"ဘာပဲဖြစ်ဖြစ် ဦးတည်ချက်တစ်ခု ရှိနေတာပဲ တဖြည်းဖြည်းချင်းပဲ လုပ်သွားရမှာပေါ့"
လုရှန် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ထိုသို့ မလုပ်ဆောင်နိုင်မီ သူသည် အပေးအယူ လုပ်ထားသော ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ခဲ့သည်။
၎င်းမှာ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲမသေစေဘဲ ကြယ်နီကြီး အခြေအနေထဲသို့ ခေတ္တမျှ ဝင်ရောက်နိုင်စေမည့် နည်းလမ်း ဖြစ်သည်။
ထိုဖြေရှင်းနည်းမှာ သူ၏ သိုင်းပညာ အစောပိုင်းအဆင့်များတွင် အစွမ်းအထက်ဆုံး ဖဲချပ်အသေအဖြစ် အသုံးပြုခဲ့ပြီး ကမ္ဘာမှ ထွက်လာပြီးနောက်ပိုင်း အချိန်အတော်ကြာ ပိတ်သိမ်းထားခဲ့သော သိုင်းနတ်ဘုရား အခြေအနေပင် ဖြစ်သည်။
အကြွင်းမဲ့ ထိန်းချုပ်မှု သီအိုရီအရ အမြင့်ဆုံးသော တိုက်ခိုက်ရေးစွမ်းရည်…။
လုရှန်အနေဖြင့် သိုင်းနတ်ဘုရား အခြေအနေထဲသို့ အချိန်အတော်ကြာ မဝင်ရောက်ခဲ့သည့် ပထမဆုံး အကြောင်းရင်းမှာ သူ၏အင်အားမှာ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး သူ၏ ရန်သူများမှာ အတော်လေး အားနည်းနေသောကြောင့် ဖြစ်သည်။ အခြေခံအားဖြင့် သူ၏ ဖဲချပ်များအား ထုတ်ပြလိုက်ရုံဖြင့် ရန်သူများကို သတ်ဖြတ်နိုင်ခဲ့သည်။
ထို့ကြောင့် ပြည့်စုံသော ထိန်းချုပ်မှုမျိုး မလိုအပ်ခဲ့ပေ။
ဥပမာအားဖြင့် လုရှန်၏ မူလစွမ်းအားမှာ ကျည်ဆန်တစ်တောင့်နှင့် တူသည်ဆိုပါစို့။ ရန်သူကို အနိုင်ယူလိုလျှင် ထိုကျည်ဆန်ကို ရန်သူ၏ အသက်အန္တရာယ်ရှိသော နေရာသို့ တိတိကျကျ ပစ်ခတ်ရမည်ဖြစ်ရာ ထိရောက်မှု သတ်ဖြတ်နိုင်စွမ်းနှင့် တိကျမှုတို့ကိုသာ ဦးစားပေးခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခု သူကိုင်တွယ်နေသော စွမ်းအားမှာ အမြောက်ဆန်ကြီးတစ်လုံး ဖြစ်နေလေပြီ။
ရန်သူရှိရာအရပ်သို့ ရမ်းပစ်လိုက်ရုံနှင့်ပင် ထိုဧရိယာအတွင်းရှိ ရန်သူမှန်သမျှ အမှုန့်ဖြစ်သွားရတော့မည် မဟုတ်ပါလား။
ဒုတိယအကြောင်းရင်းမှာမူ စိတ်စွမ်းအား မလုံလောက်ခြင်းပင်။
သိုင်းနတ်ဘုရားအခြေအနေ၏ ပြည့်စုံသောထိန်းချုပ်မှုမှာ လုရှန်၏စိတ်စွမ်းအားအပေါ် အခြေခံထားခြင်းဖြစ်ပြီး သူ၏စိတ်စွမ်းအားမှာ သူ၏ကိုယ်ပိုင်အင်အားထက် အမြဲတမ်း သိသိသာသာ မြင့်မားနေခဲ့သည်။
သို့သော် သူ၏စိတ်စွမ်းအားမှာ အဆင့် (၁၁) အထွတ်အထိပ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး သူ၏ခန္ဓာကိုယ်အင်အားက အဆင့် (၁၁) ကို ကျော်လွန်သွားသည့်နောက်တွင်မူ သူ၏သိုင်းနတ်ဘုရားအခြေအနေမှာ အဆင့် (၈) သို့မဟုတ် (၉) တုန်းကကဲ့သို့ ခန္ဓာကိုယ်၏အင်အားတိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
သူ့တွင် စိတ်စွမ်းအား မလုံလောက်တော့ခြင်းပင်။
သို့သော် ယခုမူ ဤပြဿနာမှာ ပြေလည်သွားခဲ့လေပြီ။
စိတ်စွမ်းအားလမ်းကြောင်းအသစ် ပွင့်သွားခဲ့ပြီဖြစ်ရာ လုရှန်သည် သူ၏စိတ်စွမ်းအားကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်တော့မည် ဖြစ်သည်။
သိုင်းနတ်ဘုရားအခြေအနေမှာလည်း သူ၏အထွတ်အထိပ်နေရာသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။
"ဒီလိုဆိုရင်တော့ ငါ့မှာ ရေတိုဖြေရှင်းနည်းရော ရေရှည်ဖြေရှင်းနည်းပါ ရှိသွားပြီဖြစ်လို့ စိတ်ပူစရာ မလိုတော့ဘူး..."
လုရှန် တွေးတောရင်း ရွှမ်လင်းဘောလု၏ ကျင့်ကြံမှု တိုးတက်မှုကို စစ်ဆေးလိုက်သည်။
သူ မကြည့်ခင်အထိ ဘာမျှမဖြစ်သော်လည်း ကြည့်လိုက်သည့်အခါတွင်မူ လန့်သွားရသည်။
ဘုရားရေ…။
ပုံမှန်ထက် ပိုကြီးနေပြီဖြစ်သော မသေမျိုးလမ်းစဉ် ရွှေရောင်အမြုတေမှာ ယခုအခါ အတိုင်းအဆမရှိ ကြီးမားလာခဲ့ပြီဖြစ်သည်။ ခန့်မှန်းကြည့်ရသလောက်ဆိုလျှင် ၎င်း၏အချင်းမှာ ကီလိုမီတာ ရာနှင့်ချီ၍ ရှိနေနိုင်သည်။
"ငါ ဘယ်လိုမှော်လက်နက်မျိုးကို လိုအပ်ဦးမှာလဲ ဒါကြီးကို ထွေးထုတ်ပြီး လူတွေကို ဖိသတ်လိုက်ရုံပဲ ရှိတာကို..."
လုရှန်သည် သူ၏အခြေအနေကို ပို၍ပို၍ နားမလည်နိုင် ဖြစ်လာရသည်။
သူသည် ရွှမ်လင်းဘောလုထဲမှ နည်းလမ်းများအတိုင်း အဆင့်ဆင့် ကျင့်ကြံနေခဲ့ခြင်းဖြစ်သော်လည်း သူကျင့်ကြံရရှိသည့်အရာမှာ အခြားသူများနှင့် အဘယ်ကြောင့် ဤမျှကွာခြားနေရသနည်း။
သူသည် ဤရွှေရောင်အမြုတေကြီးအား ခွဲဖျက်ကာ မသေမျိုးဆဲလ်များနှင့် သိုင်းခန္ဓာအတွက် အာဟာရအဖြစ် အသုံးပြုရန် စိတ်ကူးမိသွားသည်။
သို့သော် အနည်းငယ် ကြိုးစားကြည့်လိုက်သည်နှင့် သူ၏စိတ်အာရုံမှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
ခဏအတွင်းမှာပင် သူ၏မျက်စိရှေ့၌ ဖရိုဖရဲဖြစ်မှုများ မီးခိုးရောင် အနက်ရောင်နှင့် ပုံပျက်ပန်းပျက် မြင်ကွင်းများ ပေါ်လာတော့သည်။
သူ၏အာရုံမှာ ဤအတိုင်းဆက်လုပ်လျှင် အလွန်ဆိုးရွားသော ရလဒ်များ ထွက်ပေါ်လာလိမ့်မည်ဟု သတိပေးနေသောကြောင့် သူ ဤစိတ်ကူးကို လက်လျှော့လိုက်ရတော့သည်။
"ထားလိုက်ပါတော့... ဘာဖြစ်ဖြစ်ပေါ့ မင်း ဘယ်လောက်အထိ ကြီးနိုင်မလဲဆိုတာ ငါ စောင့်ကြည့်မယ်"
လုရှန် ရိုးရိုးရှင်းရှင်းပင် လွှတ်ထားလိုက်တော့သည်။
ထို့နောက် သူ ဆင်ခြင်တွေးတောခြင်း ဝင်နေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း ခံစားမိလိုက်သဖြင့် ကျင့်ကြံခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
သူ့စိတ်ထဲမှ အတွေးတစ်ချက်နှင့်အတူ သူ၏ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များမှ စွမ်းအင်စုပ်ယူနေသော ဝဲဂယက်များမှာ စက်ပိတ်လိုက်သကဲ့သို့ ချက်ချင်းပင် နှေးကွေးသွားတော့သည်။
အဖြူရောင်အကျဉ်းထောင် စကြာဝဠာတစ်ခုလုံးရှိ ဧရာမစွမ်းအင်အလွှာကြီးမှာလည်း သိသိသာသာ ငြိမ်သက်သွားသည်။
ထို့နောက် သူ မျက်လုံးများကို ဖွင့်လိုက်တော့သည်။
ဤအချိန်တွင် ကိုယ်ဝန်ဆောင် ပြုစုပျိုးထောင်ရေးဂြိုဟ် တစ်ခုလုံးမှာ သိပ်သည်းလွန်း၍ ခဲလုနီးပါး ဖြစ်နေသော စကြဝဠာသဘာဝစွမ်းအင်များဖြင့် ပြည့်နှက်နေလေပြီ။
တိုးဝှေ့နေသော စွမ်းအင်များသည် အလင်းတန်းများ မြူခိုးများအဖြစ် အသွင်ယူကာ ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် စကြဝဠာအတွင်း၌ အလွန်ပင် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
ထိုစွမ်းအင်များသည် ဂြိုဟ်၏သံလိုက်စက်ကွင်းကို သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်မှုရှိစေပြီး ရာသီဥတု အကူးအပြောင်းနှင့် ဂြိုဟ်၏လည်ပတ်မှုကိုပါ ပြောင်းလဲစေခဲ့သည်။
ပြောရလျှင် လုရှန်သည် ဤဂြိုဟ်နှင့် ပတ်ဝန်းကျင်ရှိ သံလိုက်စက်ကွင်း တစ်ခုလုံး၏ လုပ်ဆောင်ပုံကို လုံးဝ ပြောင်းလဲပစ်လိုက်ခြင်းပင်။ ကိုယ်ဝန်ဆောင် ပြုစုပျိုးထောင်ရေးဂြိုဟ်ကိုယ်တိုင်ကလည်း ပိုမိုသန်မာလာကာ အနည်းငယ်ပင် ကြီးထွားလာပုံရသည်။
လုရှန် မျက်လုံးဖွင့်လိုက်သည့် ခဏ၌ သူ၏ အဆင့်(၁၂) စိတ်စွမ်းအားသည် ဂြိုဟ်၏ဝိညာဉ်ထံမှ ဖော်ရွေရင်းနှီးသော မက်ဆေ့ခ်ျတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ထို့နောက် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် လန့်သွားရတော့သည်။
ဂြိုဟ်ပေါ်ရှိ အပင်နှင့်သတ္တဝါများသည် ကမ္ဘာပေါ်ထက် များစွာကြီးမားနေပြီးသား ဖြစ်သည်။
ယခုအခါ ဧရာမစကြာဝဠာစွမ်းအင်များ စုစည်းမှုကြောင့် မျိုးစိတ်များသည် နောက်ထပ်တစ်ကျော့ပြန် ကြီးထွားမှုနှုန်း မြင့်တက်ခြင်းကို ကြုံတွေ့နေရသည်။
အမြင့်ဆုံး သစ်ပင်ကြီးများမှာ မီတာ ၃၀,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပြီး နို့တိုက်သတ္တဝါများထဲတွင် မီတာ ၅၀ ကျော်မြင့်သော သတ္တဝါများ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
ဂြိုဟ်တစ်ခုလုံးမှာ လုရှန် ကျင့်ကြံခြင်းမဝင်မီကထက် ပို၍ ရှေးဦးဆန် သွားပုံရသည်။
“စကြာဝဠာရက်နဲ့ တွက်ရင် တစ်လခွဲပဲ ရှိသေးတာကို...”
လုရှန် အနည်းငယ် အံ့ဩသွားမိသည်။ သူအကြည့်ကို ပြန်ရုပ်သိမ်းလိုက်စဉ်မှာပင် တစ်ခုခုကို သတိပြုမိသွားသည်။
သူ ကျင့်ကြံရန် ရွေးချယ်ခဲ့သော နေရာမှာ ဧရာမရေတံခွန်ကြီး အတွင်းရှိ ဂူတစ်ခုဖြစ်ပြီး ၎င်းမှာ စွမ်းအင်ဝဲဂယက်အားလုံး၏ ဗဟိုချက်လည်း ဖြစ်သည်။ ထို့ကြောင့် ဤဂြိုဟ်ပေါ်ရှိ ဉာဏ်ရည်ရှိသော မျိုးစိတ်အတော်များများကို ဆွဲဆောင်မိသွားပုံရသည်။
အသားအရေ အပြာရင့်ရောင်ရှိပြီး အရပ် ၃ မီတာကျော်မြင့်သော အမြီးပါသည့် ဒေသခံများသည် လုရှန် ကျင့်ကြံနေသော ရေတံခွန်ကြီးအား ဘုရားဖူးရာနေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြပြီ ဖြစ်သည်။
ရေတံခွန်၏ အောက်ခြေရှိ ကွင်းပြင်တွင် ဒေသခံ အမြောက်အမြား စုဝေးနေကြပြီး ကျောက်တုံးများဖြင့် ပူဇော်စင်များနှင့် နတ်ကျောင်းများကို တည်ဆောက်နေကြသည်။ အချို့မှာ အလုပ်ရှုပ်နေကြပြီး အချို့မှာမူ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဘုရားစာများကို ရွတ်ဖတ်ရင်း ရိုရိုသေသေ ဆုတောင်းနေကြသည်။
လုရှန်မှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်နေသည်။
သူ့မိဘများအား သူ ရုတ်တရက် သတိရသွားသည်။ သူ ချက်ချင်းပင် စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ရာ ကံကောင်းစွာဖြင့် အားလုံး အန္တရာယ်ကင်းကင်း ရှိနေသည်ကို တွေ့လိုက်ရသည်။
ရေတံခွန်အပြင်ဘက်မှ အခြေအနေကို စစ်ဆေးပြီးနောက် သူ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ ရေတံခွန်အထက်မှ ဧရာမစွမ်းအင် ဝဲဂယက်ကြီးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် ဒေသခံများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ခန့်မှန်းရခက်သော လက်ဟန်ခြေဟန်များ ပြုလုပ်နေကြတော့သည်။
လုရှန် သူတို့အား ဂရုမစိုက်တော့ဘဲ ရေတံခွန်ထဲမှ ထွက်လာကာ မိသားစုရှိရာ စခန်းသို့ ချက်ချင်း ရောက်ရှိသွားသည်။
“ဝှား”
ချွေးတလုံးလုံးဖြင့် သိုင်းကျင့်နေကြသော လုချင်းဟဲနှင့် လုဒါဟိုင်တို့မှာ ရုတ်တရက် ပေါ်လာသော လုရှန်ကြောင့် လန့်သွားကြသည်။ ထို့နောက်တွင် ဝမ်းသာသွားကြသည်။
“အစ်ကို... အစ်ကို ကျင့်ကြံတာ ပြီးပြီလား”
ပေါကြွယ်ဝသော စကြာဝဠာစွမ်းအင်များကြောင့်လား မသိ လုချင်းဟဲ၏ အရပ်မှာ ထပ်တိုးလာပြန်သည်။ မိန်းကလေး တစ်ယောက်ဖြစ်သော်လည်း ယခုအခါ ၁.၈ မီတာ (၅ ပေ ၁၁ လက်မခန့်) နီးပါး ရှိနေပြီဖြစ်သည်။
လုရှန်သည် လုချင်းဟဲအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လုဒါဟိုင်ကို ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။
“အဖေ... အဖေက သိုင်းမဟာသခင် ဖြစ်တော့မှာလား”
လုဒါဟိုင်၏ ခန္ဓာကိုယ်အခြေအနေမှာ အဆင့်(၆) သိုင်းသမား၏ အထွတ်အထိပ်သို့ ရောက်နေသည်ကို လုရှန် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
စိတ်ဆန္ဒသာ ပါလျှင် သူသည် အချိန်မရွေး အဆင့်(၇) သို့ တက်လှမ်းပြီး သိုင်းမဟာသခင် ဖြစ်လာနိုင်သည်။
“ဟဲဟဲ...”
လုဒါဟိုင် ခေါင်းကို ကုပ်ရင်း ရယ်လိုက်သည်။
“ဟုတ်လို့လား... ငါက ချင်းဟဲ လျှောက်ခိုင်းတာကို နေ့တိုင်း လိုက်လုပ်နေတာ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားမှန်းတောင် မသိဘူး...”
ထိုသို့ ပြောနေသော်လည်း လုဒါဟိုင်၏ မျက်နှာတွင် ပီတိဖြစ်မှုနှင့် ဂုဏ်ယူမှုများကို ဖုံးကွယ်မထားနိုင်ချေ။
သူသည် တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်ကြမ်းလုပ်လာခဲ့ရသည်။ အသက် ၅၀ ကျော်မှ သိုင်းကျင့်ခွင့်ရရုံတင်မက သိုင်းမဟာသခင် ဖြစ်လုနီးပါး ဖြစ်လာမည်ဟု မည်သူ ထင်ထားပါမည်နည်း။ လုဒါဟိုင်သည် အဆင့်(၇) ရောက်လျှင် သူ၏သူငယ်ချင်းဟောင်းများကို ပြန်သွားကြွားရန်ပင် စိတ်အားထက်သန်နေတော့သည်။
***