"ဘယ်သူ့ကို လာရှာတာလဲ"
လုရှန်မှာ တည်ငြိမ်စွာပင် ရှိနေသည်။ သူ ရုပ်ဖျက်မှုကို ရုပ်သိမ်းလိုက်ပြီး မိမိ၏ မူလခန့်ညားသော အသွင်အပြင်ကို ပြန်လည်ဖော်ထုတ်လိုက်သည်။ ထို့နောက် အမှတ်အသားကတ်ကို ထုတ်ပေးကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ယာဉ်ပေါ် တက်ဖို့ ရောက်လာတာပါ"
ထိုလူသည် ကတ်ကိုယူကာ အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်သည်။
"အဆင့် ၁၁ လား"
သူ နှာခေါင်းရှုံ့ကာ မထီမဲ့မြင် လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။
"မင်းက ဒီနေရာကို ကစားကွင်းလို့ ထင်နေတာလား"
ထပ်ပြောစရာ စကားမရှိတော့သည့်အလား ကတ်ကို လုရှန်ထံ ပြန်ပစ်ပေးလိုက်ရင်း သူ ဆက်ပြောသည်။
"တက်သွားတော့... နေရာရှာပြီး ငြိမ်ငြိမ်လေးနေ လျှောက်မသွားနဲ့"
လုရှန်မှာ ချောချောမောမောပင် ယာဉ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ အတွင်းပိုင်းမှာ သူမျှော်လင့်ထားသည်ထက် ပို၍ ရိုးရှင်းနေသည်။ သူ၏ အမှတ်အသားကတ်ကို လူလတ်ပိုင်းအမျိုးသား လက်ထဲသို့ ပေးလိုက်စဉ်ကပင် အချက်အလက်တစ်ခုကို မှတ်တမ်းတင်ခံလိုက်ရကြောင်း သူသတိပြုမိလိုက်သည်။
ထိုအချက်အလက်မှာ အခန်းနံပါတ်ဖြစ်သည်။
လမ်းညွှန်ချက်အတိုင်း လုရှန်တစ်ယောက် မိမိ၏အခန်းကို ရှာဖွေတွေ့ရှိသွားသည်။
အခန်းတွင်းသို့ မဝင်ရောက်မီမှာပင် ဘေးခန်းမှ တံခါးပွင့်လာပြီး လိမ္မော်ရောင်ဆံပင်နှင့် အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော လူငယ်တစ်ဦး ထွက်လာသည်။
ထိုလူငယ်၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ တောက်လောင်နေကာ အလွန်ပင် ပြင်းထန်လှသည်။ သူသည် လုရှန်အား တွေ့လိုက်ရချိန်တွင် အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သည်။
လုရှန်၏ အင်အားအဆင့်ကို ခံစားမိလိုက်သည့်နောက် အကြည့်ကို ချက်ချင်းရုပ်သိမ်းကာ အေးစက်စက် အမူအရာဖြင့်ပင် ဖြတ်လျှောက်သွားတော့သည်။
လုရှန်မှာ ဂရုမစိုက်တော့ဘဲ အခန်းထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွားတော့သည်။
လုရှန်၏ အမြင်အာရုံထဲတွင် အလွန်ပင် ဟောင်းနွမ်းနေသော အခန်းကျဉ်းလေးတစ်ခုကို မြင်လိုက်ရသည်။ နံရံများတွင်လည်း အရေပြားရောဂါသည်တစ်ဦး၏ အနာဖေးများနှယ် နီညိုရောင် သံချေးတက်နေသည့် အကွက်များက ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ပြန့်နှံ့နေသည်။
လုရှန်ကမူ ဤအခန်း၏ ယခင်ပိုင်ရှင်မှာ အနုပညာအမြင် ထူးခြားသူဖြစ်၍ အခန်းကို တမင်ရည်ရွယ်ပြီး ဤသို့ပုံစံသွင်းထားသည်ဟု စတင်ထင်မြင်မိသည်။
ခေတ္တမျှ နေထိုင်ကြည့်ပြီးနောက်တွင်မူ ဤအခြေအနေမှာ အခန်း၏ မူလသွင်ပြင်စစ်စစ်သာ ဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။
"ဒီလောက်တောင် ဟောင်းလောင်းပေါက် ဖြစ်နေရတာလား..."
အခန်းထဲရှိ လေအေးပေးစက်မှာလည်း ပျက်စီးနေပြီး လက်ဆေးကန်မှ ထွက်လာသည့်ရေမှာလည်း သံချေးနံ့ အလွန်ပြင်းထန်နေသည်။ ရေသန့်စင်စနစ်ပါ အလုပ်မလုပ်တော့ကြောင်း ခိုင်လုံစွာ သက်သေပြနေခြင်းပင်။
လုရှန်သည် ဟောင်းနွမ်းနေသော ကုတင်ဘောင်ကို စမ်းသပ်ထိတွေ့ကြည့်ပြီး ယာဉ်ပေါ်မတက်မီက သူမြင်ခဲ့ရသည့် ယာဉ်ပျံ၏ အပြင်ပိုင်းနှင့် နှိုင်းယှဉ်တွေးတောမိကာ ဤယာဉ်ပျံမှာ အမှိုက်ပုံမှ ကောက်လာသည့် အဟောင်းအစုတ်ကြီး ဖြစ်မည်လောဟုပင် သံသယ ဝင်မိတော့သည်။
သူ ယာဉ်မှားစီးမိပြီလားဟုပင် ပြန်လည်တွေးတောမိသည်။
ဂြိုဟ်သားစစ်မြေပြင်သို့ သွားရန် ယုံကြည်မှု သို့မဟုတ် အရည်အချင်းရှိသူများအနက် အားအနည်းဆုံးသူများမှာပင် လုရှန်ကဲ့သို့ အဆင့် ၁၁ သိုင်းသမားများ ဖြစ်ကြသည်။ အဆင့် ၁၁ သိုင်းသမားတစ်ဦးဟူသည် မည်သည့် ကြယ်တာရာနယ်မြေတွင်မဆို ထိပ်တန်း အားကောင်းသူများအဖြစ် သတ်မှတ်ခံထားရသူများ မဟုတ်ပါလား။
သူတို့မှာ အခြေခံအားဖြင့် ကြယ်တာရာ အထက်တန်းလွှာများ ဖြစ်ကြပြီး ထင်ရှားသော အဆင့်အတန်းရှိသူများ ဖြစ်သည်။ မည်သည့်အရပ်သို့ ရောက်ပါစေေ အခြွေအရံများ ဝန်းရံမနေလျှင်ပင် ယခုကဲ့သို့ စုတ်ပြတ်သတ်နေသော နေရာမျိုးတွင် နေထိုင်ရမည် မဟုတ်ပေ။
ဤသည်မှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် လူကြီးလူကောင်းတစ်စုကို ကျူးကျော်ရပ်ကွက်ထဲတွင် အတင်းအကျပ် သွားနေခိုင်းသလိုမျိုး ဖြစ်နေသည်။
သို့သော် လုရှန်ကမူ ရုပ်ပိုင်းဆိုင်ရာ ခံစားမှုအပေါ် အလွန်အမင်း တောင်းဆိုလေ့ရှိသူ မဟုတ်ပေ။ သူ့အတွက်မူ အင်အားတိုးတက်လာခြင်း၏ အရသာမှာ ကောင်းမွန်သော စားသောက်မှုများထက် သာလွန်သည်။
လုရှန်သည် အခန်းကျဉ်းထဲရှိ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သိုလှောင်လက်ပတ်ထဲမှ စွမ်းအင်သလင်းကျောက်အချို့ကို ထုတ်ယူ၍ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။
အမှန်စင်စစ် သူ၏ လက်ရှိကျင့်ကြံမှုအရ ရွှမ်လင်းဘောလုကို အသုံးပြုခြင်းက ပို၍ မြင့်မားသည်။ သို့သော် ရွှမ်လင်းဘောလုအား စတင်လည်ပတ်လိုက်သည်နှင့် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုမှာ ကြီးမားလွန်းလှသည်။
ဤစကြာဝဠာအတွင်းရှိ အားကောင်းသူများက မသေမျိုးလမ်းစဉ် ယဉ်ကျေးမှုအပေါ် မည်သို့သဘောထားသည်ကို သူ မသိသေးသဖြင့် မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ် နှစ်မျိုးလုံး ကျင့်ကြံနေခြင်းကို ခေတ္တလျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။
သူသည် အပြင်ပန်းတွင် အခြေခံသိုင်းကျင့်စဉ်ကိုသာ ပြသထားပြီး စိတ်စွမ်းအားအများစုကိုမူ အိပ်မက်နယ်မြေထဲသို့ ဝင်ရောက်ရန် အသုံးပြုလိုက်သည်။ အိပ်မက်နယ်မြေထဲတွင် လုရှန်သည် အဆင့် ၁၃ ဇမ်ဘီအရှင်သခင်များကို စတင်စိန်ခေါ်နေပြီ ဖြစ်သည်။
သူတို့အား မအောင်နိုင်သေးသော်လည်း လတ်တလောရရှိထားသော စိတ်ခံစားချက် ထိန်းချုပ်ခြင်း စွမ်းရည်ကို စမ်းသပ်ရန် သူ အလွန်ပင် စိတ်အားထက်သန်နေသည်။
စုတ်ပြတ်နေသော ယာဉ်ပျံကြီးအတွင်း၌ ထပ်တူပင် ဟောင်းနွမ်းနေသည့် ပဲ့ကိုင်ခန်းတစ်ခု ရှိသည်။
သို့သော် ဤယာဉ်ပျံ၏ အခြားအစိတ်အပိုင်းများနှင့် နှိုင်းယှဉ်လျှင် ဤပဲ့ကိုင်ခန်းအား ဇိမ်ခံနေရာဟုပင် ခေါ်ဆိုနိုင်သည်။
မျက်နှာဝိုင်းဝိုင်းနှင့် လူတစ်ဦးမှာ ပဲ့ကိုင်ခန်းထဲရှိ ကုလားထိုင်တွင် ထိုင်နေသည်။
သူ၏ ရှေ့တွင်မူ အရွယ်အစားမျိုးစုံရှိသော ပန်းကန်ပြား တစ်ထောင်ခန့် ရှိနေပြီး ၎င်းတို့ထဲတွင် အရသာစုံလင်သော ကမ္ဘာကျော်ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။
အခြားသော သောက်စရာများနှင့် ဝိုင်ကောင်းများလည်း ရှိနေသေးသည်။
မျက်နှာဝိုင်းနှင့် လူမှာ သူရှေ့ရှိ အရသာရှိသော အစားအစာများကို အားရပါးရ စားသောက်နေသည်။
"ကျွိ"
ဟောင်းနွမ်းနေသော ပဲ့ကိုင်ခန်းတံခါးမှာ စက်ပစ္စည်းများ လည်ပတ်သံနှင့်အတူ ပွင့်သွားပြီး ထက်ရှသောအရှိန်အဝါရှိသည့် အေးစက်ခက်ထန်သော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဝင်လာသည်။
"နောက်ဆုံးတစ်ယောက်လည်း တက်လာပြီ အားလုံးစုံပြီဆိုတော့ ငါတို့ ပျံတက်လို့ ရပြီ"
အေးစက်ခက်ထန်သော အမျိုးသားသည် မျက်နှာဝိုင်းနှင့် လူ၏ရှေ့တွင် ထိုင်လိုက်ပြီး နာမည်မသိသော ဝိုင်ပုလင်းကို ကောက်ယူကာ မော့သောက်လိုက်သည်။
"ကောင်းပြီ "
မျက်နှာဝိုင်းနှင့် လူမှာ ပါးစပ်ထဲ အစားအစာများ ပြည့်နေသဖြင့် ဗလုံးဗထွေး ပြန်ဖြေလိုက်ပြီးနောက် ခလုတ်အချို့အား ခပ်ပေါ့ပေါ့ပင် နှိပ်လိုက်သည်။
မကြာမီမှာပင် သူတို့၏ ခြေထောက်အောက်နှင့် ဘေးပတ်လည်မှ စက်ပစ္စည်းများ စတင်လည်ပတ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ အိုမင်းရင့်ရော်နေသော သားရဲကြီးတစ်ကောင်က သူ၏ခံနိုင်ရည်ထက် ကျော်လွန်သော ဝန်ထုပ်ဝန်ပိုးများကို သယ်ပိုးရင်း မြေပြင်ပေါ်မှ အားယူထလိုက်သကဲ့သို့ တဟူးဟူးနှင့် အသက်ရှူသံများ ထွက်ပေါ်လာခြင်းပင်။
"ဟူး…"
ယာဉ်ပျံမှာ အမြင့်သို့ တက်လှမ်းသွားပြီး တဖြည်းဖြည်း အရှိန်ရလာသည့် အခါမှသာ အေးစက်ခက်ထန်သော အမျိုးသားမှာ အနည်းငယ် စိတ်အေးသွားပြီး ရေရွတ်လိုက်သည်။
"ငါတော့ ဒါကြီး မပျံနိုင်တော့ဘူးလို့ ထင်နေတာ..."
"ဘယ်လိုလုပ် အဲလို ဖြစ်မှာလဲ..."
မျက်နှာဝိုင်းနှင့် လူက ခေါင်းမဖော်ဘဲ ပြန်ဖြေလိုက်သည်။
"ဒါက အဟောင်းဆုံး အမျိုးအစား ယာဉ်ပျံ ဖြစ်နေပေမယ့်လည်း အပိုပစ္စည်းတွေ ဟောင်းတာနဲ့ မော်ဒယ်လ် အောက်တာကလွဲရင် အလင်းနှစ် ထောင်ချီ ပျံဖို့ကတော့ အေးဆေးပါပဲ။ ဒါနဲ့ ဒီခရီးက တစ်ခါသုံး ခရီးစဉ်ပဲဆိုပေမယ့် သူတို့ ဒီထက်နည်းနည်း ပိုကောင်းတဲ့ ယာဉ်ပျံမျိုး မရှာပေးနိုင်ကြဘူးလား..."
အေးစက်ခက်ထန်သော အမျိုးသားသည် သူထိုင်နေသော ကုလားထိုင်၏ ဆေးလွင့်ပြီး ကွာကျနေသော လက်တင်ခုံကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"မင်းကိုယ်တိုင်ပဲ ပြောတယ်လေ ဒါက တစ်ခါသုံးပဲလို့။ တစ်ခါသုံးပြီး ပစ်ထားမယ့်အရာကို ဘာလို့ အကောင်းစားတွေ သုံးနေမှာလဲ။ အလုပ်လုပ်ရင် ပြီးတာပဲလေ။ ပြီးတော့ ဒါက တိုက်တိုက်ဆိုင်ဆိုင်ပဲ..."
မျက်နှာဝိုင်းနှင့် လူမှာ မော့ကြည့်ပြီး ပြောလိုက်သည်။
"ဒီလူသစ်တွေကို ဂြိုဟ်သားစစ်မြေပြင်ရဲ့ အမှိုက်ပုံစတိုင်ကို ကြိုတင်ပြီး မြည်းစမ်းခိုင်းလိုက်တာပေါ့..."
ပြောရင်းနှင့်ပင် မျက်နှာဝိုင်းနှင့် လူမှာ တစ်ခုခုကို သတိရသွားပုံဖြင့် ဆက်ပြောသည်။
"ဒါနဲ့ ဒီတစ်ခေါက်မှာ ထူးထူးခြားခြား ပါရမီရှင် လူသစ်တွေရော ပါလား..."
အေးစက်ခက်ထန်သော အမျိုးသားက ခပ်အေးအေးပင် ပြန်ဖြေသည်။
"မင်းဆီမှာ အချက်အလက်တွေ အကုန်ရှိနေတာပဲ မဟုတ်လား..."
"ရှားရပ်စ်လို့ အမည်ရတဲ့ လူငယ်တစ်ယောက် ပါတယ် အသက်တစ်ထောင် မပြည့်သေးဘဲ အဆင့် ၁၂ ကို ရောက်နေပြီ။ ပြီးတော့ သူက နေမင်းအဆင့် သာလွန်ထူးခြား သက်ရှိခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီကောင်လေးကတော့ တကယ့်ကို ပါရမီရှင် စစ်စစ်ပဲ မဟုတ်လား..."
"အင်း... ဂြိုဟ်သားစစ်မြေပြင်မှာတောင် ဒီလိုပါရမီမျိုးက ထူးကဲတယ်လို့ ပြောလို့ရတယ်..."
မျက်နှာဝိုင်းနှင့် လူက ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ နောက်တစ်ယောက်က..."
အေးစက်ခက်ထန်သော အမျိုးသား ခေတ္တရပ်လိုက်ပြီး လေသံမှာ အနည်းငယ် ပိုလေးနက်သွားသည်။
"သူကတော့ လူဟောင်းကြီးတစ်ယောက်ပဲ ဂြိုဟ်သားစစ်မြေပြင်ကို တတိယအကြိမ်မြောက် ဝင်ရောက်တာ။ သူ့ရဲ့ အင်အားက ငါတို့ထက်တောင် မနိမ့်နိုင်ဘူးလို့ ထင်တယ်..."
"ဟွမ်ကျိလား ငါ သူ့ကို သိပါတယ်..."
မျက်နှာဝိုင်းနှင့် လူမှာ စားလက်စကို ရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ငါ တစ်ခါ သူနဲ့အတူ တိုက်ပွဲဝင်ဖူးတယ် သူ့အင်အားက တကယ်ကို အားကောင်းပါတယ်။ ဒါပေမဲ့ သူက..."
မျက်နှာဝိုင်းနှင့် လူမှာ မည်သို့ ဖော်ပြရမည်ကို မသေချာသကဲ့သို့ ဖြစ်သွားပြီးမှ ဗလုံးဗထွေး ပြောလိုက်သည်။
"သူက အတော်လေး လက်တွေ့ကျတယ်။ စစ်မြေပြင်ကို ဝင်တိုင်း သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိတတ်တယ်..."
"ဘာကို ဆိုလိုတာလဲ..."
အေးစက်ခက်ထန်သော အမျိုးသားမှာ မျက်မှောင်ကြုတ်သွားသည်။
"ငါတို့ သူ့ကို စောင့်ကြည့်ဖို့ လိုမလား..."
"မလိုပါဘူး..."
မျက်နှာဝိုင်းနှင့် လူက ခေါင်းခါပြလိုက်သည်။
"သူ့ကို အသည်းနှလုံး တစ်ရာလောက် ပေးထားရင်တောင် လမ်းမှာ ပြဿနာရှာရဲမှာ မဟုတ်ဘူး။ စစ်မြေပြင်ထဲ ရောက်သွားရင်တော့ ငါတို့နဲ့ မဆိုင်တော့ဘူးလေ။ ဒီတစ်ခါ သူပါလာတာ ကောင်းပါတယ် အနည်းဆုံးတော့ ပြန်လာတဲ့လမ်းမှာ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ရှောင်ရှားနိုင်တာပေါ့..."
ထိုသို့ ပြောသည်ကို ကြားသောအခါ အေးစက်ခက်ထန်သော အမျိုးသားမှာ ထပ်မမေးတော့ဘဲ ဟွမ်ကျိဆိုသော အမည်ကို သူ၏စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
"အော်... ဒါနဲ့ ဟိုကြုံလို့ လိုက်လာတဲ့ကောင်လေးက ဘယ်သူလဲ..."
မျက်နှာဝိုင်းနှင့် လူက ရုတ်တရက် စပ်စုလိုက်မိသည်။
အေးစက် ခက်ထန်သော အမျိုးသားက ပြောပြသည်။
"ဘာမှ ထူးထူးခြားခြား မရှိပါဘူး သူ့ယာဉ်ပျံကို လွဲချော်သွားတဲ့ သာမန်လူငယ်တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ပါရမီကတော့ တုန်လှုပ်စရာပဲ။ အသက်တစ်ရာတောင် မပြည့်သေးဘဲ အဆင့် ၁၁ ကို ရောက်နေတာ..."
"တောက်... အသစ်စက်စက် အညှောင့်လေးပဲ။ ဘာလို့များ ဒီလောက်စောစောစီးစီး လွှတ်လိုက်ကြတာလဲ မသိဘူး..."
မျက်နှာဝိုင်းနှင့် လူက အသားမုန့်တစ်ခုကို ပါးစပ်ထဲ အတင်းထည့်လိုက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
"သူ အသက်ရှင်နိုင်ပါ့မလား မသိဘူး..."
"ငါတို့တာဝန်က လမ်းမှာ သူ မသေဖို့ပဲ။ အထဲရောက်သွားရင်တော့ သူ့ကံတရားပဲပေါ့။ နေရာမသိတဲ့ ကောင်လေးတွေကို သင်ခန်းစာပေးသင့်တယ် မဟုတ်လား..."
မျက်နှာဝိုင်းနှင့် လူက ခေါင်းညိတ်လိုက်ပြီး ဘာမျှထပ်မပြောတော့ပေ။ သူတို့နှစ်ဦးမှာ တစ်လှည့်စီ စကားပြောနေကြသည်။
ရုတ်တရက် ပဲ့ကိုင်ခန်းအတွင်းရှိ ဖန်သားပြင်တစ်ခု လင်းလာပြီး အားကိုးရာမဲ့နေသော မျက်နှာတစ်ခု ပေါ်လာသည်။
"ဆရာ... အခန်း ၄၈၅ က ရှားရပ်စ်က အခန်းပြောင်းပေးဖို့ တောင်းဆိုနေပါတယ်။ လက်ရှိ အခန်းအခြေအနေက အရမ်းညံ့လွန်းလို့ ပိုကောင်းတဲ့နေရာမှာ နေချင်တယ်လို့ ပြောနေပါတယ်..."
အေးစက်ခက်ထန်သော အမျိုးသားက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဒီယာဉ်ပေါ်မှာ အကောင်းဆုံးအခန်းက ငါ့အခန်းပဲလို့ သူ့ကို သွားပြောလိုက်။ သူတကယ်ပြောင်းချင်ရင် ငါ့ဆီကို တိုက်ရိုက်လာခဲ့ဖို့ ပြောလိုက်စမ်း..."
"ဟုတ်ကဲ့"
ဖန်သားပြင်မှာ ပြန်မှောင်သွားပြီး မျက်နှာဝိုင်းနှင့် လူက ပြုံးကာ ပြောလိုက်သည်။
"မင်းအဲလိုပြောလိုက်ရင် သတိထားဦး သူတကယ်ရောက်လာနိုင်တယ်။ သူတို့အားလုံးက အဆင့် ၁၂ တွေပဲ။ ငါတို့ကို ကြောက်နေမှာ မဟုတ်ဘူး..."
"အဲဒါ ပိုကောင်းတာပေါ့..."
အေးစက်ခက်ထန်သော အမျိုးသားက မျက်နှာသေနှင့် ပြောလိုက်သည်။
"ငါစစ်မြေပြင်က ခွာလာတာ တစ်လခွဲလောက်ရှိပြီဆိုတော့ လက်တွေကနည်းနည်း ယားနေတာ။ သူနဲ့ အပျင်းပြေဆော့ရတာပေါ့..."
***