသခဲ့သည်။
ထို့ပြင် တောက်လျှောက် ပုန်းအောင်းနေခဲ့သော လင်းဟုန်ရှသည်လည်း မမျှော်လင့်ဘဲ လှုပ်ရှားလာခဲ့၏။
ဤအချက်များက ဆုမို၏ ထင်မြင်ယူဆချက်များသည် အခြေအမြစ်မရှိသော မှန်းဆချက်များ မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
ဤအကွက်ချ စီစဉ်မှုတွင် ယန်ရီဇီ၌ အခြားသော အစီအစဉ်များ ရှိနေသေးသည်။
ယခုအခါ ထိုအစီအစဉ်များကို ဆုမို နားလည်သဘောပေါက်သွားပြီ ဖြစ်၏။
သုံးပါးအစွန်းရောက်ဂိုဏ်းတွင် ကောင်းကင်ဂိုဏ်းချုပ်သည် နဂါးတစ်ကောင်ပမာ ကိုယ်ထင်မပြဘဲ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်လေ့ရှိသူ ဖြစ်သည်။ သံသယများပြီး ဉာဏ်နီဉာဏ်နက် များပြားသူ တစ်ဦးလည်း ဖြစ်၏။
ယန်ရီဇီနှင့် ယွီလင်းရှင်းတို့သည် ‘လျှို့ဝှက်သိုလှောင်ရုံ’ ကို အသုံးပြုပြီး သူ့ကို မျှားခေါ်ခဲ့ကြသည်။ ထို့နောက် ‘ကောင်းကင်ဂိုဏ်းချုပ်’ ကို သိုလှောင်ရုံထဲသို့ ဝင်ခွင့်မပေးဘဲ အပြင်တွင် ဖမ်းဆီးရန် နည်းဗျူဟာ အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။
ဒါဆိုရင် အကြီးမားဆုံး မေးခွန်းတစ်ခု ပေါ်လာပြီ...
ဒီလူက တကယ်ရော ကောင်းကင်ဂိုဏ်းချုပ် ဟုတ်ရဲ့လား။
တိုက်ပွဲအတွင်းတွင် အသေးစိတ် အချက်အလက် တစ်ခုကို ဆုမို သတိထားမိလိုက်သည်။
ယန်ရီဇီနှင့် ယွီလင်းရှင်းတို့ ဝိုင်းရံတိုက်ခိုက်နေစဉ် ကူပိရန် ပြောခဲ့သော စကားတစ်ခွန်း ရှိသည်။
“နင် တစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေလား”
ထိုအခြေအနေမျိုးတွင် ဤစကားကို ပြောခြင်းသည် ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။
သို့သော် ထိုစကားကို ပြောလိုက်ပြီးနောက် ယွီလင်းရှင်းနှင့် ယန်ရီဇီတို့၏ မျက်ဝန်းများတွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်ရသည်။
အကွာအဝေး ဝေးကွာလွန်းသဖြင့် အတိအကျ မမြင်ရသော်လည်း ဆုမို တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
ထိုစကားက အချက်တစ်ခုကို ဖွင့်ဟပြလိုက်ခြင်းပင်။
ကူပိရန်သည် ကောင်းကင်ဂိုဏ်းချုပ် မဟုတ်ပေ။
ဤကောက်ချက်ချရခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ကူပိရန်၏ အမူအရာသည် ကောက်ကျစ်စဉ်းလဲပြီး တွက်ချက်မှုများသော ကောင်းကင်ဂိုဏ်းချုပ်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။
ကောင်းကင်ဂိုဏ်းချုပ် ဆိုသည်မှာ မည်သို့သော လူစားမျိုးနည်း။
သူ၏ ဉာဏ်နီဉာဏ်နက်နှင့် ဗျူဟာများသည် ပြိုင်ဘက်ကင်း ဖြစ်၏။
အကယ်၍ ယန်ရီဇီနှင့် ယွီလင်းရှင်းတို့သည် သူ့ကို သတ်ဖြတ်ရန်အတွက် ဤမျှလောက် အားထုတ်ခဲ့ရလျှင် ဘာကိစ္စကြောင့် ‘လျှို့ဝှက်သိုလှောင်ရုံ’ ထဲသို့ ဝင်ခွင့်မပေးဘဲ တားဆီးနေရပါသနည်း။
သူ့ကို အထဲဝင်ခွင့်ပေးလိုက်ပြီး တစ်ခါတည်း မိုင်းခွဲသတ်ပစ်လိုက်ခြင်းက ပိုမကောင်းပေဘူးလား။
အထူးသဖြင့် သိုလှောင်ရုံထဲမှ မိုးကြိုးမိုင်းများသည် မီးရှို့ပြီးသား အခြေအနေ ဖြစ်နေချိန်တွင်ပေါ့။
အကယ်၍ ကူပိရန်သာ ကောင်းကင်ဂိုဏ်းချုပ် အစစ်အမှန် ဖြစ်ခဲ့လျှင် ဒီအချက်ကို သူမ သေချာပေါက် ကြိုတင်တွက်ဆထားမိမည် ဖြစ်၏။
ထို့ကြောင့် ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် ကူပိရန်၏ ဇာတ်ရုပ်အမှန်အပေါ် သံသယဝင်စရာ ရှိကြောင်း ဆုမို သိလိုက်သည်။
ယွီလင်းရှင်းနှင့် ယန်ရီဇီတို့သည် ဖြစ်နိုင်ချေ ရှိသမျှ အခြေအနေ အားလုံးကို ကြိုတင်စဉ်းစားထားပြီး ဖြစ်ပေလိမ့်မည်။
သူတို့သည် ဉာဏ်ပညာကို အသုံးပြုကာ နည်းဗျူဟာ အမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးပြီး အသေးစိတ် တွက်ချက်ထားခဲ့ကြသည်။
ထိုသို့ အရေးကြီးသော အပိုင်းကို သူတို့ ဘယ်လိုလုပ် သတိမမူမိဘဲ နေပါ့မည်နည်း။
ထို့ကြောင့် လင်းဟုန်ရှကို ဘေးဖယ်ထားပြီး အရေးကြီးချိန်တွင် လေထဲမှနေ၍ အဆုံးအဖြတ် တိုက်ခိုက်မှု ပြုလုပ်ရန် လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်၏။
သူတို့ မမျှော်လင့်ထားသည့် အရာမှာ သူမ၏ တိုက်ခိုက်မှုကို တစ်ဖက်လူက သန့်ရှင်းသပ်ရပ်စွာ ချေဖျက်လိုက်နိုင်ခြင်းပင်။
ကောင်းကင်ဂိုဏ်းချုပ်၏ သိုင်းပညာသည် ယန်ရီဇီနှင့် အခြားသူများ မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့၏။
“ရှောင်မို ... မင်း...”
ယန်ရီဇီသည် သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေရသည်။
သူသည် အလွန် သတိထားပြီး ဆောင်ရွက်ခဲ့ပါလျက်နှင့်...
ဘယ်လိုလုပ်ပြီး သူ ရောက်လာရတာလဲ။
အခု ဆုမို ရောက်နေမှတော့...
ထိုအတွေး ဝင်လာသည်နှင့် ယန်ရီဇီ ခေါင်းကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် လူရိပ်တစ်ခုသည် အနက်ရောင်ဝတ် လူအုပ်ကြားထဲသို့ တိုးဝင်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ဓားကဲ့သို့ ထက်မြက်သော လှံရှည်သည် အေးစက်စွာ တောက်ပနေပြီး နဂါးရိပ်တစ်ခု လွှမ်းမိုးထားသလို ရံဖန်ရံခါ ထိုးနှက်လိုက်တိုင်း အနက်ရောင်ဝတ် လူများ၏ လည်ချောင်းများကို ဖောက်ထွင်းသွား၏။
“ယွင်အာ...”
ယန်ရီဇီ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များစွာ ဖြတ်သန်းသွားသည်။
“ဦးလေးယန်... ခဏလောက် စောင့်ပါဦး”
ဆုမို၏ အသံ ထပ်မံ ထွက်ပေါ်လာသောအခါမှ ယန်ရီဇီ သတိပြန်ဝင်လာပြီး အလျင်စလို သတိပေးလိုက်သည်။
“ရှောင်မို... ပေါ့ပေါ့ဆဆ မလုပ်နဲ့... မင်းရဲ့ သိုင်းပညာက အားကောင်းမှန်း ငါ သိပါတယ်... ဒါပေမဲ့ ဒီလူက ခန့်မှန်းရခက်တယ်”
“ကောင်းကင်ဂိုဏ်းချုပ်က တကယ်ပဲ ခန့်မှန်းရခက်တာပါ”
ဆုမိုက ကောင်းကင်ဂိုဏ်းချုပ်ဘက်သို့ လှမ်းကြည့်ရင်း ပြုံးလိုက်သည်။
“ဒါပေမဲ့ ပြောရမယ်ဆိုရင်... ဒါက ကျွန်တော်တို့ တတိယအကြိမ်မြောက် တွေ့ဆုံခြင်းပဲ မဟုတ်လား... ခင်ဗျား မသိလိုက်တဲ့ အကြိမ်ကိုပါ ထည့်တွက်မယ်ဆိုရင် လေးကြိမ်မြောက် ဖြစ်သင့်တယ်”
ကောင်းကင်ဂိုဏ်းချုပ်၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေသော်လည်း ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
“မင်း အထင်မှားနေပြီ... ဒါက ငါတို့ ပထမဆုံး တွေ့ဆုံခြင်းပဲ... အရင်ကတော့ ခေါင်းဆောင်ဆုရဲ့ ဂုဏ်သတင်းကို ကြားဖူးရုံပဲ ရှိသေးတယ်”
“အို... ဟုတ်လား”
ဆုမိုက စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။
“ဒါဆိုရင်... အရင်က ကျွန်တော် တွေ့ခဲ့တဲ့လူက တကယ်ပဲ လူသားဂိုဏ်းချုပ် ပေါ့”
“ဟုတ်တယ်... အဲဒါ သူပဲ”
“ဒါဆို ခင်ဗျားကရော”
“ဒါက ငါလေ”
ခန္ဓာကိုယ် တစ်ခုတည်း၊ တစ်ယောက်က ‘သူ’၊ တစ်ယောက်က ‘ငါ’ တဲ့လား။
ဆုမို မျက်ခုံးပင့်လိုက်သည်။
“စရိုက်နှစ်မျိုး လား”
“ဟမ်...”
ကောင်းကင်ဂိုဏ်းချုပ်သည် ထိုစကားလုံးကို စဉ်းစားကြည့်လိုက်ပြီး မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ တောက်ပလာ၏။
“စိတ်ဝင်စားစရာကောင်းတဲ့ တင်စားမှုပဲ... အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောရမှာပေါ့”
“အကြမ်းဖျင်း ဟုတ်လား”
ဆုမို ခေါင်းခါလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို ရှုပ်ထွေးအောင် လုပ်နေတာပဲ... ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်မဟုတ် ပေါ့... ဘာလို့ အကြမ်းဖျင်း ဖြစ်နေရတာလဲ”
“ငါတို့ မတိုက်ခိုက်ခင် စကားတွေ ဒီလောက် အများကြီး ပြောဖို့ လိုလို့လား”
ကောင်းကင်ဂိုဏ်းချုပ်က ခေါင်းကို ခပ်ဖွဖွ ခါလိုက်သည်။
“ရွှမ်ကျီတောင်ကြား မှာတုန်းက... မင်း တစ်ယောက်တည်းနဲ့ ယူချွမ်ဂိုဏ်းရဲ့ တပ်မှူး (၃) ယောက်စလုံးကို ဓားတစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်တယ်လို့ ငါ ကြားထားတယ်”