"အရမ်းကောင်းတယ် ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သခင်ကြီး ဟိုင်ကျိ ရောက်လာတဲ့အထိ ငါတို့ ကြံ့ကြံ့ခံနိုင်မှာ သေချာတယ်..."
အေးစက်စက် လမ်းပြသူ၏ မျက်လုံးများတွင် မျှော်လင့်ချက်အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်လာသည်။
သို့သော်လည်း သူ၏ဘေးမှ မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီးမှာမူ ထိုမျှ စိတ်မချနိုင်သေးဘဲ တစ်စုံတစ်ရာကို စိုးရိမ်နေသည့်အလား မျက်မှောင်ကြုတ်လျက် ရှိနေလေသည်။
"ဒေါင်းတန်... ဒေါင်းတန် မင်း မြင်လိုက်လား… အဲဒါ လုရှန်လေ ငါတို့သိတဲ့ လုရှန်ကြီး..."
ကွင်းပြင်၏ တစ်နေရာတွင် ဆာယာနှင့် ဒေါင်းတန်တို့ အတူတူ ရပ်နေကြပြီး ဆာယာ၏ မျက်နှာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် နီမြန်းနေတော့သည်။
သူ၏ဘေးမှ ဒေါင်းတန်မှာမူ လက်သီးဆုပ်ခန့်ရှိသော မျက်လုံးကြီးများဖြင့် ကွင်းပြင်ကို စူးစိုက်ကြည့်နေသည်။
"ဆောရီးပဲ ဆာယာ လုရှန်က မြန်လွန်းလို့ ငါ တကယ်ကို မမြင်ရဘူး"
ဆာယာသည် ဒေါင်းတန်၏ အဖြေကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
အေးအေးဆေးဆေးနှင့် စကားနည်းလှသော လုရှန်မှာ ဤမျှအထိ စွမ်းအားကြီးလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
အဆင့် ၁၁ သာ ရှိသေးသော်လည်း သူ၏စွမ်းအားမှာ ကျိုးကြောင်းဆီလျော်မှု မရှိလောက်အောင်ပင် မြင့်မားလွန်းလှသည်။
အဆင့် ၁၂ သတ္တဝါများကို ကြက်ကလေး ငှက်ကလေးသဖွယ် အလွယ်တကူ သတ်ဖြတ်နိုင်ရုံတင်မကဘဲ နိယာမငါးခု ပိုင်ဆိုင်ထားသော ဆာလ်ပင် သူ့နောက်သို့ ခွေးတစ်ကောင်ပမာ တကောက်ကောက် လိုက်နေရသည် မဟုတ်ပါလား။
"ဒါက ငါ့ဘဝမှာ မြင်ဖူးသမျှ အစွမ်းအထက်ဆုံး ပါရမီရှင်ပဲ... အချိန်တစ်ခု ရလာရင် လုရှန်က ဂလက်ဆီတစ်ခုလုံးကို တုန်လှုပ်စေမယ့် စူပါလူကြီး ဖြစ်လာမှာ သေချာတယ်။ အဲဒီအချိန်ကျရင် သူနဲ့အတူ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ဖူးတဲ့ ငါ့ရဲ့ အဆင့်အတန်းကလည်း..."
သူတို့၏ လူမှုအဆင့်အတန်းမှာလည်း လိုက်ပါမြင့်တက်လာတော့မည် မဟုတ်ပါလား။
"ငါ့မိသားစုထဲက ဘယ်သူက ငါ့ကို အထင်သေးရဲသေးလဲ ကြည့်ကြသေးတာပေါ့ ဟားဟားဟား"
ဆာယာသည် လုရှန်၏ ခြေထောက်ကို မည်သို့ မြဲမြဲဆုပ်ကိုင်ရမည်ကို စိတ်ကူးယဉ်နေရင်းမှပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဒီတစ်ခါ ပြန်ရောက်ရင်တော့ ဒီနေရာကို လာဖို့ အကြံပေးခဲ့တဲ့ ဗေဒင်ဆရာကို သေချာပေါက် သွားရှာပြီး ကျေးဇူးတင်ရမယ်"
ဗေဒင်ဆိုသည်မှာ အလိမ်အညာများသာ ဖြစ်သည်ဟု မည်သူပြောသနည်း။ ယခုမူ အတိအကျ မှန်ကန်နေသည် မဟုတ်ပါလား။
ဆာယာတစ်ယောက် ပျော်ရွှင်စွာ စိတ်ကူးယဉ်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို နက်ဗျူလာမုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လှသော လူသတ်လိုသည့် အငွေ့အသက်များမှာ သူ့အပေါ်သို့ ကျရောက်လာတော့သည်။
ရုတ်တရက် ကျရောက်လာသော ဤလူသတ်ငွေ့များကြောင့် ဆာယာ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာရသည်။
သူ ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်ရာ ဒေါသနှင့် ရက်စက်မှုများ ပြည့်နှက်နေသော လိမ္မော်ရောင် မျက်လုံးတစ်စုံနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရတော့သည်။
"ဆာ... ဆာလ်..."
ဆာယာသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။ သူ့စိတ်ထဲ၌မူ ဆဲရေးတိုင်းထွာမှုပေါင်း များစွာ ပေါ်ပေါက်နေတော့သည်။
"ဆာလ်က လုရှန်ကို လိုက်နေတာ မဟုတ်ဘူးလား… ဘာလို့ အခု ရုတ်တရက် ငါ့ဘက်ကို လှည့်ကြည့်နေရတာလဲ… ဒါက မတရားဘူးလေ... နေဦး... ဆာလ်က တစ်ခုခုကို ကြံစည်နေတာလား"
ရုတ်တရက် ဖြစ်နိုင်ခြေတစ်ခု ဆာယာ၏ စိတ်ထဲသို့ ဝင်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ချောမောသော မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူရော်သွားပြီး မေးရိုးများပင် တဆတ်ဆတ် တုန်ယင်လာတော့သည်။
"ငါ တကယ်ပဲ ဒီလောက်တောင် ကံဆိုးရမှာလား"
ဆာလ်သည် ရွှေဖြူရောင်အလင်းတန်းထံမှ သူ၏အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။
သူ၏ နားထင်မှ သွေးကြောများမှာ တဆတ်ဆတ် တုန်နေတော့သည်။ သူ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ သူ၏ ရင်တွင်းမှ ဒေါသများမှာ တဖြည်းဖြည်း ငြိမ်ကျသွားပြီး သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။
"သတ်စမ်း... ဆက်သတ်နေလိုက်စမ်း"
ဆာလ် သူ၏ လက်ကောက်ဝတ်ကို ချိုးလိုက်ရာ အရိုးသံများ မြည်သွားသည်။ သူသည် ဟင်းလင်းပြင်ကို ခြေလှမ်းလှမ်းကာ ဆင်းသက်လိုက်ပြီး ကွင်းပြင်ထဲ၌ ဟိုဟိုဒီဒီ ပြေးလွှားသတ်ဖြတ်နေသော ရွှေဖြူရောင်အလင်းတန်းကို ဂရုမစိုက်တော့ပေ။
"မင်း သူတို့ကို မြန်မြန်သတ်နိုင်တာကို ငါ တွေ့ပါတယ်။ ဒါပေမဲ့... ငါက ပိုပြီး မြန်မြန် သတ်နိုင်တယ်..."
စကားအဆုံးတွင် ဆာလ်၏ မျက်လုံးများအတွင်း ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်သွားသည်။
သူသည် လျှင်မြန်လှသော လှုပ်ရှားမှုဖြင့် သူ၏ရှေ့ မနီးမဝေးတွင် ရှိနေသော ကြောက်လန့်တုန်လှုပ်နေသည့် ဆာယာထံသို့ ဖမ်းအုပ်လိုက်လေတော့သည်။ ထိုဟန်ပန်မှာ သိုးခြံထဲမှ သိုးငယ်လေးများကို သတ်ဖြတ်ရန် ဓားကို ကိုင်မြှောက်လိုက်သော ရက်စက်သည့် သားသတ်သမားတစ်ယောက်နှင့် အလားသဏ္ဌာန် တူနေတော့သည်။
ထိုအရာမှာ ဆာလ် စဉ်းစားလိုက်သော နည်းလမ်းပင် ဖြစ်သည်။
လုရှန်အား သူ မမီနိုင်မည့်အတူတူ အတင်းအဓမ္မ ဖိအားပေးကာ ကိုယ်တိုင် လာအောင် လုပ်ရုံသာ ရှိတော့သည် မဟုတ်ပါလား။
"ဘန်း..."
အဆင့် ၁၁ သိုင်းသမား တစ်ယောက်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
သူ၏ သိုင်းဝိညာဉ်မှာ ပျက်စီးသွားသော ခန္ဓာကိုယ်ထဲမှ အသက်လု၍ ထွက်ပြေးလာနိုင်ရုံသာ ရှိသေးသော်လည်း ဆာလ်ကမူ သားကောင်ကို ဖမ်းဆုပ်သည့် သိမ်းငှက်ပမာ လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်လေပြီ။
"ဟင်"
ဆာလ်သည် ကြောက်လန့်တုန်လှုပ်နေသော သိုင်းဝိညာဉ်ကို ဆုပ်ကိုင်ထားရင်း ဘေးဘက်သို့ အေးစက်စွာ လှည့်ကြည့်လိုက်သည်။
ရွှေဖြူရောင်ရောင် အလင်းတန်းမှာမူ ထူးဆန်းသော သားရဲကောင်များကြားတွင် လွတ်လပ်စွာ ဟိုဟိုဒီဒီ ပျံသန်းလျက် မဆင်မခြင် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။
သူ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင်မူ သွေးကွက်များနှင့် အသားစများမှာ နေရာအနှံ့ ပြန့်ကျဲကျန်ရစ်ခဲ့သည်။
သူ၏ မျက်နှာမှာ ချက်ချင်းပင် ရေခဲအလား အေးစက်သွားကာ လက်ထဲမှ ဝိညာဉ်၏ သနားစဖွယ် တောင်းပန်တိုးလျှိုးနေမှုများကို အလျဉ်းဂရုမစိုက်ဘဲ အလင်းမှုန်များအဖြစ် လွင့်စင်သွားအောင် တိုက်ရိုက်ပင် ညှစ်ခြေပစ်လိုက်တော့သည်။
ဆာလ်သည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ နောက်ထပ် ပစ်မှတ်တစ်ခုဆီသို့ ချက်ချင်းပင် ခုန်အုပ်လိုက်ပြန်သည်။
ယခုအခါ ကွင်းပြင်အတွင်းရှိ လူသားသိုင်းသမားများမှာ ဆာလ်၏ ရက်စက်လှသော ရည်ရွယ်ချက်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြလေပြီ။
သူသည် လုရှန်ကို အမီမလိုက်နိုင်တော့သဖြင့် သူတို့အပေါ်တွင် အငြိုးအတေးကို ပုံချရန် ဆုံးဖြတ်လိုက်ခြင်းပင်။
"ပြေးကြ..."
လူတစ်ယောက်၏ ဟစ်အော်သံနှင့်အတူ ကျန်ရှိနေသော လူသားသိုင်းသမားများမှာ အုပ်စုကွဲကာ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြတော့သည်။ သို့သော် ဤကျယ်ပြောလှသော စစ်မြေပြင်တွင် ထူးဆန်းသော သားရဲကောင်များမှာ လောက်ကောင်များပမာ ပြည့်နှက်နေသဖြင့် သူတို့ ပုန်းအောင်းရန် နေရာမှာ အလွန်ပင် ရှားပါးလှပေသည်။
သူတို့မှာ ဆာလ်၏ လိုက်လံဖမ်းဆီးခြင်းကို ခံကြရပြီး တစ်ဦးပြီးတစ်ဦး ရက်ရက်စက်စက် အသတ်ခံနေကြရရှာသည်။
"ဒုက္ခပဲ"
မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီး လမ်းပြသူ၏ မျက်နှာမှာ အလွန်ပင် အကျည်းတန်နေတော့သည်။
သူ အကြောက်ဆုံးသော အခြေအနေမှာ နောက်ဆုံးတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့လေပြီ။ နိယာမ ကြယ်တာရာစနစ် ငါးခုကို ခန္ဓာကိုယ်အတွင်းသို့ ပို့ဆောင်ထားသော ဆာလ်အား မည်သည့်လူသားသိုင်းသမားကမျှ ယှဉ်နိုင်စွမ်း မရှိကြပေ။
ဂြိုဟ်သားသားရဲကောင်များထဲမှ မည်သူကမျှ လုရှန်အား အနိုင်မယူနိုင်ကြသကဲ့သို့ပင် ဖြစ်သည်။
ရလဒ်အနေဖြင့် ယခုအခါ စစ်မြေပြင်ကြီးမှာ အားအကောင်းဆုံးသော ပုဂ္ဂိုလ်နှစ်ဦး၏ အမဲလိုက်ကွင်းကြီးအဖြစ်သို့ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ချေပြီ။
ဆာလ်နှင့် လုရှန်တို့၏ လက်ခုပ်ထဲတွင် ကျန်ရှိနေသူများမှာ သနားစဖွယ် သားကောင်များသာ ဖြစ်လာတော့သည်။
ဤအခြေအနေသာ ဆက်လက်ရှိနေမည်ဆိုပါက နောက်ဆုံး၌ သေဆုံးရမည့်သူများမှာ လူသားသိုင်းသမားများသာ ဖြစ်ပေလိမ့်မည်။
အကြောင်းမှာ လူသားသိုင်းသမား အရေအတွက်မှာ သားရဲကောင်များထက် အဆပေါင်းများစွာ နည်းပါးလွန်းလှသောကြောင့်ပင်။
လုရှန်သည် စွမ်းအားကြီးမားသော်လည်း ဆာလ်နှင့် ယှဉ်နိုင်စွမ်း ရှိပုံမရဟု လူအများက ထင်မြင်နေကြသည်။ မဟုတ်လျှင် သူသည် ဤအချိန်အထိ ဆာလ်နှင့် တိုက်ခိုက်ခြင်းကို ရှောင်ရှားနေမည် မဟုတ်ချေ။
ဆာလ်သာ လူသားသိုင်းသမားများကို အကုန်အစင် သုတ်သင်ပြီးနောက် သူ၏ အင်အားများကို စုစည်းကာ တိုက်ခိုက်မည် ဆိုပါက…။
လမ်းပြသူ နှစ်ဦးစလုံး၏ မျက်နှာများမှာ ဖြူရော်သွားတော့သည်။
"မဖြစ်သေးဘူး ငါတို့ အမြန်ဆုံး နည်းလမ်းတစ်ခု စဉ်းစားရမယ်..."
"ဘုန်း..."
မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ ချက်ချင်းပင် သူ၏ ဓားရှည်မှ လခြမ်းသဏ္ဌာန် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထူးဆန်းသော သားရဲကောင်အချို့ကို တွန်းလှန်လိုက်ရင်း အလျင်အမြန် ပြောလိုက်သည်။
သူ၏ဘေးမှ အေးစက်စက် လူလတ်ပိုင်း အမျိုးသားကလည်း သူ၏ စွမ်းအားအပြည့်ကို အသုံးပြုကာ သူတို့၏ ရှေ့နှင့်နောက်ရှိ နေရာငယ်လေးကို ကာကွယ်ရန် တစ်ဦးကိုတစ်ဦး အားကိုးတကြီးဖြင့် ခုခံနေကြရရှာသည်။
လမ်းပြသူနှစ်ဦးမှာ အဆင့်မြင့်ကျင့်ကြံသူများဖြစ်ကြသည့်အလျောက် အဖွဲ့လိုက်တိုက်ခိုက်မှုတွင် အလွန်ပင် ပြောင်မြောက်ကြပေသည်။
သူတို့နှစ်ဦး စနစ်တကျ ပူးပေါင်းလိုက်မည်ဆိုပါက ဆာလ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကိုပင် အချိန်အတိုင်းအတာတစ်ခုအထိ ခုခံတောင့်ခံထားနိုင်စွမ်း ရှိကြသည်။
ဆာလ်မှာလည်း ဤအချက်ကို ကောင်းစွာရိပ်မိပုံရသဖြင့် ခေါင်းမာသော ထိုနှစ်ဦးကို အလောတကြီး တိုက်ခိုက်ခြင်းမပြုဘဲ စစ်မြေပြင်အနှံ့ လှည့်လည်ကာ အားအနည်းဆုံးသော လူသားသိုင်းသမားများကို တစ်ဦးပြီးတစ်ဦး လိုက်လံသုတ်သင်နေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ယခုအချိန်တွင် လမ်းပြသူနှစ်ဦး ရင်ဆိုင်နေရသော ဖိအားမှာ မျှော်လင့်ထားသလောက် မကြီးမားသေးပေ။
***