~ဟိုယွင်ကျဲ မျက်မှောင်ကြုတ်ထားသည်။ ‘အေးစက် အလင်းဓား’ နှင့် နတ်ဘုရားအာရုံ မှတဆင့် အဆက်မပြတ် ဆက်သွယ်နေပြီး၊ အခြေအနေ မကောင်းလျှင် ဂျူနီယာညီလေး (၂) ယောက်ကို ခေါ်ထုတ်ကာ ထွက်ပြေးရန် အသင့်ပြင်ထားသည်။
“ယွင်ကျဲ... ငါပြောတာ ကြားလား”
ထိုအချိန်တွင် ရုတ်တရက် ယဲ့ဖုန်း ၏ အသံကို နားထဲတွင် ကြားလိုက်ရသည်။
ဟိုယွင်ကျဲ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အမူအရာကြောင့် ဝိုင်းရံထားသော ပင်လယ်လူသားများ လန့်ဖျပ်သွားကြပြီး သူ တိုက်ခိုက်တော့မည်ဟု ထင်မှတ်သွားကြ၏။
“စကားပြန်ပြောစရာ မလိုဘူး။ ငါ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရုံပဲ။ ဒါဆိုရင် ပင်လယ်လူသားတွေနဲ့ မိတ်ဆွေဖြစ်ပြီး အန္တရာယ်ကနေ လွတ်မြောက်နိုင်လိမ့်မယ်”
ယဲ့ဖုန်း၏ အသံ ဆက်ထွက်ပေါ်လာသည်။
ဟိုယွင်ကျဲ သက်ပြင်းချလိုက်မိသည်။
‘ဒါ စိတ်ထင်တာ မဟုတ်ဘူး။ ယဲ့ဖုန်း တကယ် စကားပြောနေတာပဲ။ မိုင်ထောင်ချီ ဝေးကွာတဲ့ မြူခိုးဂိုဏ်း ကနေ အသံလွှဲပြောင်းနိုင်တယ် ဆိုတော့... ဂိုဏ်းချုပ်က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။’
“ပင်လယ်လူသားတွေက ကခုန်ရတာကို သဘောကျတယ်။ ခဏနေရင် ငါ ပြောပြတဲ့အတိုင်း ကပြလိုက်။ ပြီးရင် မင်းတို့က ရန်သူ မဟုတ်ဘဲ မိတ်ဆွေတွေပါလို့ ပြောလိုက်”
“အကကွက်တွေက ရိုးရှင်းပါတယ်။ အရင်ဆုံး ဒီလိုလုပ်၊ ပြီးရင် ဟိုလိုလုပ်၊ နောက်တစ်ဆင့်က... ဒီလိုမျိုး...”
ယဲ့ဖုန်း ပြောပြနေသော အကကွက်များကို နားထောင်ရင်း ဟိုယွင်ကျဲ ၏ မျက်နှာထား ထူးဆန်းလာသည်။
ဒီအကကို ကပြလိုက်ရင် မျက်စိနောက်စရာ ဖြစ်မသွားဘူးလား။
“မြန်မြန်... ငါ ပြောတဲ့အတိုင်း လုပ်စမ်း”
ယဲ့ဖုန်း ရုတ်တရက် လေးနက်စွာ ပြောလိုက်၏။
ဟိုယွင်ကျဲ တုန်လှုပ်သွားသည်။ သူ့အမူအရာကြောင့် ပင်လယ်လူသားများ ပိုမို တင်းမာလာကြ၏။
“အစ်ကိုကြီး... ဘယ်လို လုပ်ကြမလဲ”
ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့၏ မျက်နှာများ တောင့်တင်းနေကြသည်။
ဟိုယွင်ကျဲ ပါးစပ် မဟဘဲ အသံလွှဲပြောင်းစနစ်ဖြင့် ပြန်ပြောလိုက်၏။
“စောစောက ဂိုဏ်းချုပ်ဦးလေး အသံလွှဲပြောင်းပြီး ဒီအခြေအနေကနေ ဘယ်လို လွတ်မြောက်ရမလဲ ဆိုတာ ပြောပြတယ်။ မင်းတို့ နှစ်ယောက် သေချာ နားထောင်။ ငါ့မျက်နှာ အမူအရာကို ကြည့်ပြီး လိုက်လုပ်။ ငါ ဘာလုပ်လုပ် လိုက်လုပ်ကြ”
ယဲ့ဖုန်း အသံလွှဲပြောင်း ပြောကြားကြောင်း သိလိုက်ရသောအခါ သူတို့နှစ်ဦး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကြ၏။ ဒီလောက် အဝေးကြီးကနေ အသံလွှဲပြောင်းနိုင်တယ် ဆိုတော့... ဂိုဏ်းချုပ်က တကယ် စွမ်းအားကြီးတာပဲ။
“သူတို့ အသက်ပြင်းပြင်း ရှူလိုက်တယ်”
“စွမ်းအားတွေ စုစည်းနေကြတာ ဖြစ်မယ်။ တိုက်ပွဲ စတော့မယ်”
“အားလုံး... နေရာယူထားကြ”
“တိုက်... တိုက်... တိုက်...”
သူတို့ (၃) ဦး၏ အပြုအမူကို မြင်သောအခါ ပင်လယ်လူသား ကျင့်ကြံသူများသည် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။
“မိတ်ဆွေ ပင်လယ်လူသားတို့... ငါတို့က ရန်သူ မဟုတ်ပါဘူး”
ထိုအချိန်တွင် ဟိုယွင်ကျဲ စကားစပြောလိုက်၏။
“ငါက ပင်လယ်လူသား မျိုးနွယ်ရဲ့ ဖော်ရွေတဲ့ မိတ်ဆွေ တစ်ယောက်ပါ။ ရန်သူ မဟုတ်ပါဘူး။ ခင်ဗျားတို့ အထင်လွဲနေကြပါပြီ”
“ဟုတ်ပါတယ်။ ဒါ အထင်လွဲမှုပါ”
ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့လည်း အလျင်အမြန် ဝင်ပြောလိုက်ကြသည်။
“ဟေ...”
ပင်လယ်လူသားများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ယုံရခက်နေသည်။
မြေပေါ်က ဆင်းလာတဲ့ သူစိမ်း (၃) ယောက်က ဘယ်လိုလုပ် သူတို့ မိတ်ဆွေ ဖြစ်နိုင်မှာလဲ။
“ဘယ်လို သက်သေပြမလဲ”
သုံးခွခက်ရင်း ကိုင်ဆောင်ထားသော ပင်လယ်လူသား မိန်းကလေး တစ်ဦးက လုံထျန်းရှင်း ၏ နှာခေါင်းကို ချိန်ရွယ်ရင်း မေးလိုက်၏။
“ငါ သက်သေပြနိုင်ပါတယ်”
ဟိုယွင်ကျဲ သည် ဓားပျံကို ဓားအိမ်ထဲ ပြန်ထည့်လိုက်၏။ ယဲ့ဖုန်း ပြောပြထားသော ‘လက်ခုပ်တီး အက’ ကို ပြန်စဉ်းစားလိုက်ရာ မျက်နှာ ရဲရဲနီလာသည်။
ရှက်တာလေ။
ပင်လယ်လူသား အားကြီးမောင်းသန်များက ဝိုင်းမေးကြ၏။
“ငါတို့က မြေပေါ်က လာတဲ့ လူသားတွေ ဖြစ်ပြီး မင်းတို့နဲ့ မတူပေမယ့်... ငါတို့လည်း ကခုန်ရတာ ဝါသနာပါတယ်။ အထူးသဖြင့် လက်ခုပ်တီး အက ကိုပေါ့”
ဟိုယွင်ကျဲ အသံကုန်အော်ပြီး ပြောလိုက်၏။
“ဘာ... မင်းတို့လည်း ကခုန်ရတာ ကြိုက်တယ် ဟုတ်လား”
“အဖေ... သူက လက်ခုပ်တီး အက ကို သိတယ်တဲ့။ မဖြစ်နိုင်တာ။ အဲဒါက ငါတို့ မိတ်ဆွေစစ်တွေပဲ သိတဲ့ ပင်လယ်လူသား မျိုးနွယ်ရဲ့ လျှို့ဝှက်ချက်လေ”
ဟိုယွင်ကျဲ ၏ စကားကြောင့် ပင်လယ်လူသားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
ကျင့်ကြံသူ အများအပြား သတိထားမှုကို လျှော့ချလိုက်ကြ၏။
“ဒီနေရာမှာ ကမပြရင် ငါ မယုံဘူး”
သုံးခွခက်ရင်း ကိုင်ထားဆဲ ဖြစ်သော ပင်လယ်လူသား အကြီးအကဲတစ်ဦးက လေးနက်စွာ ပြောလိုက်၏။
“ကပြမှာပေါ့”
ဟိုယွင်ကျဲ အသက်ပြင်းပြင်း ရှူလိုက်၏။ ကြီးမားသော ဆုံးဖြတ်ချက် ချလိုက်သကဲ့သို့ နေရာတင် စတင် ကခုန်လေတော့သည်။
သူ့ရှေ့တွင် လက်ခုပ်တီးလိုက်၊ ခြေထောက်ကားလိုက်၊ ခါးထောက်ပြီး ခုန်လိုက်၊ ခေါင်းပေါ် လက်တင်ပြီး လက်ခုပ်တီးလိုက်... ဒီအကကွက်တွေကို သွေးပူလေ့ကျင့်ခန်း လုပ်သလို ထပ်ခါထပ်ခါ လုပ်ပြနေ၏။
“ဟာ... ဒါကြီးက...”
မျက်စိပျက်စရာ ကောင်းသော မြင်ကွင်းကြောင့် လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့ မြေကြီးထဲ ဝင်ပုန်းချင်စိတ် ပေါက်သွားကြသည်။
သူတို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ မျက်နှာများ ညှိုးငယ်နေကြ၏။
သူတို့၏ မျက်ဝန်းများက မေးခွန်းထုတ်နေသကဲ့သို့ပင်။
‘မင်း ကမှာလား’
‘ငါ့မှာ သိက္ခာ ရှိတယ်။ ကမယ့်အစား အသေခံလိုက်မယ်’
သို့သော် သူတို့ တွေဝေနေစဉ်မှာပင် ဟိုယွင်ကျဲ ၏ ထူးဆန်းသော လက်ခုပ်တီး အက သည် ပင်လယ်လူသား အားလုံးကို အံ့သြဝမ်းသာ ဖြစ်သွားစေခဲ့သည်။
“မင်း လက်ခုပ်တီး အက ကို ကြိုက်တယ်။ ငါတို့လည်း ကြိုက်တယ်။ ဒါဆို ငါတို့က မိတ်ဆွေတွေပဲ”
ပင်လယ်လူသား အကြီးအကဲပင်လျှင် ငါးဖမ်းလှံတံကို ပြန်သိမ်းလိုက်၏။
လက်ခုပ်တီး အက ဆိုတာ ပင်လယ်လူသား ဘိုးဘေးတွေ လက်ထက်ကတည်းက ဆင်းသက်လာသော အက။
ပင်လယ်လူသား မျိုးနွယ်မှာ ဒီအကကို လူတိုင်း သိကြသည်။ အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက် ရှာသည့်အခါ ဒီအကနှင့် ကိုယ့်ကိုယ်ကိုယ် ဖော်ပြကြခြင်းပင်။
အကကွက် ပိုမှန်လေ၊ ပိုစိတ်လှုပ်ရှားဖို့ ကောင်းလေ... နှလုံးသားတွေကို ပိုသိမ်းပိုက်နိုင်လေပင်။
“မင်းကတော့ ငါတို့ မိတ်ဆွေ..ဟုတ်ပါပြီ။ ဒါပေမဲ့ ဟိုနှစ်ယောက်က မကဘူး။ သူတို့က မရိုးသားဘူး”
‘ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ်’ ပင်လယ်လူသား အားကြီးမောင်းသန် တစ်ဦးက လုံထျန်းရှင်း နှင့် ချောင်ကျားရှီး ကို လက်ညှိုးထိုးပြလိုက်၏။
“ကျွန်တော်တို့လည်း လက်ခုပ်တီး အက ကို ချစ်ပါတယ်ဗျာ”
အသက်ရှင်လိုစိတ်များ ထိုးတက်လာပြီး သူတို့နှစ်ဦး အသည်းအသန် စတင် ကခုန်ကြလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပင်လယ်လူသားများ သတိထားမှုကို လုံးဝ လျှော့ချလိုက်ကြ၏။
“မိတ်ဆွေတွေ ဖြစ်နေတာကိုး။ လာ... လာကြ။ ငါတို့ ပူဇော်ပသဖို့အတွက် ‘နတ်ဘုရား ပူဇော်သက္ကာ အသီး’ တွေ ခူးတော့မလို့။ လာကြည့်ကြ”
ပင်လယ်လူသား မိန်းကလေးကလည်း သတိထားမှုကို လျှော့ချလိုက်ပြီး လုံထျန်းရှင်း ၏ ဝတ်ရုံစကိုပင် ဆွဲခေါ်သွားသေးသည်။
“အမ်... ဟုတ်... ဟုတ်ကဲ့”
လုံထျန်းရှင်း မတတ်သာဘဲ လိုက်ပါသွားရသည်။
မကြာမီ သူတို့အဖွဲ့သည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ကြပြီး မိုင်အနည်းငယ် ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းသို့ ရောက်ရှိသွားကြ၏။ ထိုနေရာတွင် သလင်းကျောက်များ၊ ကျောက်စိမ်းနီများဖြင့် ဆောက်လုပ်ထားသော ထူးဆန်းသည့် အဆောက်အအုံများ ရှိသည်။
...
ဟိုယွင်ကျဲ တို့ အန္တရာယ်မှ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသောအခါ ကျီဇီလင်း သက်ပြင်းချနိုင်သွားသည်။
“ဂိုဏ်းချုပ်... အသံကို ဘယ်လိုလုပ်ပြီး လေထဲကနေ ပို့လွှတ်လိုက်တာလဲဟင်”
“လေထဲကနေ အသံပို့တာလား... လွယ်ပါတယ်”
ယဲ့ဖုန်း စကားလွှဲလိုက်၏။
‘ဒါ စနစ်ကြီးရဲ့ အကူအညီကို ယူထားတာလေ။ ပြောပြလို့ ဘယ်ဖြစ်မလဲ။
ဒါပေမဲ့ စနစ်ကြီး တစ်ခုတည်းနဲ့တော့ ဒီလောက် ဝေးကွာတဲ့ နေရာကို အသံပို့ဖို့ ခက်ခဲပါတယ်။
တပည့်တိုင်းမှာ ‘အမှတ်အသား တိုကင်ပြား’ ရှိတယ်လေ။ ပြီးတော့ ကြေးမုံပြင်ကလည်း အသံလွှဲပြောင်းနိုင်တယ်။ ဒါကြောင့် ဒီ (၃) ခု ပေါင်းစပ်လိုက်တော့ တခြားလူတွေ သတိမထားမိဘဲ ဟိုယွင်ကျဲ ရဲ့ နားထဲကို အသံရောက်အောင် လုပ်နိုင်ခဲ့တာပေါ့။’
“ဒါပေမဲ့... ထူးဆန်းတယ်နော်။ ဒီ လက်ခုပ်တီး အက လေး ကပြလိုက်တာနဲ့တင် သူတို့ကို ယုံကြည်သွားကြတယ်။ တကယ့်ကို ဆန်းကြယ်တာပဲ”
ယဲ့ဖုန်းက မှတ်ချက်ချလိုက်၏။
ထိုအခါ၊ ကျီဇီလင်း ချိုမြစွာ ရယ်လိုက်ပြီး ပြောသည်။
“ဂိုဏ်းချုပ် မသိလို့ပါ။ လက်ခုပ်တီး အက က နည်းနည်း ထူးဆန်းပေမယ့်... ပင်လယ်လူသား မျိုးနွယ်ရဲ့ ပူဇော်ပသပွဲတွေ၊ ချစ်ရေးဆိုတာတွေ၊ မင်္ဂလာဆောင်တွေမှာ အလွန် အရေးပါတဲ့ အရာပါ။ ဘိုးဘေးတွေ လက်ထက်ကတည်းက ဆင်းသက်လာတဲ့ ရိုးရာဓလေ့လေ”
“ကောင်းပါပြီ”
ဘယ်လိုပဲဖြစ်ဖြစ် ဟိုယွင်ကျဲ တို့ ယာယီ ဘေးကင်းသွားပြီ။ ပြန်လာလျှင် မီးနဂါးသီး တချို့ ပါလာမလား မသိချေ။
မြေအောက် ပင်လယ်ကမ္ဘာဝယ်၊
ဟိုယွင်ကျဲ၊ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည် ရောင်စုံ သစ်ရွက်များဖြင့် အလှဆင်ထားသော ထူးဆန်းသည့် ဦးထုပ်များကို ဆောင်းထားကြ၏။ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသော ကျောက်မျက်ရတနာ အမျိုးမျိုးကို ဆင်မြန်းထားပြီး ငါးရိုးဖြင့် ပြုလုပ်ထားသော ကုလားထိုင်များပေါ်တွင် ထိုင်နေကြသည်။
သူတို့ရှေ့တွင် ရှေးဟောင်း ယဇ်ပလ္လင် တစ်ခု ရှိသည်။
ပင်လယ်လူသားများသည် ရင့်မှည့်နေသော မီးနဂါးသီးများကို ခူးဆွတ်ပြီး အနှစ်ဖြစ်အောင် ထောင်းလိုက်၏။ ထို့နောက် ကျောက်မျက်ရတနာ အမှုန့်များနှင့် ရောစပ်ပြီး ယဇ်ပလ္လင် အလယ်ရှိ ငါးရိုးဒယ်အိုးကြီးထဲသို့ လောင်းထည့်လိုက်ကြ၏။
“ကကြစို့”
ပင်လယ်လူသားများသည် ယဇ်ပလ္လင်ကို ဝိုင်းရံပြီး လက်ခုပ်တီး အက ကို ကခုန်ကြ၏။ ကလေးငယ်များက ဟိုယွင်ကျဲ တို့ကို အတင်း ဆွဲခေါ်ပြီး ဝင်ကခိုင်းကြ၏။
အလွန် နေရခက်ပြီး ရှက်ရွံ့နေသော်လည်း သူတို့ (၃) ဦး ဝင်ရောက် ကခုန်လိုက်ကြ၏။
“လေးစားရသော ပင်လယ်နတ်ဘုရား ... သတ္တိရှိသူတွေအတွက် လမ်းကြောင်းကို ဖွင့်ပေးပြီး ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေကို အဆင့်တက်ခွင့် ပေးသနားတော်မူပါ”
ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ် ပင်လယ်လူသား အားကြီးမောင်းသန်ကြီးသည် ယဇ်ပလ္လင် ရှေ့တွင် ရပ်ကာ ရိုသေစွာ ဒူးထောက်လိုက်၏။ လက်နှစ်ဖက်ကို မြေကြီးပေါ်တွင် တင်လျက် ကျယ်လောင်စွာ ဆုတောင်းလိုက်၏။
‘ဝေါင်း...’
ငါးရိုးဒယ်အိုးကြီး တုန်ခါသွားပြီး မီးနဂါးသီး အနှစ်များ ပေါက်ကွဲထွက်လာသည်။ မီးတောက်များသည် ကောင်းကင်သို့ ထိုးတက်သွားပြီး မီတာ ဆယ်ဂဏန်း မြင့်မားသော လှေကားထစ်များ အဖြစ် ပြောင်းလဲသွားသည်။ အဆုံးတွင် မှုန်ဝါးနေသော တိမ်တိုက်တစ်ခု ပေါ်လာသည်။
‘ဒိန်း...’
ချောင်ကျားရှီး ရုတ်တရက် သူ့နှလုံးခုန်သံ ကျယ်လောင်စွာ မြည်ဟည်းလာသည်ကို ကြားလိုက်ရသည်။
သူသည် မှုန်ဝါးနေသော တိမ်တိုက်ကို စိုက်ကြည့်လိုက်ရာ သူ့သွေးမျိုးဆက် အရှိန်အဝါနှင့် ဆင်တူသော အရာတစ်ခုကို ခံစားလိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။
အဲဒါက... ‘ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးမျိုးဆက်’ပဲ။
***