ဒီလောက်ပဲလား…။
ဟင်းလင်းပြင်ထဲတွင် ဒေါသတို့ ပြန်လည်လောင်ကျွမ်းလာသော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်ဖက်လူထံမှ လာခြင်း ဖြစ်သည်။
တစ်ဖက်လူသည် မိမိအား အပြင်းအထန် စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေသည်ကို လုရှန် အရှင်းသား မြင်တွေ့နေရသည်။
လုရှန်သည် မီးလောင်ရာ လေပင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
သူသည် စိတ်စွမ်းအားကို စူးစိုက်ကာ ရွေးချယ်ခံရသူ အဆင့် (၁၂) သိုင်းသမား၏ ကိုယ်ထဲ၌ ကိန်းအောင်းနေသော ဒေါသတရားတို့ကို လုယူ ချေဖျက်ပစ်လိုက်သည်။
"ဟင်"
သူ၏ ဒေါသတို့ လုံးဝ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထိုသိုင်းသမား၏ မျက်လုံးတို့မှာ ကြည်လင်လာပြီး အိပ်မက်ဆိုးမှ နိုးထလာသူကဲ့သို့ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ခုနက ငါဘာတွေဖြစ်သွားတာလဲ"
လုရှန်အား အနိုင်မယူနိုင်ရုံသာမက ပါးစပ်ဝသို့ ရောက်နေသည့် အမဲလိုက်ကွက်သည်လည်း လက်လွတ်သွားခဲ့ရသည်။
ထိုသတ္တဝါမှာ ပိုမို၍ ဒေါသထွက်လာပုံရသည်။ သို့သော် အဆင့် (၁၂) သိုင်းသမားတစ်ဦးကို အရုပ်ကစားသကဲ့သို့ ကစားနိုင်သည့် သူ၏စွမ်းရည်မှာ လုရှန်အပေါ်တွင်မူ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသဖြင့် စိတ်ပျက်လက်ပျက်နှင့်သာ နောက်ဆုတ်သွားရတော့သည်။
ကြည့်ရတာ သူက သိပ်မတော်တာလား ဒါမှမဟုတ် ငါကပဲ အရမ်းတော်နေတာလား…။
တစ်ဖက်လူ ထွက်ခွာသွားသည့် အရိပ်အယောင်ကို အာရုံခံမိသောအခါ လုရှန် စိတ်ထဲမှ ပြုံးလျက် တွေးလိုက်သည်။
စကားတစ်ခွန်းမျှ မဟရဘဲ အပြန်အလှန် တိုက်ခိုက်ခဲ့ရသည့် ဤအဖြစ်အပျက်မှ လုရှန်သည် များစွာ အကျိုးအမြတ် ရရှိခဲ့ပြီး စိတ်ခံစားချက်လမ်းစဉ် နှင့် ပတ်သက်၍ ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိသွားခဲ့သည်။
ခရီးစဉ်၏ ကျန်ရှိချိန်များတွင် ထိုသတ္တဝါသည် နောက်ထပ် အကြိမ်အနည်းငယ် ခိုးကြောင်ခိုးဝှက် ထပ်မံရောက်ရှိလာခဲ့သေးသည်။
သို့သော် အကြိမ်တိုင်းတွင် လုရှန် ဝင်ရောက်စွက်ဖက်လိုက်သဖြင့် လက်ဗလာဖြင့်သာ ပြန်သွားခဲ့ရသည်။
ထိုသတ္တဝါသည် လူအများ၏ ဒေါသကို ထိန်းချုပ်ရာ၌ ကျွမ်းကျင်လှသော်လည်း သူကိုယ်တိုင်မှာမူ အလွန်အမင်း ဒေါသထွက်လွယ်သည့် သဘောရှိနေသည်။
ထိုအချိန်တွင် တစ်ဖွဲ့လုံး ရပ်တန့်သွားသည်။
"အခု လူတွေ ထပ်လျော့သွားပြန်ပြီ..."
လမ်းပြသူ နှစ်ဦး၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လေးနက်လာပြီး အဖွဲ့ထဲရှိ လူတိုင်းမှာလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။
သူတို့ မသိလိုက်ရသည်မှာ ဤသူတို့သည် လွန်ခဲ့သော နေ့တစ်ဝက်ခန့်ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အကယ်၍ လုရှန်သာ ထိုနေရာတွင် မရှိခဲ့ပါက ယခုအချိန်၌ ပျောက်ဆုံးသူ အရေအတွက်မှာ ပို၍ပင် များပြားနေလိမ့်မည် ဖြစ်သည်။
"အားလုံး ဒီနေရာမှာ ရပ်နားကြမယ် သခင်ကြီး ဟိုင်ကျိတောက် ရောက်လာမယ့်အချိန်ကို စောင့်ကြစို့" ဟု လမ်းပြသူက ကျယ်လောင်စွာ ကြေညာလိုက်သည်။
…
"သေစမ်း... ဒါက တကယ်ကို ထူးဆန်းလွန်းတယ်။ ပျောက်ဆုံးသွားတဲ့သူတွေ အကုန်လုံး ဘယ်ရောက်သွားကြတာလဲ"
ဆာယာသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဖြူရော်နေသော မျက်နှာဖြင့် လုရှန်နှင့် ဒေါင်းတန်တို့အား ခပ်တိုးတိုး ပြောလိုက်သည်။
ဒေါင်းတန်၏ မျက်နှာအမူအရာမှာလည်း မသာယာလှချေ။ သို့သော် သူ၏ မျက်နှာထားမှာ ဗလာကျင်းနေသဖြင့် မည်သို့သော အရိပ်အယောင်မျှ ခွဲခြား၍ မရနိုင်ပေ။
လုရှန်မှာမူ အတော်လေး အေးဆေးတည်ငြိမ်နေဟန် ရှိသည်။
တစ်ဖက်လူ၏ နောက်ခံကို သူ အနည်းငယ် သိရှိထားပြီးဖြစ်သည်။
အဆင့် (၁၃) သားရဲကောင်ဖြစ်သော်လည်း ယခုထိတိုင် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမျိုး မရှိခဲ့သေးပေ။
မည်သို့ပင်ဆိုစေ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် အနိုင်မရနိုင်လျှင်ပင် အနာအဆာကင်းကင်းဖြင့် ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု လုရှန် ယုံကြည်ထားသည်။
"စောင့်ကြတာပေါ့ အခြေစိုက်စခန်းက အဆင့် (၁၃) အားကောင်းသူကိုပဲ စောင့်ကြတာပေါ့"
လုရှန်သည် ဆာယာအား ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
"ငါတို့ စောင့်နေရုံကလွဲလို့ တခြားဘာတတ်နိုင်မှာလဲ"
ဆာယာ ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ဆံပင်များကို လက်ဖြင့် ထိုးဖွကာ ပြင်းပြင်းထန်ထန် ကုတ်ခြစ်လိုက်သည်။
သူ့အမူအရာတွင် စိုးရိမ်ပူပန်မှုတို့မှာ အထင်းသား ပေါ်လွင်နေသည်။
ခေါင်းဆောင်၏ အမိန့်အရ လူတိုင်းသည် နေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ မည်သူမျှ စကားမဆိုကြဘဲ လေထုမှာ အလွန်ပင် ဖိစီးလေးလံနေသည်။
လုရှန်မှာမူ ထိုသတ္တဝါ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေဆဲပင်။ အဖွဲ့ ရပ်တန့်သွားပြီးနောက်တွင်ပင် ထိုသတ္တဝါမှာ လက်မလျှော့ဘဲ နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားခဲ့သေးသည်။
သို့သော် လုရှန်၏ ကြားဝင်ဟန့်တားမှုကြောင့် အကြိမ်တိုင်း လက်ဗလာဖြင့်သာ ပြန်သွားရသဖြင့် ထိုသတ္တဝါမှာ ဒေါသထွက်လွန်း၍ ဟိန်းဟောက်နေမိသည်။
တတိယအကြိမ် ကြိုးစားပြီးနောက်တွင်မူ ထိုသတ္တဝါမှာ နောက်ဆုံး၌ လက်လျှော့သွားဟန်ရှိပြီး ထပ်မံ ပေါ်မလာတော့ပေ။
ထိုအချိန်တွင် လမ်းပြသူထံမှ သတင်းကောင်းတစ်ခု ထွက်ပေါ်လာသည်။
"သခင်ကြီး ဟိုင်ကျိတောက်က စကြာဝဠာရက် တစ်ဝက်လောက်ဆို ရောက်လာတော့မယ်"
ဤသတင်းမှာ လူတိုင်းအတွက် အားဆေးတစ်ခွက်သဖွယ် ဖြစ်စေခဲ့ပြီး လူအများအပြားမှာ သက်ပြင်းချနိုင်သွားကြသည်။
ဆာယာလည်း ထိုနည်းတူပင် ဖြစ်သည်။
နေ့တစ်ဝက်ဆိုသည်မှာ လွယ်ကူစွာ ကုန်ဆုံးသွားနိုင်သည်မဟုတ်ပါလား။
လူတိုင်း အချိန်ကို တိတ်ဆိတ်စွာပင် စတင် တွက်ချက်နေကြသည်။
စက္ကန့်တိုင်း ကုန်ဆုံးသွားသည်နှင့်အမျှ အဖွဲ့အပေါ် လွှမ်းမိုးထားသော အုံ့မှိုင်းသည့် ဖိစီးမှုတို့မှာ တဖြည်းဖြည်း လျော့ပါးသွားပြီး လူတိုင်း၏ မျက်နှာအမူအရာမှာလည်း နည်းနည်းချင်း ကောင်းမွန်လာကြသည်။
နောက်ဆုံးတွင် စကြာဝဠာရက် တစ်ဝက်မှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးစက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ လူအများအပြားမှာ အလိုအလျောက်ပင် ခေါင်းမော့ကြည့်လိုက်ကြသည်။
ထို့နောက် ရုတ်တရက် လူတစ်ယောက် ထရပ်လိုက်ပြီး တစ်နေရာသို့ လက်ညှိုးညွှန်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"သူတို့ ရောက်လာပြီ… တစ်စုံတစ်ယောက် လာနေပြီ"
တစ်ချိန်တည်းမှာပင် သူ၏ ဆက်သွယ်ရေးစက်ကို ချထားလိုက်သော လမ်းပြသူ လူလတ်ပိုင်းအမျိုးသားက ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာဖြင့် ဆိုသည်။
"သခင်ကြီး ဟိုင်ကျိတောက်က ကိစ္စတစ်ခုခုကြောင့် နှောင့်နှေးနေတယ်။ နောက်ထပ် နေ့တစ်ဝက်လောက် ကြာဦးမယ်တဲ့"
သတင်းကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
ယခု လာနေသူမှာ မည်သူနည်း။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားသော ထိတ်လန့်ခြင်းသံသယတို့မှာ လူတိုင်း၏ နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာတော့သည်။
လူတိုင်း၏ အကြည့်တို့သည် ချဉ်းကပ်လာသော အရိပ်ရှိရာသို့ တစ်ပြိုင်နက် လှည့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း တင်းမာသွားကြလေသည်။
***