"သိပ်ပြီး ပြင်းထန်တဲ့ အရာ မဟုတ်ပါဘူး လမ်းပြသူ ပြောသလောက်လည်း လုံးဝ အန္တရာယ်မရှိပါဘူး..."
အဖွဲ့သည် လေဟာနယ်ပြင်တွင် တွဲလောင်းကျနေသည့် မြနီလာရောင် သမုဒ္ဒရာကြီးကို ဖြတ်သန်းနေကြသည်။
မည်သည့် အောက်ခံအထောက်အပံ့မျှမရှိဘဲ လေထုထဲ၌ ပေါလောပေါ်နေသည့် ဧရာမ ရေထုကြီးမှာ စကြာဝဠာ၏ အံ့ဖွယ်တစ်ခုပမာ ထည်ဝါလှသည်။
ရေညှိမျိုးစုံတို့ဖြင့် ပြည့်နှက်နေသောကြောင့် သမုဒ္ဒရာတစ်ခုလုံးမှာ တောက်ပသော မြနီလာရောင်အဖြစ် တက်ကြွနေတော့သည်။
ဆာယာကား ရေပြင်နှင့်ကပ်ကာ ပျံသန်းရင်း ရေနေသတ္တဝါအချို့ကို ဖမ်းဆုပ်ကြည့်ရှုလိုက် ထို့နောက် စိတ်တိုင်းမကျသည့်နှယ် အောက်သို့ ပြန်ပစ်ချလိုက်နှင့် အပျော်ကြီး ပျော်နေသည်။
လုရှန် သူ့အား တစ်ချက်ကြည့်လိုက်သော်လည်း စကားဆိုခြင်း မပြုပေ။
တကယ်တမ်းဆိုရသော် ဤသို့သော အပန်းဖြေစိတ်မျိုး ရှိနေသူမှာ ဆာယာတစ်ယောက်တည်း မဟုတ်ချေ။
သူတို့ ဤဟင်းလင်းပြင်ထဲ၌ ခရီးနှင်လာသည်မှာ စကြာဝဠာရက် တစ်ရက်နီးပါး ရှိနေပြီဖြစ်သော်လည်း အန္တရာယ်ဟူ၍ကား ဝေးကွာလှသည်။
ထူးဆန်းသော သားရဲကောင်၏ အမွှေးအမျှင်လေးကိုမျှ မတွေ့မြင်ရသေးသည့်အတွက် အစပိုင်းတွင် သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့ကြသူအများစုမှာ ယခုအခါ အတန်ငယ် လျော့ရဲလာကြပြီ ဖြစ်သည်။
ရှေးစကားပုံအတိုင်းဆိုရလျှင် ပိုလှပလေ ပို အန္တရာယ်များလေ ဖြစ်သော်လည်း အကြိမ်ကြိမ် မြင်တွေ့နေရသောအခါ၌ကား ထိုရှုခင်းများ၏ သန့်စင်သော အလှတရားကိုသာ သူတို့ သဘောပေါက်လာကြသည်။
အချို့နေရာများတွင် သတိမမူပါက အန္တရာယ်ဖြစ်စေနိုင်သည့် စွမ်းအင်စက်ကွင်းများ ရှိနေခြင်းမှလွဲ၍ ဤဟင်းလင်းပြင်သည် နတ်ဘုံကဲ့သို့ပင် လှပနေသည်။
ဆာယာကဲ့သို့ ကြမ်းတမ်းပြီး စည်းကမ်းမဲ့သည့် လူငယ်တစ်ယောက်ပင် ခရီးသွားရင်း ဆော့ကစား နိုင်နေသည့်အထိပင်။
သူ၏ ပေါ့ပါးအေးဆေးသည့် အမူအရာကို မြင်လိုက်ရသောအခါ ဤသူတွင် အလေးအနက်မထားတတ်သည့် သဘောသဘာဝ ရှိနေသည်ဟု လုရှန် ခံစားလိုက်ရသည်။
သူသည် ထူးခြားသည့် မျိုးရိုးမြင့် မိသားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်နိုင်သော်လည်း မည်သည့်အစောင့်အရှောက်မျှမပါဘဲ ဤသို့သော အန္တရာယ်ဇုန်သို့ အဘယ်ကြောင့် ရောက်ရှိလာရသနည်း။
လုရှန်၏ စိတ်ထဲတွင် ချမ်းသာကြွယ်ဝသော မိသားစုအတွင်းရှိ ရန်ငြိုးရန်စများအကြောင်း ဇာတ်လမ်းဆင်မိသော်လည်း ဆာယာ၏ ပါးစပ်ဖွာတတ်သည့် အကျင့်ကို သိထားသည့်အတွက် စပ်စုချင်စိတ်ကိုသာ မြိုသိပ်ထားလိုက်သည်။
ဘာပဲဖြစ်ဖြစ်... ငါနဲ့ ဘာဆိုင်လို့လဲ…။
ခရီးသွားနေစဉ် လုရှန်သည် ခန္ဓာကိုယ်ထဲတွင် တိုးပွားနေသော မသေမျိုးဆဲလ်များကို တိတ်တဆိတ် ရေတွက်ရင်း တစ်ဖက်မှလည်း စိတ်စွမ်းအင်ကို အိပ်မက်နယ်မြေထဲသို့ စူးစမ်းရန် ခွဲထုတ်ထားလိုက်သည်။
သူတို့အဖွဲ့ မြနီလာရောင် သမုဒ္ဒရာကြီးကို ကူးဖြတ်တော့မည့် အချိန်လေးမှာပင်...။
လုရှန် ရုတ်တရက် ခေါင်းမော့လိုက်ပြီး အဝေးတစ်နေရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းအစုံတွင် ထက်မြက်သော အလင်းရောင်တစ်ခု တဖျပ်ဖျပ် လက်ခနဲ ဖြစ်သွားသည်။
ကျောက်တုံးလူသား ဒေါင်းတန်နှင့် စကားကောင်းနေသော ဆာယာသည် လုရှန်၏ စွမ်းအင်အရှိန်အဝါ ပြောင်းလဲသွားသည်ကို သတိထားမိသွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
လုရှန် အကြည့်တို့ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ဆိုသည်။
"တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားကြ..."
"ဟင်..."
ဆာယာနှင့် ဒေါင်းတန်တို့မှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားယွင်းသွားကြသည်။
သူတို့သည် အဖွဲ့၏နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြစဉ် ရှေ့မှသွားနေသော လမ်းပြသူ လူလတ်ပိုင်းအမျိုးသားက ရုတ်တရက် ရပ်တန့်လိုက်သည်။
ထို့နောက် သူ၏ အေးစက်ပြီး စူးရှလှသော အသံမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ရောက်လာသည်။
"ထူးဆန်းတဲ့ သားရဲကောင်အုပ်ကြီး ငါတို့ဆီ ချဉ်းကပ်လာနေပြီ... အားလုံး တိုက်ပွဲဝင်ဖို့ အသင့်ပြင်ကြ..."
"ဝှစ်..."
ဆာယာနှင့် ဒေါင်းတန်တို့မှာ လှည့်ပတ်ကာ လုရှန်ကို စိုက်ကြည့်လိုက်ကြသည်။
သူတို့၏မျက်နှာများမှာ သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်နေကြသည်။
'မင်း ဒါကို ဘယ်လိုများ သိလိုက်ရတာလဲ...'
ဆာယာ၏ အကြည့်များမှာ လုရှန်အား ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ဒေါင်းတန်ကမူ မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း သူ၏ ရိုးသားသည့်မျက်နှာပြင်ပေါ်တွင် အံ့အားသင့်မှုများ ရောယှက်လျက်ရှိသည်။
လမ်းပြသူက သတိပေးချက် ထုတ်ပြန်ပြီးသည့်တိုင် ကျန်ရှိသော လူအုပ်ကြီးမှာမူ သားရဲကောင်များ ချဉ်းကပ်လာသည့် အငွေ့အသက်ကို မည်သို့မျှ အာရုံမခံနိုင်ကြသေးပေ။
လမ်းပြသူတို့အနေဖြင့် အာရုံခံနိုင်စွမ်း အားကောင်းသည်ကို နားလည်နိုင်သော်လည်း လုရှန်က လမ်းပြသူထက်ပင် မိနစ်အနည်းငယ်စော၍ ကြိုတင်သိရှိနေခြင်းမှာ မည်သို့မျှ ကျိုးကြောင်းဆီလျော်မှု မရှိပေ။
ဤအန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သည့် စွမ်းရည်မှာ ပုံမှန်မဟုတ်ပေ။
လုရှန်မှာမူ အသေးစိတ် ရှင်းပြနေရမည်ကို ပျင်းရိလှသဖြင့် အလိုအလျောက် သိတာ ဟူသော စကားတစ်ခွန်းဖြင့်သာ အလွယ်တကူ တုံ့ပြန်လိုက်သည်။
ဉာဏ်ကြီးရှင် ဒေါင်းတန်မှာမူ မေးခွန်းထုတ်ခြင်း မပြုတော့ပေ။
"ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ သိုင်းပညာ အလိုအလျောက် သိစိတ်ပါလိမ့်..." ဟုသာ တအံ့တဩ ရေရွတ်နေမိသည်။
ဆာယာမှာ ထပ်မံစပ်စုချင်နေသော်လည်း ထိုအချိန်တွင် အဝေးမှ သားရဲကောင်အုပ်ကြီးသည် လူတိုင်း၏ အမြင်အာရုံထဲသို့ ရောက်ရှိလာလေပြီ။
အဖွဲ့၏ အနောက်တောင်ဘက်ရှိ ကောင်းကင်ယံတွင် မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုပမာ သားရဲကောင်အုပ်ကြီး လွှမ်းမိုးလာသည်။
ကမ္ဘာကြယ်မှ ထွက်ခွာလာကတည်းက လုရှန်သည် ဂြိုဟ်သားသားရဲကောင်များနှင့် ထိပ်တိုက်မတွေ့ဆုံဖူးခဲ့ပေ။
အဆင့် ၉ သို့မဟုတ် ထို့ထက်မြင့်သော သားရဲကောင်များ၏ ပုံသဏ္ဍာန်ကိုပင် သူ မသိရှိခဲ့။ ယခုမူ သူတို့၏ အသွင်အပြင်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလေပြီ။
"အဆင့် ၁၀ သားရဲကောင်တွေက အဆင့် ၉ ထက် အရွယ်အစား ပိုကြီးမားရုံပါပဲ..."
လုရှန် စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
သို့သော် အဆင့် ၁၁ သို့ ရောက်ရှိသည့်အခါ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ခန္ဓာကိုယ် အရွယ်အစားမှာ သိသိသာသာ သေးငယ်သွားပြီး စွမ်းအင်သိပ်သည်းမှုမှာ ပိုမိုမြင့်မားလာသည်။
လုရှန်သည် မျက်လုံးများကို အနည်းငယ်ကျဉ်းကာ ထူးဆန်းသော သားရဲကောင်များ၏ စွမ်းအင်အရှိန်အဝါများကို စူးစမ်းကြည့်လိုက်သည်။
သူတို့၏ ပုံသဏ္ဍာန်မှာ အလွန်ပင် ထူးခြားဆန်းပြားလှသဖြင့် ရိုးရှင်းသော အသုံးအနှုန်းများဖြင့် ဖော်ပြ၍ မရနိုင်ပေ။ တစ်ကောင်စီတိုင်းတွင် ကိုယ်ပိုင် ထူးခြားသည့် အရှိန်အဝါများ ရှိနေကြပြီး မည်သည့်ကောင်မျှ အလွန်အကျွံ ကြီးမားနေသည်ဟု မဆိုနိုင်ချေ။
အကြီးဆုံး သားရဲကောင်ပင် ဆယ်မီတာခန့်သာ ရှိသည်။ ဤအဆင့် ၁၁ သားရဲကောင်များသည် အဆင့် ၉ နှင့် ၁၀ သားရဲကောင်များ၏ ကျောပေါ်၌ စီးနင်းလျက် ၎င်းတို့ကို စီးတော်ယာဉ်ပမာ အသုံးပြုနေကြသည်။
သားရဲတပ်ဖွဲ့၏ တည်ရှိမှုမှာ အထင်ကြီးစရာ ကောင်းသော်လည်း လက်တွေ့တွင်ကား အများစုမှာ အဆင့် ၁၀ နှင့် ၁၁ သားရဲကောင်များသာ ဖြစ်ကြသည်။
ထိုအုပ်စု၏ ခေါင်းဆောင်မှာမူ ခေါင်းသုံးလုံးပါရှိပြီး တစ်ကိုယ်လုံး မျက်လုံးများဖြင့် ဖုံးလွှမ်းနေသော ပုံပျက်ပန်းပျက် မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်သည်။
ထိုသားရဲကောင်၏ မျက်လုံးပေါင်းထောင်ချီမှာ နေရာအနှံ့သို့ တဖျပ်ဖျပ် လှုပ်ရှားနေပြီး သားကောင်ကို ရှာဖွေနေသည့်အလား ထိတ်လန့်ဖွယ် ကောင်းလှသည်။
အားအနည်းဆုံးသူပင် အဆင့် ၁၁ သို့မဟုတ် ၁၂ ရှိသော လုရှန်တို့အဖွဲ့နှင့် နှိုင်းယှဉ်ပါက ဤသားရဲအုပ်စုမှာ သွားလေရာ၌ မည်သို့မျှ မယှဉ်သာသော အခြေအနေမျိုး ဖြစ်သည်။
သားရဲအုပ်စု အပြည့်အဝ ပေါ်လာသည်နှင့် လုရှန်တို့အဖွဲ့သားတို့၏ တင်းမာနေသော ခန္ဓာကိုယ်များ ပြေလျော့သွားကြသည်။
"မင်းတို့က ငါတို့အတွက် လမ်းရှင်းပေးဖို့ လာကြတာလား..."
လမ်းပြသူအဖြစ် တာဝန်ယူထားသည့် သွေးအေးသူ လူလတ်ပိုင်းအမျိုးသားက အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်သည်။ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အဖွဲ့ထဲမှ လိမ္မော်ရောင် ပုံရိပ်တစ်ခုမှာ တောက်လောင်နေသော မီးတောက်တစ်ခုပမာ ပစ်ထွက်သွားတော့သည်။
ထိုသူကား ဆာလ် ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆာလ်သည် သားရဲအုပ်စု၏ အရှေ့သို့ ရောက်ရှိသွားပြီး မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရခင်မှာပင် အဆင့် ၁၁ သားရဲကောင်ကို စီးနင်းထားသော မျက်လုံးပိုင်ရှင် မိစ္ဆာကောင်ကြီးအား လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။
"ကျွိ..."
မျက်လုံးပေါင်းထောင်ချီရှိသော သားရဲကောင်ကြီးမှာ စူးရှသော အသံကို ထုတ်လွှင့်ကာ တစ်ကိုယ်လုံးရှိ မျက်လုံးများမှ မီးခိုးရောင် အလင်းတန်းများ ပန်းထွက်လာသည်။
***