“စစ်မြေပြင်...”
လုရှန် ခဏ တွေးဆမိသည်။ ၎င်းမှာ ဂြိုဟ်သားစစ်မြေပြင် ဖြစ်ရမည်ဟု ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော် သုံးရက်ကျော်လျှင် အလျင်မလိုတော့ဘူး ဆိုသည်မှာ အဘယ်နည်း။ ထိုကာလကျော်လွန်လျှင် ဝင်ရောက်ခွင့် အပြီးအပိုင် ဆုံးရှုံးသွားသည်ဟု ဆိုလိုခြင်းလော။
လုရှန် ခေါင်းညိတ်လိုက်သည်။
“ခဏနေရင် ငါ သူ့ကို ပြန်ဆက်သွယ်ပြီး မေးကြည့်လိုက်မယ်”
တုန်းချင်းရွှယ်သည် လုရှန်၏ရင်ခွင်ထဲတွင် မှီတွယ်ရင်း သူကျင့်ကြံစဉ်ကာလအတွင်း ဖြစ်ပျက်ခဲ့သော အိမ်တွင်းရေးရာများကို ပြန်လည်ပြောပြနေသည်။ လုရှန်သည်လည်း သူမ၏စကားများကို အာရုံစိုက်နားထောင်ရင်း သူမ၏ဝမ်းဗိုက်ပေါ်တွင် လက်တင်ထားလိုက်သည်။ ထိုနေရာ၌ မိမိ၏မျိုးဆက်တစ်စွန်းတစ်စမှာ တဖြည်းဖြည်းပုံစံတကျ ဖြစ်တည်နေသည်ကို သူခံစားသိရှိလိုက်ရသည်။
နောက်တစ်ရက် နံနက်ခင်းတွင် လုရှန်သည် အခန်းအတွင်း တစ်ယောက်တည်းရှိနေစဉ် ဒန်လော့ပ်ထံသို့ ဆက်သွယ်လိုက်သည်။
ဟိုလိုဂရမ်ဖန်သားပြင်ပေါ်တွင် ဒန်လော့ပ်၏ပုံရိပ် ထွက်ပေါ်လာသည်။
“လုရှန်... မင်း ကျင့်ကြံတာ ပြီးပြီပေါ့”
လုရှန်က ခေါင်းညိတ်ပြီး မေးလိုက်သည်။
“ဥက္ကဋ္ဌကြီး... ကျွန်တော့်ကို ရှာတယ်ဆိုတာ ဂြိုဟ်သားစစ်မြေပြင် ကိစ္စလား”
ဒန်လော့ပ်က ခေါင်းညိတ်လျက် “လွန်ခဲ့တဲ့တစ်ပတ်ကျော်က ကြယ်တာရာနယ်မြေတစ်ရာရဲ့ စစ်မြေပြင်အဝင်ဝ ဖွင့်လှစ်သွားခဲ့တယ်။ မင်းကိုလည်း သွားမလားလို့ မေးမလို့ပဲ ကံမကောင်းတာက မင်း ကျင့်ကြံနေတဲ့အချိန်နဲ့ တိုးနေတာကိုး” ဟု ရှင်းပြသည်။
အမှန်တကယ်ပင် ၎င်းသည် ဂြိုဟ်သားစစ်မြေပြင် ဖြစ်နေသည်။
ဤနေရာသည် စကြာဝဠာနှင့် အမှောင်ခြမ်းတို့၏ အဓိကစစ်မျက်နှာပြင်ဖြစ်သည့်အတွက် ထိပ်တန်းစွမ်းအားရှင်များစွာ စုဝေးနေကြသည်။
လေးနှစ်အတွင်း ဖြစ်ပေါ်လာမည့် ဘေးဒုက္ခအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန် ထိုနေရာသို့ သွားရောက်သင့်သည်ဟု လုရှန် ခံစားရသည်။ အနည်းဆုံးတော့ သူရင်ဆိုင်ရမည့် ရန်သူအမျိုးအစားကို အရင်ဆုံး သိရှိထားရန် လိုအပ်ပေမည်။
လုရှန်က မဆိုင်းမတွပင် “ဒါက တစ်ခါတည်းရတဲ့ အခွင့်အရေးမျိုးလား နောက်တစ်ကြိမ် အဝင်ဝ ပြန်ဖွင့်ပေးမယ့်အချိန်က ဘယ်တော့လဲ” ဟု မေးလိုက်သည်။
ဒန်လော့ပ် ပြန်ဖြေလိုက်သည်။
“နောက် ငါးနှစ်လောက်မှ ဖြစ်မယ် ထင်တယ်”
“ငါးနှစ်တောင်လား”
လုရှန် မျက်မှောင်ကြုတ်သွားသည်။ သူ့တွင် ငါးနှစ်တိုင်တိုင် စောင့်ဆိုင်းနေရန် အချိန်မရှိချေ။ ထိုသို့ဆိုလျှင် ဤအခွင့်အရေးကို သူ လက်လွှတ်လိုက်ရတော့မည်လော။
သို့သော် ဒန်လော့ပ်က စကားလမ်းကြောင်း လွှဲလိုက်သည်။
“စစ်မြေပြင် အဝင်ဝက ငါးနှစ်တစ်ခါ ဖွင့်တာ မှန်ပေမယ့်... အဝင်ဝက ပိတ်သွားပြီလို့ ငါ မပြောရသေးဘူးလေ”
“ဘာကို ဆိုလိုတာလဲ”
ဒန်လော့ပ်က ပြုံးလျက် “အဝင်ဝဖွင့်လိုက်တိုင်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာတတ်တာမျိုးရှိတယ်။ ပြီးရင် စစ်မြေပြင်ကိုသွားဖို့ စိတ်ဝင်စားသူတွေကို ခေါ်ဆောင်ဖို့အတွက် အထူးယာဉ်ပျံတွေကို စေလွှတ်ပေးတာမျိုး လုပ်လေ့ရှိတယ် မင်း လွန်ခဲ့တဲ့တစ်ပတ်က လွဲချော်သွားတာက ကြယ်တာရာနယ်မြေ ဆယ်ခုလောက်ကို လိုက်လံခေါ်ယူတဲ့ ယာဉ်ပျံပဲ ရှိပါသေးတယ်” ဟု ပြောပြလိုက်သည်။
"ငါ စစ်ဆေးကြည့်ပြီးပြီ။ ကြယ်တာရာ နယ်မြေ တစ်ရာထဲက လူစုဆောင်းရေး ယာဉ်ပျံ သုံးစင်းက ပြန်မလာသေးဘူး။ မင်း တကယ်သွားချင်ရင်တော့ တခြား ယာဉ်ပျံတစ်စင်းကို ကြုံသလို တားစီးပြီး လိုက်သွားပေါ့"
လုရှန်သည် ဆက်သွယ်ရေးစက်ထဲမှ ဒန်လော့ပ်၏ မျက်နှာအိုကြီးကို ကြည့်ရင်း ဘာပြောရမှန်းမသိ အံ့အားသင့်သွားသည်။ ဒန်လော့ပ်သည် သူ့အား နောက်ပြောင်နေခြင်းဟု လုရှန် လုံးဝမထင်မှတ်ထားခဲ့ပေ။
သူ ခေါင်းကို ခါယမ်းလိုက်ပြီး ကိုဩဒိနိတ်တွေများသာ ပေးရန် တောင်းဆိုလိုက်သည်။
"အင်း..."
ဒန်လော့ပ်က ခေါင်းညိတ်ရင်း ဆိုသည်။
"ငါ အချက်အလက်တွေ ပို့ပေးလိုက်ပြီ ဂြိုဟ်သားစစ်မြေပြင်မှာလည်း မင်းအတွက် မိတ်ဆက်စာနဲ့ အထောက်အထားစစ်ဆေးတာတွေကို စီစဉ်ထားပေးမယ် ပြီးတော့..."
ဒန်လော့ပ်သည် ခေတ္တရပ်တန့်သွားပြီးနောက် အမူအရာ ရုတ်ခြည်းလေးနက်သွားကာ လုရှန်အား အလွန်ပင် တည်ကြည်စွာဖြင့် ပြောလိုက်သည်။
"လုရှန်... မင်း သေသေချာချာ စဉ်းစားပြီးပြီလား ဒီလောက် စောစောစီးစီး ဂြိုဟ်သားစစ်မြေပြင်ကို တကယ် သွားချင်တာလား။ ငါသိရသလောက်ဆိုရင် မကြာခင် ကြယ်တာရာစနစ်က မင်းကိုလာခေါ်ဖို့ လူလွှတ်လိမ့်မယ် မင်း အလောတကြီးသွားဖို့ မလိုပါဘူး နောက်မှ စစ်မြေပြင်ကိုသွားဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်..."
လုရှန်၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး ဘာမှထပ်မရှင်းပြဘဲ တိုးတိုးလေးသာ ပြောလိုက်သည်။
"ဥက္ကဋ္ဌကြီး... ကျွန်တော် အခု အဆင့် ၁၁ ကို ရောက်နေပါပြီ..."
ဒန်လော့ပ်၏ မျက်လုံးများ အေးခဲသွားပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။
"အင်း... ငါ နားလည်ပြီ" ဟု ပြောကာ သူ ဆက်သွယ်မှုကို ဖြတ်လိုက်တော့သည်။
အသက်နှစ်ဆယ်ကျော်အရွယ်နှင့် အဆင့် ၁၁ သို့ ရောက်ရှိကာ မသေမျိုးအဆင့် သာလွန်ထူးခြား သက်ရှိခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ပါရမီရှင်တစ်ဦးအတွက် သူလျှောက်လှမ်းရမည့် လမ်းကြောင်းကို သူကိုယ်တိုင်ထက် ပိုသိသူ မရှိနိုင်ချေ။
ဒန်လော့ပ်နှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး မကြာမီမှာပင် လုရှန်သည် ပို့ပေးလိုက်သော အချိန်နှင့် နေရာအချက်အလက်များကို လက်ခံရရှိလိုက်သည်။
လုရှန် စစ်ဆေးကြည့်လိုက်ရာ အနီးဆုံးနေရာမှာ ဆောယာ ကြယ်တာရာနယ်မြေတွင် ရှိနေပြီး လက်ရှိနေရာမှ အလင်းနှစ် နှစ်ရာကျော် ဝေးကွာကြောင်း သိရသည်။ ထိုယာဉ်ပျံကို အမှီလိုက်ရန် နောက်ဆုံးခုနစ်နာရီအတွင်း သူ ထွက်ခွာရမည်ဖြစ်သည်။
လုရှန်သည် အကြည့်ကိုရုပ်သိမ်းလိုက်ပြီး သက်ပြင်းသဲ့သဲ့ချကာ တိုးတိုးလေး ရေရွတ်မိသည်။
"အိမ်မှာ ကြာကြာမနေရဘူးပဲ ကျင့်ကြံတာပြီးလို့ မိသားစုနဲ့ ရက်အနည်းငယ်တောင် အတူမနေရသေးဘူး ထပ်ထွက်ရပြန်ပြီ..."
…
"လေးစားအပ်ပါသော ခရီးသည်အပေါင်းတို့ခင်ဗျာ... ကျွန်တော်တို့ဟာ ဆောယာ ကြယ်တာရာနယ်မြေကို မကြာခင် ဆိုက်ရောက်တော့မှာ ဖြစ်တဲ့အတွက် ခရီးစဉ်အတွင်း ဖြတ်သန်းသွားမယ့် ကြယ်တာရာ အပန်းဖြေစရာနေရာတွေကို ကြေညာပေးပါ့မယ်..."
အလတ်စား စကြာဝဠာယာဉ်ပျံကြီးအတွင်း၌ ပုံသဏ္ဍာန်မျိုးစုံရှိသော ဂြိုဟ်သားခရီးသည်များဖြင့် ပြည့်နှက်နေသည်။ ဒါယွီဟု အမည်ရသော ဤယာဉ်ပျံမှာ စကြာဝဠာအတွင်း ခရီးဝေးပြေး ဘတ်စ်ကားတစ်စင်းနှင့်တူပြီး ပုံသေလမ်းကြောင်းများအတိုင်း ခရီးသည်များကို ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။
ယာဉ်ပေါ်မှ ကြေညာချက် ထွက်ပေါ်လာသည်နှင့်အမျှ လေယာဉ်မယ်လေးတစ်ဦးသည် စားသောက်ကုန်လှည်းကို တွန်းရင်း ထွက်လာသည်။ ခရီးသည်အချို့က စပ်စုရင်း အပန်းဖြေစရာနေရာများအကြောင်း မေးမြန်းကြရာ လေယာဉ်မယ်လေးက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
ရုတ်တရက် လေယာဉ်မယ်လေးသည် လမ်းကြားထဲတွင်ရပ်နေသော အသားအရောင် အစိမ်းရင့်ရောင်ရှိသည့် ဂြိုဟ်သားခရီးသည်တစ်ဦးကို သတိပြုမိသွားသည်။
ထိုခရီးသည်တွင် လက်တံခြောက်ခုပါရှိပြီး ၎င်းတို့ဖြင့် ယာဉ်ပျံမျက်နှာကျက်ကို စုပ်ခွက်များကဲ့သို့ မြဲမြံစွာ ကပ်ထားသည်။ သူသည် ထိုင်ခုံတွင်မထိုင်ဘဲ မျက်နှာကျက်တွင် ဆွဲသီးမီးအိမ်ကြီးတစ်ခုကဲ့သို့ တွဲလောင်းခိုနေခြင်း ဖြစ်သည်။
လေယာဉ်မယ်လေးမှာ မျက်မှောင်ကြုတ်သွားပြီး ထိုသူ့အနားသို့ အမြန်သွားကာ သက်ပြင်းချရင်း ပြောလိုက်သည်။
"မစ္စတာ ဘာဘာဒေး... ရှင် ဘာလို့ အပြင်ပြန်ထွက်လာတာလဲ ယာဉ်ပျံက ခဏ ရပ်နားတော့မှာမို့လို့ ကျေးဇူးပြုပြီး ရှင့်ထိုင်ခုံမှာ ပြန်ထိုင်ပေးပါဦး"
သိသာသည်မှာ ဤလူထူးလူဆန်းခရီးသည်မှာ လေယာဉ်မယ်လေး၏ သတိပေးခြင်းကို ပထမဆုံးအကြိမ် ခံရခြင်းမဟုတ်ပေ။
သို့သော် ဘာဘာဒေးဟုခေါ်သော ထိုခရီးသည်က စူးရှသောအသံဖြင့် ပြန်ပြောလိုက်သည်။
"ရပါတယ်ဗျာ... ကျွန်တော်က ဒီလိုနေရတာကို ပိုသဘောကျလို့ပါ ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့ လေယာဉ်မယ်လေးရယ် အော်... ဒါနဲ့ နောက်တစ်မှတ်တိုင်မရောက်ခင် ကျွန်တော့်ကို သတိပေးဖို့ မမေ့နဲ့ဦးနော် ကျွန်တော် ယာဉ်ပေါ်ကဆင်းချင်လို့ပါ..."
"ဒါပေမဲ့ နောက်တစ်မှတ်တိုင်က ရှင့်ရဲ့ ခရီးဆုံးနဲ့ အလင်းနှစ် နှစ်ဆယ်လောက် ဝေးသေးတယ်လေ ရှင် တကယ်ပဲ အရေးကြီးကိစ္စ ရှိလို့လား..."
လေယာဉ်မယ်လေးက စစ်ဆေးရင်း မေးလိုက်သည်။
သို့သော် သူမစကားမဆုံးခင်မှာပင် ခရီးသည်ဘာဘာဒေးက အော်ဟစ်တော့သည်။
"အဲဒါတွေ အရေးမကြီးဘူး ကျွန်တော့်အတွက် အခု အရေးကြီးဆုံးက ဒီယာဉ်ပျံပေါ်ကနေ ချက်ချင်းဆင်းရဖို့ပဲ "
"ကောင်းပါပြီ..."
လေယာဉ်မယ်လေးမှာ ထိုသူ့အား မျက်နှာကျက်ပေါ်မှ ဆင်းခိုင်းရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ကျောက်တုံးကြီးတစ်ခုလို ခေါင်းမာနေသဖြင့် လက်လျှော့လိုက်ရတော့သည်။
စကြာဝဠာထဲတွင် ထူးဆန်းသောအလေ့အထရှိသည့် မျိုးနွယ်စုများမှာ ဒုနဲ့ဒေးမို့ သူမသည် ဤယာဉ်ပေါ် အလုပ်လုပ်လာသည်မှာ ကြာပြီဖြစ်သဖြင့် အသားကျနေပြီဖြစ်သည်။
စားသောက်ကုန်လှည်းကို ရှေ့သို့အနည်းငယ်တွန်းလိုက်စဉ် သူမ၏အကြည့်မှာ ဘယ်ဘက်ခြမ်းရှိ ထိုင်ခုံတစ်ခုဆီသို့ အလိုအလျောက်ရောက်သွားသည်။ ၎င်းမှာ နှစ်ယောက်တွဲထိုင်ခုံတစ်ခု ဖြစ်သည်။
လမ်းဘေးဘက်မှ ထိုင်ခုံမှာ ဗလာဖြစ်နေပြီး ၎င်း၏ပိုင်ရှင်မှာ မျက်နှာကျက်တွင် တွဲလောင်းခိုနေခြင်းဖြစ်သည်။ ပြတင်းပေါက်ဘက်မှ ထိုင်ခုံတွင်မူ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦး ထိုင်နေသည်။ ထိုလူငယ်မှာ ဆံပင်အနက်ရောင်ရှိပြီး ခန္ဓာကိုယ်နှင့် ရုပ်ရည်မှာ အလွန်ပင် သာမန်ကာလျှံကာ ဖြစ်ကာ လက်ထဲမှ ဆက်သွယ်ရေးစက်ကိုသာ အာရုံစိုက်ကြည့်နေသည်။
မည်သည့်ရှုထောင့်မှကြည့်ကြည့် အလွန်ပင် သာမန်လူတစ်ယောက်နှင့် တူလှသည်။
လေယာဉ်မယ်လေးသည် ထိုလူငယ်ထံသို့ တရွေ့ရွေ့ တိုးကပ်သွားသည်။
"ဆရာ... တစ်ခုခု သုံးဆောင်ချင်ပါသလား..."
သူမ မေးခွန်းထုတ်လိုက်စဉ်မှာပင် လူငယ်က မော့ကြည့်လာသဖြင့် အကြည့်ချင်း ဆုံမိကြသည်။ ထိုခဏ၌ လေယာဉ်မယ်လေးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပြောလက်စစကားလုံးများမှာ လည်ချောင်းဝတွင်ပင် ပိတ်မိသွားသည်။ သူမ၏ နှလုံးခုန်သံများပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမ မြင်လိုက်ရသည့်အရာမှာ အလွန်ပင် နက်ရှိုင်း၍ တွင်းနက်ကြီးတစ်ခုကဲ့သို့ မှောင်မိုက်နေသော မျက်လုံးတစ်စုံပင် ဖြစ်သည်။
ထိုမျက်လုံးများ၏ ပြင်းထန်လွန်းသော စိုးမိုးမှုအောက်တွင် သူမ၏ ဝိညာဉ်ကိုပင် ဆွဲငင်သွားသကဲ့သို့ ခံစားရသည်။ နက်ရှိုင်းလှသော ထိုမျက်ဝန်းများအတွင်း အရောင်လေးမျိုးဖြင့် တောက်လောင်နေသည့် အလင်းတန်းများ စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ထိုသို့ ထူးဆန်းသော ခံစားချက်မှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
***