“ဘုန်း …”
နဂါးတစ်ကောင်ပမာ ပြင်းထန်လှသော ခရမ်းရောင်လျှပ်စီးတန်းကြီးသည် ကောင်းကင်ယံမှ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။
တစ်စက္ကန့်၏ တစ်သောင်းပုံတစ်ပုံမျှသော အချိန်တိုအတွင်း၌ပင် ၎င်းသည် လုရှန်၏ ကိုယ်ထည်ကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
“ဂျွတ် …”
ဖန်သားပြင်များ ကွဲအက်သွားသည့်အလား အသံတစ်ခု ပေါ်ထွက်လာသည်။ ထူထဲလှသော ခရမ်းရောင်လျှပ်စီးပလာစမာများကြားမှ လျှပ်စစ်ဓာတ်များ ဝန်းရံနေသည့် ခန္ဓာကိုယ်တစ်ခုမှာ ရုတ်တရက် ရုန်းထွက်လာသည်။
လုရှန်သည် လက်မောင်းများကို ခါယမ်းလိုက်ရာ သူ၏ကိုယ်ပေါ်တွင် တွယ်ကပ်နေသော လျှပ်စီးကြောင်းများမှာ ခရမ်းရောင်မြွေအုပ်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အလား လွင့်စင်သွားတော့သည်။ ၎င်းနောက်တွင်မူ ပလက်တီနမ်ရွှေရောင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။
ထိုမီးတောက်များသည် သူ၏ခန္ဓာကိုယ်ကို ရွှေရောင်ဖန်သားကိုယ်ထည်ကဲ့သို့ သန်မာလှပအောင် ထုဆစ်ပေးလိုက်သည်။ ယခုအခါ ဤရွှေရောင်ကိုယ်ထည်ပေါ်တွင် အက်ကြောင်းကြီးများဖြင့် ပြည့်နှက်နေသော်လည်း ပလက်တီနမ်ရွှေရောင် မီးတောက်များ လှည့်ပတ်စီးဆင်းသွားသည်နှင့်အမျှ ထိုဒဏ်ရာများမှာ ချက်ချင်းပင် ပြန်လည်သက်သာသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြည့်စုံပြီး အပြစ်ဆိုဖွယ်မရှိသော အသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။
လုရှန်၏ မျက်လုံးများမှာလည်း မည်သည့်အချိန်ကတည်းက ပြောင်းလဲသွားသည်မသိ အရုဏ်မတက်မီ မြူခိုးများကဲ့သို့ စစ်မှန်သော မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အဆုံးသတ်နှင့် အစပြုခြင်းကို ကိုယ်စားပြုနေခြင်းပင်။
လုရှန်သည် ရှေ့သို့ ခြေတစ်လှမ်း အသာအယာလှမ်းလိုက်ရာ မိုးကြိုးများကို ထိန်းချုပ်ထားသော ဓားသမား၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။
သူ၏ ညာလက်ဝါးမှာ အရှိန်ပြင်းစွာဖြင့် မြင့်တက်လာသည်။
သူ လက်သီးကို ဆုပ်လိုက်သည့်အခါ မရေမတွက်နိုင်သော ကြယ်တာရာများ ပေါ်ထွက်လာပြီး နောက်ဆုံးတွင် ဤလက်သီးတစ်ချက်တည်း၌ စုစည်းသွားသည်။ ၎င်းမှာ လည်ပတ်နေသော နက်ဗျူလာတစ်ခုနှင့် တူလှသည်။
“စစ်မှန်တဲ့ ကြယ်တာရာစွမ်းအား ... ချေဖျက်စမ်း”
လက်သီးတစ်ချက် ထိုးလိုက်သည့်အခါ လှပသော နက်ဗျူလာကြီးမှာ ကွဲအက်သွားပြီး လုရှန်၏ လက်သီးထဲမှ ဧရာမကြယ်တာရာမြစ်ကြီးတစ်စင်း စီးထွက်လာသကဲ့သို့ ဖြစ်သွားသည်။
ယခင်က မွန်ရိုးနှင့် တိုက်ခိုက်ခဲ့စဉ်ကထက်စာလျှင် ယခုလုရှန်၏ တိုက်ကွက်မှာ ပိုမိုချောမွေ့ပြီး အားစိုက်စရာပင် မလိုတော့ချေ။
ကြယ်တာရာအလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ လုရှန်၏လမ်းကို ပိတ်ဆို့ထားသော ပုံရိပ်မှာလည်း လုံးဝကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ မီးခိုးရောင်ခရမ်းရောင် ဓားရှည်ကြီးတစ်လက်သာ လေထဲမှ အားနည်းစွာဖြင့် ပြုတ်ကျလာတော့သည်။
လုရှန်သည် ထိုဓားကို ဖမ်းရန်မကြိုးစားဘဲ ခပ်အေးအေးပင် တစ်ချက်ကြည့်လိုက်ပြီးမှ အကြည့်ကိုရုပ်သိမ်းကာ မျက်လုံးများကို ပိတ်လိုက်သည်။
မည်းမှောင်သော မီးခိုးမြူထုကြီးတစ်ခု ရုတ်တရက်ပေါ်လာပြီး လုရှန်၏ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာကာ သူ့အား ဧရာမအနက်ရောင် ပိုးအိမ်ကြီးတစ်ခုကဲ့သို့ လုံးဝလွှမ်းခြုံသွားတော့သည်။ ယခင်အဆင့် ၁၃ အရှင်သခင်ကြီးတစ်ဦး၏ မှတ်ဉာဏ်များမှာ လုရှန်၏စိတ်ထဲသို့ စဉ်ဆက်မပြတ် စီးဝင်လာခဲ့သည်။
ဤလုပ်ငန်းစဉ်မှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး လုရှန်၏ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများအားလုံး စုပ်ယူခံလိုက်ရသည့်နောက်တွင်မှ သူမျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့သည်။
“ဝှူး ...”
လုရှန် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရာ သူ၏ကိုယ်ပေါ်ရှိ ပလက်တီနမ်ရွှေရောင် မီးတောက်အားလုံးမှာ ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားသည်။
နက်ရှိုင်းလှသော နေနတ်ဘုရားအမှတ်အသားများမှာလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ သူ၏ ရွှေရောင်ဖန်သားကိုယ်ထည်မှာလည်း သာမန်လူသားအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
“နောက်ဆုံးတော့ ဒီကောင့်ကို ဝါးမြိုနိုင်ခဲ့ပြီ..."
လုရှန်၏ မျက်လုံးထဲတွင် ဝမ်းသာမှုနှင့် ကျေနပ်မှုအရိပ်အယောင်များ ပေါ်လာသည်။ ဤ လဲ့ဖူထျန် ဟုအမည်ရသော အဆင့် ၁၃ သိုင်းပညာရှင်နှင့် သူအကြိမ်ပေါင်း ဒါဇင်နှင့်ချီ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ အကြိမ်တိုင်းတွင်လည်း သူသည် ခွေးတစ်ကောင်လို ပယ်ပယ်နယ်နယ် အရိုက်ခံခဲ့ရသည် မဟုတ်ပါလား။
အဆင့် ၁၁ သို့ တက်လှမ်းပြီး သူ၏မသေမျိုးဆဲလ်များမှာ ၃၃၀,၀၀၀ အထိ မြင့်တက်လာပြီးနောက်မှသာ သူဤပုဂ္ဂိုလ်ကို နောက်ဆုံးတွင် အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အနိုင်ရပြီးနောက် ရရှိလာသည့်အရာများထက် ဤအောင်မြင်မှုက ပို၍အရသာရှိလှပေသည်။
“အဆင့် ၁၂ ကနေ အဆင့် ၁၃ ဆိုတာက အင်အားပိုင်းမှာ အနှစ်သာရချင်း လုံးဝကွာခြားသွားတဲ့ အတားအဆီးတစ်ခုပဲ ...”
လုရှန် သူ၏ရင်ဘတ်ကို အသာအယာပွတ်လိုက်မိသည်။
စောနလေးတင် သူ၏ ရွှေရောင်ဖန်သားကိုယ်ထည်မှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ ချန်ယွီရှု၏ ကန့်သတ်ချက်ကျော် ဓားဝိုင်းငါးခုကိုပင် မပျက်မစီးဘဲ တောင့်ခံနိုင်ခဲ့သည့် လုရှန်၏ကိုယ်ထည်မှာ ယခုမူ ဇမ်ဘီသိုင်းပညာရှင်၏ တိုက်ခိုက်မှုအောက်တွင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
အဆင့် ၁၃ သည် မည်မျှ ကြောက်စရာကောင်းကြောင်း ထင်ရှားလှပေသည်။
လုရှန်သည် သူ၏ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး လက်ဝါးကို စိုက်ကြည့်လိုက်သည်။
သူ၏ လက်ဝါးမှာ အလွန်လှပပြီး ပြည့်စုံလွန်းလှသည်။ အထူးခြားဆုံးအချက်မှာ လက်ဝါးအလယ်ရှိ လက္ခဏာ လိုင်းကြောင်းများပင်။ ထိုလိုင်းကြောင်းများမှာ လျှပ်စီးကြောင်းများနှင့် တူနေသည်။
လိုင်းကြောင်းတိုင်းမှာ လျှပ်စစ်ဓာတ်အားတွေ တဝင်းဝင်း တောက်ပြောင်နေသည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ပေါင်းစပ်သွားသည့်အခါ လုရှန်၏ လက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်တည်နေသကဲ့သို့ပင်။
“ရှူး ...”
လုရှန် အသက်ရှူထုတ်လိုက်သည့်အခါ ထွက်လာသည်မှာ လျှပ်စစ်လုံးလေး တစ်လုံး ဖြစ်နေသည်။ ထိုလျှပ်စစ်လုံးလေးမှာ လွင့်ထွက်သွားပြီး ဟင်းလင်းပြင် အလွှာများစွာအား အလွယ်တကူ ချေဖျက်ပစ်လိုက်တော့သည်။
“အဆင့် ၁၁ နဲ့ ၁၂ က နိယာမတွေကို ထိန်းချုပ်တာဆိုရင် အဆင့် ၁၃ ကတော့ စကြာဝဠာရဲ့ နိယာမစွမ်းအားကို ပိုင်ဆိုင်သွားတာပဲ”
လုရှန် တိုးတိုးလေး ရေရွတ်လိုက်သည်။
အမှန်စင်စစ် အဆင့် ၁၃ ဆိုသည်မှာ နိယာမနယ်ပယ်ကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
“နိယာမစွမ်းအားဆိုတာ နယ်ပယ်တစ်ခုရဲ့ အစွမ်းထက်ဆုံးနဲ့ အခြေခံအကျဆုံး စွမ်းအားပဲ ဒီစွမ်းအားက စကြာဝဠာ မူလစွမ်းအားကနေ ဆင်းသက်လာတဲ့ ဒုတိယအဆင့် ဖြစ်ပြီး ဒီအဆင့်ကို ရောက်တာနဲ့ စကြာဝဠာရဲ့ အနှစ်သာရကို စတင် ထိတွေ့ခွင့်ရသွားတာနဲ့ အတူတူပဲ”
နိယာမများမှာ သဘာဝလည်ပတ်ပုံ၏ အခြေအနေကို သိရှိခြင်းသာ ဖြစ်သော်လည်း နိယာမစွမ်းအားကမူ သဘာဝလည်ပတ်ပုံ၏ အနှစ်သာရကို ထိတွေ့ခြင်းပင် ဖြစ်သည်။ ဤအချက်ကို သာမန်စကားလုံးများဖြင့် ရှင်းပြရလျှင် နားလည်ရ ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ပိုမိုရှင်းလင်းသော ဥပမာတစ်ခုဖြင့် ရှင်းပြရမည်ဆိုလျှင်…။
စကြာဝဠာတစ်ခုလုံးအား ဂိမ်းတစ်ခုဟု သတ်မှတ်ပါက အဆင့် ၁၁ အောက်ရှိသူများမှာ သာမန်ကစားသမားများသာ ဖြစ်ကြသည်။
သူတို့မှာ ဂိမ်း၏ လုပ်ဆောင်ချက်များကို နားမလည်ကြသလို ကစားပုံမှာလည်း အခြေခံအဆင့်တွင်သာ ရှိနေသေးသည်။
အဆင့် ၁၁ နှင့် ၁၂ သို့ ရောက်ရှိပြီး နိယာမများကို နားလည်ထားသူများမှာ ဝါရင့်ကစားသမားများ ဖြစ်လာကြသည်။ ထိုသူတို့မှာ လုပ်ဆောင်ချက်များကို သိရှိပြီး အသုံးပြုပုံကို နားလည်ကြသောကြောင့် သာမန်ကစားသမားများထက် အစစအရာရာ သာလွန်နေကြသည်။
သို့သော် အဆင့် ၁၃ သို့ ရောက်ရှိပြီး နိယာမစွမ်းအားများကို နားလည်သွားသူများမှာ ဂိမ်းထဲရှိ အခွင့်ထူးခံ ကစားသမားများ ဖြစ်သွားကြသည်။ သူတို့နှင့် သာမန်ကစားသမားများကြားတွင် ကမ္ဘာတစ်ခုခြားနေသကဲ့သို့ ကွာခြားသွားသည်။
စကြာဝဠာ မူလစွမ်းအားအပေါ် နားလည်သော အဆင့်သို့ ရောက်ရှိခြင်းမှာ ဂိမ်း၏ ပရိုဂရမ်ကုဒ်များကို တိုက်ရိုက်ကြည့်ရှုနိုင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ အချက်အလက်များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး ကိုယ်ပိုင်ဆာဗာ တည်ဆောက်ကာ ဂိမ်း၏ သတ်မှတ်ချက်များကိုပင် ကျော်လွန်သွားနိုင်သည့် အဆင့်ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် လုရှန်မှာ ဤအဆင့်ရှိ ကစားသမားတစ်ဦးဟု ဆိုနိုင်သည်။ သို့သော် သူသည် မူလစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ပရိုဂရမ်ရေးသားခြင်း မတတ်သော အက်ဒမင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ မြင်သာနေသော်လည်း မည်သို့ ပြင်ဆင်ရမည်ကို မသိသေးသည့် အခြေအနေမျိုး ဖြစ်သည်။
အတိုချုပ်ပြောရလျှင် နိယာမစွမ်းအားမှာ အလွန်ပင် အစွမ်းထက်လှသည်။ နိယာမနယ်ပယ်သို့ ရောက်ရှိနေသော သိုင်းသမားများအကြားတွင်လည်း မည်သူက နိယာမစွမ်းအားကို ပိုမိုထိန်းချုပ်နိုင်သနည်းဆိုသည့်အချက်ဖြင့်သာ ယှဉ်ပြိုင်ကြရသည်။
နိယာမတစ်ခုတည်းတွင်ပင် ပိုမိုနက်ရှိုင်းစွာ နားလည်သူက ပိုမိုအားကောင်းလာသလို နိယာမစွမ်းအား အမျိုးအစားများစွာကို ပိုင်ဆိုင်ထားခြင်းကလည်း ပိုမိုအစွမ်းထက်လာစေသည်။
“ဒါကြောင့် အခု ငါက နိယာမစွမ်းအား တစ်မျိုးကို နားလည်သွားပြီပေါ့”
“မိုးကြိုး နိယာမစွမ်းအား ”
“ဒါတင် မကသေးဘူး ငါ့ရဲ့ ဓားသိုင်းကလည်း အဆင့် ၆ ကို ဖောက်ထွက်သွားပြီ ”
ဤအချက်များမှာ လဲ့ဖူထျန်ထံမှ ရရှိခဲ့သော အကျိုးကျေးဇူးများပင်ဖြစ်သည်။ လဲ့ဖူထျန်၏ မှတ်ဉာဏ်များမှတစ်ဆင့် လုရှန် နောက်ထပ်အချက်တစ်ချက်ကိုလည်း သိလိုက်ရသည်။
“နိယာမစွမ်းအားတွေကြားမှာလည်း အင်အားချင်း ကွာခြားမှု ရှိသေးတာပဲ”
လဲ့ဖူထျန်သာ အဆင့် ၁၃ သို့ တက်လှမ်းစဉ်က မိုးကြိုးစွမ်းအားအစား ဓားတာအို နိယာမစွမ်းအားကို နားလည်ခဲ့ပါက သူ၏ အင်အားမှာ ယခုထက် အဆပေါင်းများစွာ ပိုမိုတိုးတက်လာမည်မှာ အသေအချာပင်။ ဓားတာအို နိယာမစွမ်းအားမှာ မိုးကြိုးစွမ်းအားထက် စွမ်းအား၏ အနှစ်သာရနှင့် ပိုမိုနီးစပ်သည်မှာ သိသာလှသည်။
အဆင့် ၁၃ သိုင်းပညာရှင်တစ်ဦး၏ မှတ်ဉာဏ်များမှာ အလွန်ကျယ်ပြောလှသဖြင့် အသိပညာ အမြင်နှင့် အတွေ့အကြုံများကို စနစ်တကျ ပြန်လည်စီစစ်ရန် လုရှန် အချိန်ပေးလိုက်ရသည်။
လဲ့ဖူထျန်ကို အနိုင်ယူလိုက်ခြင်းကြောင့် လုရှန်၏ ကျင့်ကြံမှု အဆင့်မှာ မပြောင်းလဲသွားသော်လည်း နိယာမစွမ်းအား တစ်မျိုးကို ပိုင်ဆိုင်သွားခြင်းမှာ သူ၏ စွမ်းအားကို အဆမတန် တိုးတက်သွားစေသည်။
“ငါသာ အဆင့် ၆ ဓားသိုင်းနဲ့ မိုးကြိုးနိယာမစွမ်းအားကို အခု သုံးမယ်ဆိုရင် အဆင့် ၁၃ အောက်ကလူတွေကို သတ်ရတာ ဟင်းသီးဟင်းရွက်လှီးသလိုပဲ လွယ်ကူနေတော့မှာ”
သို့သော် နိယာမစွမ်းအားမှာ အလွန်အားကောင်းသော်လည်း အဆင့် ၁၃ အောက်ရှိသူများအတွက် ထိန်းချုပ်ရန်မှာမူ လုံးဝ မလွယ်ကူလှပေ။
***