"သောက်ကျိုးနည်း..."
ဤအချိန်၌ မည်သည့်ဘက်တော်သားပင် ဖြစ်ပါစေ လူတိုင်း၏ စိတ်ထဲတွင် ဤစကားလုံးတစ်လုံးတည်းသာ ပဲ့တင်ထပ်နေတော့သည်။ အံ့ဩတုန်လှုပ်ဆုံးသူ နှစ်ဦးမှာမူ ဆာယာနှင့် ဒေါင်းတန်တို့ပင် ဖြစ်သည်။
အဖွဲ့အတွင်း လုရှန်နှင့် အနီးကပ်ဆုံး ရှိနေသော အဖော်များအနေဖြင့် လုရှန်တစ်ယောက် အဆင့် ၁၂ သိုင်းသမားများနှင့် သားရဲများကို မြက်ရိတ်သကဲ့သို့ အလွယ်တကူ သုတ်သင်နေသည်ကို မြင်လိုက်ရချိန်တွင် သူတို့နှစ်ဦးစလုံးမှာ ကြောင်အမ်းကာ ကျန်ရစ်နေခဲ့ကြရသည်။
တစ်ခဏမျှတွင်မူ သူတို့သည် ဤယာဉ်ပျံပေါ် စတင်တက်ရောက်ခဲ့ကတည်းက ဖြစ်ပျက်သမျှမှာ အိပ်မက်တစ်ခုများလားဟုပင် သံသယဝင်မိသွားကြရှာသည်။
"သောက်ကျိုးနည်း.သောက်ကျိုးနည်း..."
အရာအားလုံးအား လက်ခုပ်ထဲမှ ရေပမာ ထိန်းချုပ်ထားသည်ဟု ယုံကြည်နေသော ဆာလ်မှာလည်း လုရှန် ပြသလိုက်သည့် စွမ်းအားကြောင့် ထိတ်လန့်သွားပြီး သူ၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားတော့သည်။
ဤအခြေအနေကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ချောမောပြေပြစ်နေသော အစီအစဉ်ကြီးမှာ အစအနမသိသော အဆင့် ၁၁ ရန်သူတစ်ဦးကြောင့် ပျက်စီးသွားရခြင်းပင်။
ယခုအချိန်အထိ သူ၏ သစ္စာဖောက်များနှင့် သားရဲကောင်များ သေဆုံးမှုမှာ မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုများပြားနေပြီ ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အစီအစဉ်အတိုင်း အောင်မြင်ခဲ့လျှင်ပင် သူ ပြန်ရောက်သည့်အခါ မိဘများထံမှ ပြင်းထန်စွာ အပြစ်ပေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထိုအရာကို တွေးမိသည်နှင့် ဆာလ်၏ မျက်လုံးထဲမှ လိမ္မော်ရောင် မီးတောက်များမှာ ချက်ချင်း ဟုန်းခနဲ တောက်လောင်လာတော့သည်။
"သေစမ်း... သူ သေကို သေရမယ်..."
မျက်တောင်တစ်ခတ်အတွင်း ဆာလ်၏ ခန္ဓာကိုယ်မှ နီရဲသော စွမ်းအင်များ ထွက်ပေါ်လာသည်။ အဆိုပါ စွမ်းအင်များမှာ သူ၏ ပတ်လည်တွင် လည်ပတ်စုစည်းသွားပြီး တောက်ပလှသော လိမ္မော်ရောင် နက်ဗျူလာပုံစံတစ်ခု ဖြစ်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် ဆာလ်၏ ခန္ဓာကိုယ်၌ တောက်ပသော ငွေရောင်အလင်းတန်း ငါးခု ပေါ်ထွက်လာတော့သည်။
နဂါးငွေ့တန်း နိယာမငါးသွယ် ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ခြင်း…။
ဤနိယာမငါးခု ပေါ်လာသည်နှင့် ဆာလ်၏ စွမ်းအင်အရှိန်အဝါမှာ ယခင်က တစ်ခါမျှ မရှိဖူးသော အထွတ်အထိပ်အဆင့်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
သူ၏ ပတ်လည်မှ လိမ္မော်ရောင် နက်ဗျူလာမှာ မီးတောက်များ ထွက်လာတော့မတတ် အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားတစ်ခုမှာ ဆာလ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကို လွင့်ထွက်သွားစေတော့သည်။ သူ ရှိနေသော ဟင်းလင်းပြင်မှာ ဖန်သားများ အရည်ပျော်ကျနေသကဲ့သို့ပင် ပုံပျက်လျက် ရှိနေတော့သည်။
"ဘုန်း..."
ပြင်းထန်လှသော စိတ်စွမ်းအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကွင်းပြင်ထဲတွင် တရိပ်ရိပ် ပြေးလွှားနေသော ရွှေဖြူရောင်ရောင် အလင်းတန်းကို အသေအချာ ပစ်မှတ်ထားလိုက်သည်။
လမ်းပြသူနှစ်ဦး၏ မျက်နှာများမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူတို့ရှေ့မှ ဆာလ်ကို ကြည့်ကာ မနေနိုင်ဘဲ ဝေးရာအရပ်သို့ အလျင်အမြန် နောက်ဆုတ်လိုက်ကြရသည်။
ယခင်က ဆာလ်သည် သူတို့အား အားကောင်းပြီး ပြိုင်ဘက်ကင်းသည်ဟူသော ခံစားချက်ကို ပေးခဲ့လျှင် ယခု ဆာလ်ထံမှ သူတို့ ရရှိလိုက်သော ခံစားချက်မှာ "အနားကပ်လျှင် သေလိမ့်မည်" ဟူသော အသိပင် ဖြစ်သည်။
ယခင်ကထက် အနည်းဆုံး သုံးဆခန့် ပိုမိုသန်စွမ်းနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဆာလ်၏ အစစ်အမှန် စွမ်းအားပေလော။
သူတို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြသည်။
ရွှေဖြူရောင်ရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားသော လုရှန်ကို ကြည့်ရင်း သူတို့သည် လုရှန်၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို အလွန်ယုံကြည်ခဲ့ကြသော်လည်း ယခု ဆာလ်၏ စွမ်းအားအပြည့်အဝကို မြင်လိုက်ရချိန်တွင်မူ စိုးရိမ်ပူပန်မှုတို့ ပြန်လည်ဝင်ရောက်လာပြန်သည်။
"သူ... ဆာလ်ကို ဒီလို အခြေအနေမျိုးမှာ တားဆီးနိုင်ပါ့မလား"
မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီးမှာ အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"တားမနိုင်ရင်တောင် ခဏလောက် အချိန်ဆွဲထားနိုင်ရင် မဆိုးပါဘူး။ အဲဒီအချိန်ကျရင် သခင်ကြီး ဟိုင်ကျိ ရောက်လာနိုင်တာပဲ"
"အဲဒီလိုပဲ မျှော်လင့်ရမှာပဲ"
တင်းကြပ်သော မျက်နှာနှင့် လူလတ်ပိုင်းအမျိုးသားက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
သူ အသက်ရှူထုတ်လိုက်သည့် အချိန်လေးအတွင်းမှာပင် သူ၏ အမြင်အာရုံထဲမှ ဆာလ်မှာ ပျောက်ကွယ်သွားလေပြီ။
သူသည် လုရှန် ပြောင်းလဲထားသော ရွှေဖြူရောင်အလင်းတန်း၏ လမ်းကြောင်းပေါ်တွင် ပြန်လည်ပေါ်လာပြီး ပိတ်ဆို့လိုက်လေသည်။ ထိုနှစ်ဦးကြားမှ ထိပ်တိုက်တွေ့ဆုံမှုမှာ ပေါက်ကွဲထွက်တော့မည်သာ ဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ အာရုံမှာ ထိုနေရာသို့သာ စုပြုံရောက်ရှိသွားကြလေတော့သည်။
ဆာလ်သည် လိမ္မော်နီရောင် နက်ဗျူလာ ကြယ်တိမ်တိုက်ကြီးတစ်ခုအလား လုရှန် အသွင်ပြောင်းထားသော ရွှေဖြူရောင်အလင်းတန်း၏ လမ်းကြောင်းပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်တွင်းသို့ နိယာမကြယ်တာရာစနစ် ငါးခုအထိ ပို့ဆောင်ထားနိုင်သော ဆာလ်သည် သူ၏စွမ်းအားကို အစွမ်းကုန်ထုတ်ဖော်ထားရာ သူ၏ ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်စက်ကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
ဤစွမ်းအင်စက်ကွင်းအနီးသို့ ချဉ်းကပ်မိသူတိုင်းမှာ မိမိကိုယ်ကို မထိန်းနိုင်ဘဲ လွင့်ထွက်သွားကြရသည်။ အဆင့် ၁၂ အားကောင်းသူများပင်လျှင် မရှောင်လွှဲနိုင်ကြပေ။
ယခုအခါ ဤစွမ်းအင်စက်ကွင်းသည် မမြင်ရသော ခိုင်မာသည့်တံတိုင်းကြီးတစ်ခုအလား ရွှေဖြူရောင်အလင်းတန်းကို အသေအချာ ပိတ်ဆို့ထားလေသည်။
"မင်းလည်း ငါနဲ့ အဆင့်တူလောက်ပါပဲ"
ဆာလ်၏ လိမ္မော်ရောင်ဆံပင်များမှာ မီးတောက်များကဲ့သို့ လွင့်ပျံနေပြီး သူ၏ရုပ်သွင်မှာ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
သူသည် ရေထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်ကဲ့သို့ လျှင်မြန်လှသည့် ရွှေဖြူရောင်အလင်းတန်းကို ရက်စက်စွာ ဖမ်းအုပ်လိုက်သည်။
"မင်း ဆော့လို့ ဝပြီလား"
သူ၏ လက်သည်းများဖြင့် ကုတ်ခြစ်လိုက်ချိန်တွင် ဆာလ်ပတ်ဝန်းကျင်ရှိ လိမ္မော်ရောင် နက်ဗျူလာများမှာလည်း တရိပ်ရိပ် စီးဆင်းလာတော့သည်။
တိုက်ခိုက်လိုစိတ်များမှာ သူ၏လက်ဖဝါးထဲတွင် စုစည်းသွားပြီး ယခင်ကထက် ပိုမိုရင့်မှောင်သော အရောင်အဖြစ် ပြောင်းလဲသွားသည်။
အလွန်အမင်း သိပ်သည်းလှသော စွမ်းအင်များကြောင့် ဟင်းလင်းပြင်ကြီးမှာ တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အက်ကွဲကြောင်းများပင် ထင်ကျန်ခဲ့ရသည်။
သို့သော်လည်း ရွှေဖြူရောင်အလင်းတန်းမှာ ငါးတစ်ကောင်ကဲ့သို့ပင် ဆာလ်၏လက်သည်းများကြားမှ လျှောထွက်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် တိုက်ပွဲမြေပြင်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားပြီး အဆင့် ၁၂ ဂြိုဟ်သားသားရဲကောင်တစ်ကောင်၏ ဦးခေါင်းကို ရိုက်ခွဲပစ်လိုက်ပြန်သည်။
"ဟွန့်..."
ဆာလ်၏ တိုက်ကွက်မှာ လွဲချော်သွားသဖြင့် သူ၏မျက်လုံးများအတွင်း ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။
သူ အနောက်မှ အလျင်အမြန် လိုက်လံတိုက်ခိုက်တော့သည်။
သို့သော်လည်း ရွှေဖြူရောင်အလင်းတန်း၏ အမြန်နှုန်းမှာ သူထက် အမြဲ တစ်ကြိမ်စောနေခဲ့သည်။
ဆာလ် လှုပ်ရှားလိုက်တိုင်း ရွှေဖြူရောင်အလင်းတန်းမှာ သူထက်အရင် လွတ်မြောက်သွားပြီး ကွင်းပြင်ထဲရှိ ဂြိုဟ်သားသားရဲကောင်များကိုသာ ဆက်လက်သုတ်သင်နေခဲ့သည်။
ဤသို့ဖြင့် သူတို့နှစ်ဦးမှာ တစ်ယောက်ကပြေး တစ်ယောက်ကလိုက်နှင့် အသည်းအသန် အားပြိုင်နေကြတော့သည်။ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှသဖြင့် သာမန်အဆင့် ၁၂ ကျင့်ကြံသူများမှာ သာမန်မျက်စိဖြင့်ပင် မမြင်နိုင်တော့ဘဲ စိတ်စွမ်းအားဖြင့်ပင် လိမ္မော်နီရောင်နှင့် ရွှေဖြူရောင်ရောင် အလင်းတန်းနှစ်ခု တစ်ခုကိုတစ်ခု လိုက်လံတိုက်ခိုက်နေကြသည်ကို ခပ်ဝါးဝါးသာ မြင်နိုင်ကြတော့သည်။
သူတို့နှစ်ဦး မည်သည့်နေရာသို့ ရောက်နေသည်ကို သိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဂြိုဟ်သားသားရဲကောင်များ တဖြုတ်ဖြုတ် လဲကျသေဆုံးနေခြင်းကို ကြည့်ခြင်းသာ ဖြစ်သည်။
အလင်းတန်းနှစ်ခု ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အဆင့် ၁၁ ဖြစ်စေ ၁၂ ဖြစ်စေ ဂြိုဟ်သားသားရဲကောင်ဖြစ်စေ သိုင်းသမားဖြစ်စေ အကုန်လုံးမှာ ထိခိုက်မှုဒဏ်ကို ခံကြရသည်။
၎င်းမှာ အရှိန်အပြည့်ဖြင့် မောင်းနှင်နေသော ယာဉ်ပျံတစ်စင်းနှင့် ထိပ်တိုက်တိုက်မိလိုက်သလိုပင် ဖြစ်သည်။
အရာအားလုံးမှာ အမှုန့်ဖြစ်အောင် ကြေမွသွားရပြီး ဝိညာဉ်ပင် မကျန်ရစ်တော့ချေ။
တဖြည်းဖြည်းနှင့် တိုက်ပွဲမြေပြင်ကို ဖုံးလွှမ်းထားသော သေခြင်းတရား အငွေ့အသက်များနှင့် မျှော်လင့်ချက်မဲ့မှု မြူထုကြီးမှာ တဖြည်းဖြည်း လွင့်စင်သွားတော့သည်။
သားရဲကောင်များနှင့် လူသားများ၏ အခြေအနေမှာ လုံးဝပြောင်းလဲသွားလေပြီ။ ယခုအခါတွင်မူ ဆာလ်ထံတွင် သစ္စာခံထားသူများမှာ ကြောက်ရွံ့မှုဒဏ်ကို စတင်ခံစားနေကြရပြီ ဖြစ်သည်။
"မလုပ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့... ငါက လူသားပါ ငါ မင်းကို သစ္စာမဖောက်ခဲ့ပါဘူး..."
အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံနှင့် အဆင့် ၁၂ သိုင်းသမားတစ်ယောက်မှာ တဖျပ်ဖျပ် လင်းလက်နေသော ရွှေဖြူရောင်အလင်းတန်းကို ရင်ဆိုင်ရချိန်တွင် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူ၏စွမ်းအားမှာ မနည်းလှပေ။ နိယာမကြယ်တာရာစနစ်တစ်ခုကို ခန္ဓာကိုယ်တွင်းသို့ လုံးဝပို့ဆောင်ထားနိုင်ပြီး ဒုတိယမြောက်နိယာမမှာလည်း ပေါ်ထွက်လာတော့မည့် အခြေအနေတွင် ရှိသည်။ သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း သာမန်အဆင့် ၁၂ ထက် များစွာပိုမိုသာလွန်လှသည်။
သို့သော်လည်း သူ၏ရှေ့တွင် နိယာမကြယ်တာရာစနစ်နှစ်ခုကို အကာအကွယ်အဖြစ် ထားရှိပြီး အဆင့် ၁၂ သတ္တုနှင့် ပြုလုပ်ထားသော ဓားကြီးကို ရင်ဘတ်တွင် ကာထားသော်လည်း ရွှေဖြူရောင်အလင်းတန်း တစ်ချက်ဖြတ်သန်းသွားချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ကြွေထည်မြေထည်များကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
သိုင်းဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ခေါင်းပြူရုံသာ ရှိသေးသော်လည်း ရွှေဖြူရောင်အလင်းတန်း၏ စုပ်ယူခြင်းကို ခံလိုက်ရရှာသည်။
ဤမြင်ကွင်းကြောင့် ကျန်ရှိနေသော သူများမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြရပြီး လူအများအပြားမှာ တံတွေးကို ခက်ခဲစွာ မျိုချနေကြရသည်။
ဤသို့ အချိန်မရွေးသေနိုင်သည်ဟူသော စိုးရိမ်စိတ်မှာ အမှန်ပင် ဆိုးရွားလှသည်။
လမ်းပြသူနှစ်ဦး ဦးဆောင်သော လူသားအင်အားစုများအတွက်မူ အခြေအနေမှာ များစွာကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
လူတိုင်းမှာ ကိုယ့်အသက်ကိုပင် မနည်းလုနေရသဖြင့် မည်သူမျှ တိုက်ခိုက်ရန်ပင် မတွေးနိုင်ကြတော့ပေ။ ဂြိုဟ်သားသားရဲကောင်များပင်လျှင် အတော်လေး ငြိမ်ကျသွားကြသည်။
အဆင့် ၁၂ ခေါင်းဆောင်အဆင့် သားရဲကောင်များ အစုလိုက်အပြုံလိုက် သေဆုံးသွားခြင်းက သားရဲဒီရေလှိုင်းကြီးကို အကြီးအကျယ် နောက်ဆုတ်သွားစေခဲ့သည်။
အသိဉာဏ်မဲ့လှသော သားရဲတိရစ္ဆာန်များပင်လျှင် အသက်ဘေးနှင့် ကြုံလာရပါက အလိုအလျောက် တုံ့ပြန်တတ်ကြသည်သာ ဖြစ်ရာ သူတို့သည်လည်း အကျိုးမဲ့ သေဆုံးရမည့် လမ်းကို မရွေးချယ်လိုကြတော့ပေ။
မကြာခင် သေရတော့မည်ဟု ယူဆထားသော မျှော်လင့်ချက်မဲ့ အခြေအနေမှာ လုရှန်ဟူသော လူတစ်ယောက်ကြောင့် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ချေပြီ။
***