"ကျေးဇူးတင်ပါတယ်... မလိုပါဘူး"
လူငယ်က သူမအား ယဉ်ကျေးစွာ ပြန်လည်ပြောဆိုသည်။
"အော်... ဟုတ်ကဲ့... ဟုတ်ကဲ့"
လေယာဉ်မယ်လေးမှာ အသိစိတ်ကင်းမဲ့စွာဖြင့် လှည်းကိုတွန်းကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း လူငယ်က သူမအား လှမ်းခေါ်လိုက်သည်။
"ခဏလေး... မိုဒေါ့ဂြိုဟ်ကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ"
"နှစ်... နှစ်နာရီလောက်ပဲ လိုပါတော့တယ်..."
"ကောင်းပါပြီ ကျေးဇူးပဲ"
"ရ... ရပါတယ်..."
လေယာဉ်မယ်လေးမှာ ကြောင်အမ်းအမ်းဖြစ်ကာ ထွက်ခွာလာခဲ့ပြီး အတန်ကြာမှ နောက်သို့ ပြန်လှည့်ကြည့်မိသည်။ လူငယ်ထိုင်နေသည့် နေရာ၏ ဘေးပတ်လည်တွင် မှောင်မိုက်သော အရိပ်များ လွှမ်းခြုံနေသကဲ့သို့ ဖြစ်နေသည်။ ထိုနေရာတစ်ဝိုက်မှာ အခြားနေရာများထက် ပို၍ မည်းမှောင်နေသလိုပင်။
ယခုမှပင် သူမအကြောင်းရင်းကို အနည်းငယ် သဘောပေါက်သွားတော့သည်။ ဘာဘာဒေး အဘယ်ကြောင့် ခုံတွင်မထိုင်ဘဲ မျက်နှာကျက်တွင် ဆွဲသီးမီးအိမ်ကဲ့သို့ တွဲလောင်းခိုနေရသည်ကို သူမ နားလည်သွားပြီဖြစ်သည်။
…
"နှစ်နာရီ... အချိန်မီမှာပါ"
လုရှန်သည် ဒန်လော့ပ် ပို့ပေးထားသည့် အချိန်ဇယားများကို စစ်ဆေးကြည့်သည်။ ဆောယာ ကြယ်တာရာနယ်မြေ၏ လူစုဆောင်းရေး ယာဉ်ပျံမှာ နောက်ထပ် လေးနာရီအကြာ မိုဒေါ့ဂြိုဟ် ဆိပ်ကမ်း ၁၁၉ တွင် ထွက်ခွာမည် ဖြစ်သည်။
အနှောင့်အယှက် မဖြစ်ပါက သူ အချိန်မီ ရောက်ရှိနိုင်မည် ဖြစ်သည်။
လုရှန်သည် ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး ကိုယ်ကို ဖြေလျှော့လိုက်သည်။
တွင်းဖြူ လွန်းပျံယာဉ်ကို မိသားစုအတွက် ထားခဲ့ခြင်း ဖြစ်သလို ယာဉ်ပျံအသစ်ဝယ်ရန်လည်း အချိန်မရသဖြင့် ဤခရီးဝေးပြေး ယာဉ်ပျံကို စီးနင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် သူ အသွင်ဖျက်ထားသော်လည်း အကျိုးသက်ရောက်မှုမှာ သိပ်မကောင်းလှပေ။
ဘေးတွင်ထိုင်နေသော ကံမကောင်းသည့် ခရီးသည်မှာ တစ်လမ်းလုံး သူ့အား ကြောက်ရွံ့နေပြီး အေးအေးဆေးဆေးပင် မနေနိုင်ခဲ့ချေ။
လုရှန်သည် မျက်နှာကျက်တွင် ရေဘဝဲကဲ့သို့ တွဲလောင်းခိုနေသူကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အဆင့် ၁၁ သို့ ရောက်ရှိပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးဆဲလ် ၃၃၀,၀၀၀ ၏ စွမ်းအားများမှာ ယခင်ကထက် များပြားလွန်းနေသည်။ ဤစွမ်းအားများကို ထိန်းချုပ်ရန် အချိန်အနည်းငယ် ယူခဲ့ရသဖြင့် အမှတ်မထင်ပင် အခြားသူများကို ကြောက်လန့်အောင် လုပ်မိသွားခြင်း ဖြစ်သည်။
သို့သော်လည်း ယခုခရီးစဉ်အတွင်း၌ သူ ဤစွမ်းအားများကို အပြည့်အဝ ထိန်းချုပ်နိုင်သွားခဲ့ပြီ ဖြစ်သည်။
လုရှန်သည် မိမိ၏အချိန်အတော်များများကို သလင်းကျောက်နတ်ဘုရားလမ်းစဉ်၏ နောက်ဆက်တွဲအမွေအနှစ်များကို လေ့လာရင်း အသုံးပြုနေခဲ့သည်။
သိုင်းနတ်ဘုရားအခြေအနေ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်နိုင်ရန်အတွက် လုရှန်သည် စိတ်စွမ်းအားကျင့်ကြံမှုကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကြယ်တာရာပါရမီရှင် သိုင်းဖလှယ်ရေးပြိုင်ပွဲတွင် အဆင့် ၁၁ အမွေအနှစ်ကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း လုရှန်မှာ သလင်းကျောက်နတ်ဘုရားလမ်းစဉ်၏ ကျင့်စဉ်များကို သေသေချာချာ လေ့လာရန် အချိန်မရခဲ့ပေ။
ယခု အားလပ်ချိန်ရသည့်အခါမှသာ အဆင့် ၁၁ ကျော်လွန်သော သလင်းကျောက်တရားရှုမှတ်ခြင်းကျင့်စဉ်၏ နက်နဲလှသည့် လျှို့ဝှက်ချက်များကို သူ နားလည်သဘောပေါက်သွားတော့သည်။
အဆင့် ၁၂ မတိုင်မီအထိ သလင်းကျောက်တရားရှုမှတ်ခြင်းကျင့်စဉ်၏ ပုံဖော်ရမည့်အရာမှာ မတူညီသောဒြပ်စင်များဖြင့် ဖွဲ့စည်းထားသည့် စကြာဝဠာသလင်းကျောက်များဖြစ်ပြီး အဆင့်ဆင့်မြင့်တက်လာကာ ပိုမိုခိုင်မာ ထက်မြက်ပြီး သန်မာလာစေသည်။ သလင်းကျောက်နက်တံစဉ် လူသားပုံရိပ်သို့ ရောက်ရှိသည့်အခါ ထိုဂုဏ်သတ္တိသုံးမျိုးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
အဆင့် ၁၂ ရှိ လေးရောင်ခြယ်သလင်းကျောက်မှာ သလင်းကျောက်နက်ထက် ပိုမိုထူးကဲသော သလင်းကျောက်အမျိုးအစားတစ်ခုဖြစ်လိမ့်မည်ဟု လုရှန် မူလက ထင်မှတ်ထားခဲ့သည်။
သို့သော် သူ အမွေအနှစ်အပိုင်းကို တရားဝင်လေ့လာလိုက်သောအခါတွင်မူ ၎င်းမှာ သူထင်ထားသလောက် မရိုးရှင်းကြောင်း သဘောပေါက်သွားသည်။
အဆင့် ၁၂ လေးရောင်ခြယ်သလင်းကျောက်သည် သလင်းကျောက်နက်၏ ဂုဏ်သတ္တိအားလုံးကို ပိုင်ဆိုင်ထားသည့်အပြင် လုရှန်၏ စိတ်ဝိညာဉ်အား အင်္ဂါရပ်အသစ်တစ်ခုပါ ထပ်မံဖြည့်တင်းပေးလိုက်သည်။
၎င်းမှာ စိတ်ခံစားချက် ပင်ဖြစ်သည်။
လေးရောင်ခြယ်သလင်းကျောက်သည် မတူညီသော စိတ်ခံစားချက်လေးမျိုးကို အသီးသီးကိုယ်စားပြုသည်။
အနီရောင်မှာ ဒေါသ အဝါရောင်မှာ ဝမ်းမြောက်မှု အပြာရောင်မှာ ဝမ်းနည်းမှုနှင့် အနက်ရောင်မှာ ကြောက်ရွံ့မှုတို့ ဖြစ်ကြသည်။
တစ်နည်းအားဖြင့် အဆင့် ၁၂ ရောက်ပြီးနောက် လုရှန်၏ စိတ်စွမ်းအားသည် ပြိုင်ဘက်၏ အဆိုပါစိတ်ခံစားချက် လေးမျိုးကိုပါ ထိန်းချုပ်လှည့်စားနိုင်စွမ်း ရရှိသွားခြင်းပင်ဖြစ်သည်။ ၎င်းမှာ စိတ်ကူးကြည့်ရုံဖြင့်ပင် အလွန်အစွမ်းထက်လှသော ဂုဏ်သတ္တိတစ်ခုဖြစ်သည်။
"အဆင့် ၁၂ မတိုင်ခင်တုန်းကတော့ ရုပ်ပိုင်းဆိုင်ရာအထူးပြုချက်တွေပဲ အဆင့် ၁၂ ကျော်တော့မှ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု အထူးပြုချက်တွေ ပါလာတာပဲ..."
ဒွမ်းယိဖန်၏ ထူးကဲလှသော ပါရမီကို လုရှန် မချီးကျူးဘဲ မနေနိုင်တော့ပေ။
အဆင့် ၁၂ နောက်ပိုင်း သလင်းကျောက်နတ်ဘုရားလမ်းစဉ်မှာ ဝိညာဉ်ကိုသတ်ခြင်း အဆင့်မှနေ၍ ပိုမိုမြင့်မားသော နှလုံးသားကိုသတ်ခြင်း အဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။ ၎င်းမှာ စိတ်ခံစားချက်ဓားသွား သံယောဇဉ်ခုနစ်ပါးဓား ပင် မဟုတ်ပါလား။
"ဝမ်ရဲ့ရဲ့ ကြယ်တာရာလမ်းစဉ်နဲ့ ယှဉ်ပြိုင်နိုင်တာ မဆန်းပါဘူး အင်အားကြီးသူနှစ်ယောက် တိုက်ခိုက်တဲ့အခါ စိတ်အခြေအနေ အနည်းငယ်လှုပ်ခတ်သွားရုံနဲ့တင် တိုက်ပွဲရလဒ်က တိုက်ရိုက်ပြောင်းလဲသွားနိုင်တာကိုး ရန်သူရဲ့စိတ်ခံစားချက်ကို တိုက်ရိုက်လွှမ်းမိုးနိုင်တဲ့ ဒီနည်းလမ်းက တကယ်ကို ရက်စက်လွန်းတယ်"
အင်အားတူညီသည့် သိုင်းပညာရှင်နှစ်ဦး တိုက်ခိုက်နေကြသည် ဆိုပါစို့။ တစ်ဦး၏စိတ်မှာ ရေခဲပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း အခြားတစ်ဦးမှာမူ အတွေးပေါင်းစုံဖြင့် နှောင့်ယှက်ခံနေရမည်ဆိုလျှင် တိုက်ပွဲအတွင်း ထိုသူသည် အမှားအယွင်းများစွာ ပြုလုပ်မိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ပထမလူ အနိုင်ရရှိသွားမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။
"အဆင့် ၁၂ အထိရောက်ပေမဲ့ စိတ်စွမ်းအား ပုံမှန်ထက် မအားကောင်းတဲ့သူမျိုးဆိုရင်... ငါ့ဆန္ဒအတိုင်း ငိုစေချင်ရင် ငိုခိုင်းလို့ရတယ် ရယ်စေချင်ရင် ရယ်ခိုင်းလို့ရတယ်ပေါ့"
လုရှန်မှာ စမ်းသပ်ကြည့်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူ၏စမ်းသပ်ချက်အတွက် အနီးအနားမှ ဘာဘာဒေးကို ရွေးချယ်လိုက်သည်။
လုရှန်သည် သူ၏စိတ်စွမ်းအားကို ထိုသူ့ထံသို့ အနည်းငယ် ဖြန့်ကျက်လိုက်သည်။
မျက်နှာကျက်တွင် စိုးရိမ်တကြီး တွဲလောင်းခိုနေသော ဘာဘာဒေးမှာ ချက်ချင်းပင် အမူအရာ ပြောင်းသွားပြီး ဝမ်းပန်းတသာ ပြုံးရွှင်ကာ 'ဟိဟိဟားဟား' ဟု အသံထွက်၍ ရယ်မောတော့သည်။
ထိုရယ်သံကြောင့် ပတ်ဝန်းကျင်မှ ခရီးသည်များမှာ လှည့်ကြည့်လာကြပြီး မျက်နှာကျက်တွင် တွဲလောင်းခိုနေသော လက်တံခြောက်ခုပါ အစိမ်းရောင်သတ္တဝါကြီးမှာ ဟိုယိမ်းဒီယိမ်းနှင့် ရယ်မောနေသည်ကို မြင်လိုက်ကြရသည်။
ခရီးသည်များ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားတော့သည်။
"ဒီလို တွဲလောင်းခိုနေရတာ အဲဒီလောက်တောင် ပျော်စရာကောင်းလို့လား"
သို့သော် မကြာမီမှာပင် ရယ်မောနေသော ဘာဘာဒေးမှာ ရုတ်တရက် ဝမ်းနည်းပက်လက် ဖြစ်သွားပြီး မျက်လုံးများမှိတ်ကာ မျက်ရည်ကြီးများ ကျလာတော့သည်။ မျက်ရည်စက်များမှာ သူ၏နဖူးမှတစ်ဆင့် ခေါင်းထိပ်သို့ စီးကျသွားပြီး မြေပြင်ပေါ်သို့ 'တောက်... တောက်... တောက်' ဟု ကျရောက်သွားသည်။
"ဝူး... ဝူး... ဝူး..."
ကြည့်နေသူများ၏ မျက်နှာအမူအရာမှာ ထပ်မံပြောင်းလဲသွားပြန်သည်။
“အို... ဘုရားရေ ဒီကောင်က အရူးပဲဖြစ်ရမယ် ငိုလိုက်ရယ်လိုက်နဲ့… အဲ့ဒါကြောင့် ထိုင်ခုံမှာမထိုင်ဘဲ ဆွဲသီးမီးအိမ်ကြီးလို ခိုနေတာကိုး”
လုရှန်သည် စိတ်လှုပ်ရှားစွာဖြင့် လေးရောင်ခြယ်သလင်းကျောက်၏ စိတ်ခံစားမှုစွမ်းအား လေးမျိုးလုံးကို ဘာဘာဒေးအပေါ်တွင် တစ်မျိုးပြီးတစ်မျိုး အသုံးပြုလိုက်သည်။ ထိုအခါ မျက်နှာကျက်တွင် တွဲလောင်းခိုနေသော ဘာဘာဒေးမှာ ငိုလိုက် ရယ်လိုက် ဒေါသထွက်လိုက် အော်ဟစ်လိုက်ဖြင့် အခြေအနေမှာ အတော်ပင် ရှုပ်ထွေးသွားတော့သည်။
ဒါယွီယာဉ်ပျံ နောက်တစ်မှတ်တိုင်သို့ ဆိုက်ကပ်လာချိန်တွင် ခရီးသည်အများစုသည် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို ကြည့်နေကြရသည်။ ယာဉ်ပျံတံခါးပေါက်ဆီသို့ အစိမ်းရောင် သတ္တဝါကြီးတစ်ကောင်မှာ ငိုလိုက် ရယ်လိုက်ဖြင့် အရူးတစ်ပိုင်း ပြေးသွားနေခြင်းပင်။
"မြန်မြန်... ငါ့ကို ဆင်းခွင့်ပေးကြပါ... ဟားဟားဟား... သောက်ကျိုးနည်း ငါ အရူးမဟုတ်ဘူး… ဝူးဝူးဝူး... ကယ်ကြပါဦး ဒီယာဉ်ပေါ်မှာ သရဲရှိတယ်…ဟားဟားဟား..."
လုရှန်သည် ထိုအကျိုးသက်ရောက်မှုအတွက် အလွန်ပင် ကျေနပ်မိသည်။
"စိတ်ခံစားချက်ဆိုတာ တကယ့်ကို အစွမ်းထက်ဆုံး လက်နက်တစ်ခုပဲ"
သို့သော် အဆင့် ၁၂ နှင့် အထက် သိုင်းပညာရှင်များအပေါ်တွင်မူ မည်မျှအထိ သက်ရောက်မှုရှိမည်ကို သူ မခန့်မှန်းနိုင်သေးပေ။ ထိုသို့တွေးတောနေစဉ် နှစ်နာရီတာအချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။
"နောက်ဆုံးမှတ်တိုင်ကတော့ မိုဒေါ့ဂြိုဟ် ဖြစ်ပါတယ်"
အသံချဲ့စက်မှ ကြေညာသံနှင့်အတူ လုရှန်သည် လူအုပ်ကြားမှ ရောယှက်ကာ ယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။ မိုဒေါ့ဂြိုဟ်မှာ ကုန်သွယ်မှုဗဟိုချက်ဖြစ်ပြီး ကမ္ဘာမြေထက် အဆ ၂၀ ခန့် ကြီးမားလှသည်။ ဂြိုဟ်တစ်ခုလုံးကို ဆိပ်ကမ်းများဖြင့် အပြည့်ဖုံးလွှမ်းထားပြီး ဒါယွီကဲ့သို့သော ယာဉ်ပျံများနှင့် ကုန်သွယ်ရေးယာဉ်များမှာ အချက်အချာနေရာတိုင်း၌ ပြည့်နှက်နေသည်။
အချိန်ကို စစ်ဆေးကြည့်လိုက်ရာ နောက်ထပ်အချိန်များစွာ ကျန်ရှိနေသေးသဖြင့် လုရှန်မှာ အငှားယာဉ်ပျံတစ်စင်းကို ငှားရမ်းကာ ဆိပ်ကမ်း ၁၁၉ သို့ ဦးတည်လိုက်သည်။ နာရီဝက်ခန့် ခရီးနှင်ပြီးနောက် သူ၏ နောက်ဆုံးဦးတည်ရာနေရာသို့ ရောက်ရှိလာခဲ့သည်။
ယာဉ်ခပေးချေပြီး ဆင်းလိုက်ချိန်တွင် လုရှန်၏ အကြည့်မှာ မီးခိုးရောင် အပြားဝိုင်းပုံစံ ယာဉ်ပျံတစ်စင်းပေါ်သို့ ကျရောက်သွားသည်။ ထိုယာဉ်ပျံမှာ အတော်ပင် ဟောင်းနွမ်းနေပြီး အပြင်ဘက် ဆေးသားများပင် ကွာကျနေသည်။ ထူးခြားသည်မှာ ယာဉ်အမည်မရှိဘဲ FZ495 ဟူသော ကုဒ်နံပါတ်တစ်ခုသာ ရေးသားထားခြင်းဖြစ်သည်။
သို့သော် ဤမထင်မရှားယာဉ်ပျံသည် သူရှာဖွေနေသည့် ဂြိုဟ်သားစစ်မြေပြင် လူစုဆောင်းရေးယာဉ်ပျံဖြစ်ကြောင်း လုရှန် ကောင်းစွာသိသည်။ ခြေလှမ်းတစ်ချက်လှမ်းလိုက်ရုံဖြင့် သူသည် ယာဉ်ပျံ၏ ရှေ့မျက်နှာစာသို့ ရောက်ရှိသွားသည်။
မည်သို့ ဝင်ရောက်ရမည်ကို စဉ်းစားနေစဉ်မှာပင် ယာဉ်ပျံတံခါးမှာ အလိုအလျောက် ပွင့်လာသည်။ ထို့နောက် အရပ်နှစ်မီတာခွဲခန့် မြင့်မားပြီး အေးစက်ခက်ထန်သော အသွင်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူသည် လုရှန်အား ထက်ရှသော အကြည့်ဖြင့် အထက်အောက် စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည်။
***