ထိုရွှေရောင်အလင်းလုံးကြီးသည် တစ်လှည့်စီ ကျုံ့လိုက် ပွလိုက် ဖြစ်နေကာ အသက်ရှိသတ္တဝါတစ်ဦး အသက် ရှူသွင်းရှူထုတ် ပြုလုပ်နေသကဲ့သို့ပင်။
ခဏအကြာတွင်မူ ထိုအလင်းလုံးကြီးသည် ပုံရိပ်ငါးခုကို အပြင်သို့ ပြန်လည်၍ ထွေးထုတ် လိုက်တော့သည်။
ထိုသူတို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ အစိတ်စိတ်အမွှာမွှာ ပျက်စီးနေကြချေပြီ။
အချို့မှာ ဦးခေါင်းပျောက်ကွယ်နေသကဲ့သို့ အချို့မှာမူ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံး အငွေ့ပျံသွားသည့်အလား ဘာမျှမကျန်ရှိတော့ပေ။
"အား... အား..."
စူးရှလှသော အော်ဟစ်သံနှင့်အတူ ဝိညာဉ်ပုံရိပ်ယောင် နှစ်ခုသည် ရွှေရောင်အလင်းတန်းထဲမှ အသက်လု၍ ပြေးထွက်လာကြသည်။
ထိုဝိညာဉ်နှစ်ခုစလုံး၏ မျက်နှာထက်တွင် အစွန်းကုန် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သို့သော် သူတို့၏ ဝိညာဉ်ခန္ဓာကိုယ် တစ်ဝက်ခန့်သာ အလင်းထဲမှ ရုန်းထွက်နိုင်သေးချိန်တွင် ဟန့်တားခြင်း ခံလိုက်ရပြန်သည်။
ရွှေရောင်အလင်းထဲမှ ပြင်းထန်လှသော စုပ်ယူမှုအားတစ်ခုသည် ထိုဝိညာဉ်နှစ်ခုကို အတွင်းသို့ အတင်းအဓမ္မ ပြန်လည်ဆွဲသွင်းသွားချေပြီ။
"ရှူး"
ကွင်းပြင်အတွင်းရှိ အညံ့ခံထားသူဖြစ်စေ မလျှော့သောဇွဲဖြင့် ခုခံနေသူဖြစ်စေ အားလုံးမှာ ထိုနေရာ၌ပင် မှင်သက်နေကြတော့သည်။
ဤတုန်လှုပ်ဖွယ် မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရချိန်တွင် လူတိုင်း မနေနိုင်ဘဲ ထိတ်လန့်ခြင်း အတိဖြင့် အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်မိကြသည်။
ကြီးမားလှသော ကြောက်ရွံ့မှုနှင့် အေးစိမ့်သော ခံစားချက်ကြီးသည် သူတို့၏ နှလုံးသားအောက်ခြေမှ မြစ်ဖျားခံကာ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
အားလုံးသည် အဆင့် ၁၂ အထွတ်အထိပ် သိုင်းသမားများ ဖြစ်ကြသည်။
သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် အကုန်အစင် ဇာတ်သိမ်းသွားရသည်။
ဝိညာဉ်တစ်ခုမျှပင် လွတ်မြောက်အောင် မပြေးနိုင်ခဲ့ပေ။
ထိုရွှေရောင်အလင်းလုံးအတွင်း၌ အဘယ်မျှ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးသတ္တဝါကြီး အောင်းနေ၍ ဤမျှ ရက်စက်နေရသနည်းဟု လူအပေါင်းက ထိတ်လန့်နေကြသည်။ သူတို့ မြင်လိုက်ရသည်မှာ အဆင့် ၁၂ သိုင်းသမားငါးဦး ရုတ်ချည်း သုတ်သင်ခံလိုက်ရခြင်းသာ ဖြစ်ပြီး အထဲတွင် မည်သူရှိနေသည်ကိုမူ တပ်အပ်မသိကြပေ။
အမှန်တရားကို သိမြင်သူ အနည်းငယ်သာ ရှိသည်။
ဥပမာအားဖြင့် ထိုနေရာသို့ အကြည့်ရောက်နေစဉ် စုပေါင်းတိုက်ခိုက်ရန် အခွင့်အရေး လက်လွတ်သွားသော သစ္စာဖောက်နှစ်ဦး နှင့် ဆာယာတို့ပင်။
ရွှေရောင်အလင်းတန်းတို့ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး လုရှန်၏ ပုံရိပ် ပေါ်ထွက်လာသည်အထိ ထိုသူတို့မှာ စက္ကန့်အတော်ကြာ မှင်သက်ကာ ရပ်နေမိကြသည်။
ထိုသစ္စာဖောက်နှစ်ဦးမှာ ပြင်းထန်စွာ တုန်ယင်သွားကြပြီးနောက် စကားတစ်ခွန်းမျှပင် မဟဝံ့တော့ဘဲ လှည့်ကာ အသက်လု ထွက်ပြေးကြတော့သည်။
ဆာယာမူကား ပါးစပ်ကြီး အဟောင်းသား ပွင့်လျက် ဘာမျှမပြောနိုင်ဘဲ ကြောင်အမ်းကာ စိုက်ကြည့်နေမိတော့သည်။
လုရှန်သည် တောက်လောင်နေသော ရွှေရောင်အလင်းတန်းများကြားမှ အေးအေးလူလူ လမ်းလျှောက်ထွက်လာသည်။
ယခုအခါ သူ၏ တစ်ကိုယ်လုံးသည် တောက်ပလှသော ရွှေရောင်အလင်းတန်းတို့ဖြင့် လွှမ်းခြုံထားရာ ကြယ်တာရာအတွင်းမှ ထွက်ပေါ်လာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။
ယခင် ကြယ်တာရာသိုင်းပြိုင်ပွဲတွင် လုရှန်၌ မသေမျိုးဆဲလ် ရှစ်သောင်းမျှသာ ရှိသေးသည်။ ထိုစဉ်က အဆင့် ၁၂ ပြိုင်ဘက်ကို ရင်ဆိုင်ရန် ဒုတိယအကြိမ် မသေမျိုးမီးတောက်ကို လောင်ကျွမ်းစေကာ ပင်မကြယ်တာရာကိုယ်ထည် ပုံစံသို့ ပြောင်းလဲ၍ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သော ကြယ်တာရာဆုပ်ကိုင်ခြင်းကို သုံးမှသာ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ၌မူ မသေမျိုးဆဲလ် အရေအတွက်မှာ သုံးသိန်းသုံးသောင်းအထိ ရှိနေပြီဖြစ်ရာ လုရှန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အတိတ်ကထက် အဆပေါင်းများစွာ သာလွန်မြင့်မားသွားခဲ့ပြီ ဖြစ်သည်။
မသေမျိုးဆဲလ်အရေအတွက်မှာ လေးဆကျော်မျှအထိ တိုးပွားလာခဲ့ပြီဖြစ်ရာ လုရှန်အဖို့ မသေမျိုးနတ်ဘုရားစွမ်းအားကို အစပျိုးလောင်ကျွမ်းစေလိုက်ရုံမျှဖြင့် အဆင့် ၁၂ သိုင်းသမားတို့အား အလွယ်တကူပင် နင်းခြေဖျက်ဆီးပစ်နိုင်ပြီ ဖြစ်သည်။
ဤသုတ်သင်ခြင်းလုပ်ငန်းစဉ်မှာ သူ့အတွက်မူ ဟင်းသီးဟင်းရွက် လှီးဖြတ်ရသည်ထက်ပင် သာ၍ လွယ်ကူချောမွေ့နေတော့သည်။
"ကျင့်ကြံမှုအဆင့် တစ်ခုလုံး ကွာခြားနေတဲ့ ပြိုင်ဘက်ကို အပြတ်အသတ် နှိမ်နင်းပြီး ပြိုင်ဘက်ကင်း ဖြစ်နေတယ်ဆိုတာ... ဒါက ပုံမှန်ပါပဲ ဟုတ်တယ်မလား"
လုရှန်သည် မိမိ၏ လက်ရှိစွမ်းအားအပေါ် အတော်လေး ကျေနပ်အားရနေမိသည်။
သူ ကွင်းပြင်တစ်ခုလုံးကို အကဲခတ်လိုက်သည်။
လုရှန်၏ ကိုယ်ထည်မှာ အနည်းငယ်မျှ လှုပ်ရှားသွားသည်။
နောက်တစ်စက္ကန့်၌မူ ပြင်းထန်စွာ တိုက်ခိုက်နေသော အဆင့် ၁၂ သိုင်းသမားတစ်ဦး၏ ဦးခေါင်းမှာ အကြောင်းရင်းမရှိဘဲ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။
လုရှန်သည် သူ၏လက်ကို အေးဆေးစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ရုတ်တရက် ပြိုင်ဘက်မဲ့သွားသဖြင့် မှင်သက်နေသော ဒေါင်းတန်ကို လှည့်ကြည့်လိုက်သည်။
ခေါင်းဆောင်ဒေါင်းတန်သည်လည်း အသိအမှတ်ပြုသည့်သဘောဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင်မူ လုရှန်သည် အေးစက်လှသော အကြည့်တို့ဖြင့် ပတ်ဝန်းကျင်တစ်ခွင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
သူ၏အကြည့်တို့၌ အံ့မခန်းဖွယ်ရာ စွမ်းအားတစ်ရပ် ကိန်းအောင်းနေပုံရသည်။
လုရှန်၏ အကြည့်ရောက်ရှိသွားရာ အရပ်တိုင်းတွင် လူသားတို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အသည်းအသန် နောက်ဆုတ်သွားကြတော့သည်။
သူ့အား ကြည့်ရသည်မှာ ဧရာမသဘာဝဘေးအန္တရာယ်ကြီးတစ်ခု မိမိတို့ဆီသို့ ရှေးရှုလာနေသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖရိုဖရဲဖြစ်နေသော တိုက်ပွဲမြေပြင်အလယ်၌ ဟာလာဟင်းလင်း ဖြစ်နေသော နယ်မြေကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
"ဒါ စိတ်ဝင်စားစရာပဲ"
တိုက်ပွဲမြေပြင်၏ အမြင့်ဆုံးအရပ်မှ အခြေအနေအရပ်ရပ်ကို ငုံ့ကြည့်နေသော ဆာလ်သည် ယခုအခါ သူ၏မျက်ဝန်းတို့အား အနည်းငယ်ကျဉ်းမြောင်းကာ လုရှန်အား စူးစိုက်ကြည့်နေသည်။
"ဒီအဖွဲ့ထဲမှာ ဒီလိုစွမ်းအားတွေကို ဖုံးကွယ်ထားတဲ့သူ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး။ ဒါက တကယ့်ကို အံ့အားသင့်စရာပဲ..."
သူသည် အဆင့် ၁၂ သိုင်းသမားငါးဦးကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်ချေပြီ။ ထိုသူတို့မှာ နိယာမကြယ်တာရာစနစ်တစ်ခုတည်းနှင့်သာ ပေါင်းစပ်ထားသည့် သာမန်အဆင့် ၁၂ များ ဖြစ်နေသော်လည်း စွမ်းအားမှာ အထင်သေး၍ရသည်တော့ မဟုတ်ပေ။
အဓိကအချက်မှာ တစ်ဖက်လူ ပြသနေသည့် ကျင့်ကြံမှုအဆင့်မှာ အဆင့် ၁၁ သာ ရှိသေးခြင်းပင်။
အဆင့် ၁၁ သိုင်းသမားတစ်ဦးက အဆင့် ၁၂ ပြိုင်ဘက်ငါးဦးကို စုပေါင်းတိုက်ခိုက်နေသည့်ကြားမှ နင်းခြေဖျက်ဆီးပစ်လိုက်သည်မှာ ကြောက်စရာကောင်းလှသည်။
ဆာလ်သည် ဝန်လေးနေသော်လည်း ဤမျက်နှာသစ်ပါရမီရှင်သည် သိုင်းပညာအရာတွင် သူ့ထက် များစွာ သာလွန်ထူးချွန်ကြောင်း ဝန်ခံလိုက်ရတော့သည်။
ကြယ်တာရာတစ်ပွင့်အလား တောက်ပလျက် ပြိုင်ဘက်ကင်းသော ဟန်ပန်ဖြင့် လှုပ်ရှားနေသည့် ထိုချောမောသော ပုံရိပ်ကို ကြည့်ရင်း ဆာလ်၏ နှလုံးသားအောက်ခြေမှ မနာလိုမှုတို့မှာ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
"သူ့ကို အတူတူ ဝိုင်းသတ်ကြစို့။ သတ်စမ်း..."
ဆာလ်သည် ဘက်ပြောင်းလာကြသော သစ္စာဖောက်များအား အေးစက်စက် အမိန့်ပေးလိုက်သည်။
ထိုအုပ်စုသည် ဆာလ်၏အမိန့်ကို နာခံလျက် မျက်လုံးများ အရောင်လက်သွားကြကာ လုရှန်ရှိရာအရပ်သို့ အဟုန်ဖြင့် ထိုးဆင်းသွားကြတော့သည်။
အဝိုင်းခံထားရသူများဘက်၌မူ လုရှန်၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် လူတိုင်း၏ စိတ်ဓာတ်မှာ များစွာ မြင့်တက်သွားခဲ့သည်။
"ဘုရားရေ... အဖွဲ့ထဲမှာ ဒီလို မိစ္ဆာကောင်ကြီး ပုန်းကွယ်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."
တိုက်ပွဲအတွင်း အသည်းအသန် ရုန်းကန်နေရသည့် လမ်းပြသူနှစ်ဦးမှာလည်း လုရှန်၏ စွမ်းအားပြမှုကို မြင်လိုက်ရချိန်တွင် အလွန် ဝမ်းသာအားရ ဖြစ်သွားကြသည်။
"ဒီကလေးရဲ့ စွမ်းအားက ငါတို့ထက်တောင် မနိမ့်ဘူး ထင်တယ်"
"သူ ရှိနေရင်တော့ သခင်ကြီး ဟိုင်ကျိ ရောက်လာတဲ့အထိ ငါတို့ ခံထားနိုင်လောက်တယ်လေ"
လမ်းပြသူတို့မှာ မိုက်မဲသူများ မဟုတ်ကြပေ။ ဆာလ်ပြောသမျှကို သူတို့ လုံးဝ မယုံကြည်ကြပေ။
မေ့လျော့ခြင်း သခင်ကြီးက အရိုးစုဓားသခင်၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်လိုက်ပြီဆိုသော ဆာလ်၏ စကားကို သူတို့ လုံးဝ လက်မခံကြပေ။
အရိုးစုဓားသခင်သည် လမ်းခရီး၌ တစ်စုံတစ်ခုကြောင့် နှောင့်နှေးနေခြင်းသာ ဖြစ်လိမ့်မည်ဟု သူတို့ ပို၍ ယုံကြည်ထားကြသည်။
ငါတို့သာ ကြံ့ကြံ့ခံထားနိုင်မယ်ဆိုရင်တော့ အလင်းရောင်ကို မြင်ရမှာ သေချာပါတယ်…။
ယခင်ကမူ သူတို့၏ စွမ်းအားမှာ နည်းပါးလွန်းလှသဖြင့် ကြံ့ကြံ့ခံနိုင်ရန် မျှော်လင့်ချက်မှာ အလွန်ပင် မှေးမှိန်ခဲ့ရသည်။
ယခုမူ လုရှန်၏ ပေါ်ထွက်လာမှုက ထိုမျှော်လင့်ချက်ကို များစွာ ခိုင်မာစေခဲ့ပြီ ဖြစ်သည်။
သို့သော် လမ်းပြသူနှစ်ဦးသည် ဝမ်းမြောက်မှုကို ခေတ္တမျှသာ ခံစားလိုက်ရသည်။ ဆာလ်သည် သစ္စာဖောက်အုပ်စုနှင့်အတူ ထူးဆန်းသော သားရဲကောင် အမြောက်အမြားကို လုရှန်ရှိရာသို့ စုပြုံစေလွှတ်လိုက်သည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
ဤမြင်ကွင်းမှာ ယခုလေးတင် တောက်လောင်စပြုနေသည့် မျှော်လင့်ချက်မီးပွားလေးကို ဝါးမျိုဖျက်ဆီးပစ်တော့မည့် အမှောင်ထုဒီရေလှိုင်းကြီး တစ်ခုနှင့်ပင် တူလှတော့သည်။
"မကောင်းတော့ဘူး..."
သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာတို့မှာ သိသိသာသာ ပျက်ယွင်းသွားကြပြီး လုရှန်အား အကူအညီပေးရန် အဟုန်ဖြင့် ပြေးထွက်ရန် ကြိုးစားကြသော်လည်း ပုံရိပ်တစ်ခုမှာ သူတို့၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိလာပြီး လမ်းကြောင်းကို ပိတ်ရပ်လိုက်သည်။
"ဂျွတ်... ဂျွတ်..."
ဆာလ်တစ်ယောက် သူ၏ ပခုံးနှင့် လည်ပင်းတို့အား ညင်သာစွာ ချိုးလိုက်ရာ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာသည်။
"ခင်ဗျားတို့နှစ်ယောက် ဘယ်ကို သွားမလို့လဲ…ကျွန်တော်နဲ့အတူ အပျော် ကစားရအောင်လေ ဘယ်လိုလဲ"
ဆာလ်သည် ပြုံး၍ ဆိုလိုက်သော်လည်း သူ၏ မျက်ဝန်းတို့မှာမူ မြွေဆိုးတစ်ကောင်ကဲ့သို့ အေးစက်စပြုနေပြီ ဖြစ်သည်။
***