“အစ်ကို... ငါက သိုင်းမဟာသခင် ဖြစ်နေပြီလေ။ ငါ့ကိုကျတော့ ဘာလို့ မချီးကျူးတာလဲ”
လုချင်းဟဲက ဘေးမှနေ၍ နှုတ်ခမ်းဆူကာ မကျေမနပ် ပြောလိုက်သည်။
လုရှန် သူမအား တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ဒီလောက်ကောင်းတဲ့ ကျင့်ကြံခြင်း အခြေအနေတွေ ရှိတာတောင် အခုမှ အဆင့်(၇) ပဲ ရှိသေးတာကို... ငါ့ကို ချီးကျူးခိုင်းဖို့ မျက်နှာပြောင်တိုက်ပြီး ပြောရဲသေးတယ်ပေါ့လေ”
“နင်...”
လုချင်းဟဲမှာ ဒေါသထွက်ပြီး ခြေဆောင့်လိုက်သော်လည်း မကြာမီမှာပင် အားလျော့သွားတော့သည်။ လုရှန် ပြောသည်ကို သူမ မချေပနိုင်ချေ။ သူမ၏ လက်ရှိကျင့်ကြံခြင်း အခြေအနေမှာ ကောင်းနေသော်လည်း သူမ၏အောင်မြင်မှုမှာ လုရှန်၏ တစ်ရာခိုင်နှုန်းပင် မရှိသည် မဟုတ်ပါလား။
အစွမ်းအစ မရှိသည့်အခါ စကားပြောရာတွင်လည်း ယုံကြည်မှု မရှိတော့ပေ။
သို့သော် လုရှန် စကားလမ်းကြောင်း လွှဲလိုက်ပြီး သူမအား ချီးကျူးစကား အနည်းငယ် ပြောလိုက်သည်။
“မင်းရဲ့ပါရမီက နည်းနည်း လိုအပ်နေသေးပေမယ့် မင်းရဲ့ ကြိုးစားအားထုတ်မှုကတော့ ချီးကျူးစရာပဲ။ ပြီးတော့ အဖေကို ကောင်းကောင်းသင်ပေးထားတာပဲ ဆက်ကြိုးစားဦး”
လုရှန် ခဏစဉ်းစားကာ ပြောလိုက်သည်။
“ခဏနေရင် အဖေနဲ့ အမေအတွက် ကျင့်စဉ်တစ်ခု သင်ပေးမယ်။ မင်းက သူတို့ကို သေချာကြီးကြပ်ပေးရမယ်။ မင်းသာ ကောင်းကောင်းကြီးကြပ်နိုင်ရင် မင်းကို ယာဉ်ပျံတစ်စင်း ပေးမယ်”
“တကယ်လား”
လုချင်းဟဲ၏ မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး ဝမ်းသာလွန်း၍ ဘာလုပ်ရမှန်း မသိဖြစ်သွားတော့သည်။
သူမအစ်ကိုက သူမအား ယာဉ်ပျံတစ်စင်း ပေးမည်ဟု ကတိပေးလိုက်ခြင်း ဖြစ်သည်။
ယာဉ်ပျံဆိုသည်မှာ တွင်းဖြူလွန်းပျံယာဉ်လောက် မကောင်းလျှင်ပင် စကြာဝဠာထဲမှ ထိပ်တန်းဇိမ်ခံယာဉ်တစ်စင်း ဖြစ်သည်။ အဓိကအချက်မှာ လုရှန် သူမအား ယာဉ်ပျံပေးမည် ဆိုကတည်းက အပြင်ထွက် လည်ပတ်ခွင့်ပြုလိုက်ခြင်းပင်။
လုချင်းဟဲ ခဏမျှ စိတ်လှုပ်ရှားသွားပြီးနောက် စပ်စုလိုက်မိသည်။
“အစ်ကို... အဖေနဲ့ အမေကို ဘယ်လိုကျင့်စဉ် သင်ပေးမှာလဲ”
လုရှန် ပြန်မဖြေဘဲ မေးလိုက်သည်။
“အမေနဲ့ မင်းရဲ့ မရီးရော ဘယ်မှာလဲ”
“အနီးနားက ဂြိုဟ်ကို သွားကြတယ်လေ။ မရီးက အမေကို လိုက်ပို့တာ အန်တီတို့ဆီ သွားလည်ကြတာ...”
လုရှန်၏ စိတ်တွင် ရုတ်တရက် အသိတစ်ခု ဝင်လာသည်။ ကမ္ဘာ့လူဦးရေ တစ်စိတ်တစ်ပိုင်း ပြောင်းရွှေ့ပြီးစီးသွားမှန်း သိလိုက်ရသဖြင့် သူ၏ စိုးရိမ်ပူပန်မှုတို့ အနည်းငယ် လျော့ပါးသွားသည်။
ကမ္ဘာမြေကို ခြိမ်းခြောက်နေမည့် မဟာအကျပ်အတည်းကိုမူ သူ မေ့မထားပေ။ တွက်ဆလိုက်လျှင် ထိုဘေးဆိုးကြီး ကျရောက်ရန် ၄ နှစ် ၃ လသာ လိုတော့သည်။
လုရှန်မှာ နက်နဲသော ကျင့်ကြံခြင်းမှ ပြန်လည်နိုးထလာစ ဖြစ်ပြီး မိသားစုအား အချိန်ပေးရန် စီစဉ်ထားသည်။ ဤခဏတာအတွင်း လုချင်းဟဲနှင့် လုဒါဟိုင်ကိုပါ ကျင့်စဉ်၏ မဟာလမ်းညွှန်ချက်များ ပေးအပ်လိုက်သည်။
နှစ်နာရီခန့်အကြာတွင် တုန်းချင်းရွှယ်တို့ ပြန်ရောက်လာသည်။ တွင်းဖြူလွန်းပျံယာဉ်သည် အာကာသအရှိန်ဖြင့် ကိုယ်ပျောက်ဝင်ရောက်ကာ ဒေသခံတို့ မရိပ်မိစေဘဲ စခန်းသို့ ဆင်းသက်လိုက်သည်။
တောက်ပနေသော တုန်းချင်းရွှယ်ကို မြင်ရသည်နှင့် လုရှန်ရင်ထဲ၌ လွမ်းဆွတ်ခြင်းမီးတို့ ချက်ချင်း တောက်လောင်လာသည်။ သူ၏ ဘဝတွင် အရေးအကြီးဆုံး အမျိုးသမီးနှစ်ဦးကို ကြိုဆိုရန် အလောတကြီး လှမ်းသွားမိသည်။
“ပြန်လာပြီလား”
တုန်းချင်းရွှယ်က ပြုံးရွှင်စွာ ခေါင်းညိတ်သည်။ ကိုယ်ဝန်သည်ဖြစ်၍ ဗိုက်မဖောင်းသေးသော်လည်း သူမ၏ ကိုယ်တွင် မိခင်မေတ္တာ၏ နူးညံ့သောအငွေ့အသက်တို့ ပိုမိုလွှမ်းခြုံနေသည်။
“အမေနဲ့အတူ ဆွေမျိုးတွေဆီ သွားလည်ခဲ့တာ ပြီးတော့ အဖေတို့ဆီလည်း ဝင်တွေ့ခဲ့သေးတယ်”
တုန်းချင်းရွှယ်က လုရှန်၏ ပါးပြင်ကို လှမ်းကိုင်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
“ရှင် နည်းနည်း ပိန်သွားသလိုပဲ”
လုရှန်က သူမလက်ကလေးကို ဆုပ်ကိုင်ရင်း ပြုံးလိုက်သည်။ ချစ်ရသူတို့၏ မျက်ဝန်းထဲတွင်သာ မြင်တွေ့နိုင်သည့် ထိုအရာမျိုးသည် အမှန်ပင် ရှိနေခဲ့သည်။
ကျန်းယွီဖန်သည် လုရှန်နှင့် တုန်းချင်းရွှယ်တို့၏ ကြည်နူးမှုကို ကြည့်ရင်း သူမ၏ မျက်ဝန်း၌ စိတ်အေးခြင်းနှင့်အတူ ရှုပ်ထွေးသော ခံစားချက်တို့ ရောယှက်နေသည်။
အတိတ်က လုရှန် ကျောင်းတက်စဉ်ဖြစ်စေ သိုင်းလမ်းစဉ်ကို လိုက်စားစဉ်ဖြစ်စေ အိမ်ပြန်ရောက်သည်နှင့် သူ အရင်ဆုံး အော်ခေါ်လေ့ရှိသည်မှာ "အမေ" ဟူသော စကားပင် ဖြစ်သည်။
ယခုမူ ထိုသို့ မဟုတ်တော့ပေ။
လုရှန်သည် သူ၏ စိတ်စွမ်းအားဖြင့် မိခင်ပြုံးနေသော်လည်း ထိုအပြုံးအောက်တွင် ဝှက်ထားသည့် အားငယ်မှုကို ထွင်းဖောက်မြင်လိုက်ရသည်။ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
သူ ကျန်းယွီဖန်အား ကြည့်ကာ အံ့အားသင့်သည့်ဟန်ဖြင့် တုန်းချင်းရွှယ်ကို မေးလိုက်သည်။
“ချင်းရွှယ်... မင်းမှာ ငါနဲ့ မိတ်မဆက်ရသေးတဲ့ အလှဆုံး ညီမလေးတွေ ရှိနေတာလား”
တုန်းချင်းရွှယ်နှင့် ကျန်းယွီဖန်တို့ ခဏတာ ဆွံ့အသွားပြီးမှ အခြေအနေကို သဘောပေါက်သွားကြသည်။
“ဒီကောင်လေးကတော့လေ... ကိုယ့်အမေကိုတောင် မမှတ်မိတော့ဘူးလား။ ဘာညီမလေးလဲ...”
ကျန်းယွီဖန် ရယ်မောပြီး ရိုက်မည့်ဟန် ပြုသည်။ သူမ၏ မျက်ခုံးကြား၌ ဖုံးကွယ်၍မရသော ပျော်ရွှင်မှုတို့ ပွင့်လန်းနေသည်။
သားဖြစ်သူက သူမ ပျော်ရွှင်စေရန် တမင်မျက်နှာပြောင်တိုက် ပြောနေမှန်း သိသော်လည်း သူမ အလွန်ကျေနပ်မိသည်။ အမှန်ဆိုရလျှင် တုန်းချင်းရွှယ်၏ ညီမနှင့် တူသည်ဆိုသည်မှာ ပိုကောင်းနိုင်သော်လည်း ယခုအခါ ကျန်းယွီဖန်မှာ အသက် ၃၀ ကျော် အရွယ်လောက်သာ ထင်ရတော့သည်။ သူမသည် ဆယ်နှစ် နှစ်ဆယ်ခန့် ပြန်လည်နုပျိုသွားခြင်း ဖြစ်သည်။
ဆွေမျိုးများဆီ သွားလည်စဉ်ကလည်း အားလုံးက သူမအား အကြီးအကျယ် မနာလိုဖြစ်ခဲ့ကြသည် မဟုတ်ပါလား။
မိသားစုဝင်အားလုံး ပျော်ရွှင်စွာ စကားပြောဖြစ်ကြသည်။ လုရှန်သည် ထိုဂြိုဟ်ပေါ်ရှိ ဒေသခံတို့၏ လူနေမှုဘဝအကြောင်းကို စကားလမ်းကြောင်း လွှဲမေးမြန်းလိုက်သည်။
တုန်းချင်းရွှယ်က လုရှန်ကျင့်ကြံစဉ် ဖြစ်ပေါ်လာသည့် စွမ်းအင်ဝဲဂယက်ကြီးများကြောင့် ဧရိယာတစ်ခုလုံး အတားအဆီးများဖြင့် ဖုံးအုပ်ခဲ့ကြောင်း ရှင်းပြသည်။ နည်းပညာကြောင့် ဒေသခံတို့က သူတို့ရှိနေသည်ကိုပင် ယခုထက်ထိ မသိကြသေးပေ။
သို့သော် ကင်းလှည့်နေသော မိစ္ဆာငွေရောင် အစောင့်အရှောက်များကိုမူ ဒေသခံများက ရှာတွေ့သွားခဲ့ကြသည်။
ရေတံခွန်ကြီးမှ ဖြစ်ရပ်များနှင့် ပေါင်းစပ်လိုက်သည့်အခါ ဒေသခံများသည် ထိုအစောင့်အရှောက်များကို နတ်ဘုရား များအဖြစ် ကိုးကွယ်နေကြပြီ ဖြစ်သည်။
လုရှန် ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဒီဂြိုဟ်သားတွေက ဉာဏ်ရည်ရှိတဲ့ မျိုးနွယ်စုပဲ။ သူတို့ကို အသိပညာပေးတာ မဆိုးပါဘူး။ ပျင်းရင် အချိန်ဖြုန်းစရာ တစ်ခုပေါ့”
ယေဘုယျအားဖြင့် နောက်ကျကျန်နေသော ယဉ်ကျေးမှုတစ်ခုကို အသိပညာပေးရန် ဖက်ဒရယ်ထံ လျှောက်ထားရသည်။
အကြောင်းမှာ သိုင်းပညာ သို့မဟုတ် နည်းပညာ သင်ကြားပေးလိုက်လျှင် အရင်းအမြစ် သုံးစွဲမှုနှုန်း မြင့်တက်လာပြီး ဥပဒေနှင့် မညီသောကြောင့်ပင်။
သို့သော် ကိုယ်ဝန်ဆောင်ဂြိုဟ်မှာ လုရှန်၏ ကိုယ်ပိုင်နယ်မြေဖြစ်၍ သူ ဘာလုပ်လုပ် မည်သူမျှ မချုပ်ကိုင်နိုင်ချေ။
လုရှန် အကဲခတ်ရသလောက် ဤအပြာရင့်ရောင် ဒေသခံများမှာ အရိုးအဆစ်ပါရမီ ကောင်းကြပြီး ကမ္ဘာ လူသားများထက် သိုင်းကျင့်ရန် ပိုသင့်တော်ပုံရသည်။ လူရိုင်းများအဖြစ် လွှတ်ထားမည့်အစား လမ်းမှန်ပေါ်သို့ ကြိုတင် ပို့ဆောင်ပေးထားခြင်းက ပိုကောင်းပေလိမ့်မည်။
မကြာမီ ကြုံတွေ့ရမည့် ဘေးဒုက္ခကြီးအတွက် အင်အား တစ်စက်တစ်လေ ပိုလာခြင်းကလည်း မဆိုးလှချေ။
လုရှန် ခွင့်ပြုလိုက်သည်နှင့် လုချင်းဟဲမှာ အပျော်ကြီး ပျော်သွားသည်။ သူမ ဒေသခံများနှင့် ဆက်သွယ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။
ထို့နောက် လုရှန်သည် သက်ရှည်ကျမ်းကို မိသားစုဝင်များအား ကိုယ်တိုင် သင်ကြားပေးလိုက်သည်။
သူ အများကြီး ရှင်းမပြဘဲ ၎င်းမှာ ဖက်ဒရယ်မှ အသစ်ထုတ်လုပ်ထားသော ကျန်းမာရေးကျင့်စဉ်ဖြစ်ပြီး ခန္ဓာကိုယ်သန်စွမ်းခြင်း ရုပ်ရည်လှပခြင်းနှင့် သက်တမ်းရှည်စေခြင်း စသည့် အကျိုးကျေးဇူးများ ရှိကြောင်းသာ ပြောပြသည်။
အထူးသဖြင့် သူ့မိဘများအား သေသေချာချာ ကျင့်ရန် မှာကြားလိုက်သည်။
ညနေပိုင်းတွင် တုန်းချင်းရွှယ်နှင့် ကျန်းယွီဖန်တို့က လုရှန်အတွက် ခမ်းနားသော ညစာကို ပြင်ဆင်ကြသည်။ ဟင်းပွဲအတော်များများမှာ ဒေသထွက်များဖြစ်၍ လုရှန်အတွက် အသစ်အဆန်း ဖြစ်နေသည်။
ညစာ စားပြီးနောက်…။
မီတာ တစ်ထောင်ကျော် မြင့်သော သစ်ပင်ကြီးထိပ်၌ လုရှန်သည် တုန်းချင်းရွှယ်ကို ပွေ့ဖက်ရင်း တိမ်တိုက်ကဲ့သို့ နူးညံ့သော သစ်ကိုင်းများပေါ်တွင် လဲလျောင်းကာ ကြယ်တာရာများကို ကြည့်နေမိသည်။
ဤကဲ့သို့ ရှားပါးလှသော အေးချမ်းသည့် အချိန်လေးကို သူ ခံစားနေခြင်းပင်။
ကိုယ်ဝန်ဆောင်ဂြိုဟ်၏ တစ်ရက်မှာ ကမ္ဘာထက် နှစ်ဆပိုရှည်သော်လည်း ညအချိန်မှာမူ ငါးပုံတစ်ပုံခန့်သာ ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့ မှောင်မိုက်နေသော အချိန်မှာ ပို၍ပင် တန်ဖိုးရှိနေသည်။
တုန်းချင်းရွှယ်က လုရှန်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းရင်း ပြောလိုက်သည်။
“ရှင် ကျင့်ကြံနေတုန်းက လွှတ်တော်ဥက္ကဋ္ဌ ဒန်လော့ပ်က နှစ်ခါ လာရှာသေးတယ်”
“အင်း...”
လုရှန်၏ မျက်နှာအမူအရာ တည်တင်းသွားပြီး မေးလိုက်သည်။
“နှစ်ခါတောင်လား... သူ ဘာကိစ္စ ရှိလို့လဲ”
“စစ်မြေပြင် တစ်ခုအကြောင်း ထင်တယ်နော်။ လွန်ခဲ့တဲ့ တစ်ပတ်က သူ ပြောသွားတာက... ရှင်သာ သုံးရက်အတွင်း ကျင့်ကြံတာ ပြီးရင် သူ့ကို ချက်ချင်း ပြန်ဆက်သွယ်ပေးပါတဲ့။ သုံးရက် ကျော်သွားရင်တော့ အလျင်မလိုတော့ဘူးတဲ့”
***