ပဉ္စမအကြိမ်မြောက် လူဦးရေ ရေတွက်သည့်အခါတွင်မူ အဖွဲ့ဝင်ရှစ်ဦးမှာ မည်သို့မှ ရှင်းပြ၍မရဘဲ ပျောက်ဆုံးသွားပြန်ပြီ ဖြစ်သည်။
လမ်းပြသူနှစ်ဦး၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လေးနက်လာသည်။ ကျန်ရှိနေသူများမှာလည်း တစ်ဦးနှင့်တစ်ဦး သံသယအကြည့်များဖြင့် ခပ်ခွာခွာသာ နေကြတော့သည်။
ကြယ်တာရာ နယ်မြေဒါဇင်ကျော်မှ ထိပ်သီးသိုင်းသမားများဖြင့် ဖွဲ့စည်းထားသော ဤအဖွဲ့သည် ယခုအခါတွင်မူ ကြောက်ရွံ့မှုနှင့် သံသယတို့ လွှမ်းခြုံထားသည့် သားရဲကောင်အုပ်စုအလား အသွင်ပြောင်းသွားခဲ့လေပြီ။
အဆင့် (၁၂) အားကောင်းသူ ဒါဇင်နှင့်ချီ၍ ရှိနေပါသော်လည်း မိမိတို့ကို ခြိမ်းခြောက်နေသည့်အရာ၏ အရင်းအမြစ်ကိုပင် ရှာဖွေနိုင်ခြင်း မရှိကြချေ။
ဤအချိန်တွင်မှ ဟင်းလင်းပြင်စစ်မြေပြင်ဆိုသည်မှာ မည်သို့သော ငရဲခန်းမျိုးဖြစ်သည်ကို လူတိုင်း သဘောပေါက်သွားကြသည်။
"ရှေ့ဆက်သွားဖို့ မလိုတော့ဘူး ဒီနေရာမှာပဲ ခံစစ်ပြင်ကြစို့"
လမ်းပြသူနှစ်ဦးမှာ အံတင်းတင်းကြိတ်၍ ဆိုလိုက်သည်။
"အဆင့် (၁၃) အရိုးစုဓားသခင်ကိုသာ ငါတို့ ရှာတွေ့ခဲ့ရင် ပြဿနာအားလုံး အလိုလို ပြီးဆုံးသွားလိမ့်မယ်"
သူတို့၏ ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် ဤကဲ့သို့သော ထူးဆန်းသည့် အခြေအနေမျိုးကို သူတို့ကိုယ်တိုင်ပင် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိသာလှသည်။
လုရှန်မှာမူ လူအုပ်ကြားတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
သို့သော် သူ၏ မျက်ဝန်းတို့မှာမူ တစ်စုံတစ်ခုကို မြင်တွေ့နေရသည့်အလား ထူးဆန်းသော အရောင်အသွေးတို့ဖြင့် တဖျပ်ဖျပ် လင်းလက်နေသည်။
"စိတ်ဝင်စားဖို့ ကောင်းလာပြီ"
"လမ်းပြ နှစ်ယောက်အပါအဝင် ဆိုရင် ငါမှတ်မိသလောက် ဒီအဖွဲ့ရဲ့ လူဦးရေက ခုနစ်ဆယ့်ငါးယောက် ရှိသင့်တယ်"
"အစောကြီးကတည်းက အဖွဲ့ထဲက ထွက်သွားတဲ့ ဟွမ်ကျိ နဲ့ အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားတဲ့ ဆာလ် ကလွဲရင် ကျန်တဲ့ အရေအတွက်က ခုနစ်ဆယ့်သုံးယောက် ရှိသင့်တယ်"
လုရှန်သည် စိတ်ထဲမှနေ၍ တိတ်ဆိတ်စွာပင် ရေတွက်နေမိသည်။
ထို့နောက် သူသည် အဆင့် (၁၂) ၏ အားကောင်းသော စိတ်စွမ်းအားကို စုစည်းကာ အဖွဲ့ဝင် တစ်ဦးချင်းစီအား အနီးကပ် စောင့်ကြည့်စစ်ဆေးလိုက်သည်။
တကယ်တမ်းတွင် ဤသို့ပြုလုပ်နေသူမှာ လုရှန်တစ်ဦးတည်း မဟုတ်ပေ။ အဖွဲ့အတွင်း၌ သူနှင့်တူစွာ အကဲခတ်နေသူ အချို့ ရှိနေသေးသည်။
အဆင့် (၁၂) ထက်မနည်းသော အားကောင်းသည့် သိုင်းသမားအချို့နှင့် လမ်းပြသူနှစ်ဦး ဖြစ်သည်။
ဤ စိတ်စွမ်းအားဖြင့် စောင့်ကြည့်ခြင်းသည် လွှမ်းခြုံနိုင်မှု ဟူသော သဘောတရားအပေါ်၌ အခြေခံထားသည်။
ရိုးရိုးရှင်းရှင်း ဆိုရသော် စိတ်စွမ်းအား အားနည်းသူတို့သည် စိတ်စွမ်းအား အားကောင်းသူများ၏ စောင့်ကြည့်မှုကို မည်သို့မျှ ရိပ်မိနိုင်မည်မဟုတ်ပေ။
ဥပမာအားဖြင့် အခန်းတစ်ခုအတွင်း ရပ်နေသည့်အခါ အမြင်အာရုံထဲ၌ ရှိသမျှအရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သကဲ့သို့ပင်။
သို့သော် ခေါင်းပေါ်ရှိ စောင့်ကြည့်ကင်မရာသည်မူ မိမိပင် သတိမထားမိလိုက်ဘဲ အခန်းတစ်ခုလုံးကို ခြုံငုံမိနေခြင်းမျိုး ဖြစ်သည်။
အကယ်၍ တစ်ဖွဲ့လုံးအား အခန်းတစ်ခန်းဟု နှိုင်းယှဉ်မည်ဆိုပါက အဖွဲ့ကို စောင့်ကြည့်နေကြသည့် အဆင့် (၁၂) အားကောင်းသူ အနည်းငယ်မှာ ပထမအလွှာတွင်ရှိပြီး အခန်းအတွင်း၌ ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသူများ ဖြစ်ကြသည်။
လမ်းပြသူနှစ်ဦးမှာမူ သူတို့ထက် ပိုမိုအားကောင်းသဖြင့် အခြေခံအားဖြင့် စောင့်ကြည့်ရေးအခန်း ထဲတွင် ရှိနေကာ စောင့်ကြည့်ကင်မရာများမှတစ်ဆင့် လူတိုင်း၏ တည်ရှိမှုကို ထိန်းချုပ်ကြည့်ရှုနေသူများ ဖြစ်သည်။
လုရှန်၏ စိတ်စွမ်းအားမှာ လမ်းပြသူနှစ်ဦးထက်ပင် သာလွန်နေသေးသည်။ သူသည် စောင့်ကြည့်ရေးအခန်းထဲတွင် ကင်မရာများကို လိုက်လံတပ်ဆင်နေသူ သို့မဟုတ် စနစ်ကို ကျော်လွန်၍ အကဲခတ်နေသူ တစ်ဦးနှင့် ဆင်တူနေသည်။
အကယ်၍ ဤသို့ တွက်ချက်မည်ဆိုလျှင် စောင့်ကြည့်ခံနေရသော အဖွဲ့ဝင်များမှာ ပထမအလွှာတွင် ရှိနေကြပြီး အဖွဲ့ကို စောင့်ကြည့်နေသော အဆင့် (၁၂) အားကောင်းသူ အနည်းငယ်မှာ ဒုတိယအလွှာတွင် ရှိကာ လမ်းပြသူတို့က တတိယအလွှာတွင် ရှိနေသည်။
လုရှန်မှာမူ စတုတ္ထအလွှာ၌ ရပ်တည်နေသည်ဟု ဆိုနိုင်ပေသည်။
လုရှန်သည် ထိုစတုတ္ထထပ်တွင် ရပ်လျက် တစ်ဖွဲ့လုံးကို တိတ်ဆိတ်စွာ အကဲခတ်နေခဲ့သည်။
သူသည် အဖွဲ့ထဲရှိ လူဦးရေကိုလည်း အခါအားလျော်စွာ စိစစ်ရေတွက်နေမိသည်။
"(၇၁) (၇၂) ယောက်လား”
ပဉ္စမအကြိမ်မြောက် ရေတွက်စဉ်တွင် အဖွဲ့ထဲမှ လူတစ်ဦး ထပ်မံပျောက်ဆုံးသွားသည်ကို လုရှန် အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ သူပင်လျှင် မရိပ်မိလိုက်ပေ။
"ကြည့်ရတာ ပဉ္စမအလွှာမှာ နောက်ထပ် တစ်ခုခု ရှိနေပုံပဲ"
လုရှန် စိတ်စွမ်းအားများကို ပိုမိုစုစည်းကာ တစ်ဖွဲ့လုံး၏ လှုပ်ရှားမှုများကို အနီးကပ်ဆုံး အာရုံစိုက်လိုက်သည်။
"(၆၈) (၆၉) (၇၀) လား"
အတန်ကြာပြီးနောက် လုရှန်သည် (၇၀) ထက်ပို၍ ရေတွက်၍ မရတော့ကြောင်းကို အံ့ဩတကြီး တွေ့ရှိလိုက်ရသည်။
အဖွဲ့အား ဝေ့ဝဲကြည့်လိုက်ရာ လူနှစ်ဦး လျော့နည်းသွားသည်မှာ အမှန်ပင်။
သူမှလွဲ၍ မည်သူမျှ သတိမထားမိကြပေ။
ထို့အပြင် လုရှန်သည် မိမိစိတ်ထဲရှိ အသေးစိတ် အချက်အလက်များကို သေချာ ပြန်လည်ဆန်းစစ်ကြည့်ရာ အစောပိုင်းက ပျောက်ဆုံးသွားသူများ၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်သည့် မှတ်ဉာဏ်တို့မှာ မှုန်ဝါးလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ယခုဆိုလျှင် သူတို့၏ ပုံပန်းသဏ္ဌာန်ကိုပင် ပြန်လည်အမှတ်ရရန် မဖြစ်နိုင်တော့ကြောင်း တွေ့ရှိလိုက်ရသည်။
"ရှူး"
လုရှန်၏ မျက်လုံးများတွင် သတိထားမှု အရိပ်အယောင်တစ်ခု ရှိနေသည်။
ဤအဖြစ်အပျက်ကား ကျောချမ်းဖွယ်ကောင်းလှသည်။
မိမိ၏ လက်ရှိ ကျင့်စဉ်အဆင့်အရ မှတ်ဉာဏ်များ ယိုယွင်းပျက်စီးသွားရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
အနည်းဆုံး နေ့စဉ်ရက်ဆက် လက်တွဲနေကြသည့် အဖော်များအပြင် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ခရီးလမ်းတွင် တစ်ခဏတာ ဆုံတွေ့ဖူးသည့် သူစိမ်းတစ်ယောက်၏ မျက်နှာကိုပင် အသေးစိတ် ပြန်လည်မြင်ယောင်နိုင်သေးသည်။
မေ့လျော့ခြင်း...။
ပဉ္စမအလွှာရှိ ဤအရာသည် လူတို့၏ မှတ်ဉာဏ်ကို အချိန်တိုအတွင်း ချေဖျက်ပစ်နိုင်သည့် ထူးဆန်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းဖြစ်မည်။
"မဖြစ်သေးဘူး လေဟာနယ်ကို စောင့်ကြည့်ဖို့အတွက် ဆွဲငင်အားတစ်ခုတည်းကို အားကိုးလို့မရတော့ဘူး"
လုရှန် သက်ပြင်းတစ်ချက် ခပ်ဖြည်းဖြည်း ရှိုက်ထုတ်လိုက်သည်။ ပြိုင်ဘက်၏ စိတ်စွမ်းအားသည် မိမိ၏ အာရုံခံနိုင်စွမ်းထက် များစွာသာလွန်နေကြောင်း သူ ကောင်းစွာ သဘောပေါက်လိုက်ပြီဖြစ်သည်။
တစ်ဖက်လူ၏ အမြင်တွင်မူ မိမိ၏ စိတ်စွမ်းအားမှာ နေရာအနှံ့ အပေါက်အပြဲများဖြင့် ပြည့်နှက်နေသည့် ပိုက်ကွန်ဟောင်းတစ်ခုကဲ့သို့ ဖြစ်နေပေမည်။
တစ်ဖွဲ့လုံးကို စောင့်ကြည့်ရန် စိတ်စွမ်းအား တစ်ခုတည်းကိုသာ အားကိုးနေခြင်းက ဤလျှို့ဝှက်ဆန်းကြယ်သော ရန်သူကို ဖမ်းဆုပ်မိရန် လုံလောက်မည်မဟုတ်ပေ။
"ဒါဆိုလျှင်... ငါ ဘာကို သုံးသင့်လဲ"
လုရှန်၏ ဦးနှောက်သည် လျှပ်တစ်ပြက်အတွင်း အလုပ်လုပ်နေသည်။
မကြာမီပင် အကြံဉာဏ်သစ်တစ်ခု ပေါ်ပေါက်လာသည်။
"စိတ်ခံစားချက်... ငါ့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး မျှားခေါ်ရမယ်"
“ငါ့ရဲ့ စွမ်းရည်က အဲ့အရာနဲ့ မယှဉ်နိုင်ရင်တောင် ဒီနည်းလမ်းနဲ့ သဲလွန်စအချို့တော့ ရလာနိုင်တယ်”
ဤသို့ တွေးမိသည်နှင့် လုရှန်၏ စိတ်အာရုံမှာ တစ်စုံတစ်ခုကို အမိအရ ဖမ်းဆုပ်လိုက်နိုင်သကဲ့သို့ ပွင့်လင်းသွားသည်။
နတ်ဘုရားသလင်းကျောက် လမ်းစဉ်၏ အဆင့် (၁၂) သို့ တက်လှမ်းပြီးနောက်တွင် သူသည် ဒေါသ ဝမ်းနည်းမှု ကြောက်ရွံ့မှုနှင့် ဝမ်းသာမှုဟူသော စိတ်ခံစားချက် လေးမျိုးကို ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့သည်။
ယခုအချိန်တွင် တစ်ဖွဲ့လုံးမှာ ထိတ်လန့်တုန်လှုပ်နေလေသည်။ လူတိုင်းမှာ ဒေါသ ဝမ်းနည်းမှုနဲ့ ကြောက်ရွံ့မှုများ အပြည့်ရှိနေသော်လည်း ဝမ်းသာမှုဟူသည့် ခံစားချက်မှာမူ အတော်လေး ရှာရခက်နေသည်။
ဒေါင်းတန်မှာမူ ခြွင်းချက် ဖြစ်သည်။
လုရှန်သည် အဖွဲ့ထဲရှိ လူတိုင်း၏ နှလုံးသားထဲတွင် ဝမ်းသာခြင်း ဟူသော မျိုးစေ့ကလေးများကို တိတ်တဆိတ် စိုက်ပျိုးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ပြိုင်နက်တည်းနီးပါး လုရှန်သည် ဝမ်းသာမှုမျိုးစေ့ (၇၀) ကို စိုက်ပျိုးလိုက်ရာ လမ်းပြသူနှစ်ဦးလည်း ထိုသို့ပင် လိုက်ပါလုပ်ဆောင်ကြသည်။
အဖွဲ့ထဲရှိ လူတိုင်းသည် သူတို့အား ပျော်ရွှင်စေသော အတိတ်မှ အမှတ်တရများကို မနေနိုင်ဘဲ ပြန်လည်အမှတ်ရလာကြပြီး သူတို့၏ မျက်နှာထက်ဝယ် အပြုံးဖျော့ဖျော့လေးများ အလိုအလျောက် ပေါ်လာကြသည်။
"ဟင်... ဘာလို့ ငါ့ ဇနီးဟောင်း ချေးတွင်းထဲ ကျသွားတဲ့ အကြောင်းကို အခုလို အချိန်မျိုးမှာ သွားတွေးမိနေရတာပါလိမ့်"
"အာ... ငါ အပျိုရည်ပျက်သွားတာတောင် အတော်ကြာနေပြီပဲ... ဟဟ"
အချို့သောသူတို့က ဤခံစားချက်ကို ထူးဆန်းသည်ဟု တွေးမိကြသော်လည်း အန္တရာယ်ဟု မယူဆကြပေ။
အကြောင်းရင်းမဲ့သော ကြောက်ရွံ့မှု ဒေါသနှင့် ဝမ်းနည်းမှုတို့က လူတို့ကို သတိကပ်စေနိုင်သော်လည်း ပျော်ရွှင်မှုကမူ ထိုသို့သော သတိပေးချက်မျိုးကို မပေးနိုင်ပေ။
မည်သူကများ မိမိကိုယ်ကို ပို၍ ပျော်ရွှင်အောင် လုပ်ဆောင်ပေးခြင်းကို ငြင်းဆန်ပါမည်နည်း။
မျိုးစေ့များ စိုက်ပျိုးပြီးနောက် လုရှန်သည် တိတ်ဆိတ်စွာပင် စောင့်ဆိုင်းရင်း အဖွဲ့ထဲရှိ လူဦးရေကို စိတ်ထဲမှ အကြိမ်ကြိမ် စိစစ်ရေတွက်နေသည်။
အဋ္ဌမအကြိမ်မြောက် ရေတွက်လိုက်သည့် အချိန်တွင် ရုတ်တရက် အဖွဲ့၏ နောက်ဘက်ရှိ စိတ်ခံစားချက် မျိုးစေ့တစ်ခု တိတ်တဆိတ် အသက်ပျောက်သွားသည်။
***