~“မင်း သိလိုက်ပြီ ဆိုရင်... စုံစမ်းစစ်ဆေးမှုတွေ လုပ်ရလိမ့်မယ်... အဲဒီအခါကျရင် ဘေးအန္တရာယ် ကင်းပါ့မလား ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး”
“ဒါကြောင့်... ရှောင်မို... မင်း တကယ် သိချင်သလား”
ယခုတစ်ကြိမ်တွင်မူ ဆုမိုသည် တုံ့ဆိုင်းမနေတော့ပေ။
သူ ရိုးရှင်းစွာပင် ခေါင်းညိတ်ပြလိုက်သည်။
ဒီလိုလုပ်ရတာက သူ မမြင်ဖူးခဲ့သော ဖခင်တစ်ယောက်အပေါ် သံယောဇဉ်ရှိ၍၊ ဒါမှမဟုတ် လက်စားချေချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာ၍ မဟုတ်ပါ။
အကြောင်းရင်းက...
ပထမအချက်က သူသည် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ရယူထားပြီး သူ့ကံကြမ္မာကို ဆက်ခံထားရသောကြောင့်ပင်။
မူလ ဆုမိုကတော့ သူ့အဖေအပေါ် ကျေးဇူးကန်းချင် ကန်းလိမ့်မည်။ ဘာလို့လဲ ဆိုတော့ ယန်ရှောင်ယွင်နှင့် ယန်ရီဇီတို့သာ ဖေးမ ကူညီမထားခဲ့လျှင်... သူက လမ်းဘေးမှာ အသေဆိုးနှင့် သေဆုံးသွားလောက်ပြီ ဖြစ်၏။
သို့ရာတွင်၊ လက်ရှိ ဆုမိုကတော့ ထိုသို့ နေ၍ မရပေ။
အနာဂတ်မှာ သူ သိုင်းလောကထဲ ခရီးနှင်ရဦးမှာ သေချာသည်။ သူ၏ သိုင်းပညာနှင့် ဉာဏ်ရည်ဉာဏ်သွေးကြောင့် သိုင်းလောကမှာ နာမည်ကျော်ကြားလာဖို့က အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စပင်။
လူမသိ သူမသိ အချိန်တုန်းကတော့ ပြဿနာတွေက ကိုယ့်ဆီ ရောက်မလာတတ်။
သို့ရာတွင်၊ အောင်မြင်ကျော်ကြားလာသော အချိန်ကျလျှင်တော့... ဖိတ်မခေါ်ဘဲနှင့် ရောက်လာကြစမြဲပါပင်။
ဒုတိယအချက်ကတော့... လီစစ်ယွင် နှင့် ဖြစ်ခဲ့သော နားလည်မှုလွဲမှားခြင်း ကိစ္စပင်။
ဆုမိုသည် ထိုကိစ္စ၏ အမှန်တရားကို ဘာမှ မသိရသေးပေ။
လီစစ်ယွင်က စကားတစ်ခွန်းမှ မဟဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
သို့သော်၊ ဆုမိုအတွက်တော့ ဒီ 'နားလည်မှုလွဲမှားခြင်း' ဆိုတာက အတော်လေး အသက်အန္တရာယ် များလှသည်။
လီစစ်ယွင်ပင်လျှင် သူ့အပေါ် အထင်လွဲခဲ့သေးလျှင်... အခြားသူများလည်း အထင်မလွဲနိုင်ဟု မည်သို့ ပြောနိုင်မည်နည်း။ ထိုသို့ဆိုပါက ဆုထျန်းယန် ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးမျိုး သူ ထပ်မံကြုံတွေ့ရနိုင်သည်။
ယုတ္တိတန်တန် စဉ်းစားကြည့်လျှင်ဖြစ်စေ၊ ခံစားချက်အရဖြစ်စေ... ထိုအခြေအနေက ဖြစ်တန်စွမ်း အလွန်များပြားနေ၏။
ပထမအချက်နှင့် ပေါင်းစပ်လိုက်လျှင်... သူ နာမည်ကျော်ကြားလာချိန်၌ ဆုထျန်းယန်အား ဒုက္ခပေးခဲ့သူများက သူ့ကိုပါ 'အထင်လွဲ' ၍ ရန်ရှာလာလျှင် မည်သို့လုပ်မည်နည်း။ သတိထားနေသူနှင့် သတိလွတ်နေသူကြားရှိ ပဋိပက္ခတွင် မည်သို့သော လှိုင်းဂယက်များ ထကြွလာမည်ကို မည်သူ သိနိုင်မည်နည်း။
အချိန်တန်မှ ရှင်းပြကာ ခံစစ်ပြင်နေမည့်အစား... ယခုကတည်းက ကြိုတင်လေ့လာထားခြင်းက ပို၍ကောင်းမွန်၏။
မည်သို့ပင်ဖြစ်စေ အနာဂတ်အတွက် ပြင်ဆင်မှုတစ်ခု ရှိထားခြင်းက အမှားအယွင်း မရှိ။
နောက်ဆုံးအချက်မှာမူ... ယန်ရှောင်ယွင်နှင့် ယန်ရီဇီတို့ကြောင့်ပင် ဖြစ်သည်။
ယန်ရီဇီက ထိုကိစ္စကို အဆုံးတိုင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ယန်ရှောင်ယွင်ကလည်း ဘေးဖယ်နေမည် မဟုတ်။
အတိတ်က အကြောင်းအရာများကို ယခု သိလိုက်ရလျှင်... ယန်ရီဇီအနေဖြင့် သူ၏ အစီအစဉ်များကို ပြန်လည် သုံးသပ်လာနိုင်သည်။ အနည်းဆုံးတော့... အိမ်တွင် ကျန်ရစ်ခဲ့သည့် ကလေးများ မုန်တိုင်းဒဏ် ခံနိုင်မည်လားဟု ရင်တမမ စိုးရိမ်နေစရာ မလိုတော့။
ထိုအချက်များကို ထည့်သွင်းစဉ်းစားလိုက်သောအခါ... ဆုမိုအနေဖြင့် ဤကိစ္စကို လျစ်လျူရှုထား၍ မရတော့ကြောင်း သဘောပေါက်သွားတော့၏။
“ကောင်းပြီလေ...”
ယန်ရီဇီသည် ဆုမိုကို စိမ်းစိမ်းကြည့် လိုက်ပြီး အချိန်အတော်ကြာ စဉ်းစားပြီးမှ သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
“ဒီကိစ္စက ပြောရရင် ဇာတ်လမ်းရှည်ကြီးပါကွာ... ငါ့ရင်ထဲမှာ နှစ်ပေါင်းများစွာ စွဲထင်ကျန်ရစ်နေခဲ့တာ... အခု ပြောပြဖို့ ဆုံးဖြတ်လိုက်ပေမယ့် ဘယ်ကနေ စပြောရမှန်းတောင် မသိတော့ဘူး...”
“ဒါပေမဲ့ ဒီအကြောင်း ဆွေးနွေးမယ်ဆိုရင်... ပထမဆုံးအနေနဲ့ မင်းအဖေက ဘယ်လိုလူစားမျိုးလဲ ဆိုတာ မင်း သိထားဖို့ လိုတယ်”
ဆုမို အံ့အားသင့်သွားသည်။
သူရော ၊ ယန်ရှောင်ယွင်ပါ သူတို့ ကြားဖူးထားသည့် ဆုထျန်းယန်နှင့် သူများတွေ မြင်ဖူးသော ဆုထျန်းယန် လုံးဝ ကွဲပြားခြားနားနေကြောင်း သိထားပြီးသား ဖြစ်၏။
ယန်ရီဇီက ဒီအချက်ကို ထောက်ပြလိုက်တော့ ဆုမို ပိုပြီး စိတ်ဝင်စားသွားသည်။
ယန်ရီဇီ၏ မျက်ဝန်းများသည် အတိတ်ကို ပြန်လည် တူးဆွနေသလို ငေးမောနေပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။
“ဦးလေးရဲ့ နောက်ခံကို မင်း သိပါတယ်... ငယ်ငယ်တုန်းက မျောင်ချန်းတောင် မှာ ပညာသင်ခွင့် ရခဲ့တယ်... ကမ္ဘာအနှံ့ လှည့်လည်သွားလာပြီး ကူမူတာအိုဆရာ ဆီကနေ သိုင်းပညာ အမွေဆက်ခံခဲ့ရတယ်”
“မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီး လှံသိုင်း ကို အားကိုးပြီး သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ နေချင်ခဲ့တာပေါ့”
“အဲဒီအချိန်ကနေ အခုထိဆိုရင်... နှစ်ပေါင်း (၃၀) လောက်တောင် ရှိနေပြီ”
“အဲဒီတုန်းက မင်းအဖေနဲ့ ငါ စတွေ့ခဲ့တာ”
“ငါ မှတ်မိသေးတယ်... အဲဒီနှစ်တုန်းက တောလမ်းလေးတစ်ခုကို ဖြတ်သွားရင်း... ရုတ်တရက် မိန်းကလေးတစ်ယောက်ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်”
“မင်းလည်း သိတဲ့အတိုင်းပဲ... သိုင်းလောကဆိုတာ အန္တရာယ်များတယ်... ရာသီဥတုကလည်း မှန်းဆရခက်သလို... ငါ ဖြတ်သွားတဲ့ နေရာကလည်း သိပ်ပြီး အေးချမ်းတဲ့နေရာ မဟုတ်ဘူး”
“လူတွေကို ချုံခိုတိုက်ခိုက်ပြီး ပစ္စည်းလု၊ လူသတ်လေ့ရှိတဲ့ နေရာမျိုး”
“ဒါကြောင့် အကူအညီတောင်းသံ ကြားလိုက်ရတဲ့အခါ... ပုံမှန်မဟုတ်ဘူးလို့ ထင်ပြီး သတိထားနေခဲ့တယ်”
“ဒါပေမဲ့ သိုင်းပညာတတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့... ဓားကို ဆွဲထုတ်ပြီး ကူညီချင်စိတ် ဖြစ်မိတာ သဘာဝပါပဲ”
“ဒါပေမဲ့ ငါ သွားမကြည့်ရသေးခင်မှာပဲ... သစ်ပင်ပေါ်မှာ အိပ်နေတဲ့ လူတစ်ယောက်က လန့်နိုးလာတယ်...”
“အဲဒါ မင်းအဖေပဲ”
ဒီနေရာ ရောက်တော့ ယန်ရီဇီက ခပ်ပြုံးပြုံး ဖြစ်သွားသည်။
“သူ့ကို ပထမဆုံး မြင်လိုက်တုန်းကတော့... ဘာမှ ထူးခြားမှု မရှိပါဘူး”
“ဆင်းရဲနွမ်းပါးတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်... ပါးစပ်မှာ ကောက်ရိုးတစ်မျှင် ကိုက်လို့... ရုတ်တရက် ထထိုင်လိုက်တာ အိပ်မှုန်စုန်မွှားနဲ့ပေါ့”
“ငါတို့နှစ်ယောက် အကြည့်ချင်း ဆုံမိတဲ့အချိန်မှာ ငါ တွေးလိုက်မိတယ်... ဒီလူသာ သိုင်းလောကထဲ ထွက်လာရင် (၃) ရက်တောင် အသက်ရှင်မှာ မဟုတ်ဘူးလို့”
“ဒါပေမဲ့ မထင်မှတ်ဘဲ သူက ငါ့ကို စကားလှမ်းပြောတယ်... အကူအညီတောင်းသံ ကြားလိုက်သလားတဲ့”
“သူ မေးလိုက်တဲ့ပုံစံက... တောင်ပေါ်ဓားပြအဖွဲ့ဝင်များ ဖြစ်နေမလားလို့ ငါ သံသယဝင်မိသွားတယ်”
“တကယ်လို့ ဟုတ်ရင်တော့... သူက ငါ့ကို ထောင်ချောက်ထဲ မျှားခေါ်ပြီး သတ်ဖြတ်လုယက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်”
“ဒါပေမဲ့ အံ့သြစရာကောင်းတာက... သူက ငါ့ကို ကျေးဇူးတင်စကား ပြောပြီး နောက်ကို လှည့်မကြည့်ဘဲ ထွက်သွားတော့တာပဲ”
“သူ ထွက်သွားတာကို မြင်တော့ ငါလည်း အလျင်မလိုတော့ဘူး... စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်... လက်ဖက်ရည်တစ်ခွက် သောက်ချိန်လောက်တောင် မကြာပါဘူး... တိုက်ခိုက်သံတွေ ထွက်ပေါ်လာတော့တာပဲ... တကယ့် တိုက်ပွဲ ဖြစ်နေပုံရတယ်”
“အဲဒီတော့မှ သူက ဓားပြအဖွဲ့ဝင် မဟုတ်ဘူးဆိုတာ ငါ အတည်ပြုနိုင်လိုက်တယ်”
“ငါလည်း တိတ်တဆိတ် လိုက်သွားပြီး အခြေအနေကို အကဲခတ်ကြည့်တယ်”
“သစ်ပင်ပေါ်မှာ ပုန်းပြီး ကြည့်လိုက်တော့... မင်းအဖေက မိန်းကလေးတစ်ယောက်ကို နောက်မှာ ကာထားပြီး တောင်ပေါ်ဓားပြ (၁၀) ယောက်လောက်ကို ရင်ဆိုင်နေတာ တွေ့လိုက်ရတယ်... တိုက်ခိုက်နေရင်းနဲ့လည်း သူတို့ကို ဖျောင်းဖျနေသေးတယ်... သူ့သိုင်းပညာက အများကြီး သာလွန်နေပေမယ့် လူသေစေလောက်တဲ့အထိ မတိုက်ခိုက်ချင်တဲ့ပုံပဲ”
“ငါ အံ့သြသွားတယ်... သူ့သိုင်းပညာက ငါ့ထက် မလျော့ဘူး ဆိုတာ တွေ့လိုက်ရလို့”
“အဲဒီတုန်းက ငါ့မျက်လုံးတွေက တော်တော်လေး စူးရှနေပြီ... သူ သုံးနေတာက ဇီယန်ဂိုဏ်း ရဲ့ မဟာနေမင်း ဖြန့်ကျက်လက်ဝါး ဆိုတာ ငါ သိလိုက်တယ်... တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်ပြီး သိုင်းကွက်ရဲ့ သဘောတရားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတဲ့ ပုံပါပဲ”
“ငါက အခွင့်ကောင်းယူပြီး သူ့ကို စမ်းသပ်ကြည့်မလား... နောက်မှ ဇီယန်ဂိုဏ်းကို သွားပြီး စိန်ခေါ်ရမလားလို့ စဉ်းစားနေတုန်းမှာပဲ...”
“မင်းအဖေ ကာကွယ်ပေးထားတဲ့ မိန်းကလေးက ဓားမြှောင်တစ်ချောင်းကို တိတ်တဆိတ် ဆွဲထုတ်ပြီး... မင်းအဖေရဲ့ ကျောကုန်းကို ချိန်ရွယ်လိုက်တာ တွေ့လိုက်ရတယ်”
“သူက စေတနာအမှန်နဲ့ ကယ်တင်ချင်နေတာကို ငါ မြင်နေရတော့... စိတ်လိုက်မာန်ပါနဲ့ သစ်ခေါက်တစ်စကို ကောက်ပြီး အတွင်းအားထည့်ပြီး ပစ်လိုက်တယ်... မိန်းကလေးလက်ထဲက ဓားမြှောင် လွတ်ကျသွားအောင်ပေါ့”
“အသံကြားမှ မင်းအဖေက သတိထားမိသွားပြီး သက်ပြင်းချလိုက်တယ်... အဲဒီကစပြီး သူ ပြတ်ပြတ်သားသား လှုပ်ရှားတော့တာပဲ”
“သူ့ရှေ့က လူတိုင်းကို သတ်ပစ်လိုက်တယ်... ပြီးတော့ အဲဒီမိန်းကလေးဘက် လှည့်ကြည့်လိုက်တယ်... မိန်းကလေးရဲ့ မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်နေပေမယ့်... မင်းအဖေရဲ့ မျက်လုံးတွေကတော့ သနားဂရုဏာတွေ ပြည့်နေတယ်... နောက်ဆုံးတော့ လက်ဝါးတစ်ချက်တည်းနဲ့ အဲဒီမိန်းကလေးရဲ့ အသက်ကို အဆုံးစီရင်ပေးလိုက်တယ်”
စကားခေတ္တရပ်ပြီး သူက ဆုမိုနှင့် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး... နောက်ပိုင်းကျမှ ငါ သူ့ကို မေးခွန်းနှစ်ခု မေးခဲ့ဖူးတယ်”
“ပထမမေးခွန်းက... ဘာဖြစ်လို့ လူတွေကို ကယ်ချင်ရတာလဲ တဲ့... သိုင်းလောကမှာ ကောက်ကျစ်စဉ်းလဲတဲ့ လူတွေက လူကောင်းတွေကို အမြတ်ထုတ်ဖို့ ထောင်ချောက်ဆင်လေ့ ရှိကြတယ်... ဒီဓားပြတွေက သူရဲကောင်းတွေကို မျှားခေါ်ဖို့ အကူအညီတောင်းသံ လုပ်ကြံဖန်တီးထားတာ ထင်ရှားနေတာပဲ... အဲဒီတော့ ဝင်မပါဘဲ နေလိုက်ရင် ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူးလား လို့ မေးခဲ့တယ်”
“သူ ငါ့ကို ပြောပြတယ်... ဒီလောကကြီးမှာ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်လို့လဲ တဲ့... သိုင်းလောကဆိုတာ အဖြူနဲ့ အမည်း သီးသန့် ခွဲခြားထားတာ မဟုတ်ဘူး... တောင်ပေါ်ဓားပြတွေတောင်မှ အခြေအနေအရ မိုက်မဲမိတာမျိုး ရှိတတ်တယ် တဲ့”
“အရေးကြီးဆုံးကတော့... လူတစ်ထောင်ကို မှားကယ်မိလို့ အကြိမ်တစ်ထောင် လှည့်စားခံရပါစေ... မကြားချင်ယောင် ဆောင်လိုက်မိလို့ အပြစ်မဲ့တဲ့ လူတစ်ယောက်ကို မကယ်တင်နိုင်ဘဲ ဖြစ်သွားမှာမျိုးတော့ အဖြစ်မခံနိုင်ဘူး တဲ့”