~ယဲ့ဖုန်းသည် အလွန်အမင်း အံ့အားသင့်နေမိသည်။
ဟိုယွင်ကျဲသည် နှလုံးသားနာကျင်ရမှုကြောင့် သူ့ရင်ထဲတွင် စုပုံနေသော အနှုတ်လက္ခဏာ ဆန်သော ခံစားချက်များကို ‘နတ်ဘုရားအာရုံ’ နှင့် ပေါင်းစပ်ပြီး ‘ရက်စက်သော ဓားစိတ်ဆန္ဒ’ ကို နားလည်သဘောပေါက်သွားခဲ့သည်။
“မဆိုးဘူး... ကံဆိုးတာကနေ ကံကောင်းခြင်း ဖြစ်လာတာပဲ”
ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်ရင်း သူ့လက်ဖဝါးပေါ်တွင် ပေါ်လာသော ရက်စက်သော ဓားစိတ်ဆန္ဒ အမျှင်တန်းလေးကို ကြည့်လိုက်၏။
“ ‘နှလုံးသားထဲတွင် မိန်းမသားဟူသော အရာ မရှိလျှင်၊ ဓားသိုင်းသည် သဘာဝကျကျ ထူးချွန်ပြောင်မြောက်လာလိမ့်မည်’ ဆိုတဲ့ စကားက တကယ် မှန်တာပဲ။ ကြည့်ရတာ ယွင်ကျဲက ‘စိတ်ကူးယဉ် နယ်ပယ်’ ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ ထင်တယ်”
မြက်ခင်းပြင်ပေါ်တွင်...၊
ဟိုယွင်ကျဲ၏ မူးဝေမှုများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူသည် ဓားစိတ်ဆန္ဒကြောင့် အေးခဲသွားသော တောင်ကမ်းပါးယံကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေ၏။ မျက်ခွံများ မထိန်းနိုင်ဘဲ လှုပ်ခတ်နေ၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် နေရာတင် ကျောက်ရုပ် ဖြစ်သွားကြသည်မှာ ကြာပြီ ဖြစ်သည်။
ခဏတာအတွင်း သူတို့ ဘာပြောရမှန်း မသိ ဖြစ်နေကြ၏။
“စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လား”
နောက်ဆုံးတွင် သူတို့နှစ်ဦး နှုတ်မှ ထိုစကား ထွက်ပေါ်လာသည်။
ဟိုယွင်ကျဲ နဖူးကို ပုတ်လိုက်ပြီး အသိစိတ် ပြန်ဝင်လာ၏။ သို့သော် သူတို့မေးခွန်းကို ချက်ချင်း မဖြေဘဲ မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် သုံးသပ်နေသည်။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် ဟိုယွင်ကျဲ ဓားစိတ်ဆန္ဒကို ခိုင်မာအောင် လုပ်နေမှန်း သိလိုက်သဖြင့် အလိုက်တသိပင် ဘေးနားတွင် နေကာ အစောင့်အရှောက် လုပ်ပေးနေကြ၏။
သူ့မှတ်ဉာဏ်များထဲတွင်...
တင်းပိုင်ရွှယ် ပါဝင်သော မြင်ကွင်းပေါင်းများစွာ ဖြတ်သန်းသွားပြီး၊ ဟိုယွင်ကျဲသည် သူမအပေါ် ထားရှိသော ခံစားချက်ကို သဘောပေါက်သွားသည်။
‘ဒါ အချစ်စစ် မဟုတ်ဘူး။
တင်းပိုင်ရွှယ်က သူ့ဘေးနားမှာ တိတ်တဆိတ် ရှိနေပေးခဲ့တာကို သူက အကျင့်ဖြစ်နေခဲ့တာ။ သူမ ထွက်သွားတော့မှ သူ့ရင်ထဲမှာ နာကျင်မှုကို ခံစားလိုက်ရတာ။
ဒါက... သူငယ်ချင်းကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားချက်မျိုးပဲ။’
“ဒါ အချစ် မဟုတ်ဘူး။ သက်သက်မဲ့ အမှီသဟဲ ပြုလိုစိတ်နဲ့ ပိုင်ဆိုင်လိုစိတ် ပါလား... ဟူး... တင်းပိုင်ရွှယ်.. မင်းနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုကို ရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုသို့ တွေးမိသောအခါ သူသည် ခေါင်းပေါ်ရှိ အစိမ်းရောင် ဦးချိုပုံစံ ဦးထုပ်ကို မော့ကြည့်လိုက်မိသည်။
“ဂိုဏ်းချုပ်က ဒီဦးထုပ်ကို ဆောင်းပေးတုန်းက... ငါ့ကို ဘုရင်တစ်ပါး အဖြစ် ဘိသိက်မြှောက်မယ်လို့ ပြောခဲ့တယ်။ ဒါမှမဟုတ်... ငါ အချစ်ကြောင့် ဒဏ်ရာရမယ် ဆိုတာကို ကြိုသိနေခဲ့တာလား”
“ဂိုဏ်းချုပ်ဦးလေးက တကယ် အမြော်အမြင် ကြီးမားတာပဲ”
“ရှေးလူကြီးတွေ ပြောသလိုပဲ... ‘သရဖူ ဆောင်းထားရင် သရဖူရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိရမယ်’ တဲ့။ ဒါက ရက်စက်သော ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ဖို့ ငါ ထမ်းရွက်ရမယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ် ထင်တယ်”
“ရက်စက်သော ဓားစိတ်ဆန္ဒ ဆိုတာ ရင်ထဲမှာ ဖိနှိပ်ထားတဲ့ ခံစားချက် အားလုံးကို ပေါက်ကွဲထွက်စေပြီး၊ နတ်ဘုရားအာရုံနဲ့ ကိုယ်ပိုင် အရှိန်အဝါကို ပေါင်းစပ်လိုက်တာပဲ။ နောက်ဆုံးမှာတော့ ဝိညာဉ်ကိုတောင် အေးခဲသွားစေနိုင်တဲ့ အေးစက်ပြီး ရက်စက်တဲ့ ဓားစိတ်ဆန္ဒ အဖြစ် ပြောင်းလဲသွားတာ”
နာရီဝက် မပြည့်ခင်မှာပင် ဟိုယွင်ကျဲ သတိပြန်ဝင်လာသည်။
သူသည် ရက်စက်သော ဓားစိတ်ဆန္ဒကို အောင်မြင်စွာ ခိုင်မာစေလိုက်ပြီ ဖြစ်၏။
ဒီနေ့ကစပြီး သူ၏ အသက်စွမ်းအားနှင့် စိတ်စွမ်းအားကို အသုံးပြုလိုက်ရုံနှင့် အချိန်မရွေး ဓားစိတ်ဆန္ဒကို ထုတ်ဖော်နိုင်ပြီး တိုက်ခိုက်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်နိုင်ပြီ ဖြစ်သည်။
“ပြန်ကြစို့”
ဟိုယွင်ကျဲသည် စိတ်ရှုပ်ထွေးမှုများ ကင်းစင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် ‘အမည်မဲ့ ဓားသိုင်းကျမ်း’ ကို ထုတ်ယူလိုက်ပြီး ပထမ စာမျက်နှာကို လှန်ကြည့်လိုက်ရာ စာတန်း နှစ်ကြောင်း၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားသည်။
“နှလုံးသားထဲတွင် မိန်းမသားဟူသော အရာ မရှိလျှင်၊ ဓားသိုင်းသည် သဘာဝကျကျ ထူးချွန်ပြောင်မြောက်လာလိမ့်မည်…”
“ဓားသိုင်းကျမ်းရဲ့ ပထမ စာမျက်နှာ... နှလုံးသားထဲက လူကို မေ့ပစ်လိုက်”
“တကယ်တော့ ဒါက.. ငါ့ရင်ထဲက မဖြစ်နိုင်တဲ့ အတွေးတွေကို စွန့်လွှတ်ပြီး ဓားသိုင်း လေ့ကျင့်ဖို့ပဲ အာရုံစိုက်ရမယ် ဆိုတာကို ပြောပြနေတာပဲ။ ဒါက အနှစ်သာရ အစစ်အမှန်ပဲ”
ဟိုယွင်ကျဲ အသက်ပြင်းပြင်း ရှူလိုက်၏။ ဒီနေ့မှ ပန်းတွေက ပိုနီနေသလို၊ လေက ပိုလတ်ဆတ်နေသလို၊ ဂျူနီယာညီလေး နှစ်ယောက်ကလည်း ပိုချစ်စရာ ကောင်းနေသလို ခံစားလိုက်ရသည်။
ကမ္ဘာကြီးက သာယာလိုက်တာ။
“ရင်ထဲက ပဋိပက္ခတွေကို ဖြေရှင်းပြီးတဲ့နောက် လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အမူအရာက ဒီလောက်တောင် ပြောင်းလဲသွားတာလား။ တကယ့်ကို မထင်မှတ်ထားဘူး”
ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို ကျောပိုးလျက် ရှေ့မှ ဦးဆောင် ထွက်ခွာသွားသည်။
လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ဟိုယွင်ကျဲ ပြောနေတာတွေက ဘာအဓိပ္ပာယ်လဲ ဆိုတာ သူတို့ နားမလည်ကြပေ။
ဘာပဲဖြစ်ဖြစ်... နက်နဲသော ပုံတော့ ပေါက်နေသည်။
“နေဦး”
ဟိုယွင်ကျဲ ရုတ်တရက် လက်မြှောက်လိုက်၏။
သူ့ သိစိတ်ပင်လယ်ထဲရှိ ရက်စက်သော ဓားစိတ်ဆန္ဒ အမျှင်တန်းလေး တုန်ခါသွားသည်။ မူလဇာစ်မြစ်တူသော အရာတစ်ခုခုနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဟိုယွင်ကျဲ အလျင်အမြန် ပြေးသွားလိုက်၏။
“စီနီယာအစ်ကိုကြီး... စောင့်ပါဦး”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ အနောက်မှ အပြေးလိုက်ကြသည်။
ပျံသန်း၍ မရသော ချောင်ကျားရှီး အဆင်ပြေစေရန်အတွက် လုံထျန်းရှင်းသည် ‘နဂါးလူသား ပုံစံ’ သို့ ပြောင်းလဲလိုက်၏။ သူတို့နှစ်ဦးသည် လူသားပုံစံ သားရဲကောင်များအလား မြေကြီးပေါ်တွင် ပြေးလွှားသွားကြရာ ‘ချီတာ’ များထက်ပင် မြန်ဆန်လှပြီး ဖုန်လုံးကြီးများ ထသွားစေသည်။
မိုင် ဆယ်ဂဏန်း အကွာတွင်...၊
ချိုင့်ဝှမ်း တစ်ခု အတွင်း၌...
ဟိုယွင်ကျဲသည် ကမ်းပါးယံရှိ ကျောက်တုံးကြီး တစ်တုံးကို ဓားဖြင့် ခွဲလိုက်ပြီး စုတ်ပြတ်နေသော ဓားသိုင်းကျမ်း တစ်အုပ်ကို တွေ့ရှိလိုက်၏။ ကျမ်းစာအုပ်ပေါ်တွင် စာတန်းတစ်တန်း ရေးထားသည်။
“ဓားသိုင်းကျမ်း၏ ဒုတိယ စာမျက်နှာ... ‘လောကီသံယောဇဉ် ဖြတ်တောက်ရန် ဓားကို ကိုင်စွဲလော့’ ”
ဟိုယွင်ကျဲ ရင်ထဲ လှုပ်ခတ်သွားသည်။
ဖော်ပြမရနိုင်သည့် ၊ ဆုပ်ကိုင်မရနိုင်သော နားလည်သဘောပေါက်မှု တစ်ခုကို ရရှိလိုက်သလို ခံစားလိုက်ရသော်လည်း လောလောဆယ်တွင် အတွေးများကို စုစည်း၍ မရသေးပေ။ မှတ်သားထားရုံသာ တတ်နိုင်သေး၏။
“စီနီယာအစ်ကိုကြီး... အဲဒါ ဘာကြီးလဲ”
လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့ ရောက်ရှိလာကြပြီး အမည်မဲ့ ဓားသိုင်းကျမ်း၏ ဒုတိယ စာမျက်နှာကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။
“ဒါက ဓားသိုင်းကျမ်းရဲ့ ဒုတိယ စာမျက်နှာပဲ။ ဒါပေမဲ့... ငါ လောလောဆယ် ဘာမှ နားမလည်သေးဘူး”
ဟိုယွင်ကျဲ ခေါင်းခါလိုက်ပြီး ကျမ်းစာအုပ်ကို ကမ်းပေးလိုက်၏။
“လောကီသံယောဇဉ် ဖြတ်တောက်ရန် ဓားကို ကိုင်စွဲလော့ ဟုတ်လား”
“ကြီးကျယ်ခမ်းနားလိုက်တဲ့ ရည်မှန်းချက်ပါလား”
“လောကီသံယောဇဉ် ဆိုတာ ဒီလောက် လွယ်လွယ် ဖြတ်တောက်လို့ ရပါ့မလား”
“ငါ စီနီယာအစ်မ ကျီဇီလင်းပြောတာ ကြားဖူးတယ်။ ရှေးဟောင်း စာပေတွေထဲမှာ ပါတယ်.. ကျင့်ကြံသူ တချို့က အထွတ်အထိပ် အဆင့်တွေကို ရောက်ဖို့အတွက် လူသားအဖြစ် ဝင်စားပြီး လောကီဘဝကို ဖြတ်သန်းကြတယ်တဲ့။ ‘မဟာလမ်းစဉ်’ ကို ရှာဖွေဖို့ပေါ့”
“ဟာ... အဲဒါ စွမ်းအားလား”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ ဆွေးနွေးရင်း ပိုမို အံ့သြလာကြ၏။
“ခွပ်...”
ရုတ်တရက် တောင်ကမ်းပါးယံ ကွဲအက်သွားပြီး ထူးဆန်းသော သတ္တဝါတစ်ကောင် ခုန်ထွက်လာသည်။
ခြေထောက် (၂) ချောင်းသာ ပါရှိပြီး ဖားတစ်ကောင်အဖြစ် ပြောင်းလဲနေသော ဖားလောင်းတစ်ကောင်နှင့် တူသည်။ ရှေ့လက်သည်း (၂) ခုက ထက်မြက်နေပြီး၊ အားကောင်းသော အမြီးတစ်ချောင်း ပါရှိသည်။ ခေါင်းပေါ်တွင် ငါးမန်းပါးစပ်ပေါက် ပါရှိသည်။ ၎င်းသည် ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့ကို ဖြတ်ကျော်ပြီး ချောင်ကျားရှီးကို ကိုက်ခဲရန် ပြင်လိုက်၏။
“ငါ့ ဂျူနီယာညီလေးကို ထိရဲတယ်ပေါ့လေ”
ဟိုယွင်ကျဲ ဒေါသပေါက်ကွဲသွားပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
“ဒေါင်...”
သတ္တဝါကောင် လွင့်ထွက်သွားသည်။ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရရှိသွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။
“ဟေ... မသေဘူးလား”
ဟိုယွင်ကျဲ အံ့သြသွားသည်။
ကြည့်ရတာ အားနည်းမယ့်ပုံ ပေါက်နေတဲ့ ဒီနတ်ဆိုးသားရဲက တကယ်တမ်းကျတော့ ‘နတ်ဆိုးဗိုလ်ချုပ် အဆင့်’ ဖြစ်နေတာကိုး။ ယုံတောင် မယုံနိုင်စရာပဲ။
“ဒါ ‘မြေကမ္ဘာ သားရဲ’ ပဲ”
ချောင်ကျားရှီးက ထွက်ပြေးသွားသော သတ္တဝါကို ကြည့်ရင်း ပြောလိုက်၏။
“စီနီယာအစ်မ ကျီဇီလင်း ပြောဖူးတယ်။ ဒီလို နတ်ဆိုးသားရဲတွေက မြေအောက် လိုဏ်ဂူတွေထဲမှာပဲ နေတတ်ကြတာတဲ့။ သူတို့ရဲ့ အသိုက်နားမှာ ‘သွေးကြော အားဖြည့် ဝိညာဉ်ဆေးပင်’ တွေ တွေ့ရတတ်တယ်တဲ့”
“စစ်သူကြီး အဆင့် ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ သွေးကြော အားဖြည့် ဆေးပင်လား”
ဟိုယွင်ကျဲ မျက်ခုံးပင့်လိုက်ပြီး ချောင်ကျားရှီးကို ကြည့်လိုက်၏။
“ဟုတ်ပါတယ်”
ချောင်ကျားရှီး လက်သီးကို ဆုပ်လိုက်၏။
“ကောင်းပြီ... ဒါဆို သတ်ပြီး ဝင်ယူကြတာပေါ့”
ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို မြှောက်လိုက်ပြီး ရှေ့ဆောင် လိုက်ပါသွားသည်။ ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့လည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
မြေကမ္ဘာ သားရဲသည် ကျောက်ဆောင် ကြားရှိ အပေါက်တစ်ခုထဲသို့ ဝင်ရောက် ထွက်ပြေးသွားသည်။
သူတို့ (၃) ဦးသည် လိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်ပြီး ‘ဝိညာဉ်မျက်လုံး’ များကို အသက်သွင်းကာ အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်ရအောင် ပြုလုပ်လိုက်၏။ လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီးနောက် မကြာမီ ကျယ်ပြောလှသော မြေအောက် ရေပြင်ကြီး တစ်ခုသို့ ရောက်ရှိသွားကြ၏။
ဒါက မြေပြင်အောက် မိုင်ဆယ်ဂဏန်း အနက်မှာ ရှိသော ကမ္ဘာ တစ်ခုပါလား။
မီတာ ရာချီ မြင့်မားသော လိုဏ်ဂူ ပေါင်းများစွာ ရှိပြီး၊ မိုင်ထောင်ချီ ကျယ်ပြန့်သည်။ အောက်ခြေ အများစုကို ပြာလဲ့နေသော ပင်လယ်ရေများဖြင့် ဖုံးလွှမ်းထား၏။
ဟိုမှသည် သည်မှသည် ကျွန်းငယ်လေးများ ရှိနေပြီး၊ ထိုကျွန်းများပေါ်တွင် အထူး ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။
“ဒါက ‘လျှို့ဝှက်ဆန်းကြယ် ပန်း (၇) ပွင့်’ ၊ ဒါက ‘ဝိညာဉ်စုစည်း အသီး’ ၊ ဒါက ‘အဖြူရောင် ပန်းဆေးပင်’ ...”
ချောင်ကျားရှီးသည် ထူးခြားဆန်းပြားသော ပန်းများနှင့် ဝိညာဉ်ဆေးပင်များကို စိတ်ဝင်စားသူ ဖြစ်ပြီး ကျီဇီလင်းထံမှ မကြာခဏ သင်ယူလေ့လာထားသဖြင့် ဗဟုသုတ ကြွယ်ဝနေပြီ ဖြစ်၏။
“ဒီနေရာက သဘာဝ ဝိညာဉ်ပစ္စည်းတွေ စုဝေးနေတဲ့ နေရာပဲ”
“ဟေ... မြေကမ္ဘာ သားရဲ ဘယ်ရောက်သွားပြီလဲ”
“ထားလိုက်ပါတော့... ဝိညာဉ်ဆေးပင်တွေ အရင် စုဆောင်းကြတာပေါ့”
သူတို့ (၃) ဦးသည် ကျောက်စိမ်းသေတ္တာများနှင့် ‘ဝိညာဉ်ပိုးမျှင် လက်အိတ်’ များကို ထုတ်ယူလိုက်ပြီး ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်မြေဆီလွှာများကို ဂရုတစိုက် တူးဆွ စုဆောင်းလိုက်ကြ၏။
ရင့်မှည့်နေသော အပင်များကို ဝမ်ဖင်းအန်းဆေးဖော်ရန်အတွက် ပေးမည်။
နုနယ်သော အပင်များကို ကျားယွိလန်ထံ ပေးပို့ပြီး ဝိညာဉ်ဆေးပင် စိုက်ခင်းတွင် ပြန်လည် စိုက်ပျိုးစေမည်။ နှစ်အနည်းငယ် ကြာလျှင် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။
“ဒီနေရာက တော်တော် ကျယ်တယ်။ ဆေးပင်တွေ ရှာရင်း မြေကမ္ဘာ သားရဲကိုလည်း ရှာကြတာပေါ့”
ဟိုယွင်ကျဲ ဆုံးဖြတ်လိုက်၏။
“ကောင်းပါပြီ”
ကျန်နှစ်ယောက် သဘောတူလိုက်ကြ၏။
...
မြေအောက် ပင်လယ်ပြင်၏ အခြားတစ်ဖက်တွင်...
တင်းပိုင်ရွှယ်၊ ကျန်းကျင်းထျန်းနှင့် မြင့်မြတ်သော လေ ဓားဂိုဏ်းမှ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အတွင်းစည်း တပည့်အချို့သည် ‘အဆင့်နိမ့် ဝိညာဉ်ဓား’ များကို ကိုင်ဆောင်လျက် ရေပြင်အထက် (၃) မီတာ အမြင့်တွင် ပျံဝဲနေသော ‘ဝိညာဉ်လှေ’ ပေါ်တွင် ထိုင်ကာ တစ်စုံတစ်ခုကို ရှာဖွေနေကြ၏။
“ကျင်းထျန်း... ငါတို့ တာဝန် အောင်မြင်ပါ့မလား”
တင်းပိုင်ရွှယ် စိုးရိမ်တကြီး မေးလိုက်၏။
“စိတ်မပူပါနဲ့... ကိုယ် ရှိနေသရွေ့ တာဝန်က သေချာပေါက် အောင်မြင်မှာပါ။ ဟုတ်တယ်မလား... ယွဲ့ရူ”
ကျန်းကျင်းထျန်းသည် သူ့နောက်တွင် ထိုင်နေသော ပန်းပွင့်လေးကဲ့သို့ လှပသည့် မိန်းကလေးတစ်ဦးကို လှည့်ကြည့်ရင်း မေးလိုက်၏။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး၊ မျက်ဝန်းထဲတွင် ကျီစယ်လိုသော အပြုံးများ လက်သွားကြ၏။
***