"ငါသာ အဆင့် ၁၂ ကို တက်ပြီး နိယာမကြယ်စုတန်းတွေကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းတဲ့အခါ နိယာမကြယ်စုတန်း တစ်ဆယ့်နှစ်ခုလုံး ငါ့ကိုယ်ထဲ ရောက်လာရင်... ငါ့ရဲ့ ကြယ်တာရာ အထွတ်အထိပ် ခန္ဓာကိုယ်က ဘယ်လောက်တောင် အားကောင်းသွားမလဲ"
သူ စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။
လုရှန်သည် ပျော်ရွှင်စွာဖြင့် အနာဂတ်ကို စိတ်ကူးပုံဖော်နေမိသည်။
ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကျန်ရှိနေသေးသော မူလစွမ်းအားများကို အသုံးပြုကာ ဆင်ခြင်တွက်ချက်မှုတစ်ခု ပြုလုပ်လိုက်သည်။
သူသည် မိမိ၏မိဘများအတွက် သက်တမ်းရှည်စေမည့် ကျင့်စဉ်တစ်ခုကို ဖန်တီးပေးရန် အမြဲ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ယခု မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းစနစ်ကို ရရှိထားပြီဖြစ်ရာ သူ နောက်ဆုံးတွင် ကြိုးစားကြည့်နိုင်ပြီ ဖြစ်သည်။
မသေမျိုးလမ်းစဉ်ကျင့်စဉ်များမှာ သက်တမ်းရှည်စေမှုအပိုင်းတွင် သိုင်းလမ်းစဉ်ထက် ပို၍ သိသာထင်ရှားသော အစွမ်းရှိသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင်။
ယာမူ ကြယ်တာရာနယ်မြေ အတွင်းရှိ ကြယ်စုတန်းတစ်ခု၌…။
ဤနေရာသည် ယခင်က ကြယ်တာရာနယ်မြေ တစ်ဆယ့်နှစ်ခု သိုင်းပါရမီရှင် ဖလှယ်ရေးပြိုင်ပွဲ ကျင်းပခဲ့ရာ နေရာဖြစ်သည်။ ယခုအခါ ပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် လူသူ တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် ပြိုင်ပွဲအတွက် ပြင်ဆင်ထားသော နေရာများကိုမူ လုံးဝ ဖျက်သိမ်းခြင်း မရှိခဲ့ပေ။ ထို့ကြောင့်ပင် ကမ္ဘာလှည့်ခရီးသည်များအတွက် လည်ပတ်စရာ နေရာသစ်တစ်ခု ဖြစ်လာခဲ့သည်။
ထိုနေရာသို့ သာမန်ကာလျှံကာ ယာဉ်ပျံတစ်စင်း ဆင်းသက်လာပြီး ခန့်ညားထည်ဝါသော လူငယ်နှစ်ဦး ယာဉ်ပေါ်မှ ဆင်းလာကြသည်။
လူငယ်နှစ်ဦး မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ဦးက ကျောက်စိမ်းပြားကဲ့သို့သော အရာတစ်ခုကို ထုတ်ယူကာ မျက်စိရှေ့တွင် စစ်ဆေးလိုက်လေတော့သည်။
ကျောက်စိမ်းပြားကို ကိုင်ထားသော လူငယ်သည် ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုကို စူးစမ်းရင်း အခြေအနေကို တွက်ချက်နေသည်။
အသက်ရှူကြိမ် အနည်းငယ်အကြာတွင် သူသည် ကျောက်စိမ်းပြားကို သိမ်းလိုက်ပြီး လေးနက်သောလေသံဖြင့် အတည်ပြုလိုက်သည်။
"ဟုတ်တယ်... သခင်လေးယွီရဲ့ ဝိညာဉ်အငွေ့အသက်က ဒီနေရာမှာတင် ရုတ်တရက် ပြတ်တောက်သွားတာပဲ"
ဘေးမှ လူငယ်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး မေးမြန်းလိုက်သည်။
"သူ သေရတဲ့ အကြောင်းရင်းကိုရော ရှာလို့ရနိုင်မလား"
"ဝိညာဉ်မီးတောက် ငြိမ်းသွားပြီ စိတ်အာရုံလည်း လုံးဝ ပြတ်တောက်သွားပြီ..."
ထိုလူငယ် အသက် ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ ပြောလိုက်သည်။
"သူ လုံးဝ ကျဆုံးသွားပြီ။ ကိုယ်ခန္ဓာရော တာအိုလမ်းစဉ်ပါ တစ်ပါတည်း ပျက်စီးသွားခဲ့တာ"
နှစ်ဦးလုံး၏ မျက်နှာပြင်တွင် မှောင်ရိပ်များ သန်းလာသည်။
မိမိတို့ ယဉ်ကျေးမှု၏ မူလအစ ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ပြန်လည်ဝင်စားလာသူများ ဖြစ်သည့်အတွက် သေခြင်းတရားမှာ သူတို့အတွက် အဆန်းမဟုတ်တော့။ သို့သော် မိမိတို့နှင့် မူလအစတူညီသော ရဲဘော်တစ်ဦး လုံးဝကွယ်ပျောက်သွားခြင်းကို ခံစားမိသည့်အခါ ရင်ထဲတွင် လှိုင်းထန်မှုများ ရှိလာသည်။
အဓိကသော့ချက်မှာ ထိုသေဆုံးသူ၏ အဆင့်အတန်းမှာ သာမန်မဟုတ်ခြင်းပင်။
သူသည် တာအိုလင်း ဂိုဏ်း ၏ နဝမမြောက် တောင်ထွတ်သခင်၏ သားတော် ဖြစ်နေသည်။
ထျန်းလန် ကြယ်တာရာစနစ်၏ အနည်းငယ်သော အဆင့် ၁၅ အားကောင်းသူများထဲမှ တစ်ဦးဖြစ်သည့်အတွက် တာအိုလင်း ဂိုဏ်း၏ တောင်ထွတ်သခင်များသည် ပြန်လည်ဝင်စားသူများကြားတွင် အင်အားကြီးမားသော နေရာ၌ ရှိနေကြသည်။
ပြန်လည်မဝင်စားမီက နဝမမြောက် တောင်ထွတ်သခင်တွင် သားသမီး မြောက်မြားစွာ ရှိခဲ့သော်လည်း ယခုဘဝတွင်မူ အသက်ရှင်ကျန်သူများမှာ ရတနာကဲ့သို့ အဖိုးတန်သည်။
ယခုအခါ သခင်လေးယွီအပေါ် ထားရှိသော တောင်ထွတ်သခင်၏ မေတ္တာမှာ ယခင်ဘဝကထက် အဆပေါင်းရာနှင့်ချီ၍ ပိုမိုပြင်းထန်ပေလိမ့်မည်။
သူတို့ သတင်းရသည်မှာ မကြာသေးပေ။ လာကြိုရန် တာဝန်ရှိသူများမှာ လမ်းခုလတ်၌ပင် ရှိနေသေးသည်။
ပြန်သွားရင် ဘယ်လိုများ ရှင်းပြရပါ့မလဲ…။
သူတို့နှစ်ဦးမှာ ဘာလုပ်ရမှန်းမသိဘဲ ထိုနေရာတွင် တုံ့ဆိုင်းနေကြသည်။
ထိုစဉ်မှာပင် သူတို့ရှေ့၌ ယာဉ်ပျံတစ်စင်း ရပ်လိုက်ပြီး အလံနီလေး ကိုင်ထားသော အမျိုးသားတစ်ဦး ဆင်းလာကာ ပြုံးဖြဲဖြဲနှင့် နှုတ်ဆက်သည်။
"ဘယ်က လာတာလဲဗျ ခရီးထွက်လာတာလား"
"ကျွန်တော်တို့ဆီမှာ အခု ပရိုမိုးရှင်း ရှိနေတယ်ဗျ။ ယာမူ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို သုံးရက်အတွင်း လည်ပတ်မယ် သိုင်းပြိုင်ပွဲ ကျင်းပခဲ့တဲ့နေရာတွေ အကုန်လိုက်ပို့မယ် ချောမောလှပတဲ့ အမျိုးသမီး လမ်းညွှန်လည်း ပါမယ်ဗျာ။ အဲဒါမှ သလင်းကျောက်နက် ငွေပြား ကိုးထောင် ကိုးရာ ကိုးဆယ် ရှစ်ပြားပဲ ကျသင့်မှာပါ"
"ဒါတင် မကသေးဘူးနော် ပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ အသံမှတ်တမ်းတွေ နဲ့ ချန်ပီယံရဲ့ လက်မှတ်ပါတဲ့ ဓာတ်ပုံကိုပါ လက်ဆောင် ပေးဦးမှာ"
ပြောရင်းပင် တစ်မီတာကျော်မြင့်သော ပိုစတာကို သူ ထုတ်ပြလိုက်သည်။ ထိုပေါ်တွင် ကြယ်တာရာတစ်ခုကဲ့သို့ တောက်ပနေသော ခန့်ညားသည့် လူငယ်တစ်ဦး၏ ပုံပါရှိသည်။
သိသာသည်မှာ ဤဒေသခံများသည် သူတို့နှစ်ဦးအား ခရီးဝေးမှ လာသော ကမ္ဘာလှည့် ခရီးသည်များဟု ထင်နေခြင်း ဖြစ်သည်။ ဤအတောအတွင်း ထိုကဲ့သို့ လာလည်သူများ အမှန်တကယ် များပြားလှသည်။
"မလိုဘူး... မလိုဘူး..."
လူငယ်တစ်ဦးက စိတ်မရှည်စွာ လက်ယမ်းလိုက်သည်။
သို့သော် သူ၏ သူငယ်ချင်းဖြစ်သူင တားလိုက်ပြီး ထိုသူ့လက်ထဲမှ ပိုစတာကို စိုက်ကြည့်ကာ မေးလိုက်သည်။
"အဲဒီ အသံမှတ်တမ်း နဲ့ ပိုစတာက ဘယ်လောက်လဲ။ ငါ့ကို တစ်စုံပေး..."
လမ်းညွှန်သမား၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ပြောသည်။
"ဒါ ရောင်းဖို့ မဟုတ်ဘူးဗျ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ နာမည်သွင်းလိုက်ရင်တော့..."
လူငယ်မှာ ဘာမျှမပြောဘဲ ကတ်တစ်ခုကို တိုက်ရိုက်ပစ်ပေးလိုက်သည်။
လမ်းညွှန်သမားက ကတ်ကို ဖမ်းယူပြီး စစ်ဆေးလိုက်ရာ မျက်နှာမှာ ချက်ချင်း ပြုံးဖြဲဖြဲ ဖြစ်သွားသည်။ သူ လက်ဆောင်ပစ္စည်း နှစ်စုံကို လျင်မြန်စွာ ထုတ်ပေးလိုက်သည်။
"ရော့ဗျာ... စိတ်ဝင်စားရင် အချိန်မရွေး ဆက်သွယ်လိုက်ပါဦး"
ပြောပြီးသည်နှင့် သူ ယာဉ်ပျံပေါ် တက်ကာ ချက်ချင်း မောင်းထွက်သွားတော့သည်။
သူ ထွက်သွားရင်း စိတ်ထဲမှ ခိုးပြုံးနေမိသည်။
ဒီလူအ ၂ ယောက်က ဘယ်ကလာတာလဲမသိဘူး။ တန်ဖိုးမရှိတဲ့ လက်ဆောင် နှစ်စုံကို သလင်းကျောက်နက် ငွေပြား နှစ်သောင်းတောင် ပေးဝယ်သွားတယ်…။
ပြိုင်ပွဲ အသံမှတ်တမ်းက အင်တာနက်မှာ အလကား ရနေတာပဲ ပိုစတာဆိုရင် ပိုဆိုးသေး လိုက်ဖ် လွှင့်တုန်းက ရိုက်ထားတာ လက်မှတ်ဆိုတာလည်း သူတို့ဘာသာသူတို့ အတုထိုးထားတာလေ။
ဒါပေမဲ့... ဘယ်သူ ဂရုစိုက်မှာလဲ။ စကြဝဠာက ကျယ်ပြောတယ် လူထူးလူဆန်းတွေကတော့ ရှိမှာပဲ ပိုက်ဆံရဖို့က အဓိကပဲ မဟုတ်လား…။
…
"ဒါကို ဘာလို့ ဝယ်လိုက်တာလဲ"
လမ်းညွှန်သမား ထွက်သွားသည်နှင့် တစ်ဖက်လူက ဝေခွဲမရစွာ မေးလိုက်သည်။ သို့သော် သူ စကားပြောပြီးသည်နှင့် မျက်နှာအမူအရာ ပြောင်းသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"သခင်လေးယွီ သေတာက ဒီသိုင်းပြိုင်ပွဲနဲ့ ပတ်သက်နေတယ်လို့ မင်း ထင်နေတာလား..."
လူငယ်က ခေါင်းညိတ်ပြလိုက်သည်။
"မင်းသိတဲ့အတိုင်း ငါကျင့်တဲ့ ကျင့်စဉ်က စိတ်အာရုံခံစားမှု အတော်လေး အားကောင်းတယ်လေ"
ပြောရင်းနှင့်ပင် သူတို့နှစ်ဦးမှာ အသံမှတ်တမ်းကို စစ်ဆေးကြည့်လိုက်ကြသည်။ ခဏအကြာတွင် အမှန်တရား ပေါ်ထွက်လာတော့သည်။
"ဟူး"
လူငယ် အသံမှတ်တမ်းအား ပြန်သိမ်းလိုက်ပြီး ချန်ပီယံ လက်မှတ်ပါသည့် ပိုစတာကို ကြည့်ကာ မျက်မှောင်ကြုတ်ထားသည်မှာ အနည်းငယ် ပြေလျော့သွားသည်။
"အခုတော့ ပြန်သွားရင် ရှင်းပြစရာ ရပြီ"
ထိုလူငယ် တွေးထားသည့်အတိုင်းပင် ချန်ယွီရှု သေဆုံးရခြင်းမှာ ပြိုင်ပွဲနှင့် အမှန်တကယ် ပတ်သက်နေသည်။ သူတို့ လာကြိုရမည့် သခင်လေးယွီမှာ ပြိုင်ပွဲထဲတွင် တစ်ဖက်လူ၏ လက်သီးဖြင့် အသေအရိုက်ခံခဲ့ရခြင်းပင်။
ချန်ယွီရှုအား သတ်ခဲ့သူမှာ ဤပြိုင်ပွဲ၏ ချန်ပီယံဖြစ်ပြီး ပိုစတာများပေါ်မှ တောက်ပနေသော လူငယ်တစ်ယောက် ဖြစ်နေသည်။
"အဆင့် ၁၀ ခန္ဓာကိုယ်တစ်ခုက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားရှိနေလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်နိုင်ဘူး။ အဆင့် ၁၂ ရှိတဲ့ သခင်လေးယွီတောင် သူ့လက်ထဲမှာ သေသွားရတယ်လား..."
သူ့သူငယ်ချင်းမှာ အံ့အားသင့်လွန်း၍ စကားပင် ဆွံ့အသွားသည်။ မှတ်တမ်းထဲမှ မြင်ကွင်းတို့က သူ့အား အတော်လေး တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
လူငယ်ကမူ တည်ငြိမ်စွာဖြင့်ပင် "စကြဝဠာယဉ်ကျေးမှုတစ်ခုမှာ အံ့မခန်းပါရမီရှင် တစ်ယောက်စ နှစ်ယောက်စ ပေါ်ထွက်လာတာ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ငါတို့ ဒါထက် ပိုဆိုးရွားတဲ့ မြင်ကွင်းတွေကိုတောင် ကြုံဖူးကြတာပဲ... ဘာပဲဖြစ်ဖြစ် တရားခံကို ရှာတွေ့ပြီဆိုတော့ ငါတို့တာဝန် ပြီးဆုံးပြီ။ မြန်မြန်ပြန်သတင်းပို့ပြီး တောင်ထွတ်သခင်က ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုပဲ စောင့်ကြည့်ကြရအောင်" ဟု ဆိုသည်။
သူ့သူငယ်ချင်းက ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
ထို့နောက် နှစ်ဦးသား စကားများ ထပ်မပြောကြတော့ဘဲ ယာဉ်ပျံပေါ်သို့ တက်ကာ လာလမ်းအတိုင်း ပြန်လည် ထွက်ခွာသွားကြတော့သည်။
***