"မင်းသဘောအတိုင်းပါပဲလေ..."
ဒေါင်းတန် သက်ပြင်းချကာ အတင်းအကျပ် မတိုက်တွန်းတော့ပေ။
ဆာယာ၏ ဂနာမငြိမ် ဖြစ်နေသော ပုံစံကို မြင်သည့်အခါ လုရှန် အေးဆေးတည်ငြိမ်စွာပင် နှစ်သိမ့်စကား ဆိုလိုက်သည်။
"ဘာတွေ ဒီလောက်တောင် လောနေရတာလဲ... စစ်မြေပြင်ကို ရောက်သွားရင် သတ်စရာ သားရဲကောင်တွေ မရှိတော့မှာကို စိုးရိမ်နေစရာ မလိုပါဘူး။ ငါ့အမြင်မှာဆိုရင်... အဲဒီသားရဲကောင်တွေ အကုန်လုံးကို မင်းတို့ သတ်နိုင်ပါ့မလားတောင် စိုးရိမ်မိသေးတယ်..."
"သလင်းကျောက် အမြုတေတွေက နောင်အခါမှာလည်း အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ။ အခုချိန်မှာ ဒီသားရဲကောင်တွေရဲ့ စွမ်းအားနဲ့ စွမ်းရည်တွေကို အသေးစိတ် လေ့လာထားတာက ပိုပြီး အကျိုးရှိလိမ့်မယ်။ အခြေစိုက်စခန်းကို ရောက်သွားရင် ဒီလိုမျိုး လေ့လာဖို့ အခွင့်အရေးက ရနိုင်တော့မှာ မဟုတ်ဘူးလေ..."
လုရှန်၏ စကားသံတို့မှာ တည်ငြိမ်၍ မှန်ကန်နေသဖြင့် ဆာယာမှာ အံ့အားသင့်သွားပြီး ခဏမျှ စဉ်းစားမိသည်။
အမှန်ပင် လုရှန်၏ စကားမှာ အမြော်အမြင် ကြီးမားလှပေသည်။ ဆာယာမှာ စိတ်အေးသွားပြီး လုရှန်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။
"မင်းပြောတာ မှန်တယ် လုရှန်။ မင်းရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်..."
လုရှန် ခေါင်းကို အနည်းငယ်သာ ညိတ်ပြလိုက်သည်။
လုရှန်၏ တည်ငြိမ်အေးဆေးသည့် အမူအရာကို ကြည့်ရင်း ဆာယာမှာ လုရှန်သည် သာမန်လူမဟုတ်ကြောင်း ပို၍ပင် ခံစားလာရသည်။
လုရှန်၏ စွမ်းအားမှာ ပုံမှန်ပင် ရှိနေသော်လည်း သူ၏ အရှိန်အဝါမှာမူ မြေပြင်ကို အမြစ်တွယ်ထားသည့် သစ်ပင်ကြီးပမာ မည်သူမျှ လှုပ်ခတ်နိုင်မည်မဟုတ်သည့်အလား တည်ငြိမ်နေသည်။
ဤသည်မှာ ဟန်ဆောင်ခြင်းမဟုတ် အရိုးစွဲနေသော တည်ငြိမ်မှုသာ ဖြစ်သည်။
ဆာယာသည် ယခင်က ဤကဲ့သို့သော အရှိန်အဝါမျိုးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် ထိပ်တန်းပုဂ္ဂိုလ်ကြီးများထံတွင်သာ တွေ့ဖူးသည်။
လုရှန်သည် ထူးခြားသည့် အဆင့်အတန်းတစ်ခုခုကို ပိုင်ဆိုင်ထားခြင်းလော သို့မဟုတ် အားကိုးရာဖြစ်သော လျှို့ဝှက်ချက်ကြီးတစ်ခုခုကို ဝှက်ထားခြင်းလော။
မည်သို့ပင်ဖြစ်စေ ဤသူမှာ ရိုးရှင်းသူတစ်ယောက် မဟုတ်သည်ကိုကား ဆာယာ အသေအချာ သိလိုက်ရသည်။
ဤသို့တွေးတောမိလိုက်သောအခါ ဆာယာ၏ စိတ်ထဲတွင် အကြောင်းရင်းမသိနိုင်သော သက်သာရာရမှုတစ်ခု ပေါ်ပေါက်လာတော့သည်။
စစ်မြေပြင်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ ဤမိတ်ဆွေနှစ်ဦးနှင့် ဆုံတွေ့ရခြင်းမှာ မိမိ၏ ကံကောင်းခြင်းပင်ဖြစ်ကြောင်း ဆာယာ ရင်ထဲ၌ အသိအမှတ်ပြုမိသည်။
ဒေါင်းတန်ကား ရိုးသားဖြူစင်ပြီး အသက်ကိုပင် ပုံအပ်နိုင်လောက်သည့် ယုံကြည်ရသော လုပ်ဖော်ကိုင်ဖက်ဖြစ်သကဲ့သို့ လုရှန်မှာမူ ပြဿနာ၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်စွမ်းရှိပြီး လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
သူတို့နှစ်ဦးမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာများပင်။
'ဟိုရှေးဟောင်း ဗေဒင်ဆရာကြီး ပြောခဲ့တာ တကယ်ပဲ မှန်နေတာလား... ငါ့ဘဝရဲ့ အကြီးမားဆုံးသော အချိုးအကွေ့က ဒီဟင်းလင်းပြင် စစ်မြေပြင်ကြီးထဲမှာ စောင့်ကြိုနေတာလား...'
ဆာယာ စိတ်ထဲ၌ လှည့်ပတ်တွေးတောမိသည်။
ထိုအချိန်မှစ၍ သူသည် ယခင်ကဲ့သို့ ခြေမြောက်လက်မြောက် မပြုလုပ်တော့ဘဲ လုရှန်၏ အကြံပေးချက်အတိုင်း သားရဲကောင်တို့၏ စွမ်းအားနှင့် ကျင့်စဉ်နည်းလမ်းများကို တိတ်တဆိတ် မှတ်သားလေ့လာခြင်း၌သာ အာရုံစိုက်တော့သည်။
အဖွဲ့သည် စကြာဝဠာရက် အနည်းငယ်ခန့် ခရီးဆက်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် ထူးဆန်းသော သားရဲကောင် အမျိုးအစား ဒါဇင်နှင့်ချီ၍ ကြုံတွေ့ခဲ့ရသည်။
တချို့သော အုပ်စုများတွင် အဆင့် ၁၂ သားရဲကောင် ခေါင်းဆောင်သုံးကောင်အထိပင် ပါဝင်လာသည်။
အမြုတေများကို ရရှိထားသူတို့မှာ အကျိုးကျေးဇူးကို စတင်ခံစားနေကြရပြီဖြစ်သည်။
အထူးသဖြင့် ဆာလ်မှာ အမြုတေအများဆုံးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်ပုံကြောင့် အခြားသူတို့မှာ သူနှင့် ယှဉ်ပြိုင်ရန်ပင် မဝံ့ရဲကြပေ။
ဆာလ်၏ စွမ်းအင်အရှိန်အဟုန်မှာ တစ်နေ့တခြား တိုးတက်လာပြီး ဤစစ်မြေပြင်မှာ သူပိုင်နက်ဖြစ်သကဲ့သို့ မောက်မာစွာ လှုပ်ရှားနေသည်။
သို့သော်လည်း အမြုတေအများဆုံး ရရှိသူမှာ ဆာလ်တစ်ဦးတည်း မဟုတ်ပေ။
ဟွမ်ကျိ ဆိုသူမှာမူ အစောပိုင်းက ထင်ရှားမှုမရှိသော်လည်း အဆင့် ၁၂ သိုင်းပညာရှင်တစ်ဦးက သူ၏ အမြုတေကို လုယူရန် ကြိုးစားချိန်တွင်မှ သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ပြသလိုက်သည်။
ထိုတိုက်ပွဲအပြီး၌မှ လူအပေါင်းတို့သည် ဟွမ်ကျိ၏ အစစ်အမှန် စွမ်းရည်ကို သိရှိသွားကြသည်။ သူသည် ဆာလ်နှင့်ပင် ယှဉ်နိုင်လောက်အောင် အစွမ်းထက်မြက်သည့် စူပါသိုင်းပညာရှင်တစ်ဦး ဖြစ်နေပေသည်။
တိတ်တဆိတ် စွမ်းအားကြီးထွားနေသူများနှင့် လောဘဇောတိုက်နေသူများကြား ဟင်းလင်းပြင် စစ်မြေပြင်၏ လေထုမှာ ပို၍ တင်းမာလာတော့သည်။
ဟွမ်ကျိ၏ ရုပ်ရည်မှာ သာမန်လူတစ်ယောက်နှယ် ရှိသည်။
ဆံပင်တိုတိုနှင့် ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ကာ မီးခိုးရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
အဆင့် ၁၂ သိုင်းပညာရှင်တစ်ဦး ဖြစ်ခြင်းမှလွဲ၍ ထူးခြားသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပေ။
သူ၏ သာမန်ရုပ်ရည် နောက်ကွယ်၌ အဆင့် ၁၂ ဂြိုဟ်သား သားရဲကောင်တစ်ကောင်ကိုပင် အလွယ်တကူ သုတ်သင်နိုင်စွမ်း ရှိနေလိမ့်မည်ဟု မည်သူမျှ မတွေးထင်ထားခဲ့ကြ။
ယခင်က ဤသို့သော စွမ်းရည်မျိုးကို ဆာလ်တစ်ဦးတည်းသာ ပိုင်ဆိုင်ထားသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုမူ ဟွမ်ကျိ၏ လက်စွမ်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။
ဟွမ်ကျိသည်လည်း နိယာမ ကြယ်တာရာစနစ် နှစ်ခုကို ပေါင်းစပ်ထားနိုင်သူ ဖြစ်ပြီး တတိယမြောက် စနစ်မှာလည်း ပေါ်ထွက်လုနီးပါး ဖြစ်နေကာ စွမ်းအားပိုင်း၌ ဆာလ်ထက်ပင် အနည်းငယ် သာလွန်နေသယောင် ရှိသည်။
"ဘုရားရေ... ဒီဆာလ်ကတော့ တော်တော်လေး မျက်နှာပြောင်လှချည်လား။ ခွေးရူးတစ်ကောင်လိုပဲ အဆင့် ၁၀ ပစ္စည်းတွေကိုပါ လုယူဖို့ ကြိုးစားနေတာလား..."
ဆာယာက အဝေးတွင် မီးတောက်အလား ခုန်ပေါက်နေသော ဆာလ်ကို ကြည့်ကာ မကျေမနပ် ရေရွတ်လိုက်သည်။
"ငါသာ သူ့ကို နိုင်ရင် သေချာပေါက် ရိုက်နှက်ပစ်လိုက်မှာ..."
ဒေါင်းတန်က လက်သီးကို တင်းတင်းဆုပ်ကာ ဩရှရှအသံဖြင့် ဆိုလိုက်သည်။
လုရှန်ကမူ တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေသည်။
ဟွမ်ကျိ၏ ပေါ်ပေါက်လာမှုက ဆာလ်ကို အကြီးအကျယ် လှုံ့ဆော်ပေးလိုက်ပုံ ရသည်။
အနိုင်လိုချင်စိတ်နှင့် ပိုမိုသန်မာချင်စိတ်တို့က ဆာလ်၏ စိတ်ထဲတွင် ပြင်းထန်စွာ ကိန်းအောင်းနေပြီး အခြားသူများအတွက် အနည်းငယ်မျှ ချန်ထားပေးလေ့ရှိသော သူ၏ အမူအကျင့်မှာ ပျောက်ကွယ်သွားတော့သည်။
ဆာလ်သည် သားရဲကောင်အုပ်စု ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဦးစွာပြေးထွက်ကာ အဆင့် ၁၁ သားရဲများကို သတ်ဖြတ်ပြီးမှသာ အားလပ်ချိန်၌ အဆင့် ၁၂ ကောင်များကို အလောင်းအစား လုပ်သည်။
အဆိုးရွားဆုံးမှာ အမြုတေ ပါဝင်နိုင်ခြေရှိသော အဆင့် ၁၀ သားရဲများကိုပါ ပစ်မှတ်ထားလာခြင်းပင်။
လမ်းပြသူ၏ သတိပေးချက်ကို လျစ်လျူရှုကာ အမြုတေတိုင်းကို ချက်ချင်း ဝါးမြိုပစ်နေသော ဆာလ်၏ လုပ်ရပ်မှာ အလွန်ပင် မောက်မာလွန်းလှသည်။
'အစကတော့ သူက မွန်ရိုးထက် ပိုတော်မယ်လို့ ထင်ခဲ့တာ... အခုကြည့်ရတာတော့ မဟုတ်လောက်ဘူး။'
လုရှန် စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
"ဆာလ်... မင်းလုပ်ရပ်က လွန်လွန်းမနေဘူးလား... အကျိုးအမြတ် အားလုံးကို မင်းတစ်ယောက်တည်း ယူချင်နေတာလား..."
နောက်ဆုံးတွင် သည်းခံခြင်း ကုန်ဆုံးသွားသူတစ်ဦး ရှေ့ထွက်လာကာ အော်ဟစ်လိုက်သည်။
ထိုသူစတင်လိုက်သည်နှင့် အခြားသူများလည်း မကျေမနပ်ဖြစ်နေကြသည်မှာ သိသာထင်ရှားလာသည်။
ဆာလ်မှာ ဟင်းရည်တစ်စက်ပင် အဖတ်မတင်စေဘဲ ပန်းကန်ကိုပါ ပြောင်စင်အောင် လျက်နေသည့်အလား လုပ်ဆောင်နေခြင်းကို အဆင့် ၁၂ သိုင်းပညာရှင်များသာမက အဆင့် ၁၁ သိုင်းပညာရှင်များပါ စိတ်နာကြည်းနေကြပြီဖြစ်သည်။
ဆာလ်၏ လှောင်ပြောင်လိုက်သော စကားသံက အဖွဲ့သားတို့၏ ဒေါသအိုးကို မီးမြှိုက်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
လိမ္မော်ရောင်ဆံပင်ပိုင်ရှင် ဆာလ်မှာ အဖွဲ့သားတို့၏ အမျက်ဒေါသကို မျက်နှာသာမပေးဘဲ သူ၏မျက်ဝန်းတို့၌ အေးစက်သော အလင်းရောင်တို့ လက်ခနဲ ဖြစ်သွားကာ ရက်စက်ကြမ်းတုတ်သော လေသံဖြင့် ဆိုလိုက်သည်။
"မကျေနပ်ဘူးလား... မင်းတို့ ငါ့ကို ကျော်ဖြတ်နိုင်ရင် လာလုကြည့်လေ..."
စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် လိမ္မော်ရောင် အလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားပြီး ဆာလ်မှာ သူ့အား စိန်ခေါ်စကားဆိုခဲ့သူဆီသို့ မုန်တိုင်းပမာ ပစ်ဝင်သွားတော့သည်။
လမ်းပြသူ၏ အော်ဟစ်တားမြစ်သံများမှာလည်း အချည်းနှီးသာ။
"ဘုန်း..."
မျက်တောင်တစ်ခတ်အတွင်း ကွင်းပြင်မှာ စစ်မြေပြင်အလား ရှုပ်ထွေးသွားပြီး ဖရိုဖရဲ ဖြစ်နေသော တိုက်ပွဲအတွင်းသို့ ပုံရိပ်အများအပြား အလိုအလျောက် ပါဝင်သွားကြသည်။
အခြေအနေမှာ ထိန်းမရနိုင်အောင် ဆိုးရွားလာပြီး အဖွဲ့ဝင် သုံးပုံတစ်ပုံကျော်မှာ ဤရှုပ်ထွေးပွေလီသော တိုက်ပွဲထဲသို့ ကျရောက်သွားကြလေပြီ။
ပွဲကြည့်ရန် စိတ်အားထက်သန်နေခဲ့သော ဆာယာမှာ အခြေအနေမှာ လက်တွေ့ဖြစ်လာချိန်၌မူ ကြောင်အမ်းလျက် ကျန်ရစ်နေသည်။
တိုက်ပွဲကို တားဆီးရန် ကြိုးစားသူများပင်လျှင် မည်သူမှန်းမသိရသော အလင်းတန်းတို့၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီးနောက် ဒေါသပေါက်ကွဲကာ တိုက်ပွဲအတွင်းသို့ ရောယောင် ပါဝင်သွားကြသည်။
"ဒီလူတွေ အရူးတွေလား..."
ဆာယာမှာ မိမိရှေ့မှ အဖြစ်အပျက်ကိုကြည့်ရင်း ရေရွတ်မိသည်။
သို့သော် ရုတ်တရက် ဆာယာ၏ အကြည့်တို့သည် အဆင့် ၁၂ သိုင်းပညာရှင်အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသည့် ဆာလ်ထံသို့ ကျရောက်သွားသည်။
ထိုအခိုက်တွင် သူ၏ နှလုံးသားထဲ၌ မီးတောက်တစ်ခုပမာ ဆန္ဒတစ်ခု စတင်လောင်မြိုက်လာသည်။
'ငါသာ အခု ဆာလ်ကို ချောင်းမြောင်းတိုက်ခိုက်လိုက်ရင်... သူ့ကို သတ်နိုင်မယ့် အခွင့်အရေး ရနိုင်တယ်...'
ထိုအတွေးသည် သူ၏ စိတ်အောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာပြီး တောမီးအလား လျင်မြန်စွာ ပြန့်နှံ့သွားသည်။
သူတွေးလေလေ ဖြစ်နိုင်ခြေရှိသည်ဟု ထင်ရလေလေဖြစ်သည်။
***