"ဒါမှမဟုတ်လည်း... မသေမျိုးလမ်းစဉ်နဲ့ သိုင်းလမ်းစဉ်က အခြေခံအားဖြင့် တစ်ခုတည်း ဖြစ်နေတာလား။ လမ်းကြောင်းနှစ်ခုက နဂိုကတည်းက တော်တော်ကြီး ကိုက်ညီပြီး တစ်ခုနဲ့တစ်ခု အားဖြည့်ပေးနေတာလား"
လုရှန် မသိပေ။ သူသိသည်မှာ ဤအရာသည် သူ့အတွက် ကောင်းသော နိမိတ်တစ်ခု ဖြစ်သည်ဟူ၍သာ။
မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ်တို့ ပေါင်းစပ်လိုက်သောအခါ ဓာတုဗေဒ ဓာတ်ပြုမှုတစ်ခုကဲ့သို့ ထူးခြားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ ဤနည်းဖြင့် သူ၏ဒန်ထျန်းထဲရှိ ပုံမှန်မဟုတ်သော ဧရာမရွှေရောင်အမြုတေကြီးကိုလည်း ရှင်းပြနိုင်သွားပြီဖြစ်သည်။
လုရှန်၏ စိတ်ထဲတွင် ခံစားချက်တစ်ခုပင် ဝင်လာမိသည်။
မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ် အမှန်တကယ် ပေါင်းစပ်သွားသည့်အခါ ထွက်ပေါ်လာမည့်အရာသည် သူ့ မမျှော်လင့်ထားသော ဧရာမ အံ့အားသင့်မှုကြီး ဖြစ်နိုင်သည်။
"ဒါပေမဲ့... လမ်းကြောင်းနှစ်ခုလုံးကို ကျင့်ကြံခဲ့တဲ့ ချန်ယွီရှုကျတော့ ဘာလို့ ဒီလို အကျိုးသက်ရောက်မှု မရှိတာလဲ"
လုရှန် မျက်မှောင်ကြုတ်လိုက်သည်။
ချန်ယွီရှုသည် ဤစကြာဝဠာထဲတွင် ပြန်လည်ဝင်စားလာခဲ့ပြီး သဘာဝအတိုင်း သိုင်းလမ်းစဉ်ကို လေ့ကျင့်ခဲ့သော်လည်း ၎င်းတို့နှစ်ခု ပေါင်းစပ်မှုမှာမူ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်နေခဲ့သည်။
"သူက သိုင်းလမ်းစဉ်ကို စောစောစီးစီး စွန့်လွှတ်ခဲ့ပြီး နက်နက်ရှိုင်းရှိုင်း မကျင့်ကြံခဲ့လို့လား"
လုရှန် မသေချာပေ။
ထို့နောက် သူသည် ချန်ယွီရှုနှင့်အတူ ဤစကြာဝဠာထဲသို့ ပြန်လည်ဝင်စားလာခဲ့ကြသည့် အခြားသော မသေမျိုးလမ်းစဉ် အရှင်သခင်များအကြောင်းကို တွေးမိသွားသည်။
ထိုသူများထဲတွင် ဇွဲလုံ့လကြီးမားပြီး ဉာဏ်ပညာ ကြီးမားလှသော ပါရမီရှင်များလည်း ပါဝင်နေမည်မှာ အသေအချာပင်။
ဖြစ်နိုင်သည်မှာ ယခုအချိန်တွင် အခြားသူများသည်လည်း မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ်ကို ပေါင်းစပ်ရန် သူကဲ့သို့ပင် ကြိုးစားနေကြပေလိမ့်မည်။
"ငါတစ်ယောက်တည်း လမ်းဖောက်နေတာ မဟုတ်နိုင်ဘူး။ နောက်ကျရင် သူတို့နဲ့ ဆုံဖြစ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖလှယ်ပြီး အတည်ပြုရတာ ကောင်းမှာပဲ။ တိုးတက်မှုဆိုတာ အပြန်အလှန် ဖလှယ်မှုကနေ လာတာကိုး"
လုရှန် တွေးတောရင်း သူ၏စိတ်ဝိညာဉ်မှာ အိပ်မက်နယ်မြေ ထဲသို့ ဝင်ရောက်သွားတော့သည်။
သူ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ အပြောင်းအလဲတစ်ခုကြောင့် သူ လန့်သွားရလေတော့သည်။
"ဘယ်လိုဖြစ်ပြီး ဒီလောက်အများကြီး ရုတ်တရက် တိုးလာတာလဲ"
လုရှန်သည် မိမိရှေ့မှောက်ရှိ အိမ်တစ်လုံးစာခန့် ကြီးမားသော အဖြူရောင်အလင်းလုံးကြီးကို ကြည့်ကာ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားမိသည်။
ဤအလင်းလုံးကြီးမှာ အခြားမဟုတ် စကြာဝဠာမူလစွမ်းအား များပင် ဖြစ်ကြသည်။
လုရှန် မှတ်မိသလောက်ဆိုလျှင် နောက်ဆုံးအကြိမ် အိပ်မက်နယ်မြေသို့ ဝင်ရောက်စဉ်က မူလစွမ်းအားမှာ ဖရဲသီးတစ်လုံး အရွယ်အစားမျှသာ ရှိသေးသည်။
[လက်ရှိ မူလစွမ်းအား ပိုင်ဆိုင်မှုအာဏာ - ၀.၀ (သုညပေါင်းများစွာကို ချန်လှပ်ထားသည်) ၀]
လုရှန်သည် မိမိ၏ မူလစွမ်းအားပိုင်ဆိုင်မှု အဆင့်အတန်းကို စစ်ဆေးလိုက်သည်။
ဒသမနောက် သုညများမှာ များပြားလွန်းလှသဖြင့် အနန္တသို့ ချဉ်းကပ်နေသောကြောင့် မည်မျှ တိုးတက်လာသည်ကို သူ အတိအကျပင် မခန့်မှန်းနိုင်တော့ချေ။
မည်သို့ပင်ဖြစ်စေ အလွန်အမင်း များပြားလှသော ပမာဏဖြစ်သည်မှာမူ အငြင်းပွားဖွယ်မရှိပေ။
"ငါ ဘာများ လုပ်မိလို့လဲ။ ဘာလို့ မူလစွမ်းအားတွေက ရုတ်တရက် ကောင်းကင်ထိ ထိုးတက်ကုန်တာလဲ"
လုရှန်သည် အတော်ကြာ စဉ်းစားဆင်ခြင်လိုက်ပြီးနောက် ဤအကြောင်းရင်းမှာ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံလိုက်ခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။
"မသေမျိုးလမ်းစဉ် ယဉ်ကျေးမှု စကြာဝဠာကြီး ပျက်စီးသွားတဲ့အခါ စကြာဝဠာမူလစွမ်းအားတွေက ဖရိုဖရဲ ဖြစ်သွားပြီး အမွေအနှစ်တွေထဲမှာ ကိန်းအောင်းနေခဲ့တာ ဖြစ်မယ်။ ဒါကြောင့် မသေမျိုးလမ်းစဉ် ကျင့်စဉ်တွေကို ကျင့်ကြံတဲ့သူတိုင်းက မူလစွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခုကို ခွဲဝေပိုင်ဆိုင်ခွင့် ရတာလား"
လုရှန် ထိုသို့ ခန့်မှန်းလိုက်သော်လည်း အမှန်တကယ် ဟုတ်မဟုတ်ကိုမူ အတည်မပြုနိုင်သေးချေ။
အကယ်၍သာ ထိုသို့ အမှန်တကယ် ဖြစ်ခဲ့လျှင် သူသည် မသေမျိုးလမ်းစဉ်ယဉ်ကျေးမှု၏ အမွေအနှစ်များကို ပိုမိုအာရုံစိုက်သင့်သည်ဟု ခံစားလိုက်ရသည်။
အဆုံးစွန်၌ စကြာဝဠာမူလစွမ်းအား ဆိုသည်မှာ မည်သည့်ရတနာထက်မဆို တန်ဖိုးဖြတ်မရနိုင်သော အရာမဟုတ်ပါလား။
ဆင်ခြင်ခြင်း ရှာဖွေခြင်း ပြန်လည်ဖော်ထုတ်ခြင်း ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်း…။
မူလစွမ်းအား ဆိုသည်မှာ အရာခပ်သိမ်း၏ အစအဦးပင် ဖြစ်သည်။ အလိုရှိသော မည်သည့်ပန်းတိုင်ကိုမဆို ဖော်ဆောင်ပေးနိုင်သည်။ သို့သော် မူလစွမ်းအား ပမာဏ လုံလောက်ရန် လိုအပ်သည်။
ဤသည်မှာ လုရှန်၏ ကမ္ဘာဟောင်းမှ နာမည်ကျော် ကာတွန်းတစ်ခုထဲရှိ ဆက်တင်နှင့် ဆင်တူနေသည်။
နဂါးလုံး ခုနစ်လုံး စုမိလျှင် နဂါးနတ်မင်းအား ဆင့်ခေါ်ပြီး ဆုတောင်းနိုင်သကဲ့သို့ပင်။
တစ်ခုထူးခြားသည်မှာ စကြာဝဠာမူလစွမ်းအားသည် မည်သည့်နဂါးနတ်မင်းထက်မဆို အဆပေါင်း ကုဋေကုဋာမက ပို၍ အစွမ်းထက်လှခြင်းပင် ဖြစ်သည်။
လုရှန်သည် အိမ်တစ်လုံးစာခန့် ကြီးမားသော မူလစွမ်းအားကြီးကို ကြည့်ရင်း သူ၏ရင်ထဲတွင် အတွေးတချို့ စတင်လှုပ်ရှားလာသည်။
သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စကြာဝဠာမူလစွမ်းအားကို ထိန်းချုပ်ကာ အမိန့်ပေးလိုက်သည်။
"ရွှမ်လင်းဘောလု ကျင့်စဉ်ကို ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းစနစ်ထဲ ပေါင်းထည့်လိုက်စမ်း"
သူ့စိတ်ထဲမှ အတွေးတစ်ချက်နှင့်အတူ မူလစွမ်းအားကို ကိုယ်စားပြုသော အဖြူရောင်အလင်းတန်းများမှာ သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ရွှမ်လင်းဘောလု ကျင့်ကြံမှုကြောင့် သူ၏သိုင်းခန္ဓာပေါ်တွင် ပေါ်ပေါက်လာသော မသေမျိုးလမ်းစဉ် အမှတ်အသားများမှာ တစ်လက်မချင်းစီ ကွဲအက်သွားပြီး ပြန်လည်ကြီးထွားလာကြသည်။
၎င်းတို့သည် ကြယ်တာရာ အထွတ်အထိပ် ခန္ဓာကိုယ်၏ မူလရွှေရောင်အမှတ်အသားများနှင့် စတင်ရောယှက်သွားပြီး တစ်ခုနှင့်တစ်ခု အားဖြည့်ကာ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားတော့သည်။
ဤဖြစ်စဉ်အတွင်းမှာပင် လုရှန်သည် သူ၏တစ်သက်တာတွင် တစ်ခါမျှ မခံစားဖူးသော တစ်ကိုယ်လုံး အသစ်တစ်ဖန် ပြန်လည်မွေးဖွားသွားသကဲ့သို့သော ထူးခြားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
ဤသည်မှာ ဖော်ပြ၍မရနိုင်သော အသက်ဇီဝအသစ်တစ်ခုကို ရရှိလိုက်သကဲ့သို့ပင် ဖြစ်သည်။
သူ၏ ဒန်ထျန်းထဲရှိ အဖြူရောင်ရွှေရောင်အမြုတေမှာလည်း စည်းချက်ကျကျ ခုန်လှုပ်လာပြီး နှလုံးခုန်သံနှင့် ပဲ့တင်ထပ်နေသည်။
မသေမျိုးဆဲလ် နှစ်သိန်းကျော်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်နေကြပုံရသည်။
လုရှန်၏ ရှေ့မှောက်တွင် တိုးတက်မှုပြဘားတစ်ခု ပေါ်လာသည်။
[ပထမအဆင့် ပေါင်းစပ်မှု တိုးတက်မှုနှုန်း - ၀.၀၀၄%]
ဤတိုးတက်မှုပြဘားမှာ လျင်မြန်စွာ မြင့်တက်လာသည်။ တစ်ဖက်တွင်လည်း မူလစွမ်းအားကို ကိုယ်စားပြုသည့် အဖြူရောင်အလင်းလုံးကြီးမှာ အလျင်အမြန်ပင် ကုန်ခမ်းသွားရသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းမှာ တစ်ဝက်ခန့် လျော့ကျသွားပြီး နောက်ထပ်တစ်ဝက် ထို့နောက် နောက်ထပ်တစ်ဝက်...။
"တော်ပြီ…ရပ်လိုက်တော့"
အဖြူရောင်အလင်းလုံး လေးငါး ကုဗမီတာခန့်သာ ကျန်တော့သည့် အချိန်တွင် လုရှန်သည် နှမြောတသဖြစ်ကာ ပေါင်းစပ်မှုကို ရပ်တန့်ခိုင်းလိုက်ရသည်။
မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ် ပေါင်းစပ်ခြင်းမှာ အမှန်တကယ် ဖြစ်နိုင်ခြေရှိသည် ဆိုသော်လည်း ခက်ခဲမှုအပိုင်းမှာမူ လုရှန် ထင်ထားသည်ထက် ပိုမိုလွန်ကဲနေလေသည်။
လုရှန်သည် သူ၏သိုင်းခန္ဓာအတွင်းမှ အရိုးနှင့် သွေးများပေါ်ရှိ အမှတ်အသားများကို ကြည့်ကာ ရေရွတ်မိသည်။
"ပထမအဆင့် ပေါင်းစပ်မှုက ကျင့်ကြံခြင်းစနစ်နှစ်ခုလုံးကနေ ခန္ဓာကိုယ်ကို တူးဆွတာ ဖြစ်ရမယ်"
"ဒါပေမဲ့ ခန္ဓာကိုယ်ပိုင်းက မသေမျိုးလမ်းစဉ်ယဉ်ကျေးမှုမှာ အားအနည်းဆုံး အပိုင်းပဲလေ။ ယုတ္တိဗေဒအရ ဆိုရင်တော့ ဒါက ပေါင်းစပ်ဖို့ အလွယ်ဆုံး ဖြစ်ရမှာ။ အဲဒါတောင် ဒီလောက် ခက်နေတာလား..."
ခက်ခဲသည် ဆိုသည်ထက် ပေါင်းစပ်မှုအတွက် မူလစွမ်းအားပမာဏ အလွန်အမင်း လိုအပ်နေခြင်း ဖြစ်သည်။ လောလောဆယ် လုရှန် ထိုမျှအထိ ကြွယ်ဝချမ်းသာခြင်း မရှိသေးချေ။
"ငါသာ မသေမျိုးလမ်းစဉ်ရဲ့ တခြားကျင့်စဉ်တွေ အထူးသဖြင့် ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်တွေကို ပိုရမယ်ဆိုရင် မူလစွမ်းအား သုံးစွဲရမှုကို အများကြီး လျှော့ချနိုင်မှာပဲ..."
လုရှန်သည် ဤခန္ဓာကိုယ်ပေါင်းစပ်မှုအဆင့်ကို အမည်တစ်ခု ပေးလိုက်သည်။
"မသေမျိုး-သိုင်း အထွတ်အထိပ် ခန္ဓာကိုယ် စီမံကိန်း"
ပထမအဆင့် ပေါင်းစပ်မှု ပြီးဆုံးသွားလျှင် ဤခန္ဓာကိုယ်မှာ ယဉ်ကျေးမှုကြီး နှစ်ခုလုံး၏ အနှစ်သာရများ ပေါင်းစပ်ထားသောကြောင့် မည်မျှ အာဏာရှင်ဆန်ပြီး ပြိုင်ဘက်ကင်းမည်ကို သူ ကြိုတင်မြင်ယောင်နေမိသည်။
"ဖြစ်နိုင်တာက... ခန္ဓာကိုယ်စွမ်းအားတစ်ခုတည်းနဲ့တင် အဆင့် ၁၆ ဒါမှမဟုတ် အဆင့် ၁၇ လမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်"
'မသေမျိုး-သိုင်း အထွတ်အထိပ် ခန္ဓာကိုယ်' ဟူသော အမည်မှာ အလကား ပေးထားခြင်း မဟုတ်ပေ။ သို့သော် လောလောဆယ်တွင်မူ ဤစီမံကိန်းကို ခေတ္တဆိုင်းငံ့ထားရဦးမည် ဖြစ်သည်။
အိပ်မက်နယ်မြေသည်လည်း မူလစွမ်းအား ရရှိနိုင်သော အရေးကြီးသည့် ရင်းမြစ်တစ်ခုပင် မဟုတ်ပါလား။
သူ၏ အစစ်အမှန်ခန္ဓာကိုယ်မှာ စကြာဝဠာသဘာဝစွမ်းအင်များကို အရူးအမူး စုပ်ယူနေသည်။ ထိုအတောအတွင်း လုရှန်သည် အိပ်မက်နယ်မြေထဲ၌ အနားမနေချေ။ သူသည် ဂြိုဟ်များမှ ဇမ်ဘီများကို ကြိုးစားပမ်းစား ဆက်လက်ရှင်းလင်းနေသည်။
ယခုအခါ လုရှန်မှာ မသေမျိုးဆဲလ် နှစ်သိန်းကျော် ပိုင်ဆိုင်ထားပြီးဖြစ်ရာ အဆင့် ၁၂ ဇမ်ဘီအရှင်သခင်များမှာ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ချေ။
အဆင့် ၁၃ ဇမ်ဘီများမှာမူ အနည်းငယ် ခက်ခဲနေသေးသော်လည်း မကြာမီ သူ ယှဉ်ပြိုင်နိုင်တော့မည်ဟု ခန့်မှန်းထားသည်။
ဤဖြစ်စဉ်အတွင်း၌ လုရှန်သည် မမျှော်လင့်ဘဲ အဆင့် ၅ အထွတ်အထိပ်သို့ ရောက်ရှိသော သိုင်းပညာ နှစ်မျိုးကို ထပ်မံရရှိခဲ့သည်။
တွက်ကြည့်လိုက်လျှင် ယခုအခါ သူ့တွင် အဆင့် ၅ အထွတ်အထိပ် ရောက်ရှိသော သိုင်းပညာမှတ်ဉာဏ်ပေါင်း တစ်ဆယ့်နှစ်မျိုးအထိ ရှိနေပြီ ဖြစ်သည်။
လက်သီး လက်ဝါး ခြေထောက် ဓား လှံ စတီးဓားနှင့် ပုဆိန်…။
သာမန်သိုင်းသမားတစ်ယောက်အတွက် သိုင်းပညာ တစ်မျိုး သို့မဟုတ် နှစ်မျိုးအား အဆင့် ၅ အထိ ရောက်အောင် ကျင့်ကြံနိုင်ခြင်းကပင် ထူးခြားဆန်းပြားလှပြီ ဖြစ်သည်။
တစ်ဖက်တွင် မွန်ရိုးသည် အသက် ရှစ်ရာကျော်မှ သိုင်းပညာ နှစ်မျိုးကို အဆင့် ၅ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ခဲ့ပြီး အဆင့် ၁၂ သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုမျှနှင့်ပင် သူသည် ရှီးအာ ကြယ်တာရာနယ်မြေ၌ နှစ်ပေါင်းသောင်းချီမှ တစ်ယောက်ပေါ်ထွန်းသော ပါရမီရှင်အဖြစ် သတ်မှတ်ခံရပြီး မျိုးဆက်သစ်များကြားတွင် ထိပ်သီးပုဂ္ဂိုလ်ကြီး ဖြစ်နေခဲ့သည်။
ချန်ယွီရှုကိုမူ ထည့်သွင်းစဉ်းစားရန် မလိုပေ။ သူသည် မွေးရာပါဉာဏ်ပညာ ပါသူဖြစ်သလို သိုင်းလမ်းစဉ်ထက် နည်းပညာပိုင်းသုတေသနကို ပို၍ အလေးထားသောကြောင့် ဖြစ်သည်။
လုရှန်ကမူ အဆင့် ၅ အထွတ်အထိပ် သိုင်းပညာ တစ်ဆယ့်နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်။ ပို၍ အရေးကြီးသည်မှာ သူသည် ယခုနှစ်မှ အသက် နှစ်ဆယ်ကျော်လေးသာ ရှိသေးသည်။
အသက် နှစ်ဆယ်ကျော်နှင့် အဆင့် ၅ အထွတ်အထိပ် သိုင်းပညာ တစ်ဆယ့်နှစ်မျိုး ထိုမျှမကသေးဘဲ အဆင့် ၅ ရောက်သော်လည်း အထွတ်အထိပ် မရောက်သေးသော အခြားသိုင်းပညာ ဒါဇင်နှင့်ချီ၍လည်း ရှိနေသေးသည်။
ဤအကြောင်းကိုသာ အပြင်လူများ သိရှိသွားပါက သေလုမတတ် လန့်သွားကြမှာ သေချာသည်။ အဆင့် ၁၂ အရှင်သခင်ကြီးများပင်လျှင် ဤအချက်ကို လက်ခံနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
***