"ဒီကောင်က ငါ့ရဲ့ သားကောင်ပဲ"
အရပ် လေးမီတာခန့်ရှိ၍ ကျောက်သားကဲ့သို့ တောင့်တင်းလှသော ခန္ဓာကိုယ်ပိုင်ရှင် အဆင့် ၁၂ သိုင်းသမားတစ်ဦးမှာ ဆာယာအား ဓားသွားကဲ့သို့ ထက်မြက်သော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးလွှတ်လိုက်သည်။
ထိုလက်သီးမှ ထွက်ပေါ်လာသော ဖိအားကြောင့် ဆာယာမှာ အသက်ရှူပင် ကြပ်တည်းလာရတော့သည်။
အဆင့် ၁၁ နှင့် အဆင့် ၁၂ အကြားရှိ ကွာဟချက်မှာ အမှန်တကယ်ပင် ကောင်းကင်နှင့်မြေကြီးပမာ ကြီးမားလှပေသည်။
အကယ်၍ ထိုလက်သီးသာ သူ့ဆီသို့ ကျရောက်လာခဲ့ပါက သူ သေဆုံးရမည်မှာ သေချာပေါက်ပင်။
အခြားသော ဖြစ်နိုင်ခြေဟူ၍ လုံးဝ မရှိတော့ပေ။
"ဟွန့်"
ထိုခဏ၌ပင် တောင့်တင်းသော ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။
ထိုပုံရိပ်သည် တစ်ဖက်သူ၏ လမ်းကြောင်းကို ပိတ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ထိုလက်သီးအား ပြန်လည် ထိုးနှက်တားဆီးလိုက်သည်။
“ဒေါင်းတန်…”
ဆာယာမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားရသည်။
"ငါ့ရဲ့ ညီအစ်ကိုကောင်းကြီးပဲ"
ကံမကောင်းစွာဖြင့်ပင် ဆာယာ၏ ဝမ်းသာမှုမှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် တစ်ဖန် ပြန်လည် တင်းမာသွားရပြန်သည်။
လူသတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသော နောက်ထပ် မျက်လုံးအစုံတို့မှာ သူ့အား ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။
အားလုံးမှာ အဆင့် ၁၂ သိုင်းသမားများသာ ဖြစ်သည်။
"သောက်ကျိုးနည်း"
ဆာယာ အလျင်အမြန် နောက်သို့ ဆုတ်ခွာလိုက်သော်လည်း ခြေလှမ်း အနည်းငယ်အကြာမှာပင် သူ၏ ကျောပြင်အား လက်တစ်ဖက်က ညင်သာစွာ ထိတွေ့လိုက်သည်ကို ခံစားလိုက်ရသည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ လုရှန်၏ အစဉ် တည်ငြိမ်နေဆဲဖြစ်သော မျက်ဝန်းတို့နှင့် ဆုံမိလိုက်သည်။
"လုရှန်"
ဆာယာ၏ မျက်လုံးများ အရောင်လဲ့သွားပြီး လုရှန်အား အကူအညီတောင်းရန် ပြင်လိုက်သော်လည်း နောက်တစ်ချက်တွင်မူ ဝမ်းနည်းစွာဖြင့် ပြန်လည် တွေးတောမိပြန်သည်။
လုရှန်သည်လည်း အဆင့် ၁၁ သာ ရှိသေးသည် မဟုတ်ပါလား။
မည်မျှပင် မိမိထက် ပိုမိုသန်စွမ်းပါစေ သူ၏ စွမ်းအား၌လည်း ကန့်သတ်ချက် ရှိနေဦးမည်။ အဆင့် ၁၂ သိုင်းသမားတစ်ဦးအား သူ မည်သို့ ခုခံနိုင်မည်နည်း။
လုရှန်မှာ ပါရမီရှင် ဖြစ်ပြီး အဆင့် ၁၁ နှင့် အဆင့် ၁၂ တို့အား ခုခံနိုင်သည် ဆိုလျှင်ပင် အဆင့် ၁၂ အုပ်စုကြီးအား သူ မည်သို့ ခုခံနိုင်မည်နည်း။
ယခုအချိန်၌ သူတို့နှစ်ဦးစလုံးမှာ အဆင့် ၁၂ များ၏ ဝိုင်းရံခြင်းကို ခံနေရပြီဖြစ်သည်။
တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် အနည်းဆုံး ငါးယောက် ခြောက်ယောက်ခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။
အဆင့် ၁၂ သိုင်းသမား ငါးဦး ခြောက်ဦး…။
သူတို့နှစ်ဦးစလုံးမှာမူ အဆင့် ၁၁ များသာ ဖြစ်ကြသည်။
ဆာယာ၏ နှလုံးသားထဲတွင် အစွမ်းမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှု ခံစားချက်ကြီးတစ်ခု တိုးဝင်လာတော့သည်။
"သွားပြီ…"
ဆာယာသည် မိမိပတ်ဝန်းကျင်၌ ဝိုင်းရံထားသော သိုးအုပ်ကို ငေးကြည့်နေသည့် ဆာလောင်မွတ်သိပ်နေသော ကျားရိုင်းများကဲ့သို့ နီရဲနေသည့် မျက်ဝန်းများကို ခံစားမိလိုက်ရပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါ အဲဒီ ဗေဒင်ဆရာရဲ့ အလိမ်အညာ စကားတွေကို ယုံပြီး ဒီဟင်းလင်းပြင် စစ်မြေပြင်ကို မလာခဲ့မိသင့်ဘူး"
"ငါ့ဘဝရဲ့ အချိုးအကွေ့တဲ့လား ဒါက သေလမ်းကြီး ဖြစ်သွားပြီ"
"ငါ အပြင်လောကမှာ အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရရင်တောင်မှ အနည်းဆုံးတော့ အသက်မသေခဲ့ရဘူးလေ။ အသက်ရှင်တာနဲ့ ယှဉ်လိုက်ရင် သိက္ခာဆိုတာက ဘာများလဲ ဟူး..."
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်မှသာ အသက်ရှင်ခြင်း၏ တန်ဖိုးကို လူတို့အမှန်တကယ် နားလည်နိုင်ကြသည်။
ဆာယာလည်း ထိုသို့သော အတွေးမျိုးဖြင့် နာကျင်စွာ ခံစားနေရသည်။
သူ ဆာလ် ထံတွင် အညံ့ခံပြီး သစ္စာဖောက်လမ်းကြောင်းကို ရွေးချယ်ခဲ့သင့်သည်ဟုပင် နောင်တတရားများ ရင်ထဲတွင် လှိုက်တက်လာမိသည်။ သေဆုံးခြင်းထက်စာလျှင် ခွေးတစ်ကောင်ကဲ့သို့ အသက်ရှင်နေရခြင်းကမှ ပို၍ ကောင်းမွန်ပေဦးမည်။
စက္ကန့်ပိုင်းအတွင်း၌ပင် ဆာယာ၏ စိတ်အစဉ်ထဲ၌ ဖရိုဖရဲ ဖြစ်နေသော အတွေးပေါင်းများစွာတို့မှာ ဖြတ်ပြေးသွားသည်။
ထို့နောက် သူသည် မိမိ၏ ကံကြမ္မာကို ငြိမ်းချမ်းစွာ အညံ့ခံရန် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း အသတ်ခံရခြင်းဆိုသည်မှာ သိပ်ပြီး နာကျင်ရမည် မဟုတ်ပေ။
ဆာယာ ထိုသို့ တွေးတောနေစဉ် သူ၏ နားထဲတွင် တည်ငြိမ်လှသည့် အသံတစ်ခု ပေါ်ထွက်လာသည်။
"တကယ်တော့..."
"ဟင်"
ဆာယာ ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာ ပွင့်လိုက်သည်။
လုရှန်သည် သူ့အား စိုက်ကြည့်လျက် အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
"သစ္စာဖောက်လုပ်တာနဲ့ သေတာအပြင် တတိယ ရွေးချယ်မှု တစ်ခု ရှိနေပါသေးတယ်"
"ဘာ... ဘာရွေးချယ်မှုလဲ"
ဆာယာမှာ အံ့အားသင့်လွန်း၍ စကားပင် ထစ်အသွားသည်။
"ဒါက အရမ်း ရိုးရှင်းပါတယ်"
လုရှန်၏ အကြည့်တို့သည် ဆာယာအား ကျော်ဖြတ်ကာ သူ၏ အနောက်ဘက် အရပ်သို့ ရွှေ့လိုက်သည်။
"ဆာလ် ကို သတ်ပစ်မယ် ပြီးတော့ ဝိုင်းထားတဲ့ သားရဲတွေ အကုန်လုံးကိုလည်း ရှင်းထုတ်ပစ်မယ်"
"ဒါဆိုရင် သစ္စာဖောက် လုပ်စရာလည်း မလိုတော့သလို သေစရာလည်း မလိုတော့ဘူးပေါ့"
ဆာယာ၏ အသိဉာဏ်တို့မှာ ခေတ္တမျှ ဗလာကျင်းသွားရသည်။
ဤအဖြေမှာ အတော်ပင် ယုတ္တိရှိလှသည်ဟု ထင်မှတ်ရသည်။
“ခဏနေဦး တစ်ခုခုတော့ လွဲနေပြီ”
စက္ကန့်ပိုင်းအတွင်း ဆာယာ သတိပြန်ဝင်လာသည်။ သူ့စိတ်ထဲ၌ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားတော့သည်။
“ဆာလ်ကို သတ်ပြီး သားရဲအုပ်ကြီးကို ရှင်းရမယ် ဟုတ်လား”
“မင်း ငါ့ကို နောက်နေတာလား”
လုရှန်၏ ရုတ်တရက်ဆန်လှသော ဤစကားကြောင့် ဆာယာမှာ ဒေါသထွက်ရမလို ရယ်မောရမလို ဖြစ်သွားမိသည်။
သို့သော် သူတစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ဘေးနားတွင် ရှိနေသော လုရှန်ထံမှ ဖော်ပြ၍မရနိုင်သော ဧရာမ အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
ဆာယာ ကျိန်ဆိုဝံ့သည်။ သူ၏ ကျန်ရှိသော သက်တမ်းတစ်လျှောက် ဤခံစားချက်ကို မည်သည့်အခါမျှ မေ့လျော့နိုင်လိမ့်မည် မဟုတ်ပေ။
ထိုပြင်းထန်လှသော ရက်စက်ကြမ်းကြုတ်ကာ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါကြောင့် ဆာယာ၏ အမွှေးအမျှင်များမှာ ချက်ချင်း ထောင်ထသွားရသည်။
ဤခံစားချက်မှာ အရှိန်အပြည့်ဖြင့် မောင်းနှင်နေသော ယာဉ်ပျံတစ်သောင်းခန့်က မိမိရှေ့ ဖြတ်မောင်းသွားသကဲ့သို့သော ခံစားချက်မျိုးပင်။
မျက်စိရှေ့မှောက်၌ပင် ကြယ်ပေါင်းတစ်သောင်းခန့် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ပင်။
ဖော်ပြရန် ခက်ခဲသော ကြောက်လန့်မှုကြီးနှင့်အတူ အသက်ရှူရပ်မတတ် ဖိအားပေးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။
သို့သော် ထိုအရာမှာ ခဏတာမျှသာ ဖြစ်သည်။
ထိုခံစားချက်ကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ပို၍ တိကျစွာ ဆိုရသော် အဝေးတစ်နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားခြင်း ဖြစ်သည်။
ထိုသို့သော စွမ်းအားမျိုး တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသကဲ့သို့ ဆာယာမှာ ထိုနေရာ၌ပင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်နေခဲ့ပြီး မိမိကိုယ်မိမိ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေရှာသည်။
ထို့နောက် သူ အမြန်သတိဝင်လာကာ နောက်သို့ လှည့်ကြည့်ရင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
သူ၏ သူငယ်အိမ်တို့သည် စက္ကန့်ပိုင်းအတွင်း အပ်ပေါက်လေးတစ်ပေါက်စာမျှ ဖြစ်သွားသည်အထိ ကျုံ့ဝင်သွားရသည်။
ဆာယာ နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းမှာ သူ၏ ဘဝသက်တမ်းတစ်လျှောက် မေ့ပျောက်နိုင်လိမ့်မည် မဟုတ်သော တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်တော့သည်။
ငါ တိုက်ခိုက်ခဲ့တာ အတော်လေး ကြာသွားပြီပဲ…။
လုရှန်သည် နောက်ဆုံးအကြိမ် တိုက်ပွဲဝင်ခဲ့စဉ်က ခံစားချက်ကိုပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့သည်။
သူ၏ သိုင်းကိုယ်ထည်အတွင်း၌မူ မသေမျိုးဆဲလ် သုံးသိန်းသုံးသောင်းတို့မှာ ပြင်းထန်စွာ လှုပ်ခါနေကြသည်။
အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်သော တိုက်ခိုက်လိုစိတ်တို့သည် မသေမျိုးဆဲလ် တစ်ခုချင်းစီထံမှ ရုန်းကြွနိုးထလာကြပြီ ဖြစ်သည်။
မသေမျိုး တိုက်ခိုက်လိုစိတ် သုံးသိန်းသုံးသောင်းတို့သည် တောက်လောင်နေသော ကြယ်တာရာ သမုဒ္ဒရာကြီးအလား စုစည်းညီညွတ်သွားကြလေသည်။
***