~“အဲဒီလူက ဒဏ်ရာအပြင်းအထန် ရထားပေမယ့်... မင်းအဖေနဲ့ ငါ လှုပ်ရှားသမျှကို တစ်နေ့တစ်နေ့ ထိုင်ကြည့်နေခဲ့တာ... အကုန်လုံးကို မြင်နေခဲ့တာပေါ့”
“အဲဒီတုန်းက ငါကလည်း လူငယ်သွေးဆိုတော့... သူ့စကားကို လက်မခံနိုင်ဘူးလေ”
“ငါက ချက်ချင်းပဲ ပြန်ခံပြောလိုက်တယ်... ဒါပေမဲ့ သူက နည်းနည်းလေးမှ စိတ်မဆိုးတဲ့အပြင်... ငါ့ကို သူ့ကိုယ်ပေါ် စမ်းသပ်တိုက်ခိုက်ကြည့်ပါလား ဆိုပြီး စိန်ခေါ်လာတယ်”
“ငါကလည်း သေလုမျောပါး ဖြစ်နေတဲ့ လူနာတစ်ယောက်ကို လက်မပါချင်ပါဘူးကွာ...”
“ဒါပေမဲ့ သူက ထပ်ခါထပ်ခါ စိန်ခေါ်နေတာရယ်... ပြီးခဲ့တဲ့ (၃) လလုံး ဘာမှမလုပ်ဘဲ ထိုင်နေခဲ့ရတဲ့ စိတ်ဖိစီးမှုတွေရယ် ပေါင်းလိုက်တော့... ငါ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သူ့ကို ပြသချင်စိတ် ပေါက်သွားတယ်”
“နောက်ဆုံးတော့... ငါ တိုက်ခိုက်လိုက်တယ်”
“ငါ့တိုက်ခိုက်မှုက သူ့အသက်ကို မထိခိုက်စေဖို့ ရည်ရွယ်ခဲ့ပေမယ့်... သာမန်ကာလျှံကာတော့ မဟုတ်ဘူး”
“ဒါပေမဲ့ အံ့သြစရာကောင်းတာက... သူက ဒဏ်ရာတွေ ဗလပွနဲ့ အားနည်းနေတာတောင်မှ... ပေါ့ပေါ့ပါးပါးလေး ကာကွယ်လိုက်တယ်... ထူးဆန်းတဲ့ အင်အားတစ်ခုက ငါ့ကို ရစ်ပတ်ပြီး ပြန်ကန်ထွက်လာတာ... ငါတောင် နောက်ကို ခြေလှမ်းအတော်များများ ဆုတ်လိုက်ရတယ်”
“သူ့သိုင်းပညာက ဆန်းကြယ်လွန်းတယ်... ငါ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးတဲ့ ပညာမျိုးပဲ”
“ဝမ်းနည်းစရာ ကောင်းတာက... သူက ဒဏ်ရာအပြင်းအထန် ရထားတာလေ... လှုပ်ရှားလိုက်တာနဲ့ သွေးတွေ အန်ထွက်လာတော့တာပဲ”
“နောက်ဆုံးတော့ သူက သက်ပြင်းချလိုက်တယ်... သူ ဆက်ပြီး တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူးတဲ့... ဒီအသက်တစ်ချောင်းက ဒီနေရာမှာတင် ဆုံးရှုံးရတော့မယ်တဲ့”
“ပြီးတော့ သူက မင်းအဖေနဲ့ ငါ့ကို မေးတယ်... ထွက်သွားမှာလား၊ ဆက်နေမှာလား တဲ့”
“မင်းအဖေကတော့ ဆက်နေမယ်လို့ ပြောတာပေါ့... သူနေမယ်ဆိုမှတော့ ငါလည်း ဘယ်လိုလုပ် ထွက်သွားလို့ ဖြစ်တော့မလဲ”
“ဒါကို မြင်တော့ အဲဒီလူက သက်ပြင်းချပြီး ပြောတယ်... ဒါ ကံကြမ္မာပဲ ဖြစ်ရမယ်တဲ့... မရှောင်လွှဲနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင် သိုင်းပညာ (၂) မျိုး သင်ပေးခဲ့မယ်တဲ့”
“မင်းအဖေနဲ့ ငါကတော့ လက်မခံချင်ကြပါဘူး... ဒါပေမဲ့ သူက ပြောတယ်... တကယ်လို့ ငါတို့ ငြင်းရင်... ဘယ်လိုပဲဖြစ်ဖြစ် အားလုံး သေရမယ့်အတူတူ... ငါတို့ရှေ့မှာတင် အသက်ထွက်ပြလိုက်မယ်တဲ့”
“သူ့လေသံကို နားထောင်ကြည့်တော့ နောက်နေတာ မဟုတ်မှန်း သိသာတယ်... ဒါနဲ့ ငါတို့လည်း လက်ခံလိုက်ရတော့တာပေါ့”
ယန်ရှောင်ယွင်က ကြားဖြတ်မေးလိုက်သည်။
“အဖေ အမြဲတမ်း သုံးနေကျ သိုင်းပညာလားဟင်”
“အင်း...”
ယန်ရီဇီ ခေါင်းညိတ်လိုက်သည်။
“သူက ငါတို့ကို သိုင်းပညာ (၂) မျိုး သင်ပေးခဲ့တယ်... တစ်မျိုးက ယိရွှမ် နတ်ဘုရားသိုင်း လို့ ခေါ်တဲ့ အတွင်းအားကျင့်စဉ် တစ်မျိုးပဲ”
“နောက်တစ်မျိုးကတော့... ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း ပေါ့”
“ယိရွှမ် နတ်ဘုရားသိုင်းက သဘာဝတရားရဲ့ အနှစ်သာရကို စုပ်ယူနိုင်ပြီး... ကောင်းကင်အောက်က သိုင်းပညာမှန်သမျှရဲ့ အခြေခံအုတ်မြစ် ဖြစ်လာနိုင်တယ်လို့ သူ ပြောခဲ့တယ်”
“ဒီကျင့်စဉ်ကို လေ့ကျင့်ရတာရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက... ဘယ်ဂိုဏ်း၊ ဘယ်ဂိုဏ်းခွဲရဲ့ သိုင်းပညာနဲ့မှ မဆန့်ကျင်တာပဲ”
“ရရှိလာတဲ့ အတွင်းအားကို မူလရှိပြီးသား အတွင်းအားနဲ့ ပေါင်းစပ်လို့ရတယ်”
“အစပိုင်းမှာတော့ ဂရုတစိုက် ထိန်းချုပ်ဖို့ လိုပေမယ့်... အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွင်းအားကို လေ့ကျင့်နေရင်းနဲ့ ယိရွှမ် နတ်ဘုရားသိုင်း ကို အလိုအလျောက် ထုတ်သုံးလာနိုင်လိမ့်မယ်”
“ရလဒ်အနေနဲ့... အတွင်းအားနှစ်မျိုး ပေါင်းစပ်သွားပြီး အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်”
“သူ့ရဲ့ ထူးခြားတဲ့ ယိရွှမ် ကောင်းကင် အရှိန်အဝါက သဘာဝအတိုင်း အကာအကွယ်
တစ်ခု ဖြစ်ပေါ်စေတယ်”
“ငါ သုံးနေတာကို မင်းတို့ မြင်ဖူးကြမှာပါ...”
“အစတုန်းကတော့ ငါ သိပ်အထင်မကြီးခဲ့ပေမယ့်... နောက်ပိုင်း လေ့ကျင့်ကြည့်မှ သူ့ရဲ့ နက်နဲမှုကို သဘောပေါက်လာတယ်”
“မင်းအဖေနဲ့ ငါက ပါရမီရှင်တွေလို့ ပြောလို့ရတယ်... လဝက်လောက် လေ့ကျင့်ပြီးတာနဲ့ ယိရွှမ် နတ်ဘုရားသိုင်း က တိုးတက်မှု အရိပ်အယောင်တွေ ပြလာပြီ”
“အဲဒီအချိန်ရောက်မှ အဲဒီလူက သူ့နောက်ကြောင်းကို ငါတို့ကို ပြောပြခဲ့တယ်...”
“သူ့နာမည်က... ‘စောင့်ရှောက်ခြင်း’ နဲ့ ‘ဆန်းကြယ်ခြင်း’ ကို ပေါင်းစပ်ထားတဲ့... ရှို့ရွှမ် ပါတဲ့”
ထိုနာမည်နှစ်လုံးကို ကြားလိုက်ရသည့် အခါ ဆုမို မျက်မှောင်ကြုတ်လိုက်မိ၏။
“ရှို့ရွှမ် ဟုတ်လား... စောင့်ရှောက်ခြင်း နဲ့ ဆန်းကြယ်ခြင်း...”
ယန်ရီဇီက ဆုမိုကို မော့ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။ နေရာတစ်နေရာ ရှာပြီး ထိုင်လိုက်ကာ အတိတ်ကို ပြန်ပြောင်းပြောပြသည်။
“အဲဒီတုန်းက မင်းအဖေနဲ့ ငါသာ မင်းလို ထက်မြက်ခဲ့မယ်ဆိုရင်... နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး”
“ဒါပေမဲ့ အဲဒီတုန်းကတော့ ငါတို့က သာမန် နာမည်တစ်ခုလို့ပဲ ထင်ခဲ့ကြတာ”
“ရှို့ရွှမ် က ပြောပြတယ်... သူက လျှို့ဝှက်မျိုးနွယ်စု တစ်ခုက ဆင်းသက်လာတာတဲ့... မျိုးရိုးစဉ်ဆက် တစ်စုံတစ်ခုကို စောင့်ရှောက်လာခဲ့တဲ့ မိသားစုပေါ့”
“ဒီတစ်ခါ သူ ဒဏ်ရာအပြင်းအထန် ရခဲ့ရတဲ့ အကြောင်းရင်းက... ရန်သူက အဲဒီအရာတွေကို လိုချင်လို့ သူတို့လူတစ်ယောက်ကို သွေးခွဲပြီး သစ္စာဖောက်ခိုင်းခဲ့တယ်... အဲဒီလိုနဲ့ ပစ္စည်းတချို့ အခိုးခံလိုက်ရတယ်”
“သူက အဲဒီပစ္စည်းတွေကို ပြန်ယူဖို့ ထွက်လာရင်း... ရန်သူ့ထောင်ချောက်ထဲ မိသွားတာ”
“အင်အားချင်း မမျှတော့... နောက်ဆုံးမှာ ဒီလို အခြေအနေမျိုး ရောက်သွားရတာပေါ့”
“ဒါတွေကို ပြောပြပြီးတဲ့နောက်... သူက ငါတို့ကို ပစ္စည်းတစ်ခု ပေးအပ်ခဲ့တယ်... သူ့အသက်က မသေချာတော့ဘူး... ငါတို့ကလည်း ယိရွှမ် နတ်ဘုရားသိုင်းကို လက်ခံရရှိထားပြီးပြီ ဆိုတော့...”
“ဒီပစ္စည်းကို သူ့မိသားစုဆီ ပို့ပေးပါတဲ့”
“မိသားစု အကြီးအကဲဆီ အပ်ပေးပါလို့ မှာကြားခဲ့တယ်”
“ဒါပေမဲ့... သူ စကားဆုံးတာနဲ့ တပြိုင်နက်... အနက်ရောင်ဝတ် လူတွေက အရပ်မျက်နှာ အသီးသီးကနေ ငါတို့ကို ဝင်တိုက်ကြတော့တာပဲ...”
ထိုအချိန်က ဆုထျန်းယန်နှင့် ယန်ရီဇီ နှစ်ဦးစလုံးက ယိရွှမ် နတ်ဘုရားသိုင်းတွင် တိုးတက်မှု အနည်းငယ် ရှိနေပြီး... သူတို့၏ အတွင်းအားများက အဆပေါင်းများစွာ တိုးတက်နေပြီ ဖြစ်၏။
ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း ကိုမူ အသစ်စက်စက် သင်ယူထားခါစ ဖြစ်သဖြင့် ထုတ်မသုံးဖြစ်ခဲ့။
အနက်ရောင်ဝတ် လူများက သူတို့ကို လျှော့တွက်ခဲ့ကြသဖြင့်... နောက်ဆုံးတွင် သူတို့နှင့် မယှဉ်နိုင်ခဲ့ကြ။
ရှို့ရွှမ် တစ်ဦးတည်းသာ ဤတိုက်ပွဲတွင် အသက်မရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွေးချယ်စရာ မရှိတော့သည့်အဆုံး... ဆုထျန်းယန်နှင့် ယန်ရီဇီတို့က တိုက်ပွဲမြေပြင်ကို ရှင်းလင်း၊ ခြေရာလက်ရာများကို ဖျောက်ဖျက်ကာ... ရှို့ရွှမ် ပြောခဲ့သည့် မိသားစုထံသို့ ထွက်ခွာလာခဲ့ကြတော့၏။
“ဒါပေမဲ့ မထင်မှတ်ထားတာက...”
“ငါတို့ ရောက်သွားတဲ့အချိန်မှာ... မြင်လိုက်ရတဲ့ မြင်ကွင်းက ငရဲဘုံလို တိတ်ဆိတ်ခြောက်ကပ်နေတာပဲ”
“သွေးတွေက မြေပြင်တစ်ဝိုက်ကို ရဲရဲတောက် နီစွေးနေအောင် စွန်းထင်းနေတယ်”
“အလောင်းတွေက တောင်လို ပုံနေတယ်... ပြောပြဖို့တောင် ခက်ခဲလွန်းတဲ့ ကြောက်မက်ဖွယ် မြင်ကွင်းပါပဲ”
“ငါတို့က အလောင်းတွေကြား၊ ပြိုကျနေတဲ့ အိမ်တွေကြားထဲမှာ ရှာဖွေခဲ့ကြတယ်”
“နောက်ဆုံးတော့... ဒဏ်ရာအပြင်းအထန် ရထားပေမယ့် အသက်မသေသေးတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်”
“အဲဒီလူက ရင်ဘတ်မှာ ဓားဒဏ်ရာ ရထားတာ... ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ့နှလုံးက ညာဘက်မှာ ရှိနေတော့... မင်းအဖေနဲ့ ငါ ရောက်သွားတဲ့အချိန်ထိ အသက်ငွေ့ငွေ့လေး ကျန်နေသေးတယ်”
“ငါတို့ ချက်ချင်းပဲ မသေဆေးလုံးကို သုံးပြီး ကုသပေးလိုက်တယ်... နောက်ဆုံးတော့ သူ့အသက်ကို ကယ်တင်နိုင်လိုက်တယ်”
“ဒါပေမဲ့ သူ့ရဲ့ မူလခန္ဓာကိုယ် ပျက်စီးသွားတဲ့အတွက်... သိုင်းပညာကတော့ အရင်လို ပြန်ကောင်းလာနိုင်မှာ မဟုတ်တော့ဘူး”
“နာမည်မေးကြည့်တော့... သူက ရှို့လီ ပါတဲ့”
သူက ဆုမိုကို စိမ်းစိမ်းကြည့် ပြီး ပြောလိုက်သည်။
“အဲဒီလူက... နောက်ပိုင်း မင်း တွေ့ခဲ့ရတဲ့... လီစစ်ယွင် ပဲ”
“ဟွန်း... တကယ်ဆို သူက အဲဒီတုန်းကတည်းက သေသင့်နေပြီ”
“မင်းအဖေသာ မကယ်ခဲ့ရင်... အခုထိ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”
“ဒါကိုတောင် မင်းရှေ့မှာ ပေါက်ကရတွေ လာပြောပြီး... မင်းကို ဒီကိစ္စတွေထဲ ဆွဲထည့်သွားသေးတယ်... တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်တာ”
ဆုမိုက ထိုစကားကို ကြားလိုက်ရသောအခါ... ယခင်က သူ နားမလည်ခဲ့သော အချက်တချို့ကို သဘောပေါက်သွားသည်။
“လီစစ်ယွင် က ကျွန်တော့်အပေါ် နားလည်မှု လွဲမှားနေတာက... ဒီယိရွှမ် နတ်ဘုရားသိုင်းကြောင့်များလား”
သာမန် သိုင်းပညာရှင် တစ်ဦးက မည်သို့ လုပ်၍ ရုတ်တရက် ဤမျှ တိုးတက်လာနိုင်မည်နည်း။
သာမန် သိုင်းပညာများဖြင့်ဆိုလျှင် ဤအရာက ဖြစ်တန်စွမ်း မရှိသလောက်ပင် ဖြစ်၏။
သို့သော်ငြား ယိရွှမ် နတ်ဘုရားသိုင်း ဆိုလျှင်မူ ဖြစ်နိုင်သည်။
ဆုထျန်းယန်နှင့် ယန်ရီဇီတို့သည် ပါရမီရှင်များ ဖြစ်ကြသော်ငြား... ယိရွှမ် နတ်ဘုရားသိုင်း သာ ဤမျှ မထူးခြားလျှင်... လဝက်အတွင်း၌ သူတို့၏ အတွင်းအားများ ဤမျှအထိ တိုးတက်လာနိုင်မည်လော။
လီစစ်ယွင်က ယခင်က သာမန်လူတစ်ဦးသာ ဖြစ်ခဲ့သော ဆုမိုသည်... ရွှမ်ကျီတောင်ကြားတွင် ဓားတစ်ချက်တည်းဖြင့် လူသုံးဦးအား သတ်ဖြတ်နိုင်သည်ကို မြင်တွေ့လိုက်ရသောအခါ...
ဆုထျန်းယန် မသေဆုံးမီက ယိရွှမ် နတ်ဘုရားသိုင်းအား သူ၏ သားထံသို့ လက်ဆင့်ကမ်း ပေးအပ်ခဲ့သည်ဟု ထင်မှတ်သွားပုံ ရ၏။
ထို့ကြောင့်ပင် ဆယ်နှစ်တာလုံးလုံး ငြိမ်သက်နေခဲ့ပြီးမှ ရုတ်ချည်း ထကြွလာခြင်း ဖြစ်မည်ဟု ယူဆလိုက်ခြင်း ဖြစ်ဟန် တူသည်။
ယန်ရီဇီက ဆုမို၏ အတွေးတွေကို ရိပ်မိလိုက်ပြီး သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“ဒါက တစ်စိတ်တစ်ပိုင်းပါပဲ... ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးပါဘူး...”