တိုက်ပွဲ စတင်လေပြီ။
ဆာလ်သည် အဆင့် ၁၂ သားရဲကောင် ခေါင်းဆောင်ထံသို့ ဦးတည်သွားသလို အဖွဲ့ထဲမှ အခြားသော အဆင့် ၁၂ သိုင်းပညာရှင် လေးငါးဦးမှာလည်း ထက်မြက်လှသော ဓားမြှောင်များအလား သားရဲအုပ်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းလှသော အဆင့် ၁၀ ၁၁ သားရဲကောင်များသည် ဤသိုင်းပညာရှင်တို့၏ လက်ချက်ဖြင့် တို့ဟူးတုံးများအလား အလွယ်တကူ ကျိုးပဲ့ ပျက်စီးသွားကြသည်။
ကြီးမားသော ခန္ဓာကိုယ်တို့မှာ အကောင်းဆုံး ပစ်မှတ်များ ဖြစ်လာသည်။
ဤသည်ကား တိုက်ပွဲဟုပင် ခေါ်ဆို၍မရဘဲ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသာ ဖြစ်သည်။
ဆယ်မိနစ်ပင် မပြည့်မီမှာပင် သားရဲအုပ်စု တစ်ခုလုံးမှာ ပြာအဖြစ် ပျက်စီးသွားတော့သည်။
တိုက်ပွဲအပြီးတွင် ဆာလ်နှင့် သူ၏အဖော်များ လူသတ်ငွေ့များ လွှမ်းခြုံလျက် ပြန်လည်ရောက်ရှိလာကြသည်။
သူတို့တစ်ဦးစီ၏ လက်ထဲတွင်ကား သလင်းကျောက်အမြုတေဖြူဖြူများ ကိုင်ဆောင်ထားကြသည်။ ဆာလ်၏ လက်ထဲတွင်ရှိသော အမြုတေမှာ အကြီးဆုံးနှင့် အလှပဆုံးဖြစ်ပြီး အဆင့် ၁၂ မျက်လုံးတစ်ထောင် သားရဲကောင်ထံမှ ရရှိလာခြင်း ဖြစ်သည်။
လိမ္မော်ရောင် ဆံပင်ပိုင်ရှင် ဆာလ်သည် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ထိုသလင်းကျောက်ကို ပါးစပ်ထဲသို့ ပစ်ထည့်ကာ "ဂျွတ်" ခနဲ မြည်အောင် ဝါးစားလိုက်သည်။
အခြားသူများ အံ့အားသင့်သွားကြပြီး အမြုတေရရှိထားသူများပင် ကြက်သီးထမိကြသည်။
သို့သော် မကြာမီပင် ဆာလ်၏ စွမ်းအင်အရှိန်အဝါတို့ တရိပ်ရိပ် တက်လာသည်ကို အားလုံး မြင်လိုက်ရသည်။ သူ၏ နောက်ကျောတွင် တောက်ပသော နိယာမ ကြယ်တာရာစနစ် နှစ်ခု ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် စီးဝင်သွားသည်။
ထို့နောက် တတိယမြောက် နိယာမစနစ်မှာလည်း ပေါ်ထွက်လာရန် ကြိုးစားနေသည်။
"ဒီအမြုတေထဲမှာ နိယာမအပိုင်းအစတွေ အမှန်တကယ် ပါဝင်နေတာပဲ။ ငါ့အတွက် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန် သက်သာစေတယ်။ ဒါက တကယ့် ရတနာပဲ..."
ဆာလ် နှုတ်ခမ်းကို သပ်ကာ မဝသေးသည့်အမူအရာဖြင့် ဆိုလိုက်သည်။
အောက်ရှိ သိုင်းပညာရှင်များမှာမူ မယုံကြည်နိုင်စွာဖြင့်သာ စိုက်ကြည့်နေကြတော့သည်။
အဆင့် ၁၂ ဟူသည်မှာ နိယာမတရားတို့ကို အစဉ်တစိုက် အာရုံခံ ထိုးထွင်းသိမြင်ရမည့် နက်နဲသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
နိယာမတို့ကို သဘောပေါက် နားလည်နိုင်ရန်မှာ သိုင်းပညာတစ်ခုအား အဆင့် ၅ ၏ အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံရမည်ဖြစ်ပြီး ဤသည်မှာ အချိန်ပေးမှု ဇွဲလုံ့လနှင့် မည်သည့်ဖြတ်လမ်းမျှမရှိသော ပင်ပန်းခက်ခဲသည့် လမ်းစဉ်ဖြစ်သည်။
ထိုသို့သော တိုးတက်မှုသည် လူတစ်ဦးစီ၏ မွေးရာပါ ပါရမီအပေါ်တွင်သာ အပြည့်အဝ မူတည်နေသည်။
လက်ရှိ အဆင့် ၁၂ သိုင်းပညာရှင်များထဲတွင် မူလအစွမ်းကို ခန့်မှန်းရခက်သော လမ်းပြသူနှစ်ဦးမှလွဲလျှင် ကျန်သူအများစုမှာ နိယာမ ကြယ်တာရာစနစ် တစ်ခုတည်းကိုသာ ခန္ဓာကိုယ်အတွင်းသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ကြသည်။
ဤသိုင်းပညာရှင်တို့သည် ထူးချွန်ထက်မြက်သည့် ပါရမီရှင်များ ဖြစ်ကြသော်လည်း တစ်ဘဝလုံး အချိန်ပေး ကျင့်ကြံရလျှင်ပင် နိယာမစွမ်းအားကို အပြည့်အဝ နားလည်သဘောပေါက်ပြီး အဆင့် ၁၂ သို့ တက်လှမ်းနိုင်ရန်မှာ မလွယ်ကူလှပေ။
ဆာလ် သည် အဘယ်ကြောင့် ဤမျှ မောက်မာတဇွတ်ထိုးနိုင်ပြီး စည်းကမ်းမဲ့နေရသနည်း။
အကြောင်းမှာ သူ့တွင် မောက်မာပိုင်ခွင့် ရှိနေသောကြောင့်ပင်။
သူသည် အဆင့် ၁၂ သို့ ရောက်ရှိပြီး နိယာမ ကြယ်တာရာစနစ် နှစ်ခုကို ပေါင်းစပ်ပြီးဖြစ်သည့်အပြင် တတိယမြောက် စနစ်တစ်ခုမှာလည်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ဤသည်မှာ သူသည် သိုင်းပညာနှစ်ခုကို အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားပြီး ဖြစ်ကြောင်း သက်သေပြနေသည်။
အချိန်တိုအတွင်း သူရရှိထားသော အောင်မြင်မှုမှာ ကြယ်တာရာ နယ်မြေတစ်ခုတွင် နှစ်တစ်သိန်းမှ တစ်ယောက်သာ ပေါ်ထွက်တတ်သည့် ပါရမီရှင်အဆင့်ပင်။
ဤသည်မှာ မွေးရာပါ လက်ဆောင်မွန်တစ်ခုဖြစ်ရာ အခြားသူတို့မှာ မနာလိုရုံမှတစ်ပါး မတတ်နိုင်ကြချေ။
သို့သော် ယခုအခါ ဆာလ် ပြောကြားလိုက်သော စကားကြောင့် အားလုံး၏ စိတ်တွင် မီးတောက်တစ်ခုပမာ လိုချင်တပ်မက်မှုများ ထတောက်ကြသည်။
သူရရှိခဲ့သော အဆင့် ၁၂ မျက်လုံးတစ်ထောင် သားရဲကောင်၏ အမြုတေတွင် နိယာမ အပိုင်းအစများ ပါဝင်နေပြီး ၎င်းကို စုပ်ယူခြင်းဖြင့် နိယာမစွမ်းအားကို တိုက်ရိုက် ရရှိနိုင်သည်ဆိုသည်။
ဤသည်မှာ မည်သည့်ဆေးစွမ်းကောင်းမျှ မယှဉ်နိုင်သော ဖြတ်လမ်းတစ်ခု ဖြစ်သည်။
ဤသို့သော အမြုတေမျိုး အလုံအလောက်သာ ရှိပါက နှစ်ပေါင်းများစွာ ပင်ပန်းစွာ ကျင့်ကြံရမည့် အချိန်များကို များစွာ သက်သာစေမည် မဟုတ်ပါလား။
အရူးပင်လျှင် ဤလမ်းစဉ်ကို ရွေးချယ်လိမ့်မည်။ လူတိုင်း၏ အကြည့်များမှာ တိုက်ပွဲဝင်ခဲ့သူတို့၏ လက်ထဲရှိ အမြုတေများဆီသို့ လိုချင်တပ်မက်စွာ ရောက်ရှိသွားကြတော့သည်။
"မင်းက အတော်လေး ဉာဏ်ကောင်းသားပဲ..."
ထိုအခိုက်တွင် အေးစက်စက် မျက်နှာထားဖြင့် လမ်းပြသူ လူလတ်ပိုင်းအမျိုးသားက ဆာလ်အား ကြည့်၍ တည်ငြိမ်စွာ ဆိုလိုက်သည်။
"သားရဲကောင်ရဲ့ အမြုတေမှာ နိယာမ အပိုင်းအစတွေ ပါဝင်နေတာ မှန်ပေမယ့် အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေလည်း အများကြီး ပါဝင်နေတယ်။ ဒီလိုနှုန်းနဲ့ စုပ်ယူနေရင် မင်း အမှောင်ခြမ်းရဲ့ ကျွန်အဖြစ် လုံးဝ ကျဆုံးသွားဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူး..."
ဆာလ်မှာ ခေတ္တမျှ ရပ်တန့်သွားသော်လည်း သူ၏ ခေါင်းမာသော စရိုက်အတိုင်း ပြန်လည်ချေပလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော် ဘာလုပ်နေလဲ ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်..."
အေးစက်စက် အမျိုးသားက ဘာမျှ ထပ်မပြောတော့ဘဲ လူအပေါင်းအား ခရီးဆက်ရန်သာ အမိန့်ပေးလိုက်သည်။
တိုက်ပွဲတစ်ခု ပြီးဆုံးသွားသော်လည်း ဤတိုက်ပွဲမှ ရိုက်ခတ်လာမည့် အန္တရာယ်ငွေ့များမှာမူကား ထိုနေရာ၌ပင် ကျန်ရစ်ခဲ့တော့သည်။
လူအများအပြား၏ မျက်ဝန်းတို့မှာ လောဘရောင်များဖြင့် အရောင်လက်လာကြသည်။
သားရဲကောင်တို့၏ အမြုတေကို မည်သို့ ရယူရမည်ကို တိတ်တဆိတ် အကြံထုတ်နေကြကြောင်း ထင်ရှားနေသည်။
အဆင့် ၁၁ သိုင်းပညာရှင် အဖွဲ့ငယ်လေးများမှာလည်း အချင်းချင်း တီးတိုးဆွေးနွေးနေကြသည်။
ခရီးစဉ်တစ်ခုလုံးမှာ မူလကထက် ပိုမိုလှုပ်ရှားတက်ကြွလာတော့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီအမြုတေတွေက သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအားကို တိုက်ရိုက် မြှင့်တင်ပေးနိုင်တာပဲ။ ဒီခရီးက တကယ်ကို တန်ပါတယ်..."
ဆာယာက လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
ပါးနပ်သူ ဒေါင်းတန်ကမူ ထိုသို့မတွေးပေ။
"လမ်းပြသူက ဒီနည်းလမ်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်လို့ သတိပေးသွားတယ်လေ။ လမ်းမှားကို ရောက်သွားနိုင်တယ်တဲ့..."
ဆာယာက ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ဆိုသည်။
"အဲဒါက ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတာပါ။ ပြီးတော့ အဲဒါက ခေါင်းမာတဲ့ ဆာလ်လိုမျိုး စုပ်ယူနည်း အစစ်အမှန်ကို နားမလည်တဲ့သူတွေအတွက်ပဲ ဖြစ်တာပါ။ သတိထားပြီး ကျင့်ကြံမယ်ဆိုရင် ဒီဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါတယ်ကွ..."
လုရှန်ကမူ အေးဆေးတိတ်ဆိတ်စွာပင် ရှိနေသည်။
တကယ်တမ်းတွင်မူ အမြုတေ၏ အံ့ဖွယ်အသုံးဝင်မှုများကို သူ သိပြီးသား ဖြစ်သည်။
အိပ်မက်နယ်မြေအတွင်းရှိ အဆင့်မြင့် သိုင်းပညာရှင်တို့၏ မှတ်ဉာဏ်များကို စုပ်ယူထားခဲ့သဖြင့် ဂြိုဟ်သား သားရဲကောင်များနှင့် ပတ်သက်သော သူ၏နားလည်မှုမှာ ထိုနေရာရှိ လူအားလုံး ပေါင်းထားသည်ထက်ပင် ကျယ်ပြန့်နေသည်။
ဘေးထွက်ဆိုးကျိုးမရှိဘဲ သန့်စင်စွာ စုပ်ယူနိုင်မည့် နည်းလမ်းတို့ကိုပင် သူ ကျွမ်းကျင်နေသည်။
သို့သော်လည်း အမှန်ပင် လိုအပ်သလော။
အမြုတေမှ နိယာမအပိုင်းအစ အနည်းငယ်ကို ထုတ်ယူရန် အချိန်ကုန်ခံနေမည့်အစား အိပ်မက်နယ်မြေထဲမှ မြေပုံအသစ်များကို ရှင်းလင်းလိုက်ခြင်းကသာ သူအတွက် ပို၍ ထိရောက်သည်။
'ဒီအမြုတေတွေမှာ နိယာမစွမ်းအားတင်မကဘူး သာမန်စွမ်းအင်တွေလည်း အများကြီး ပါဝင်နေတာပဲ။ လက်ရှိငါ့အတွက်က စွမ်းအင်တွေက ပိုလို့တောင် အရေးကြီးသေးတယ်'
သားရဲကောင်တို့၏ အမြုတေတွင် နိယာမအပိုင်းအစများ ပါဝင်နေရခြင်းမှာလည်း အကြောင်းမဲ့မဟုတ်။ ၎င်းတို့သည် စကြာဝဠာ၏ အမှောင်ခြမ်းမှ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။
စကြာဝဠာ တစ်ဝန်းမှ မရေမတွက်နိုင်သော အဆိုးမြင်စွမ်းအင်များ စုဝေးရာ ထိုအရပ်၌ အတိတ်က နိယာမတရားတို့ကို နားလည်သဘောပေါက်ခဲ့သူတို့၏ အမှောင်ဖက်ခြမ်း အသိဉာဏ်များ စုစည်းနေခြင်းမှာ လုံးဝ ပုံမှန်သာပင်။
နောက်ပိုင်းခရီးတွင် ထူးဆန်းသော သားရဲကောင်အုပ်စုနှင့် ထပ်မံဆုံတွေ့ကြပြန်သည်။
ပထမဆုံးအကြိမ်တွင် ရရှိခဲ့သည့် အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ ထိုသူတို့မှာ ဆယ်နှစ်ကြာ လိင်ရှောင်နေသူကို အဝတ်ဗလာဖြင့် မြင်လိုက်ရသည့်အလား သားရဲကောင်များကိုရရန် အလုအယက် ပြိုင်ဆိုင်ကြတော့သည်။
တိုက်ပွဲမှာ ပြင်းထန်လှသည်။
အဆင့်မြင့် သားရဲကောင်တို့မှာ ဟင်းသီးဟင်းရွက်များကဲ့သို့ အသက်ဆုံးရှုံးနေရသည်ကို အကူအညီမဲ့စွာ ကြည့်နေရင်း သူတို့၏ မျက်ဝန်းတို့မှာ နာကြည်းမှု ဒေါသနှင့် အမြုတေများအပေါ် လိုချင်တပ်မက်မှုတို့ဖြင့် တောက်လောင်နေကြသည်။
ဤသိုင်းပညာရှင်တို့၏ လောဘကြောင့် အဆင့် ၁၂ အဆင့်ရှိသူများပင် အမြုတေများကို ဝေစုခွဲရန် မလောက်ငှတော့ပေ။
"သောက်ကျိုးနည်း.. ငါတို့ ဘယ်တော့မှ ဝေစုရမှာလဲ......"
ဂြိုဟ်သား သားရဲကောင်အုပ်စု တစ်စုပြီးတစ်စု အသတ်ခံလိုက်ရပြီးနောက် အမြုတေများကို ရယူနိုင်သူတို့မှာ ဝမ်းမြောက်နေကြသော်လည်း မရရှိလိုက်သူတို့မှာမူ မျက်ဝန်းတို့ နီရဲလျက် မနာလိုဝန်တိုစိတ်တို့ဖြင့် ပြည့်နှက်နေကြသည်။
ဆာယာမှာမူ မည်သို့မျှ မရရှိသဖြင့် မကျေမနပ် ဖြစ်နေရှာသည်။
"ဒီမှာ... ဒါကို ယူလိုက်ပါ..."
ဘေးတွင်ရပ်နေသော ဒေါင်းတန်က သူအသစ်ရရှိထားသည့် အဆင့် ၁၁ သားရဲကောင် အမြုတေကို ဆာယာအား ကမ်းပေးလိုက်သည်။
ဒေါင်းတန်မှာ ပင်ကိုယ်အားဖြင့် ဉာဏ်ရည်မထက်မြက်လှသော်လည်း သူငယ်ချင်းအပေါ်တွင်မူ အလွန်ပင် သစ္စာရှိလှသူဖြစ်သည်။
ဆာယာကမူ ခေါင်းမာစွာဖြင့် ခါးခါးသီးသီး ငြင်းဆန်လိုက်သည်။
"မလိုပါဘူး ငါ့ကိုယ်ပိုင်စွမ်းအားနဲ့ပဲ အမဲလိုက်ပြီး ရယူချင်တာ..."
***