"ဝေါင်း"
လုရှန်သည် ခြေလှမ်းတစ်လှမ်းမျှသာ လှမ်းလိုက်သော်လည်း သူနှင့် ဆာယာအား ဝိုင်းဝန်းလုပ်ကြံရန် အနီးကပ်ဆုံး ရောက်ရှိနေသည့် အဆင့် ၁၂ သိုင်းသမားအချို့၏ ရှေ့တည့်တည့်သို့ တစ္ဆေတစ်ကောင်အလား ရုတ်ချည်း ရောက်ရှိသွားသည်။
ဤသို့ အငိုက်မိစရာ ကောင်းလှသော ပေါ်ထွက်လာမှုကြောင့် ထိုသူှာ လန့်ဖြတ်သွားရသည်။
လုရှန်၏ အရှိန်အဟုန်နှင့် ကိုယ်ရောင်ကိုယ်ဝါမှာ အတန်ငယ် အံ့အားသင့်စရာ ကောင်းနေသော်လည်း ထိုအံ့ဩမှုမှာ ခဏတာမျှသာ ဖြစ်သည်။
"သူက ဘာပဲဖြစ်ဖြစ် အဆင့် ၁၁ သာ ရှိသေးတာပဲ"
အဆင့် ၁၁ ဟူသည် အဆင့် ၁၁ သာဖြစ်ရာ မိမိကဲ့သို့သောသူကို မည်သို့မည်ပုံ ဒုက္ခပေးနိုင်မည်နည်းဟု သူ အတွေးဝင်သွားသည်။
ထိုသိုင်းသမား၏ နှုတ်ခမ်းဖျားတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လွင်လာပြီး သူ၏လက်ဖဝါးကို လက်သည်းသဏ္ဍာန် ကျစ်လျစ်စွာ ဖွဲ့လိုက်သည်။ လက်ချောင်းထိပ်တိုင်းတွင် လှည့်ပတ်နေသော လေဝဲများမှာ ကြောက်မက်ဖွယ်ကောင်းသော ဆွဲဖြဲခြင်းနှင့် ဖြတ်တောက်ခြင်း စွမ်းအားတို့အား ထုတ်လွှတ်နေလေသည်။
ဤတိုက်ကွက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် အဆင့် ၁၁ ပြိုင်ဘက်တစ်ဦးအဖို့ ခုခံနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဤလက်သည်းချက်မှာ အဆင့် ၁၁ သမား ဆယ်ဦးခန့်ကိုပင် တစ်ပြိုင်နက် ဆွဲဖြဲပစ်ရန် လုံလောက်လှပေသည်။
"သေစမ်း"
လုရှန်မူကား မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ ထိုနေရာ၌ပင် တည်ငြိမ်စွာ ရပ်တန့်နေခဲ့သည်။
အနီးကပ် စူးစိုက်ကြည့်မည်ဆိုပါက လုရှန်သည် အဆင့် ၁၂ သိုင်းသမားကို ရင်ဆိုင်နေရသော်လည်း သူ၏ မျက်ဝန်းအစုံမှာ ဗလာကျင်းနေသည်ကို တွေ့ရလိမ့်မည်။
သူသည် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ယုံကြည်ချက်အပြည့်ဖြင့် အရာခပ်သိမ်းကို လျစ်လျူရှုထားခြင်းပင်။
အဆင့် ၁၂ သိုင်းသမား၏ လက်သည်းချက်မှာ လုရှန်၏ မျက်လုံးနှင့် တစ်မီလီမီတာမျှပင် မဝေးတော့သည့် အခိုက်အတန့်သို့ ရောက်ရှိလာသည်။
ထိုအခိုက်၌ပင် သူ စတင် လှုပ်ရှားလိုက်တော့သည်။
အချိန်ကာလတို့မှာ မျက်တောင်တစ်ခတ်အတွင်း အနန္တအထိ ဆန့်ထွက်သွားသကဲ့သို့ ဖြစ်နေသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အေးခဲရပ်တန့်သွားသယောင် ထင်မှတ်ရသည်။
ဤသို့ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသော အခြေအနေတွင် လုရှန်တစ်ယောက် သူ၏ ညာလက်ကို မြှောက်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ထို့နောက် အားစိုက်ထုတ်ခြင်းမရှိသော ဟန်ပန်ဖြင့် ရှေ့သို့ အသာအယာ ထိုးနှက်လိုက်သည်။
"ဘုန်း..."
ရပ်တန့်နေသော အချိန်ယန္တရားမှာ ကျိုးပျက်သွားပြီး အချိန်စီးဆင်းမှုမှာ မူလအတိုင်း ပြန်လည်လည်ပတ်လာသည်။
အရာအားလုံးမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပုံရသော်လည်း လုရှန်ရှေ့ရှိ အဆင့် ၁၂ သိုင်းသမား၏ ခါးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
အငွေ့ပျံသွားသကဲ့သို့ပင် မည်သည့် အကြွင်းအကျန်မျှ မရှိတော့ပေ။
တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်ရသော ဝိညာဉ်ပုံရိပ်ယောင်တစ်ခုမှာ ပျက်စီးသွားသော ခန္ဓာကိုယ်အကြွင်းအကျန်ထဲမှ လွင့်ပျံထွက်လာသည်။ သူ၏ မျက်နှာပေါ်တွင်မူ အလွန်အမင်း ဝေခွဲမရဖြစ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့မှာ ကပ်ငြိနေဆဲ ဖြစ်သည်။
လုရှန် အသက် ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ထိုအခါ ဝိညာဉ်ပုံရိပ်ယောင်မှာ ချက်ချင်းဆိုသလို တွန့်လိမ်ဆန့်ထွက်သွားပြီး မီးခိုးငွေ့တစ်မျှင်အလား လုရှန်၏ ပါးစပ်နှင့် နှာခေါင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
"အင်း..."
ဤမြင်ကွင်းကြောင့် နောက်မှ လိုက်ပါလာကြသော အခြားသော သစ္စာဖောက်များမှာ ဆွံ့အမှင်သက်သွားကြသည်။
လုရှန်၏ တိုက်ခိုက်မှုမှာ မြန်ဆန်လွန်းလှသဖြင့် သူတို့ ဘာကိုမျှ မြင်တွေ့လိုက်ရခြင်း မရှိပေ။
သူတို့ မြင်လိုက်ရသည်မှာ လုရှန်အား တိုက်ခိုက်ရန် ကြိုးစားခဲ့သော အဆင့် ၁၂ သိုင်းသမား၏ ခန္ဓာကိုယ်အပေါ်ပိုင်း ရုတ်ချည်း ပျောက်ကွယ်သွားခြင်းသာ ဖြစ်သည်။
မည်သို့သော နည်းလမ်းဖြင့် သေဆုံးသွားသည်ကိုမူ သူတို့ လုံးဝ မသိရှိကြပေ။
လုရှန်သည် သူတို့အား စဉ်းစားဆင်ခြင်ရန် အချိန်ပို မပေးခဲ့ပေ။
မသေမျိုးဆဲလ် သုံးသိန်းသုံးသောင်းတို့မှာ သူ၏ သိုင်းကိုယ်ထည်အတွင်း၌ ဟိန်းဟောက် အော်ဟစ်နေကြချေပြီ။ ဤစွမ်းအားများအား တစ်ကြိမ်တစ်ခါ ထုတ်ဖော်ပြသပြီးပြီ ဆိုပါက လူတစ်ဦး၏ သွေးဖြင့် ငြိမ်သက်သွားလိမ့်မည် မဟုတ်ပေ။
လုရှန် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို ထပ်မံ လှမ်းလိုက်ပြန်သည်။
ဤခြေလှမ်းကို လှမ်းလိုက်သည့် အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပြောင်းလဲသွားချေတော့သည်။
သူ၏ ခန္ဓာကိုယ် လက်မတိုင်း အရေပြားတိုင်းနှင့် အမွှေးအမျှင်တိုင်းတို့မှ ကြယ်တာရာတစ်ပွင့်အလား တောက်ပလှသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။
ထိုအရာမှာ မျက်စိကျိန်းစရာ ကောင်းလောက်အောင်ပင် ထွန်းလင်းတောက်ပလွန်းလှပေသည်။
သူသည် ကောင်းကင်ယံ၌ တောက်လောင်နေသော ဧရာမ ရွှေရောင်မီးလုံးကြီးတစ်လုံးအလား ထွန်းလင်းနေတော့သည်။
လုရှန်သည် မိမိ၏ လှုပ်ရှားမှုများအား ဖုံးကွယ်ရန် စိတ်မကူးတော့ဘဲ ရန်သူတို့၏ အလယ်သို့ တည့်တည့်မတ်မတ်ပင် တိုးဝင်သွားတော့သည်။
"ငရဲ သွားစမ်း..."
ပထမဆုံး အညံ့ခံခဲ့သော အဆင့် ၁၂ သိုင်းသမားတစ်ဦးသည် တုံ့ပြန်ရန် နှေးကွေးသွားခဲ့ရာ လုရှန်ထံမှ ဖြာထွက်လာသော ရွှေရောင်အလင်းတန်းတို့၏ ဖိနှိပ်ခြင်းကို အပြင်းအထန် ခံလိုက်ရသည်။
ရွှေရောင်အလင်းတန်းတို့က သူ့အား လုံးဝဥဿုံ လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။
ထိုသူသည် လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် တိုက်ပွဲဝင်ဓားနှစ်လက်မှာ လက်အတွင်းသို့ ရောက်ရှိလာပြီး ဘယ်ညာယှက်ကာ ထိုရွှေရောင်မီးလုံးကြီးကို အားကုန်လွှဲ၍ ခုတ်ပိုင်းလိုက်သည်။
သို့သော် သူ၏ဓားနှစ်လက်မှာ လုရှန်၏ကိုယ်ပေါ်သို့ ကျရောက်မလာမီမှာပင် တောက်လောင်နေသော ရွှေရောင်လက်တစ်ဖက်သည် မီးလုံးကြီးအတွင်းမှ ရုတ်ခြည်းထွက်ပေါ်လာပြီး ထိုသူ၏ နဖူးကို ပြင်းထန်စွာ ဖိနှိပ်လိုက်တော့သည်။
"ဘန်း"
ပေါက်ကွဲသံနှင့်အတူ ထိုသူ၏ဦးခေါင်းမှာ လွင့်စင်ထွက်သွားသည်။
ကျန်ရှိသော ခန္ဓာကိုယ်မှာမူ မြေပြင်သို့ လဲကျရန်ပင် အချိန်မရလိုက်ဘဲ ယိုင်နဲ့နေဆဲ ဖြစ်သည်။
ရွှေရောင်လက်တစ်ဖက်မှာ အောက်သို့ နှိုက်ယူလိုက်ပြီး ထိုသူ၏ သိုင်းဝိညာဉ်ကို ခန္ဓာကိုယ်အတွင်းမှ အတင်းအဓမ္မ ဆွဲထုတ်ပစ်လိုက်သည်။
"ရှူး"
ရွှေရောင်အလင်းတန်းများအတွင်းသို့ အတင်းအဓမ္မ ဆွဲသွင်းခြင်းခံလိုက်ရသော ဝိညာဉ်ကို မြင်တွေ့လိုက်ရချိန်တွင် ထိုဝိညာဉ်၏မျက်နှာမှာ ကြောက်ရွံ့မှုတို့ကြောင့် တွန့်လိမ်နေရှာသည်။
အနီးရှိ အခြားသော အဆင့် ၁၂ အညံ့ခံသူတို့မှာမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ကြရသည်။ သူတို့၏မျက်နှာထက်၌ ကြောက်ရွံ့ခြင်းအရိပ်အယောင်တို့ အတိုင်းသား ပေါ်လွင်နေတော့သည်။
ယခုမူ သူတို့ အသေအချာ မြင်တွေ့လိုက်ရချေပြီ။
ရှေ့ပြေးလူနှစ်ဦး မည်သည့်နည်းဖြင့် အသက်ပျောက်သွားသည်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"ဒီကောင်က ဘယ်လိုလုပ် အဆင့် ၁၁ ဖြစ်နိုင်မှာလဲ"
"ဒီ မိစ္ဆာက ဘယ်ကနေ ရောက်လာတာလဲ"
လူအုပ်ကြီး၏ လုရှန်အား ကြည့်နေသည့် အကြည့်တို့မှာ သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ထိတ်လန့်နေကြသည်။
သို့သော် သူတို့မှာ အဆင့် ၁၂ အထွတ်အထိပ် သိုင်းသမားများဖြစ်ကြသည့်အတိုင်း ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် အရေးအကြီးဆုံးသော ဆုံးဖြတ်ချက်ကို ချလိုက်ကြသည်။
"တိုက်ကြ…အားလုံး ဝိုင်းတိုက်ပြီး သူ့ကို သတ်ပစ်လိုက်ကြစို့"
အဆင့် ၁၂ အညံ့ခံသူတစ်ဦးက အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
သူ၏စကားသံအဆုံး၌ ငွေရောင်အလင်းတန်းတို့သည် ပတ်ဝန်းကျင်တွင် တဖျပ်ဖျပ် ပေါ်ထွက်လာသည်။ ထို့နောက် နိယာမ ကြယ်တာရာစနစ်၏ အရောင်အဝါတို့ ပွင့်လန်းလာရာ သူ၏စွမ်းအားအားလုံးကို ထုတ်ဖော်နေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
အခြားသူများလည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အရှိန်အဟုန်ဖြင့် လိုက်ပါလာကာ တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်ကြတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆင့် ၁၂ သိုင်းသမားငါးဦးစလုံးသည် လုရှန်အား စုပေါင်း၍ တိုက်ခိုက်လိုက်ကြသည်။
သူတို့တစ်ဦးစီတိုင်းမှာ နိယာမ ကြယ်တာရာစနစ်၏ ထူးခြားသော အရောင်အသွေးတို့ကို ထုတ်လွှတ်နေကြသည်။
အထက်မှ ငုံ့ကြည့်မည်ဆိုပါက ဤမြင်ကွင်းမှာ ဧရာမလက်ကြီးတစ်ဖက်၏ ငွေရောင်လက်ချောင်းငါးချောင်းက လက်ဖဝါးအတွင်းရှိ ရွှေရောင်မီးလုံးလေးကို ချေမှုန်းရန် ရုတ်တရက် ကျုံ့လိုက်သကဲ့သို့ပင် ရှိတော့သည်။
ငွေရောင်ပုံရိပ်ငါးခုမှာ ရွှေရောင်အလင်းလုံးကြီးဆီသို့ ပြင်းထန်လှသော အရှိန်ဖြင့် ပြေးဝင်တိုက်မိသွားကြသည်။
အဆင့် ၁၂ သိုင်းသမားငါးဦး၏ ပေါင်းစပ်စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လုရှန်၏ ရွှေရောင်အလင်းတန်းတို့မှာ အပြင်ဘက်မှ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
ရွှေရောင်အလင်းလုံးကြီးသည် တဖြည်းဖြည်း ဖိသိပ်ခံရပြီး သေးငယ်သွားသည့်အခါ အဆင့် ၁၂ သိုင်းသမားငါးဦး၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အမူအရာတို့ ပေါ်လွင်လာသည်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ...။
အဆုံးစွန်အထိ ဖိသိပ်ခံထားရသော ရွှေရောင်အလင်းတန်းတို့မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တောက်ပလှသော ရွှေရောင်အလင်းတန်းတို့သည် ပုံရိပ်ငါးခုစလုံးကို အစအနမကျန် ဝါးမျိုပစ်လိုက်တော့သည်။
ငွေရောင်အလင်းတန်းတို့ ပျောက်ကွယ်သွားလေပြီ။
ဤပြင်းထန်လှသော ဆူညံသံသည် တိုက်ပွဲမြေပြင်ရှိ သိုင်းသမားအပေါင်း၏ အာရုံကို သံလိုက်ပမာ ဆွဲဆောင်သွားခဲ့သည်။
***