"ဝှစ်”
လူပေါင်းများစွာ၏ အကြည့်များမှာ ထိုသူထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။
အကြည့်ပေါင်းများစွာ၏ ဝန်းရံခံနေရမှုကြောင့် ထိုအဆင့် ၁၁ သိုင်းသမားမှာ ရှက်ရွံ့ထိတ်လန့်နေပြီး နောက်သို့ ပြန်ဆုတ်ရန် တွန့်ဆုတ်နေမိသည်။
ရုတ်တရက်ဆိုသလို လေဟာနယ်မှ စွမ်းအင်တစ်ရပ် ပေါ်ထွက်လာကာ သူ့အား ဆွဲမယူ၍ ကောင်းကင်ယံသို့ ပင့်တင်သွားလေသည်။
"ကောင်းတယ်"
ဆာလ် အားရကျေနပ်စွာ ပြုံးလိုက်သည်။
သူ၏ မျက်ဝန်းတို့၌ ဖုံးကွယ်ခြင်းမရှိသော ချီးမွမ်းရိပ်တို့ဖြင့် ထိုသူအား စိုက်ကြည့်နေသည်။
"ငါ ကတိပေးတယ် မင်းရဲ့ ဒီရွေးချယ်မှုအတွက် မင်း လုံးဝ နောင်တရမှာ မဟုတ်ဘူး"
ထိုသူသည် ခေါင်းငုံ့ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် နောင်တရသည့်အရိပ်အယောင်တို့ တစ်ချက်တစ်ချက် ဖြတ်ပြေးနေသော်လည်း ပိုမိုထင်ရှားစွာ ပေါ်လွင်နေသည်မှာ စိတ်သက်သာရာ ရသွားခြင်းပင်။
ဘေးဒုက္ခကြီးတစ်ခုမှ အသက်ရှင်လွတ်မြောက်သွားရသည့် ပေါ့ပါးမှုမျိုးကို သူ ခံစားလိုက်ရသည်။
ပထမဆုံး တစ်ယောက် ပေါ်ထွက်လာပြီးနောက်တွင်မူ ဒုတိယ တတိယမြောက် သူတို့သည်လည်း အလျင်အမြန်ပင် ရှေ့သို့ တိုးထွက်လာကြသည်။
"ကျွန်တော်လည်း ပူးပေါင်းလိုပါတယ်"
"ကျွန်တော်လည်း ပူးပေါင်းပါမယ်..."
သေမင်း၏ အရိပ်အောက်တွင် ရင်ဆိုင်နေရသော ဖိအားများကြောင့် သိက္ခာနှင့် မူဝါဒဟူသည်မှာ နောက်တန်းသို့သာ ရောက်သွားရချေသည်။
အဆင့် ၁၁ ၁၂ အထိ ပင်ပင်ပန်းပန်း ကျင့်ကြံလာခဲ့ကြသူများတွင် မည်သူကများ တကယ်တမ်း သေဆုံးခြင်းကို လိုလားပါ့မည်နည်း။
သစ္စာဖောက် ဆိုသည့် ဘွဲ့နာမမှာ နားဝင်မချိုလှပေ။ သို့သော် သူတို့ထဲတွင် ပါရမီအရှိဆုံးဟုဆိုရမည့် ဆာလ် ပင်လျှင် သစ္စာဖောက်လမ်းကြောင်းကို ရွေးချယ်ခဲ့သည် မဟုတ်ပါလား။
သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့် ၁၃ ကို မကျော်လွန်နိုင်သည်ကို သူတို့ သိရှိထားသည် မဟုတ်ပါလား။
သို့သော် သစ္စာမဖောက်ရုံနှင့် အဆင့် ၁၃ သို့ တက်လှမ်းနိုင်မည်လော။
လူအများစုမှာ မိမိတို့၏ ကန့်သတ်ချက်ကို ကောင်းစွာ သိရှိကြသည်။ အဆင့် ၁၂ ၏ နယ်နိမိတ်ကို ရောက်ရှိ၍ နိယာမ ကြယ်တာရာစနစ် နှစ်ခု သုံးခုခန့်ကိုသာ ခန္ဓာကိုယ်အတွင်း ပို့ဆောင်နိုင်ခြင်းမှာပင် သူတို့အတွက် အထွတ်အထိပ်ဖြစ်သည်။ မဟုတ်ပါက ဤဟင်းလင်းပြင် စစ်မြေပြင်သို့ လာရောက် ကံစမ်းနေစရာ အကြောင်းမရှိပေ။
လူတို့သည် တစ်စုံတစ်ခုကို လက်ခံရန် ဆုံးဖြတ်လိုက်ပြီဆိုပါက မိမိကိုယ်ကိုယ် အကာအကွယ်ပေးရန် အကြောင်းပြချက် ပေါင်းစုံကို အလိုအလျောက် ရှာဖွေတတ်ကြစမြဲပင်။
အချို့ဆိုလျှင် ဆာလ် နှင့် အဆင်ပြေစေရန် အချိန်ယူ ပြင်ဆင်နေကြပြီ ဖြစ်သည်။
"အနာဂတ်မှာ သခင်လေး ဆာလ် ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်..."
ဆာလ် ၏ အဖွဲ့အတွင်းသို့ အသစ်ဝင်ရောက်လာသော အဆင့် ၁၂ သိုင်းသမားမှာ အလွန်ပင် ရိုသေစွာဖြင့် လျှောက်တင်လေသည်။ သူ၏စကားလုံးတို့၌ ဖားယားမြှောက်ပင့်ခြင်းတို့ အပြည့်အနှက်ရှိနေပြီး ထိုအပြုအမူမှာ ကြည့်ရသည်မှာပင် ရွံရှာဖွယ်ကောင်းလှသည်။
အချိန်တိုအတွင်းမှာပင် လူတစ်ဒါဇင်ကျော်မှာ ဘက်ပြောင်းသွားကြပြီး ဆာလ် ကိုယ်စားပြုသော သစ္စာဖောက် အဖွဲ့ထဲသို့ တက်တက်ကြွကြွ ပူးပေါင်းသွားကြသည်။
စိတ်ဓာတ်မခိုင်မြဲသော အချို့သူများပင် စတင် ယိမ်းယိုင်လာစေသည်။
လမ်းပြသူ နှစ်ဦးဖြစ်သော လူဝကြီးနှင့် အေးစက်စက် လူလတ်ပိုင်း အမျိုးသားတို့၏ မျက်နှာများမှာ အလွန်ပင် မည်းမှောင်နေတော့သည်။
နောက်ထပ် လူအချို့ သစ္စာဖောက်ရန် ကြံစည်နေသည်ကို မြင်လိုက်ရသည့်အခါ လူဝကြီးမှာ မနေနိုင်တော့ဘဲ လွှတ်ခနဲ အော်ဟစ်လိုက်သည်။
"သခင်ကြီး ဟိုင်ကျိ အရိုးစုဓားသခင် လာနေပြီ။ သူ ရောက်လာရင် မင်းတို့ ဘာဖြစ်သွားမလဲဆိုတာ သေချာ စဉ်းစားကြဦး..."
ဤစကားသံကြောင့် သစ္စာဖောက်ရန် ခြေတစ်လှမ်း ပြင်နေကြသော အဆင့် ၁၂ သိုင်းသမား အနည်းငယ်မှာ သူတို့၏ခြေလှမ်းများကို အမြန်ပင် ပြန်လည် ရုပ်သိမ်းလိုက်ကြသည်။
သစ္စာဖောက်ရန် ရွေးချယ်ပြီးသား လူတစ်ဒါဇင်ကျော်၏ မျက်နှာအမူအရာများမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားရသည်။
သူတို့ ထိုအချက်ကို မေ့လျော့နေခဲ့ကြသည်။
ဟင်းလင်းပြင် စစ်မြေပြင်၏ လူသားအခြေစိုက်စခန်းမှ အဆင့် ၁၃ အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးအား မိမိတို့ဆီသို့ စေလွှတ်ထားသည်မှာ အမှန်ပင်။
အချိန်ကာလကို တွက်ဆကြည့်ပါက ထိုသိုင်းပညာရှင် ရောက်ရှိချိန် တန်ပြီဖြစ်သည်။
အကယ်၍ ထိုအဆင့် ၁၃ ပုဂ္ဂိုလ်သာ အချိန်မီ ရောက်လာပါက ယခု သူတို့ရွေးချယ်လိုက်သော အသက်ရှင်သန်ရေးလမ်းကြောင်းမှာ ချက်ချင်းပင် သေလမ်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
မိမိတို့၏ မျိုးနွယ်စုကို စွန့်ခွာ၍ သစ္စာဖောက်ခြင်းသည် စကြာဝဠာအတွင်း အကြီးလေးဆုံးသော ပြစ်ဒဏ်အဖြစ် သတ်မှတ်ခံရသည်။
ပြင်ပလောကတွင် ခွင့်လွှတ်ခြင်းဟူသော အရာ ရှိကောင်းရှိနိုင်သော်လည်း ဤသို့သော အသေအရှင် စစ်မြေပြင်မျိုး၌မူ အပြစ်ဒဏ်မှာ တွေ့ရာသင်္ချိုင်းတွင် ချက်ချင်းစီရင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ကြယ်တာရာ ကောင်းကင်ယံမှာ အဆုံးမရှိ ကျယ်ပြောလှပြီး အဆင့် ၁၂ သိုင်းသမားတို့မှာလည်း ရှားပါးလှသည်မဟုတ်ပေ။
ထိုမျှသာမကဘဲ ယခုအချိန်မှစ၍ သူတို့၏ မိသားစုများနှင့် သားစဉ်မြေးဆက်များပါ ပတ်သက်ဆက်နွယ်သွားမည်ဖြစ်ရာ ဤအရှက်တရားကို မျိုးဆက်ပေါင်းများစွာ ထမ်းပိုးထားရင်း မည်သည့်အခါမျှ ခေါင်းမဖော်နိုင်တော့ပေ။
"ဟီး... ဟီး..."
ဆာလ်တစ်ယောက် လှောင်ပြောင်သံဖြင့် ရယ်မောလိုက်ပြီးနောက် ထိုလူနှစ်ဦးကို ပြုံးစိစိဖြင့် စိုက်ကြည့်ကာ အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်က အဲဒီ အရိုးစုဓားသခင် ရောက်လာတော့မယ်လို့ မျှော်လင့်နေတုန်းပဲလား"
သူ၏ စကားသံနှင့်အတူ လမ်းပြသူနှစ်ဦး၏ မျက်နှာအမူအရာတို့မှာ သိသိသာသာ ပျက်ယွင်းသွားကြသည်။
"မင်း... ဘာကို ဆိုလိုတာလဲ"
အေးစက်စက် လူလတ်ပိုင်း အမျိုးသားက စူးစူးရှရှ မေးခွန်းထုတ်လိုက်သည်။
ဆာလ် တည်ငြိမ်စွာပင် ဖြေဆိုလိုက်သည်။
"သူ ဒီကို ရောက်နိုင်မယ်ဆိုရင် အစောကြီးကတည်းက ရောက်နှင့်နေမှာပေါ့။ အဆင့် ၁၃ သိုင်းသမားတစ်ယောက်အတွက် ဒီလောက် အကွာအဝေးဆိုတာ ခရီးတစ်ထောက်တောင် မဟုတ်ပါဘူး"
"မေ့လျော့ခြင်း သခင်ကြီးက ခင်ဗျားတို့ကို ကယ်တင်ဖို့ဆိုတဲ့ မှတ်ဉာဏ်ကို အဲဒီ အရိုးစုဓားသခင်ကောင်ရဲ့ စိတ်ထဲကနေ ဖယ်ရှားပစ်လိုက်တာ ကြာပြီ"
"ငါ တွက်ကြည့်ရသလောက်တော့... အခုချိန်မှာ ခင်ဗျားတို့ စောင့်နေတဲ့ အရိုးစုဓားသခင် ဆိုတဲ့လူက အခြေစိုက်စခန်းထဲက အခန်းတစ်ခုမှာ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေလောက်ပြီ ထင်တယ်လေ"
"ဘာ"
လမ်းပြသူ နှစ်ဦးမှာ အပြင်းအထန် ရိုက်ခတ်ခံလိုက်ရသလို ဖြစ်သွားပြီး ခန္ဓာကိုယ်များမှာ မသိမသာ ယိုင်နဲ့သွားကြသည်။
သူတို့မှာ အံကို တင်းတင်းကြိတ်လျက် "မဖြစ်နိုင်ဘူး ဒါက လုံးဝ မဖြစ်နိုင်ဘူး" ဟုသာ ရေရွတ်နေကြသည်။
သို့သော် သူတို့၏ မျက်ဝန်းများမှတစ်ဆင့် ဟိုင်ကျိ အရိုးစုဓားသခင် ဘက်တွင် အခြေအနေတစ်ခုခု အမှန်တကယ်ပင် ဖြစ်ပျက်နေပြီဖြစ်ကြောင်း ခန့်မှန်းမိပုံရသည်။
ဆာလ်၏ စကားလုံးများသည် ကျန်ရှိနေသေးသော သူများ၏ နှလုံးသားထဲမှ နောက်ဆုံးမျှော်လင့်ချက် အလင်းတန်းကို ရိုက်ခွဲပစ်လိုက်သကဲ့သို့ပင်။
ယခင်က တုံ့ဆိုင်းနေခဲ့ကြသော သိုင်းသမားအများစုမှာ မိမိတို့၏ တွန့်ဆုတ်မှုများကို စွန့်လွှတ်လိုက်ကြပြီး ဆာလ်၏ ရင်ခွင်ထဲသို့ ခိုဝင်သွားကြတော့သည်။
အချိန်တိုအတွင်းမှာပင် အခြေအနေမှာ တစ်ဖက်စောင်းနင်း ဖြစ်သွားတော့သည်။
ဆုံးဖြတ်ချက်မချရသေးသူများပင်လျှင် အတွင်းစိတ်ထဲ၌ ပြင်းထန်စွာ ရုန်းကန်နေကြရသည်။
လုရှန်မှာမူ ခြွင်းချက်ဖြစ်သည်။
အစအဆုံးတိုင်အောင် ဖြစ်ပျက်နေသည်များမှာ သူနှင့် ဘာမျှမသက်ဆိုင်သကဲ့သို့ လုံးဝ တည်ငြိမ်နေခဲ့သည်။
သို့သော် သူ၏ အဖော်ဟု ဆိုနိုင်သော သူနှစ်ယောက်မှာမူ ယခုအချိန်တွင် လုံးဝ တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။
"သောက်ကျိုးနည်း"
ဆာယာ၏မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်တို့ ထင်ဟပ်နေကာ လုရှန်အား အကူအညီတောင်းလိုသည့် အကြည့်ဖြင့် အသည်းအသန် ကြည့်နေသည်။
"လုရှန်... ငါတို့ ဘာလုပ်ကြမလဲ"
ဘာကြောင့်မှန်း မသိသော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်မှာ အဆင့် ၁၁ သာ ရှိသေးသော်ငြား သူ၏ တည်ငြိမ်သော မျက်နှာကို ကြည့်လိုက်ရုံဖြင့် တစ်ခုခုကို စွမ်းဆောင်နိုင်လိမ့်မည်ဟု ဆာယာ ခံစားနေမိလေတော့သည်။
***