~“သူတို့က အများစုကို ဟန့်တားနိုင်ခဲ့ပေမယ့်... တချို့ကတော့ လွတ်မြောက်သွားခဲ့တယ်”
“ဒါက လီစစ်ယွင် သတိမလစ်ခင် နောက်ဆုံး မြင်ခဲ့ရတဲ့ မြင်ကွင်းပဲ”
ယန်ရီဇီသည် စကားများကို တရစပ် ပြောလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ညင်သာစွာ ဆန့်ထုတ်လိုက်၏။
ထို့နောက် သူတို့ကို လှမ်းကြည့်လိုက်ပြီး...
“ဘယ်လိုလဲ... ဆက်နားထောင်ချင်ကြသေးလား”
“နားထောင်ချင်တာပေါ့”
ဆုမို ခေါင်းညိတ်လိုက်သည်။
“ဒီအထိက ဇာတ်လမ်းရဲ့ အဓိက အချက်အချာကို မရောက်သေးဘူးလေ”
“ဟုတ်တယ်...”
ယန်ရီဇီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။
“နောက်ဆက်တွဲ ဖြစ်ရပ်တွေကမှ အရေးအကြီးဆုံးပဲ”
“အခုဆိုရင် မင်းအဖေရဲ့ စိတ်နေသဘောထားကို မင်း နားလည်လောက်ပါပြီ”
“သူက သဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်း တစ်ယောက်ပါ... လီစစ်ယွင် နဲ့ သူ့မျိုးနွယ်စု ဘာကို ကာကွယ်စောင့်ရှောက်နေသလဲ ဆိုတာ ဒီနေ့ထိ ငါတို့ မသိရသေးပေမယ့်...”
“သူကတော့ လျစ်လျူရှုထားဖို့ လုံးဝ စိတ်ကူးမရှိခဲ့ဘူး”
“ဒါ့အပြင် အဲဒီမျိုးနွယ်စု ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးကြီးက... ဘယ်သူ့ရင်ထဲမှာမဆို ဒေါသတွေ တဖွားဖွား ပေါ်လာစေမှာ အမှန်ပဲ”
“မင်းအဖေ တင်မကဘူး... ငါကိုယ်တိုင်လည်း အဲဒီလူတွေကို လိုက်ရှာပြီး ဟောက်ရန် အကယ်ဒမီ ရဲ့ 'တရားမျှတမှု' နဲ့ ဆုံးမပေးချင်ခဲ့တာ”
“ဒါပေမဲ့ ဒီအကြံကို လီစစ်ယွင် ကို ပြောပြလိုက်တော့... သူက ငြင်းဆန်ခဲ့တယ်”
“သူတို့မျိုးနွယ်စုက ဘိုးဘွားတွေရဲ့ ဆိုဆုံးမစကားတွေကို လိုက်နာပြီး... စည်းမျဉ်းစည်းကမ်းတွေကို တန်ဖိုးထားတဲ့အတွက်... အသက်နဲ့ရင်းပြီး အဲဒီပစ္စည်းတွေကို ကာကွယ်ခဲ့တာပါတဲ့”
“မင်းအဖေနဲ့ ငါက ပြင်ပလူတွေလေ... သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရုံကလွဲပြီး ဘာမှ မမျှော်လင့်ရဲပါဘူးတဲ့”
“ငါတို့ ဘယ်လိုပဲ ပြောပြော သူ လက်မခံဘူး... နောက်ဆုံးတော့ သူ့ဒဏ်ရာတွေ သက်သာလာမယ့်အချိန်ကို စောင့်ဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်”
“ဒါပေမဲ့ မထင်မှတ်ထားတာက... ဒီ ခေါင်းမာတဲ့ကောင်က ဒဏ်ရာ မပျောက်သေးခင်မှာပဲ တိတ်တဆိတ် ထွက်သွားခဲ့တယ်”
“ကံကောင်းတာက... မင်းအဖေနဲ့ ငါ စောစောစီးစီး ရိပ်မိလိုက်လို့... သူ့နောက်ကို ခြေရာခံ လိုက်သွားနိုင်ခဲ့တယ်”
“ငါတို့ သူ့ကို အမီလိုက်နိုင်တဲ့အချိန်မှာ... သူက ထောင်ချောက်ထဲ ရောက်နေပြီ”
“သူ့ကို ဝိုင်းထားတဲ့သူတွေက တခြားသူတွေ မဟုတ်ဘူး... အဲဒီ အနက်ရောင်ဝတ် လူတွေပဲ”
“မင်းအဖေနဲ့ ငါ၊ ပြီးတော့ ရှို့ရွှမ် တို့ တိုက်ခိုက်ခဲ့တုန်းက... ခြေရာလက်ရာ တချို့ ကျန်ခဲ့ပုံရတယ်... အဲဒါကို သူတို့ ခြေရာခံမိသွားတာ”
“သူတို့က အရိပ်ထဲမှာ ပုန်းအောင်းပြီး စောင့်နေခဲ့တာ ကြာပြီ”
“လီစစ်ယွင် ရဲ့ မျိုးနွယ်စုမှာ ယိရွှမ် နတ်ဘုရားသိုင်း နဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း အပြင် တခြား နည်းလမ်းတွေလည်း ရှိသေးတော့... သူ ကြိုသိနေခဲ့တာ”
“ဒါပေမဲ့ သူက ငါတို့ကို အသိမပေးဘဲ... ငါတို့ကို ဒီကိစ္စထဲ ထပ်မပါစေချင်လို့... သူ့ဘာသာသူ ရန်သူတွေကို မျှားခေါ်သွားဖို့ ကြံစည်ခဲ့တာ”
“သူ့ရည်ရွယ်ချက်က ကောင်းပေမယ့်... အစီအစဉ်က ရိုးရှင်းလွန်းတယ်... အဲဒီအချိန်မှာ ငါတို့က ရွှံ့နွံထဲ နစ်နေပြီလေ... ဘယ်လိုလုပ် အလွယ်တကူ ရုန်းထွက်လို့ ရတော့မှာလဲ”
“အဲဒီညက သူသာ ထွက်မသွားရင်... ငါတို့အားလုံး အတူတူ ရင်ဆိုင်လို့ ရသေးတယ်”
“သူ တစ်ယောက်တည်း ထွက်သွားတော့... ရန်သူတွေ တိုက်ခိုက်လာဖို့ အချိန်ကို ပိုမြန်ဆန်သွားစေတာပေါ့”
“အဲဒီတိုက်ပွဲမှာ... ရန်သူ့ဘက်က သိုင်းပညာရှင် တစ်ယောက် ပါလာတယ်... သူ့သိုင်းပညာက အရမ်း ကြောက်စရာကောင်းတယ်”
“မြေကြီးပေါ်မှာ ရပ်နေလိုက်တာနဲ့... တောင်ကြီးတစ်လုံးလိုပဲ... လုံးဝ မယိမ်းယိုင်ဘူး”
“မင်းအဖေက ဇီယန် နတ်ဘုရားလက်ဝါးနဲ့ အစွမ်းကုန် ရိုက်ထုတ်လိုက်တာတောင်... သူက (၃) လှမ်းပဲ နောက်ဆုတ်သွားတယ်... (၃) ခါလောက် အသက်ပြင်းပြင်း ရှူလိုက်ပြီးတာနဲ့ ပြန်တိုက်ခိုက်လာတော့တာပဲ”
“နောက်ပိုင်းကျမှ ငါတို့ သိလိုက်ရတာက... အဲဒီလူဟာ သုံးပါးအစွန်းရောက်ဂိုဏ်း ရဲ့ လက်ရှိ မြေကမ္ဘာဂိုဏ်းချုပ် ဖြစ်နေတာကိုး”
“သူ့ရဲ့ ကျိခွန်သိုင်းက တော်တော်လေး နက်နဲတယ်”
ပြောရင်းနဲ့ သူက ဆုမိုကို လှမ်းကြည့်လိုက်သည်။
“အဲဒီနေ့တုန်းက လူသားဂိုဏ်းချုပ် ပြောတာ ကြားတယ်... မင်းက မြေကမ္ဘာဂိုဏ်းချုပ် အသစ်ကို လက်သီးတစ်ချက်တည်းနဲ့ သေလုမျောပါး ဖြစ်အောင် လုပ်လိုက်တယ်ဆို”
ဆုမို အနည်းငယ် ရှက်ရွံ့သွားသည်။
“တကယ်တော့... သူ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး...”
“လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ... ကောင်းကင်ဓားဂိုဏ်းက နန်ကုန်းယွီ ကို သတ်ချင်နေတဲ့ မျက်နှာဖုံးစွပ်လူက မြေကမ္ဘာဂိုဏ်းချုပ် ဆိုတာ သိလိုက်ရတာပါ”
“...နှမြောစရာ ကောင်းတာက ကျွန်တော်တို့ တိုက်ခိုက်တာ မြန်လွန်းသွားတယ်... တစ်ကွက်တည်းနဲ့ သူက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတယ်လေ”
“အဲဒီတုန်းက သူက ကျွန်တော့်ကို မျက်နှာသာ ပေးလိုက်တာပါလို့တောင် ပြောသွားသေးတယ်”
“သူ့ဒဏ်ရာ ဒီလောက် ပြင်းထန်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“...”
ယန်ရီဇီ၏ မျက်နှာထားသည် ထူးဆန်းသွားသည်။
မြေကမ္ဘာဂိုဏ်းချုပ် လောက် လူတစ်ယောက်က ဆုမိုရှေ့မှာတော့ ဘာမှ မဟုတ်တဲ့ ကောင်လေးလို အထုခံလိုက်ရပါလား။
သူ ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒီညတုန်းက... မင်းအဖေရယ်၊ ငါရယ်၊ မြေကမ္ဘာဂိုဏ်းချုပ်ရယ် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲက မရိုးရှင်းပါဘူး”
“ငါရော မင်းအဖေပါ အစွမ်းကုန် ထုတ်သုံးခဲ့ရတာ”
“သူ့ရဲ့ ကျိခွန်သိုင်း က ကောက်ကျစ်တယ်... မြေကမ္ဘာရဲ့ စွမ်းအင်ကို စုပ်ယူပြီး ကိုယ့်ဒဏ်ရာကို ကုစားနိုင်တယ်”
“နောက်ဆုံးမှာ ငါက အားကုန်သုံးပြီး သူ့ရင်ဘတ်ကို လှံနဲ့ ထိုးဖောက်... လေပေါ် မ,တင်ပေးလိုက်မှ... မင်းအဖေက နေမင်းသုံးစင်း နှလုံးကြေ လက်ဝါး နဲ့ အဆုံးသတ်ပေးလိုက်နိုင်တာ”
“ဒီတိုက်ပွဲ ပြီးတဲ့နောက်... မင်းအဖေနဲ့ ငါ ..ရှို့ရွှမ် ပြောခဲ့တဲ့ စကားတွေကို ပိုပြီး နားလည်လာခဲ့တယ်”
“သူတို့ရဲ့ သိုင်းပညာတွေက ငါတို့ မျှော်မှန်းထားတာထက် အများကြီး သာလွန်နေတယ်”
“တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးတဲ့နောက်... ခြေရာလက်ရာ တချို့ကို ကြည့်ပြီး ငါတို့ ကောက်ချက်ချလိုက်တယ်... ရန်သူတွေက ငါတို့ရဲ့ အစစ်အမှန် စွမ်းရည်တွေကို အပြည့်အဝ မသိသေးဘူး ဆိုတာကိုပေါ့”
“ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းလောက်ပဲ သိထားတာ ဖြစ်မယ်... အခု သူတို့အကုန်လုံး ဒီမှာ သေသွားပြီဆိုတော့... ရန်သူ့ဆီ သတင်းရောက်ဖို့ လမ်းစ ပြတ်တောက်သွားနိုင်တယ်”
“သေချာ တိုင်ပင်ပြီးတဲ့နောက်... ငါတို့က လီစစ်ယွင် ကို ငြင်းခွင့်မပေးဘဲ... သူ့ဒဏ်ရာ ကုသဖို့ ခေါ်သွားလိုက်တော့တယ်”
“မင်းအဖေနဲ့ ငါ သိုင်းလောကမှာ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေရယ်... ရန်သူ့ရဲ့ အင်အားကြီးမားမှုရယ်ကို ထည့်တွက်ပြီး... ငါတို့ ကိုယ့်ကိုယ်ကို ဖုံးကွယ်ဖို့ အထူး သတိထားခဲ့ကြတယ်”
“အခုတော့... မင်းအဖေက ငါ စိတ်ကူးတောင် မယဉ်ရဲတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်”
ဆုမို မျက်ခုံးပင့်လိုက်သည်။
သူသာ အဲဒီနေရာမှာ ရှိနေခဲ့လျှင်... ဘာလုပ်မလဲ ဆိုတာ စဉ်းစားကြည့်လိုက်သည်။
သူတို့ ရထားသော သတင်းအချက်အလက်တွေက မှားယွင်းကောင်း မှားယွင်းနိုင်၏။
‘တကယ်လို့ အဲဒီ မြေကမ္ဘာဂိုဏ်းချုပ် ဟောင်းကသာ ယန်ရီဇီ တို့အကြောင်း သတင်းမပို့လိုက်ဘူး ဆိုရင်... ဘယ်လမ်းကို ရွေးတာ အမှန်ကန်ဆုံး ဖြစ်မလဲ။ ဘယ်လို သေချာအောင် လုပ်မလဲ’
ဆုမို ရုတ်တရက် ယန်ရီဇီကို မော့ကြည့်လိုက်သည်။
“ဦးလေးတို့... ဇီယန် အာမခံဌာန ကို ပြန်သွားခဲ့ကြတာလား”
သို့သော်၊ ပြောပြီးပြီးချင်း သူ ခေါင်းခါလိုက်၏။
“မဟုတ်ဘူး... ဦးလေးတို့ ဇီယန်ဂိုဏ်း ကို သွားခဲ့ကြတာပဲ..”