နဂါးငွေ့တန်း ဂလက်ဆီ၏ နိယာမများကို မိမိကိုယ်တွင်းသို့ သွတ်သွင်းကာ ခန္ဓာကိုယ်အား တည်ဆောက်ရခြင်းမှာ အဆင့် ၁၂ ၏ အဓိကရည်ရွယ်ချက် ဖြစ်ကြောင်းကို လုရှန် နောက်ဆုံး၌ သဘောပေါက်သွားလေသည်။
ဤအဆင့်သည် အဆင့် ၁၃ အတွက် လုံးဝ ပြင်ဆင်မှုတစ်ခုသာ ဖြစ်သည်။
လုံလောက်သည့် ကြံ့ခိုင်သော ရုပ်ခန္ဓာမရှိပါက နိယာမတို့၏ စွမ်းအားကို မခံနိုင်ဘဲ ပျက်စီးသွားလိမ့်မည်ဖြစ်ရာ ရန်သူကို တိုက်ခိုက်ရန် နိယာမကိုပင် သုံးနိုင်မည်မဟုတ်ပေ။
၎င်းမှာ ပြိုင်ဘက်ကင်းသော ဓားတစ်လက်နှင့် တူလေသည်။
ထိန်းချုပ်နိုင်လောက်သည့် စွမ်းအားမရှိပါက မိမိကိုယ်တိုင်ပင် အရင်ဆုံး ထိခိုက်နစ်နာရလိမ့်မည်။
သို့သော် လုရှန်အတွက်မူ ထိုသို့မဟုတ်ပေ။
"ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ရွှေရောင် ဖန်သားကိုယ်ထည် ပေါင်းစပ်လိုက်ရင် နိယာမစွမ်းအားတွေရဲ့ တန်ပြန်သက်ရောက်မှုကို ခံနိုင်ရည်ရှိလောက်အောင် ငါက အားကောင်းလွန်းပါတယ်..."
နောက်ထပ် အာမခံချက် တစ်ခု ရှိနေသေးသည်ဟူသော အတွေးက လုရှန်အား အနည်းငယ် စိတ်သက်သာရာ ရစေသည်။
မျက်လုံးကို ဖွင့်လိုက်သောအခါ ထိုရိုးရှင်းသည့် အခန်းငယ်လေးထဲတွင်ပင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။
လုရှန် အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ယာဉ်ပျံပေါ်သို့ တက်လာခဲ့သည်မှာ စကြာဝဠာရက် ခုနစ်ရက်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုကာလအတွင်း မည်သူမျှ လာရောက်မကြည့်ရှုသလို ဧပြီ ၁၇ နှင့် ပတ်သက်သည့် အစားအစာ သို့မဟုတ် မည်သည့်အရာကိုမျှ လာရောက်ပို့ဆောင်ခြင်း မရှိပေ။
ယာဉ်ပျံပေါ်တက်စဉ်က ကိုယ်ရေးအချက်အလက်ကို စစ်ဆေးခဲ့သည့် တင်းကြပ်သောပုံစံရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အခန်းထဲမှ ထွက်ခွင့်မပြုကြောင်း ဘာမှမပြောခဲ့သည်ကို လုရှန် ပြန်လည်အမှတ်ရသွားသည်။
ထို့ကြောင့် သူသည် အခန်းတံခါးကိုဖွင့်ကာ လေကောင်းလေသန့် ရမည့်နေရာကို ရှာဖွေရင်း အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
သူ၏ စိတ်စွမ်းအားအောက်တွင် အဓိကနေရာ အနည်းငယ်မှလွဲ၍ ယာဉ်ပျံတစ်ခုလုံးကို အားလုံး နီးပါး အပြည့်အဝ မြင်တွေ့နေရသည်။
လုရှန်သည် အခန်း၏ စင်္ကြံတစ်လျှောက် တည့်တည့် လျှောက်သွားလိုက်သည်။
ဤယာဉ်ပျံတွင် အခြေခံအကျဆုံးဖြစ်သော အပြင်ဘက် ရှုခင်းပြတင်းပေါက်ပင် မရှိချေ။
ယာဉ်ပျံကြီးမှာ အဘက်ဘက်မှ ပိတ်လှောင်ထားသည့် ဧရာမ သံသေတ္တာကြီးနှယ် အပြင်ဘက်ကို အနည်းငယ်မျှပင် ငေးကြည့်၍ မရနိုင်ချေ။
လုရှန်သည် မိမိ၏ စိတ်စွမ်းအင်များကို အပြင်ဘက်သို့ ဖြန့်ကျက်လိုက်သောအခါ ယာဉ်ပျံသည် လက်ရှိတွင် ဟင်းလင်းပြင်ကို ထိုးဖောက်၍ ခုန်ပျံနေသည်ကို မြင်ခဲ့သည်။
ခုန်ပျံခြင်း…။
အပြင်ဘက်တွင် ဟင်းလင်းပြင်တို့မှာ ပုံသဏ္ဍာန် ပျက်ယွင်းလျက် ရှည်လျားသော လိုင်းများအဖြစ် ပေါ်ထွက်နေသဖြင့် မိမိကိုယ်တိုင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုပင် ခန့်မှန်း၍ မရနိုင်တော့ပေ။
ဤမျှ ဟောင်းနွမ်းနေသော ယာဉ်ပျံ၌ပင် ယခုကဲ့သို့သော ခုန်ပျံနိုင်သည့် စွမ်းရည်မျိုး ရှိနေသေးသည်မှာ အံ့ဩစရာပင်။
လုရှန်သည် ထိုနေရာတွင် အတန်ကြာ ရပ်နားနေခဲ့သော်လည်း မည်သူနှင့်မျှ မဆုံတွေ့ရပေ။
အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိလာသဖြင့် မိမိအခန်းသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်၌ပင် တစ်စုံတစ်ယောက် သူ၏ဆီသို့ အလျင်အမြန် လျှောက်လှမ်းလာသည်ကို သတိပြုမိလိုက်သဖြင့် လုရှန်၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။
ထိုသူမှာ အသားဖြူဖြူ အရပ်ရှည်ရှည်နှင့် ချောမောသော လူငယ်တစ်ဦး ဖြစ်ပြီး အပြာနုရောင် အဆင့်မြင့် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူသည် ပါးစပ်တွင် ဆေးလိပ်နှင့်တူသော အရာတစ်ခုကို ကိုက်ထားကာ တစ်ဖွာပြီးတစ်ဖွာ ရှိုက်ဖွာရင်း လုရှန်ထံသို့ လျှောက်လာနေသည်။
ထိုသူမှာ ပျင်းရိနေဟန်ရှိသော်လည်း လုရှန်ကို မြင်လိုက်ရသည့်အခါတွင်မူ မျက်ဝန်းတို့မှာ ထူးခြားစွာ တောက်ပသွားသည်။
လုရှန်သည် သူ၏ စွမ်းအားကို စမ်းသပ်နေသကဲ့သို့ လူငယ်၏ ဝိညာဉ်စွမ်းအား တစ်စ မိမိအပေါ်သို့ ညင်သာစွာ ကျဆင်းလာသည်ကို ချက်ချင်းပင် ခံစားမိလိုက်သည်။
သူ၏ စွမ်းအားမှာ အဆင့် ၁၁ သာ ရှိကြောင်း သိလိုက်ရသည့်အခါ ထိုလူငယ်၏ မျက်လုံးတို့မှာ ပို၍ပင် အရောင်လက်သွားတော့သည်။
"ဟေ့..."
ချောမောသော လူငယ်လေးသည် အဝေးမှနေ၍ လုရှန်အား လက်ပြနှုတ်ဆက်လိုက်သည်။
လုရှန်၏ မျက်ဝန်းတို့မှာ တောက်ပသွားသော်လည်း စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်နေခဲ့သည်။
ထိုလူငယ်မှာမူ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ဆင်မြန်းလျက် လုရှန်ဆီသို့ အမြန်လျှောက်လာပြီး လာရင်းတစ်လျှောက် ဆေးလိပ်နှင့်တူသော အရာတစ်ခုကို လုရှန်ထံသို့ ပစ်ပေးလိုက်သည်။
လုရှန် တစ်ချက်ကြည့်လိုက်သည်။ ဆေးလိပ်သည် လေထဲတွင် လှပသော စက်ဝိုင်းခြမ်း ပုံစံလေး ရေးဆွဲကာ ပြန်လည်လွင့်စဉ်သွားသည်။
"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုပါဘူး..."
တိုက်ပွဲဝင်ဝတ်စုံ၌ ဘာသာပြန်စက် ပါဝင်သဖြင့် တစ်ဖက်လူ နားမလည်မည်ကို လုရှန် စိုးရိမ်စရာ မလိုပေ။
ချောမောသော လူငယ်လေးမှာ ပစ်လိုက်သော ဆေးလိပ်ကို ပြန်ဖမ်းလိုက်ပြီး ငြင်းပယ်ခံရမည်ဟု မမျှော်လင့်ထားသည့်ဟန်ဖြင့် အနည်းငယ် တုံ့ဆိုင်းသွားသည်။
သို့သော် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သိပ်ဂရုစိုက်ပုံမရဘဲ ပြုံးနေဆဲပင်။
"နောက်ဆုံးတော့ အသက်ရှင်နေတဲ့သူ တစ်ယောက်နဲ့ ဆုံရပြီ... ဒီယာဉ်ပျံပေါ်က လူတွေ အကုန်လုံး သေကုန်ပြီလို့ ငါ ထင်နေတာ..."
ချောမောသော လူငယ်လေးသည် လုရှန် နားထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ ပြောချင်ရာကိုသာ ပြောနေတော့သည်။ သူငယ်ချင်းဟောင်း တစ်ယောက်နှင့် တွေ့ဆုံရသကဲ့သို့ မကျေနပ်ချက်များ မြည်တွန်တောက်တီးမှုများဖြင့် စကားလုံးတို့မှာ စီးဆင်းနေသည်။
"ဟီး ဟီး.."
လုရှန်မှာ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိဖြစ်သွားသည်။
"ငါ့နာမည်က ဆာယာ ပါ ပိုလို ကြယ်တာရာ နယ်မြေကပါ။ ညီအစ်ကို မင်းကရော..."
ယဉ်ကျေးမှုအရ လုရှန် ပြန်ဖြေလိုက်သည်။
"လုရှန်ပါ ယာမူ ကြယ်တာရာ နယ်မြေကပါ"
"ယာမူ နယ်မြေ..."
ရုပ်ရည်ချောမောသည့် လူငယ်လေးသည် နားမလည်နိုင်သည့် အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ဒါက ဘယ်ကြယ်တာရာ နယ်မြေများပါလိမ့်။ တစ်ခါမှလည်း မကြားဖူးပါဘူး... ဒါပေမဲ့လည်း ဒါတွေက အရေးမကြီးပါဘူးလေ"
ထိုလူငယ်သည် လုရှန်ကို လက်ဝှေ့ယမ်းကာ ပြုံးပြလျက် ဆိုပြန်သည်။
"မင်းက ဘယ်အခန်းမှာ နေတာလဲ။ နောက်ကျရင် ဖဲလာကစားဖို့ ငါ လာခဲ့မယ်လေ"
မင်း ရှာတွေ့မှာ မဟုတ်ပါဘူး…။
လုရှန်သည် ထိုစကားကို စိတ်ထဲ၌သာ ထားလိုက်ပြီး လူငယ်လေးကို ကျော်ဖြတ်ကာ တည့်တည့် လျှောက်သွားလိုက်သည်။
"ဟေ့... ဟေ့"
နှစ်ခါတိုင်တိုင် ခေါ်သော်လည်း လုရှန်မှာ အရှိန်မလျှော့ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ပုံရိပ်မှာ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားလေတော့သည်။
"ဘာဖြစ်သွားတာလဲ..."
စကားပြောဖော်ရမည့်သူတစ်ဦးကို ယခုလေးတင် တွေ့လိုက်ရသော်လည်း အားမလိုအားမရ ဖြစ်သွားရသည့်အတွက် သူ သက်ပြင်းချလိုက်မိသည်။
"ငါတို့အားလုံးက အဆင့် ၁၁ ချည်းပဲကို ဒီအချိုးက ဘာလဲ..."
သူ ခေါင်းခါလိုက်ပြီး တစ်စုံတစ်ခုကို ရေရွတ်ရင်း လုရှန် ထွက်သွားသည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။
ထိုအချိန်မှစ၍ လုရှန်သည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကာ အချိန်ကို ကုန်ဆုံးစေခဲ့သည်။
တစ်ခါတစ်ရံ လေကောင်းလေသန့် ရရှိရန် အပြင်ထွက်လေ့ရှိရာ လမ်းခရီးတွင် ဆာယာဟုခေါ်သည့် ထိုချောမောသော လူငယ်လေးနှင့် အကြိမ်အနည်းငယ် ဆုံမိသေးသည်။
ဤသူသည် အခန်းတွင်း၌ တစ်ခါမျှ မနေဘဲ အပြင်တွင်သာ အမြဲ လျှောက်သွားနေသည်ဟု လုရှန် သံသယဝင်မိသည်။
မဟုတ်ပါက သူနှင့် အဘယ်သို့လျှင် အမြဲ ဆုံဆည်းနေပါ့မည်နည်း။ ကံကောင်းစွာဖြင့် သူသည် အလွန်သတိထားတတ်သူ ဖြစ်သည့်အတွက် မိမိအခန်းရှိရာကို ဆာယာမသိစေရန် ဖုံးကွယ်ထားနိုင်ခဲ့သည်။
မဟုတ်ပါက ထိုသူ၏ စရိုက်အရ ဖဲထုပ်များပါ ယူဆောင်ကာ သူ့ထံသို့ ရောက်လာပေလိမ့်မည်။
ဤသို့ဖြင့် အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။
"ဗုန်း..."
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးကြောင့် လုရှန် ကျင့်ကြံနေရာမှ လန့်ဖြတ်သွားသည်။
အခန်းတွင်းရှိ ကြမ်းပြင်နှင့် မျက်နှာကျက်တို့ ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုတုန်ခါမှုကြောင့် ဟောင်းနွမ်းနေသည့် နံရံကြီးများ အပိုင်းလိုက် ကွာကျလာပြီး ကြမ်းပြင်ပင် အက်ကွဲသွားသည်။
လုရှန် ကုတင်ပေါ်မှ ချက်ချင်းထကာ မိမိ၏ ဝိညာဉ်စွမ်းအားကို အမြန် ဖြန့်ကျက်လိုက်သည်။
ယာဉ်ပျံသည် ဧရာမ ဥက္ကာပျံကြီးတစ်ခုပေါ်သို့ တစ်ဝက်တစ်ပျက် တင်နေပြီး မီးပွားများ လွင့်စဉ်ကာ လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
"ဘာဖြစ်သွားတာလဲ။ ယာဉ်ပျံ ပျက်ကျသွားတာလား..."
ဖြစ်ပျက်နေသည်များကို နားမလည်နိုင်သဖြင့် လုရှန် မျက်မှောင်ကြုတ်လိုက်သည်။
လက်ရှိအခြေအနေတွင် ဤအခန်း၌ ဆက်နေရန်မှာ မလုံခြုံတော့သဖြင့် အမြန်ဆုံး ထွက်ခွာရန်သာ လိုအပ်သည်။
သပ်ရပ်အောင် ရှင်းလင်းစရာလည်း သိပ်မရှိလှပေ။
လုရှန် တံခါးကို တွန်းဖွင့်ကာ ထွက်လိုက်သည်။
တံခါးဝသို့ ရောက်သည်နှင့် သူ့အား ဖြတ်ကျော်သွားသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထို့နောက် ဒုတိယနှင့် တတိယမြောက် လူများ ထပ်မံရောက်ရှိလာကြသည်။
တစ်ချိန်က အသက်ကင်းမဲ့နေသည့် ယာဉ်ပျံအခန်းသည် ရုတ်တရက် အသက်ဝင်သွားသည်။
လူတစ်ယောက်ပြီးတစ်ယောက် ယာဉ်ပျံ၏ ထွက်ပေါက်ဆီသို့ ပြေးလွှားသွားကြသည်။
***