လမ်းပြသူနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် မည်းမှောင်သွားကြသည်။
လုရှန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ မျှော်လင့်ချက်ကို ကိုယ်စားပြုသော ထိုရွှေရောင်ပုံရိပ်လေးမှာ အမှောင်ထုကြီး၏ ဝါးမျိုခြင်းကို အလျင်အမြန် ခံနေရသည်ကိုသာ မြင်တွေ့လိုက်ရသဖြင့် သူတို့၏ နှလုံးသားများမှာ အောက်ခြေသို့ ဆွဲချခံလိုက်ရသလို နစ်မြုပ်သွားတော့သည်။
"သောက်ကျိုးနည်း..."
သစ္စာဖောက် ရှစ်ဦး အညံ့ခံသူ တစ်ဒါဇင်ကျော်နှင့် မရေမတွက်နိုင်သော ထူးဆန်းသည့် သားရဲအုပ်ကြီး။
အဆင့် ၁၁ နှင့် အဆင့် ၁၂ သိုင်းသမားပေါင်းများစွာ…။
ကျယ်ပြောလှသော တိုက်ပွဲမြေပြင်၏ အင်အား သုံးပုံတစ်ပုံခန့်သည် လုရှန်အား ဝိုင်းရံချေမှုန်းရန် တစ်နေရာတည်းသို့ စုရုံးရောက်ရှိလာကြချေပြီ။
ဤမျှ ကြောက်စရာကောင်းသော အဟုန်ဖြင့်ဆိုပါက အဆင့် ၁၁ သိုင်းသမား မဆိုထားနှင့် နိယာမ ကြယ်တာရာစနစ် နှစ်ခုကို ပေါင်းစပ်ထားသည့် အဆင့် ၁၂ ပုဂ္ဂိုလ်ပင်လျှင် မျက်တောင်တစ်ခတ်အတွင်း အမှုန့်ဖြစ်သွားရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အဆင့် ၁၂ သိုင်းသမား လေးဆယ်ကျော်က တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည့် စွမ်းအင်ဖိအားကြောင့် လုရှန်ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာ ပြင်းထန်စွာ ချိုင့်ဝင်ပျက်စီးသွားတော့သည်။
အသည်းအသန် ခုခံနေကြသော သိုင်းသမားများမှာလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
အချို့မှာ အကူအညီပေးရန် ပြေးလာကြသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများကြောင့် ခြေလှမ်းများကို ပြန်လည်ရုပ်သိမ်းလိုက်ကြရသည်။
ဤသို့သော တိုက်ခိုက်မှုအောက်တွင် သူတို့ ဝင်ရောက်သွားလျှင်ပင် ရလဒ်မှာ ပြောင်းလဲသွားမည်မဟုတ်ဘဲ လုရှန်နှင့်အတူ သေရုံသာ ရှိလိမ့်မည်။
ဆာယာသည် အစောပိုင်းက မှင်သက်နေမှုမှ ရုတ်ခြည်းနိုးထလာပြီး လုရှန်ဟု အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်ရန် ကြိုးစားသော်လည်း သူ၏ စွမ်းအားမှာ အားနည်းလွန်းလှသဖြင့် အပြင်ဘက်ဆုံးရှိ စွမ်းအင်ဖိအား အတားအဆီးကိုပင် မကျော်ဖြတ်နိုင်ခဲ့ပေ။
သူသည် ဖန်သားပြင်အပြင်ဘက်၌ အသည်းအသန် ပတ်ပြေးနေရသည့် ပုရွက်ဆိတ်ငယ်လေးတစ်ကောင်အလား အကူအညီမဲ့နေရှာသည်။
ဒေါင်းတန်မှာလည်း အခြေအနေ သိပ်မထူးလှပေ။
သူသည် အဆင့် ၁၂ သိုင်းသမားဖြစ်သော်လည်း ထိုဖိအားစက်ကွင်းအတွင်း၌ အပေါက်ငယ်လေးတစ်ခုကိုသာ မနည်းဖွင့်နိုင်ခဲ့ပြီး အခြားအရပ်မှ ထွက်ပေါ်လာသော ထူးဆန်းသည့် သားရဲကောင်နှစ်ကောင်၏ ဝိုင်းရံမှုကို ခံလိုက်ရသဖြင့် မလွတ်မြောက်နိုင်တော့ပေ။
ထို့ကြောင့် သူတို့နှစ်ဦးမှာ အစွမ်းကုန် အားထုတ်ပါသော်လည်း အကူအညီမဲ့စွာဖြင့် ငေးကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများနှင့် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးများက လုရှန်အား ဝါးမျိုသွားသည်ကို သူတို့ ရင်နာစွာ ကြည့်နေခဲ့ကြရသည်။
လေထုထဲတွင်မူ သစ္စာဖောက်တို့၏ အောင်နိုင်သူအပြုံးများ အဆင့် ၁၂ သားရဲကောင်တို့၏ စူးရှလှသော ဟိန်းဟောက်သံများနှင့် ဒဏ်ရာရနေသော အဖော်တို့၏ အော်ဟစ်သံများဖြင့် ပြည့်နှက်နေတော့သည်။
ဤဆူညံသံများ အားလုံးသည် လူတိုင်း၏ နားထဲတွင် ရူးသွပ်မှု သေခြင်းတရားနှင့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ဖွဲ့သီထားသည့် တေးသွားတစ်ခုကို တီးခတ်နေသကဲ့သို့ပင်။
လုရှန်၏ ပုံရိပ်မှာ အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
လမ်းပြသူနှစ်ဦး အပါအဝင် လူတိုင်း၏ စိတ်ထဲ၌ ဝမ်းနည်းမှုလှိုင်းကြီး တစ်ခု ဖြတ်သန်းသွားတော့သည်။
နောင်တ ပူဆွေးမှုနှင့် ယခုလေးတင် ရရှိခဲ့သည့် မျှော်လင့်ချက်အလင်းတန်းလေး တစ်ဖန်ပြန်၍ ငြိမ်းသတ်ခံလိုက်ရသည့်အတွက် ဖြစ်ပေါ်လာသော မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်သည်။
လုရှန်၏ အရင်းနှီးဆုံး သူငယ်ချင်းများ ဖြစ်ကြသော ဆာယာနှင့် ဒေါင်းတန်တို့မှာမူ အခြားသူများထက် အဆပေါင်းများစွာ ပိုမို၍ စိတ်နှလုံး နာကျင်နေကြရရှာသည်။
"လု... လုရှန်..."
ဆာယာသည် ရင်ဘတ်အတွင်း၌ စူးစူးရှရှ နာကျင်မှုကို ခံစားနေရပြီး သူ၏ မျက်ဝန်းအစုံ၌ မျက်ရည်ပူများမှာ ဝဲတက်လာမိတော့သည်။
အခြားတစ်ဖက်၌မူ ဤအရာအားလုံးကို အကွက်ချစီစဉ်ခဲ့သူ ဆာလ်၏ မျက်နှာပေါ်တွင်မူ အလွန်တောက်ပသော အပြုံးတစ်ခု ပွင့်လန်းနေသည်။
သူသည် လူအပေါင်း၏ မျက်နှာပေါ်မှ ပူဆွေးမှုများကို ကြည့်ကာ အရာခပ်သိမ်းကို မိမိလက်ခုပ်ထဲတွင် ထိန်းချုပ်ထားနိုင်သည်ဟူသော အောင်မြင်မှုရသကို အပြည့်အဝ ခံစားနေခြင်း ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် တည်ငြိမ်လှသော အသံတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံမှာ တစ်ကွင်းလုံးရှိ ဆူညံသံများကို ဖုံးလွှမ်းသွားပြီး လူတိုင်း၏ နားစည်အတွင်း၌ ရှင်းလင်းပြတ်သားစွာ မြည်ဟည်းသွားတော့သည်။
"အရမ်း ဆူညံတာပဲ"
"လစ်လိုက်တော့"
"လစ်လိုက်တော့..."
နောက်ဆုံးစကားလုံး ဟိန်းထွက်သွားသည်နှင့် တစ်ပြိုင်နက် ကွင်းပြင်အတွင်းရှိ သိုင်းသမားအပေါင်းမှာ သူတို့၏ ဘဝသက်တမ်းတစ်လျှောက် မည်သည့်အခါမျှ မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရှိလိုက်ရတော့သည်။
ထူးဆန်းသော သားရဲကောင်များ စုပြုံတိုးဝှေ့နေသည့် အမှောင်ထုကြားမှ အလွန်တောက်ပလှသော အလင်းတန်းများ ထိုးဖောက်ထွက်ပေါ်လာသည်။ ထို့နောက် ကမ္ဘာပျက်သံကဲ့သို့သော ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲထွက်သွားလေသည်။
ထို့နောက်တွင်မူ အလွန်ကြီးမားခန့်ထည်ပြီး အရှိန်အဟုန်ဖြင့် ပြန့်ကားလာသော ရွှေဖြူရောင်ရောင် မီးလျှံကွင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
ဤမီးလျှံကွင်းကြီးမှာ အသံလှိုင်းများနှင့် ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော နင်းခြေဖျက်ဆီးနိုင်စွမ်းကို ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။
ဘုန်း…
မီးလျှံကွင်းကြီးမှာ တစ်စစနှင့် ဆက်လက်ပြန့်ကားလာနေသည်။ ၎င်း၏ ပြန့်ကားသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသမျှသော သိုင်းသမားများနှင့် သားရဲကောင်များအားလုံးမှာ ဧရာမဘီးကြီးတစ်ဘီး၏ နင်းချေခြင်းကို ခံလိုက်ရသလိုပင် ဖြစ်သွားကြသည်။
သူတို့၏ ခန္ဓာကိုယ်များမှာ တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အရိုးအဆစ်များ ကျိုးပဲ့ကုန်ကြပြီး ပြင်းထန်လှသော အလေးချိန်၏ တွန်းထုတ်မှုကြောင့် ဘေးသို့ လွင့်စင်သွားကြတော့သည်
ပင်လယ်ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော အမှိုက်ပုံကြီးအား ဧရာမလှိုင်းလုံးကြီးတစ်လုံးက ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သကဲ့သို့ပင်။
ဤမျှကျယ်ပြန့်၍ အားကောင်းလှသော စွမ်းအားအောက်တွင် သူတို့၏ ခန္ဓာကိုယ်များမှာ တောင့်တင်းသွားကြရရှာသည်။
မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး မျက်နှာထားများမှာ တင်းမာလျက် အဆိုပါ မီးလျှံကွင်းကြီး ထွက်ပေါ်လာရာအရပ်သို့ စူးစိုက်ကြည့်နေမိကြတော့သည်။
ပြင်းထန်လှသော လေတိုက်နှုန်းကြောင့် သူတို့၏ဆံပင်များမှာ ပါးပြင်နှင့် ဦးရေခွံတို့တွင် ကပ်ပါသွားတော့မတတ် ဖြစ်နေသော်လည်း မည်သည့်အရာကမျှ သူတို့၏ နှလုံးသားထဲတွင် အရှိန်အဟုန်ဖြင့် ပြန့်ကားလာနေသော အံ့ဩတုန်လှုပ်မှုကြီးကိုမူ မတားဆီးနိုင်ခဲ့ကြပေ။
အရာအားလုံးကို ကြိုးကိုင်ထိန်းချုပ်ထားသည်ဟု ယူဆထားသော ဆာလ်၏ မျက်နှာပေါ်မှ အပြုံးများမှာလည်း တဖြည်းဖြည်းနှင့် အေးခဲသွားသည်။
သူသည် ခေတ္တမျှ ကြောင်အမ်းသွားသကဲ့သို့ မီးလျှံကွင်းကြီး ပေါက်ကွဲထွက်လာသည့်နေရာကိုသာ စိုက်ကြည့်နေမိတော့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် လူတိုင်း၏ မျက်လုံးသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားကြရပြန်သည်။
ရွှေဖြူရောင်ရောင် ကြယ်တစ်ပွင့်ကဲ့သို့ ခန့်ညားတောက်ပလှသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ထိုသူမှာ လုရှန် ပင် ဖြစ်သည်။
လုရှန်သည် အသက် ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်နေသည်။
ယခုအချိန်တွင် သူသည် မသေမျိုးလမ်းစဉ်၏ ဒုတိယအဆင့်ဖြစ်သော ကြယ်တာရာလမ်းစဉ်၏ ပင်မ ကြယ်တာရာအဆင့် ပုံစံအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။
ခြောက်လအကြာတွင် ဤအခြေအနေထဲသို့ တစ်ကျော့ပြန် ရောက်ရှိလာခြင်းမှာ လုံးဝသစ်လွင်ပြီး အားကောင်းလှသော ခံစားချက်ကို ပေးစွမ်းနေသည်။သို့သော်လည်း လုရှန်ကမူ အစောပိုင်းက ထူးဆန်းသည့် အတွေ့အကြုံကိုသာ ဆက်လက်အရသာခံနေမိသည်။
တကယ်တမ်းတွင် လုရှန်ကိုယ်တိုင်ပင် သူ၏ ပေါ့ပေါ့ပါးပါး ဟိန်းဟောက်သံက ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ဒုတိယအဆင့် မသေမျိုးအခြေအနေထဲသို့ ဝင်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ မသေမျိုးဆဲလ် သုံးသိန်းသုံးသောင်း၏ စွမ်းအားအစိတ်အပိုင်း အနည်းငယ်ကိုသာ အသုံးချခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ အဆိုပါ စကားလုံး ထွက်လာသည့်အချိန်တွင် သူ၏ ဒန်ထျန်အတွင်းရှိ ဂြိုဟ်တစ်လုံးစာမျှ ကြီးမားလှသော ရွှေရောင်အမြုတေကြီးမှာလည်း လှုံ့ဆော်ခံလိုက်ရသည်။
၎င်းသည် ဧရာမစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး မသေမျိုး နတ်ဘုရားစွမ်းအားများနှင့် ပေါင်းစပ်သွားကာ နောက်ဆုံးတွင််မူ အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော ရွှေဖြူရောင် မီးလျှံအသံလှိုင်းကွင်းကြီးကို ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။
“ဒါက ငါ့အတိတ်ဘဝက သိုင်းဝတ္ထုတွေထဲက ခြင်္သေ့ဟိန်းသံ နဲ့ အတော်လေး တူတာပဲ”
သို့သော်လည်း ၎င်းမှာ ခြင်္သေ့ဟိန်းသံထက် အဆပေါင်း ဘီလီယံချီ၍ ပိုမိုစွမ်းအားကြီးမားလှပေသည်။ အစွမ်းထက်လှသော နတ်ဘုရား သိုင်းစွမ်းအား တစ်ခုဟု သေချာပေါက် ခေါ်ဆိုနိုင်ပေသည်။
ထို့အပြင် ဤသိုင်းစွမ်းအားမှာ မသေမျိုးလမ်းစဉ်နှင့် သိုင်းလမ်းစဉ်တို့ ပေါင်းစပ်ထားသည့် ရလဒ်လည်း ဖြစ်ပေရာ မှတ်သားလောက်စရာပင်။
"ကြည့်ရတာ ငါ့အတွေးက မှန်နေတာပဲ။ မသေမျိုးလမ်းစဉ်နဲ့ သိုင်းလမ်းစဉ် ပေါင်းစပ်တာက သာမန်ထက် အများကြီး ပိုပြီး ရှုပ်ထွေးနက်နဲတာပဲ"
လုရှန်သည် အလွန်တရာ ဝမ်းသာသွားပြီး မသေမျိုး သိုင်း ပေါင်းစပ်ခြင်း၏ အရုဏ်ဦးကို ခပ်ရေးရေး မြင်တွေ့လိုက်ရသလိုပင် ဖြစ်သွားသည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် မသေမျိုးဆဲလ် သုံးသိန်းသုံးသောင်း ရှိနေပြီဖြစ်သည်။
ထိုမသေမျိုးဆဲလ်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ သာမန်လှုပ်ရှားမှုလေးများကိုပင် အစွမ်းထက်သွားစေရန် လုံလောက်လှပေသည်။
အရာအားလုံးမှာ မယုံနိုင်လောက်အောင် အဆပေါင်းများစွာ ချဲ့ထွင်ခံလိုက်ရခြင်းပင်။ စကားတစ်လုံး ပြောလိုက်ခြင်း လှုပ်ရှားမှုတစ်ခု လုပ်လိုက်ခြင်း အသက်ကို ရှူသွင်းလိုက်ခြင်းတို့မှာအစ သာမန်လူသားတို့၏ သေစေနိုင်သော သိုင်းကွက်များနှင့် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။
စွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ထူးခြားဆန်းပြားသော သိုင်းစွမ်းရည်များမှာ အလိုအလျောက် ပေါ်ထွက်လာသည်ဟု ဆိုရပေမည်။
လုရှန်သည် စိတ်ကြည်လင်စွာဖြင့် ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်သည်။
ပတ်ပတ်လည်၌ ရွှေဖြူရောင်ရောင် အလင်းတန်းတစ်ခုမှာ လျှပ်စီးအလား ချက်ချင်း ပေါ်ထွက်လာတော့သည်။ အဆိုပါ အလင်းတန်းမှာ စစ်မြေပြင်တစ်ခုလုံးတွင် ဟိုဟိုဒီဒီ ပျံသန်းနေသည်။
သားရဲတစ်ကောင် သို့မဟုတ် သစ္စာဖောက် သိုင်းသမားတစ်ဦးဦး၏ ဘေးမှ ဖြတ်သန်းသွားတိုင်း သူတို့၏ ခန္ဓာကိုယ်များမှာ အပ်နှင့်ထိုးခံလိုက်ရသည့် ရေပူပေါင်းများပမာ တဖောက်ဖောက် မြည်သံများနှင့်အတူ ပေါက်ကွဲပျက်စီးသွားကြတော့သည်။
မျက်တောင်အနည်းငယ် ခတ်လိုက်ရုံမျှဖြင့် ကွင်းပြင်အတွင်းရှိ သစ္စာဖောက်အရေအတွက်မှာ ဆယ်ဂဏန်းခန့်အထိ လျင်မြန်စွာ လျော့နည်းသွားချေပြီ။
ယခုမှပင် ကျန်ရှိနေသူတို့၏ အမြင်မှာ လုံးဝဥဿုံ ပြောင်းလဲသွားကြတော့သည်။
အဆင့် ၁၂ သိုင်းသမားတစ်ဦးမှာ ဘယ်အချိန်ကစ၍ ဤမျှအထိ ပျော့ညံ့သွားရသနည်း။ မိမိကိုယ်မိမိ ကာကွယ်ရန်ပင် မည်သည့်စွမ်းရည်မျှ မရှိတော့ချေ။ သူတို့သည် ဟင်းသီးဟင်းရွက်များသဖွယ် အလွယ်တကူ အသတ်ခံနေကြရခြင်းပင် ဖြစ်သည်။
အဓိကအချက်မှာ သူတို့အား အမဲလိုက်နေသူမှာ အဆင့် ၁၁ သာ ရှိသေးသည့် လူသားတစ်ဦး ဖြစ်နေခြင်းပင်။
***