အုပ်စုတစ်စုသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာကြသည်။
တစ်ယောက်တည်း မဟုတ်ပေ။
ခုနစ်ယောက် ရှစ်ယောက်ခန့်ရှိသော ရုပ်သဏ္ဍာန်တို့ ပျံသန်းလာကြသည်။ ထိုသူတို့ ပျံသန်းလာသည်နှင့်အမျှ ထင်ရှားလှသော လိမ္မော်နီရောင် စွမ်းအင်အစုအဝေးကြီးမှာ လူတိုင်း၏ မျက်ဝန်း၌ အထင်းသား ပေါ်လွင်နေသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အစောပိုင်းက ပျောက်ဆုံးသွားခဲ့သော ဆာလ် ဖြစ်သည်။
သူ၏ မျက်ခုံးများမှာ မောက်မာသော အငွေ့အသက်တို့ကို ထုတ်လွှတ်နေပြီး သူ့ပတ်လည်တွင် နက်ဗျူလာကြယ်တိမ်တိုက်ကဲ့သို့ ပြင်းထန်သော စွမ်းအင်အရှိန်အဝါများ ဝန်းရံနေသည်။
လူတိုင်း အံ့အားသင့်လျက် ဆက်လက်ကြည့်ရှုမိကြသည်။
"ဟင်”
ထိုသူတို့မှာ အစောပိုင်း အဖွဲ့ထဲမှ လမ်းခွဲထွက်သွားပြီး ပျောက်ဆုံးသွားခဲ့သူများ ဖြစ်နေသည်မဟုတ်ပါလား။ သူတို့ ပြန်ရောက်လာကြလေပြီ။
ဇဝေဇဝါ ဖြစ်နေကြသော်လည်း ပျောက်ဆုံးသွားသော အဖော်ဟောင်းများ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း အနည်းငယ် သက်ပြင်းချနိုင်သွားကြသည်။
"ဒီ ဆာလ် ဆိုတဲ့အကောင် ဘာလို့များ သေမသွားရတာလဲ..."
ဆာယာ ခပ်တိုးတိုး မြည်တွန်တောက်တီးနေသည်ကို လုရှန် ကြားလိုက်ရသည်။
လုရှန်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ရှေ့မှလူအုပ်စုအား စူးစိုက်ကြည့်နေသည်။ သူ၏ စိတ်အတွင်းရှိ အရောင်လေးမျိုး သလင်းကျောက် လူသားရုပ်ပုံ မှာ အမြင်အာရုံထဲတွင် လည်ပတ်နေသည်။
ရှေ့မှလူ တစ်ဦးချင်းစီ၏ နောက်ကွယ်တွင် ဒေါသတကြီး လိမ်ယှက်နေသော သွေးရောင်မျက်နှာကြီးများ တွဲလောင်းခိုနေသည်ကို လုရှန် မြင်လိုက်ရသည်။
ထိုရုပ်ပျက်ဆင်းပျက် မျက်နှာကြီးများသည် ကွင်းပြင်ရှိ လူတိုင်းကို ရက်စက်စွာ စိုက်ကြည့်နေကြသည်။ ဟဟကြီးဖြစ်နေသော ပါးစပ်များမှ တံတွေးများမှာ ဗိုက်ဆာနေသည့် သားရဲကောင်များအလား တောက်တောက်ကျနေသည်။
တည်ငြိမ်နေသော မျက်နှာဖုံးများအောက်တွင် ထိုသတ္တဝါတို့ ပုန်းကွယ်နေကြပြီး ဖော်ပြ၍မရသော ကြောက်မက်ဖွယ်ရာနှင့် ကျောချမ်းဖွယ်ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
"ကြည့်ရတာ သူက နောက်ဆုံးတော့ တိုက်ရိုက် လှုပ်ရှားဖို့ ပြင်နေပြီပဲ။ ဒီလိုအခြေအနေမျိုးမှာတောင် သူ့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတုန်းပဲ။ ဒီကောင်က တကယ်ကို ပါးနပ်တဲ့ကောင်ပဲ" ဟု လုရှန် စိတ်ထဲမှ တွေးလိုက်သည်။
မိမိကိုယ်ကို အပြည့်အဝ မထုတ်ဖော်သေးသော ဤအဆင့် (၁၃) ဗိုလ်ချုပ်အဆင့် သားရဲကောင်သည် ဂိမ်းလောက နောက်ကွယ်၌ ကြိုးကိုင်ခြယ်လှယ်တတ်သည့် ဝါးလော့ခ် တစ်ဦးနှင့် အလွန်ပင် ဆင်တူလှသည်။
ဆာလ်နှင့် အခြားသူများ ပြန်ရောက်လာမှုက တစ်ဖွဲ့လုံးကို လှုပ်ခါသွားစေသည်။
ပြန်လာသူများမှာ အဖော်များဖြစ်ကြသော်လည်း အဆင့် (၁၁) သို့မဟုတ် (၁၂) အထိ ကျင့်ကြံထားသူတိုင်းမှာ ပညာသားပါသူများ ဖြစ်ကြသည်။ အထူးသဖြင့် အဆင့် (၁၃) ဗိုလ်ချုပ်အဆင့် သားရဲကောင်နှင့် ပတ်သက်နေသဖြင့် ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော လေထုကြီးမှာ လွှမ်းမိုးနေသည်။
မည်သူမျှ ရှေ့သို့တိုး၍ မကူညီရဲကြပေ။ လူအများအပြားက ပြန်ရောက်လာသူများကို အလွန်အမင်း သတိထားပြီး မယုံကြည်သည့် အကြည့်များဖြင့် စောင့်ကြည့်နေကြသည်။
လမ်းပြသူနှစ်ဦးမှာလည်း သိုလှောင်လက်ပတ်ထဲမှ လက်နက်များကို ထုတ်ယူလိုက်ပြီး အချိန်မရွေး တိုက်ခိုက်တော့မည့်အလား အေးစက်စက် စိုက်ကြည့်နေကြသည်။
"အဲဒီလို မလုပ်ပါနဲ့ ဆရာတို့ရာ"
လမ်းပြသူတို့၏ တင်းမာသော အပြုအမူကို မြင်သောအခါ ဆာလ်က လေသံကို ပုံမှန်မဟုတ်ဘဲ လျှော့ချ၍ ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော်တို့က ဆရာတို့ကို အသိမပေးဘဲ ခဏလမ်းခွဲသွားမိတာပါ။ ဒါက ဓားတွေ လက်နက်တွေ ထုတ်စရာ လိုအပ်တဲ့အထိတော့ မဆိုးပါဘူး ဟုတ်တယ်မလား"
အရှေ့ဆုံးမှ တင်းကြပ်သည့် မျက်နှာထားရှိသည့် လူလတ်ပိုင်းအမျိုးသားက အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။
"ဒါက ဆိုးသလား မဆိုးဘူးလားဆိုတာ မင်းတို့ ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး"
"မင်းတို့က အဖွဲ့ကနေ ခွင့်ပြုချက်မရှိဘဲ ခွဲထွက်သွားပြီးပြီ။ ဒီနေ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မဖြေရှင်းနိုင်ရင်တော့..."
"မင်းတို့ကို အဖွဲ့ထဲကနေ အပြီးအပိုင် နှင်ထုတ်ဖို့ဆိုတာ ငါ့အတွက် အသေးအမွှား ကိစ္စလေးပဲ"
ထိုသို့ အေးစက်တင်းကြပ်စွာ ပြောဆိုလိုက်သောအခါ ဆာလ်၏ မျက်ခုံးတို့မှာ အနည်းငယ် တွန့်ကွေးသွားသည်။
သူ၏ လိမ္မော်နီရောင် မျက်ခုံးများကြားတွင် ဒေါသအရိပ်အယောင်တို့ တဖျပ်ဖျပ် လင်းလက်သွားသော်လည်း မည်သို့ပင်ဆိုစေ ဒေါသကို မျိုသိပ်ထားလျက်ပင် ရှင်းပြလိုက်သည်။
"ခွင့်ပြုချက်မရှိဘဲ အဖွဲ့ကနေ ခွဲထွက်သွားတာ မှားပါတယ်ဆိုတာတော့ ဝန်ခံပါတယ်"
"ဒါပေမဲ့ ဒီကိစ္စမှာ အကြောင်းအရင်း ရှိပါတယ်"
"ကျွန်တော် ထူးဆန်းတဲ့ သားရဲကောင်တွေ စုဝေးရာ နေရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီနေရာက အကောင်းဆုံး အမဲလိုက်ကွင်း ဖြစ်ပြီးတော့ သားရဲကောင် သလင်းကျောက်အမြုတေတွေ အများကြီး ရှိနေတာပါ"
"ဒါကို ဆရာတို့ကို ပြောပြရင် ဆရာတို့က ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သိနေလို့..."
"သီးသန့် လှုပ်ရှားဖို့ ရွေးချယ်ခဲ့တာပါ..."
ထူးဆန်းသော သားရဲကောင်များ စုဝေးရာနေရာ အမဲလိုက်ကွင်း…။
ဤအကြောင်းပြချက်ကို ကြားလိုက်ရချိန်တွင် လူအများအပြားမှာ အံ့အားသင့်သွားကြသည်။
ရှေ့ဆုံးမှ လူလတ်ပိုင်းအမျိုးသားက မျက်မှောင်ကြုတ်လျက် သံသယဖြစ်နေဆဲတွင် ဆာလ်၏ နောက်ကွယ်မှ အခြားသူများကလည်း ဝင်ရောက်ထောက်ခံကြသည်။
"ဟုတ်ပါတယ် ဆရာ"
"ဆာလ် ပြောတာ အမှန်ပါပဲ။ ကျွန်တော်တို့ ခွင့်ပြုချက်မရှိဘဲ ခွဲထွက်သွားတာက ဂြိုဟ်သား သားရဲကောင်အမြုတေတွေကို ပိုမိုအမဲလိုက်နိုင်ဖို့အတွက်သက်သက်ပါ"
"ကျွန်တော်တို့ ဟင်းလင်းပြင်စစ်မြေပြင်ကို ဝင်လာတဲ့ ရည်ရွယ်ချက်က ပိုပြီး သန်စွမ်းလာဖို့ပဲ ပြီးတော့ သားရဲကောင်အမြုတေက အဲဒီအတွက် အကောင်းဆုံး နည်းလမ်းပဲလေ။ ကျွန်တော်တို့ တစ်ခုခု မှားယွင်းတာ လုပ်ခဲ့တယ်လို့ မထင်ပါဘူး"
"ကျွန်တော်တို့ လမ်းတစ်ဝက်မှာ ခွဲထွက်သွားခဲ့ပေမယ့် အခု အားလုံး ဘေးကင်းကင်းနဲ့ ပြန်ရောက်လာကြပြီ မဟုတ်လား"
အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် စကားနာထိုး၍ လမ်းပြသူနှစ်ဦးအား အဖွဲ့ထဲသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဆွဲဆောင်နေကြသည်။
လမ်းပြသူနှစ်ဦးထဲမှ မျက်နှာဝိုင်းဝိုင်း လူဝကြီးမှာ တိတ်ဆိတ်နေသော်လည်း အေးစက်စက် လူလတ်ပိုင်းအမျိုးသား၏ အကြည့်တို့မှာမူ အနည်းငယ် ပျော့ပျောင်းလာသည်။
သူ နားယောင်သွားပုံရသည်။
ဆာလ်သည် ထိုသူ၏ မျက်ဝန်းထဲမှ အပြောင်းအလဲကို အမိအရ သတိပြုမိသွားကာ ပြုံးလျက် ပြောလိုက်သည်။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ ဆရာ"
ဆာလ် လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခိုက်တွင် သူ၏ ဟင်းလင်းပြင်သိုလှောင်လက်ပတ်ထဲမှ ဂြိုဟ်သား သားရဲကောင်အမြုတေ ထောင်ပေါင်းများစွာမှာ မိုးရေစက်များအလား လိမ့်ထွက်လာကြသည်။
ထိုသလင်းကျောက် အမြုတေများ၏ အရေအတွက်မှာ များပြားလှပြီး အရည်အသွေးမှာလည်း အလွန်ပင် မြင့်မားနေသည်။ အများစုမှာ အဆင့် (၁၁) နှင့် (၁၂) ရှိ သားရဲကောင်တို့၏ အမြုတေများ ဖြစ်ကြပြီး အဆင့် (၁၀) သားရဲကောင်အမြုတေ အနည်းငယ်သာ ပါဝင်သည်။
သလင်းကျောက်အမြုတေများသည် ဟင်းလင်းပြင်ရှိ အလင်းရောင်များအောက်တွင် တောက်ပသော အလင်းတန်းများဖြာထွက်လျက်ရှိသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အောက်ရှိလူတို့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားကြသည်။ သူတို့၏ မျက်ဝန်းတို့တွင် ပြင်းပြသော ရမ္မက်နှင့် မနာလိုမှုတို့ ထင်ဟပ်လာသည်။
"သေစမ်း"
ဆာယာ၏ မျက်လုံးတို့မှာ နီရဲသွားသည်။
"ဒီလောက်များတဲ့ အမြုတေတွေ... ဆာလ်က ဘယ်လိုရတနာသိုက်ကြီးကိုများ ရှာတွေ့သွားတာလဲ။ သူ သားရဲကောင်အုပ်စုရဲ့ ဘိုးဘွားသင်္ချိုင်းကိုများ သွားတူးလာတာလား"
ဤလူများသည် ယခင်က ဂြိုဟ်သား သားရဲကောင်အမြုတေ တစ်ခု နှစ်ခု ရရှိရန်အတွက်ပင် အသက်စွန့် တိုက်ခိုက်ခဲ့ကြရသူများ မဟုတ်ပါလား။
ယခုအခါ ထိုမျှများပြားလှသော သားရဲကောင် သလင်းကျောက်အမြုတေများကို မိမိတို့ရှေ့တွင် ချပြလိုက်သောအခါ အဖွဲ့အတွင်းရှိ အတည်ငြိမ်ဆုံးနှင့် အရိုးသားဆုံးသူပင်လျှင် အသက်ရှူနှုန်း မြန်ဆန်လာရတော့သည်။
သားရဲကောင် သလင်းကျောက်များကို စုပ်ယူခြင်း၌ ဘေးထွက်ဆိုးကျိုးများ ရှိသည်ဟု ဆိုသော်ငြား သိုင်းပညာ အဆင့်အတန်း မြင့်မားစေရန်အတွက် အမြန်ဆုံးဖြတ်လမ်းတစ်ခု ဖြစ်သည်မှာ ငြင်းမရသော အမှန်တရားပင်။
ဤသလင်းကျောက် အမြုတေအားလုံးကိုသာ စုပ်ယူနိုင်မည်ဆိုပါက လူတစ်ယောက်၏ စွမ်းအားမှာ မည်မျှအထိ တိုးတက်သွားမည်နည်း။
ထို့အပြင် လမ်းပြသူကလည်း အထူးစုပ်ယူမှု နည်းလမ်းဖြင့် ဘေးထွက်ဆိုးကျိုးများကို ချေဖျက်နိုင်သည်ဟု ဆိုခဲ့သည်မဟုတ်ပါလား။
သားရဲကောင်အမြုတေ ထောင်ပေါင်းများစွာ ပေါ်လာသောအခါ လမ်းပြသူနှစ်ဦးပင်လျှင် မျက်နှာအမူအရာတို့ ပျက်ယွင်းသွားကြသည်။
တစ်ကွင်းလုံးတွင် လုရှန်တစ်ယောက်တည်းသာ လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။
အဓိကအကြောင်းမှာ လုရှန်သည် ပိုမိုသန်စွမ်းလာရန် သားရဲကောင်အမြုတေများအပေါ် အားကိုးရန် မလိုအပ်သည့်အပြင် ဤသလင်းကျောက်များ၌ မသမာသော ပြဿနာတစ်ခုခု ရှိနေသည်ကိုလည်း သူ ကောင်းကောင်း သိရှိထားသောကြောင့် ဖြစ်သည်။
လုရှန်သည် လက်ပိုက်ကာ လူအုပ်ထဲ၌ ရောယှက်ရင်း အဝေးမှ ဆာလ်ကို အေးအေးလူလူ အကဲခတ်နေခဲ့သည်။ သူသည် သလင်းကျောက်များထက် ဤသတ္တဝါများ နောက်ထပ် မည်သည့်ပြဇာတ်မျိုးကို ကပြဦးမည်နည်းဟု ပိုမိုစိတ်ဝင်စားနေမိသည်။
"ဒါက ကျွန်တော်တို့ ဒီခရီးကနေ ရရှိခဲ့တဲ့ အကျိုးအမြတ်ရဲ့ တစ်ဝက်ကျော်ပါပဲ"
ဆာလ် အနီးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သလင်းကျောက်များကို မြင်တွေ့ရချိန်တွင် လူတိုင်း၏ တုံ့ပြန်မှုအပေါ် သူ အတော်လေး ကျေနပ်နေပုံရသည်။
ထို့နောက် လမ်းပြသူနှစ်ဦးကို ပြုံးပြကာ ဆိုသည်။
"ကျွန်တော်တို့ ဒါတွေအားလုံးကို လူတိုင်းကို ခွဲဝေပေးဖို့ ဆန္ဒရှိပါတယ်။ အရာရှိကြီးနှစ်ဦးအနေနဲ့ ကျွန်တော်တို့ (၆၉၀) ကို အဖွဲ့ထဲ ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး ကျွန်တော်တို့ရဲ့ လုပ်ရပ်အတွက် အရေးမယူဘူး ဆိုရင်ပေါ့”
“လူတိုင်းကို ခွဲပေးမယ် ဟုတ်လား”
ဆာလ်၏ စကားကို ကြားလိုက်ရချိန်တွင် အောက်ရှိလူအုပ်ကြီး၏ အသက်ရှူသံမှာ ပိုမိုပြင်းထန်လာသည်။
***