~စွမ်းအား ရှစ်ဆ မြင့်တက်လာခြင်း။
ဒါက ချောင်ကျားရှီး၏ လက်ရှိ အမြင့်ဆုံး အခြေအနေပင် ဖြစ်သည်။
ဤအခြေအနေတွင် သူသည် ခန္ဓာကိုယ် သန့်စင်ခြင်း နဝမအဆင့်သာ ရှိသေးသော်လည်း၊ စွမ်းအား ရှစ်ဆ မြှင့်တင်လိုက်သည့်အခါ သူ့တိုက်ခိုက်ရေး စွမ်းရည်သည် အနိမ့်အဆင့် နတ်ဆိုးဗိုလ်ချုပ်နှင့် အကန့်အသတ်မရှိ နီးကပ်သွားပြီ ဖြစ်သည်။
‘ချီနှင့်သွေး ဓား’ ကို အသုံးပြုလိုက်လျှင် သာမန် နတ်ဆိုးဗိုလ်ချုပ်များကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သို့သော် ယခု ဝင်ရောက်လာသော ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးမျိုးဆက်၏ စွမ်းအားက ကြီးမားလွန်းလှသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ကွဲထွက်လုမတတ် ဖြစ်နေပြီး၊ ပြိုလဲလုနီးပါး ဖြစ်နေရှာသည်။
သို့သော် သွေးကြော စွမ်းအားများ ပေါင်းစပ်သွားသည်နှင့်အမျှ ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည်။
သူ့အရှိန်အဝါလည်း တရိပ်ရိပ် တက်လာသည်။
ရှစ်ဆခွဲ။
ကိုးဆ။
ကိုးဆခွဲ။
...
“သူ အသွင်ပြောင်းလဲနေပြီ”
လုံထျန်းရှင်းသည် ဘေးတွင် ရပ်ရင်း လက်သီးကို ဆုပ်ထားကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“အောင်မြင်သွားရင်... ဂျူနီယာညီလေး ချောင်က စစ်သူကြီး အဆင့် ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်လာတော့မယ်”
သူသည် ချောင်ကျားရှီးအတွက် တိတ်တဆိတ် ဆုတောင်းပေးနေ၏။
နောက်ကွယ်တွင် ယဲ့ဖုန်းလည်း လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိသည်။
ပင်လယ်လူသား ယဇ်ပလ္လင် ဘေးတွင် ဟိုယွင်ကျဲလည်း အလွန် စိတ်လှုပ်ရှားနေ၏။
အနီရောင် ရှေးဟောင်း သစ်ပင်ကြီး အောက်တွင်...
ချောင်ကျားရှီး၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင် အရှိန်အဝါများသည် ကောင်းကင်သို့ ထိုးတက်နေ၏။
‘ဝုန်း...’
တိုးညှင်းသော ပေါက်ကွဲသံ တစ်ခုနှင့်အတူ သူ့စွမ်းအားသည် နောက်ဆုံးတွင် ဆယ်ဆ အထိ ချိုးဖျက်သွားသည်။ လေပြင်းမုန်တိုင်းများနှင့် လှိုင်းတံပိုးကြီးများကို ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေ၏။
ဆယ်ဆသော စွမ်းအားနှင့်အတူ ချောင်ကျားရှီးသည် လေထဲတွင် လမ်းလျှောက်နိုင်နေပြီ ဖြစ်သည်။
“သူ ပျံသန်းနေတယ်”
လုံထျန်းရှင်း အနီးကပ်ဆုံး မြင်လိုက်ရသဖြင့် အံ့သြသွားသည်။
ခန္ဓာကိုယ် ကျင့်ကြံသူများဟူသည် ‘အင်အားဖြင့် အရာရာကို ချိုးဖျက်ခြင်း’ ကိုသာ အဓိက ထားကြ၏။ သူတို့သည် သန်မာကြသော်ငြား ပျံသန်းရန်ဆိုသည်မှာ အတော်လေး ခက်ခဲလှသည်။
တကယ်တမ်း ဆိုရလျှင် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ပျံသန်းသည်နှင့် တူအောင် ပြုလုပ်ချင်လျှင်ပင် သန်မာသော ရုပ်ခန္ဓာကို အသုံးပြုကာ ဖားတစ်ကောင်ပမာ ဟိုခုန်ဒီခုန် ပြုလုပ်နိုင်ရုံသာ ရှိ၏။
သို့သော် ယခု အခါတွင်မူ... ချောင်ကျားရှီးက သာမန် စည်းမျဉ်းများကို ချိုးဖောက်လိုက်ပြီ ဖြစ်သည်။
သူ… အမှန်တကယ်ပင် ပျံသန်းနေလေပြီ။
“အား... အား... အား...”
ရုတ်တရက် ချောင်ကျားရှီး အော်ဟစ်လိုက်၏။ သူ့လက်ထဲရှိ သွေးကြော အားဖြည့် ဝိညာဉ်အသီးသည် ခြောက်သွေ့သွားပြီး လက်မအရွယ်အစားရှိသော ရွှေနီရောင် အစေ့လေး တစ်စေ့သာ ကျန်ရစ်ခဲ့သည်။ အစေ့လေး မြေကြီးပေါ် ပြုတ်ကျသွားရာ လုံထျန်းရှင်းက ကောက်ယူလိုက်၏။
“ကွဲထွက်သွားစမ်း”
ချောင်ကျားရှီး သွားကို စေ့ထားပြီး အော်ဟစ်လိုက်၏။
နောက်ဆုံးတွင် သူ့စွမ်းအား ထပ်မံ မြင့်တက်လာသည်။ (၁၁) ဆ အထိ မရောက်သော်လည်း (၁၀) ဆ ကို ကျော်လွန်သွားပြီး သူ့ ကန့်သတ်ချက်ကို ချိုးဖျက်လိုက်ပြီ ဖြစ်သည်။
ထိုကြောက်မက်ဖွယ် စွမ်းအားများထဲမှ လျှို့ဝှက်ဆန်းကြယ်သော သတင်းအချက်အလက် တစ်ခု ထွက်ပေါ်လာပြီး ချောင်ကျားရှီး၏ ခေါင်းထဲသို့ စီးဝင်သွားကာ ရှေးဟောင်း ကျင့်စဉ်တစ်ခု အဖြစ် ပုံဖော်လိုက်၏။
“ ‘ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် - စစ်သူကြီး အခန်းကဏ္ဍ’ ”
ဒါက ခန္ဓာကိုယ် သန့်စင်ခြင်း အခန်းကဏ္ဍ ပြီးရင် ဆက်လက် ကျင့်ကြံရမယ့် အပိုင်းပင်။
ဝမ်းနည်းစရာ ကောင်းတာက... ချောင်ကျားရှီး၏ သွေးကြော အာရုံစူးစိုက်မှု မလုံလောက်သေး၍ ဒီကျင့်စဉ်က မပြည့်စုံပေ။ ပထမ (၅) ဆင့်သာ ပါ၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်နှင့် ညီမျှသည့် အထိပဲ ကျင့်ကြံ၍ ရမည်။
“ကျင့်စဉ်က မပြည့်စုံဘူး။ နှမြောစရာပဲ”
ချောင်ကျားရှီး စိတ်ထဲတွင် ကျင့်စဉ်ကို ဖတ်ရှုရင်း ဝမ်းနည်းမိသည်။ သို့သော် ချက်ချင်းပင် ယဲ့ဖုန်းကို သတိရသွားသည်။
မန္တန် ပညာရှင်ကြီး ဖြစ်သည့် ဂိုဏ်းချုပ် ဆိုလျှင် သေချာပေါက် ဖြည့်စွက်ပေးနိုင်မည်ပင်။
အမှန်တကယ်ပင်... မြူခိုးတောင်ထိပ် ပေါ်တွင် ယဲ့ဖုန်း၏ လက်ဖဝါးပေါ်၌ ပျက်စီးနေသော ရှေးဟောင်း ကျမ်းစာအုပ် တစ်အုပ် ပေါ်လာပြီး ဖြစ်သည်။
သို့သော် ယခုအချိန်တွင် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းကျော်ကြားမှု အမှတ်သည် သန်းနှင့်ချီ ရှိနေပြီ ဖြစ်သဖြင့် ဤကုန်ကျစရိတ်လောက်က စာဖွဲ့စရာ မဟုတ်တော့ပေ။
“ဘုရားရေ... ‘ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် - စစ်သူကြီး အခန်းကဏ္ဍ’ ကို ဖြည့်စွက်ဖို့ ဂုဏ်သတင်း အမှတ် (၅၀၀၀) တောင် ကုန်တာလား”
ယဲ့ဖုန်း အံ့သြသွားသည်။
မည်သို့ပင် ဖြစ်စေကာမူ၊ ယဲ့ဖုန်းသည် ကျီဇီလင်း၏ ရှေ့မှောက်တွင် စာအုပ်အလွတ် တစ်အုပ်နှင့် မင်အိုး၊ စုတ်တံ တို့ကို ထုတ်ယူလိုက်ပြီး ‘ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် - စစ်သူကြီး အခန်းကဏ္ဍ’ ၏ ပြည့်စုံသော ဗားရှင်းကို ရေးသားလိုက်၏။
“အံ့သြစရာ ကောင်းလိုက်တဲ့ ကောက်ချက်ချနိုင်စွမ်းပါလား”
ကျီဇီလင်း တအံ့တဩ အော်ဟစ်မိသွားသည်။
သူမ ပျက်စီးနေသည့် စာအုပ်ကိုတောင် သေချာ မကြည့်ရသေး၊ ယဲ့ဖုန်းက ကျမ်းစာအသစ်ကို ရေးနေပြီ။ တကယ့်ကို လေးစားစရာပင်။
‘ဒီတစ်သက်တော့ သူ့အဆင့်ကို ဘယ်တော့မှ မီနိုင်မှာ မဟုတ်ဘူး ထင်တယ်’
ကျီဇီလင်းသည် ယဲ့ဖုန်း၏ ခန့်ညားသော ဘေးတိုက် မျက်နှာကို ကြည့်ရင်း ပါးပြင်များ ရဲတက်လာသည်။ ထို့နောက် လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ထဲတွင် ကြိတ်၍ သံန္နိဋ္ဌာန် ချလိုက်၏။
ယဲ့ဖုန်းကို မမီနိုင်ရင်တောင်မှ... အကွာအဝေးကို တတ်နိုင်သမျှ ကျဉ်းမြောင်းအောင် ကြိုးစားရမည်။
မကြာမီ ယဲ့ဖုန်းသည် စစ်သူကြီး အခန်းကဏ္ဍ အပြည့်အစုံကို ရေးသားပြီးစီးသွားသည်။
ယခင်ကထက် ပိုမို ရှုပ်ထွေးသော ကျင့်ကြံခြင်း နည်းစနစ်များ ပါဝင်သလို၊ ခန္ဓာကိုယ် ကျင့်ကြံသူများအတွက် အထူး ဖန်တီးထားသော ‘ချီနှင့်သွေး ဓား’ ကဲ့သို့ အသက်စွမ်းအား အခြေခံ မန္တန်အချို့လည်း ပါဝင်၏။
“ဇီလင်း... ကျားရှီး ပြန်လာရင် ဒီကျမ်းစာအုပ်ကို ပေးလိုက်ပါ။ ဒါမှမဟုတ် သိုင်းကျမ်းဆောင် (၄) ထပ်မြောက်မှာ သိမ်းထားလိုက်ပါ”
ယဲ့ဖုန်းသည် ပြီးပြည့်စုံသော ကျမ်းစာအုပ်ကို ကျီဇီလင်းအား ကမ်းပေးလိုက်သည်။ သူမသည် လေးစားစွာ လက်ခံယူလိုက်ပြီး ခေါင်းညိတ်လိုက်၏။
ချောင်ကျားရှီး အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကျင့်ကြံခြင်း အဆင့်ကို ခိုင်မာအောင် လုပ်လိုက်၏။
ယခုအခါ သူ့အရှိန်အဝါသည် ဆယ်ဆကျော် ပိုမို သန်မာလာပြီး၊ တစ်ကိုယ်လုံးကို ရွှေရောင် လှိုင်းတံပိုးများ ဖုံးလွှမ်းထားသည်။ မျက်လုံးများပင် နေမင်းနှစ်စင်းအလား တောက်ပသော ရွှေရောင် အဖြစ် ပြောင်းလဲသွား၏။
သူ လေထဲတွင် ပျံဝဲနေသည်ကို ကိုယ်တိုင် ပြန်ကြည့်ပြီး ပထမဆုံး အကြိမ် ပျံသန်းခြင်း အရသာကို ခံစားလိုက်ရသည်။
“ဂျူနီယာညီလေး... မင်း တကယ် ပျံနေတာပဲ။ အံ့သြစရာ ကောင်းလိုက်တာ”
လုံထျန်းရှင်းသည် ‘ကိုယ်ဖော့ပညာ’ ကို အသုံးပြုပြီး လေထဲတွင် ပျံဝဲကာ ချောင်ကျားရှီးကို အကဲခတ်နေ၏။
“ငါ ပြောရမယ် ဆိုရင်... မင်း အခုပုံစံက တော်တော် ခန့်တာပဲ”
ရွှေရောင် အလင်းတန်းတွေ လွှမ်းခြုံထားပြီး မျက်လုံးတွေကလည်း တောက်ပနေ၏... ။
လူကြားထဲ ထွက်လိုက်လျှင် မိန်းကလေး ထောင်ပေါင်းများစွာရဲ့ နှလုံးသားကို ဖမ်းစားနိုင်မှာ သေချာလေသည်။
“ကျွန်တော်လည်း အံ့သြနေတာ”
ဟု ချောင်ကျားရှီးလည်း ပြန်ပြောလိုက်၏။
ခေါင်းထဲမှ စစ်သူကြီး အခန်းကဏ္ဍ ကျင့်စဉ်ကို ပြန်စဉ်းစားလိုက်ရာ မှတ်ချက် တစ်ခုကို တွေ့လိုက်ရပြီး သဘောပေါက်သွားသည်။
“ကျွန်တော် နားလည်ပြီ။ ကျင့်စဉ်ထဲမှာ ပြောထားတယ်။ စွမ်းအား ဆယ်ဆ ဆိုတာ ရေဝေမှတ် တစ်ခုပဲတဲ့။ အဲဒါကို ကျော်လွန်သွားရင် ကိုယ့်အရှိန်အဝါက ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်နိုင်သွားပြီ။ အဲဒီအချိန်ကျရင် ပျံသန်းတာတွေ၊ မြေလျှိုးတာတွေက မခက်ခဲတော့ဘူးတဲ့”
“သြော်... အဲဒီလိုကိုး”
လုံထျန်းရှင်း ခေါင်းညိတ်လိုက်သည်။
“ဒါနဲ့... မင်း အခု စစ်သူကြီး အဆင့် ရောက်သွားပြီ မဟုတ်လား။ မင်းရဲ့ စွမ်းအားကို ဘယ်လို ခံစားရလဲ”
“မဆိုးဘူးလို့ ထင်တယ်”
ချောင်ကျားရှီး လက်သီးကို ဆုပ်လိုက်၏။ ပေါင်ချိန် တစ်သိန်းကျော် ရှိသော စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
စွမ်းအား ဆယ်ဆနှင့် ‘ချီနှင့်သွေး ဓား’ ကို ပေါင်းစပ်လိုက်ပါက ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် ထိပ်ဆုံးမှ ကျင့်ကြံသူ တစ်ဦးနှင့် ယှဉ်တိုက်နိုင်မည်ဟု ခံစားရ၏။
သို့သော် ပြိုင်ဘက်က မန္တန်များ အသုံးပြုနိုင်သည်ကို ထည့်တွက်လိုက်လျှင်... အနည်းငယ် အားနည်းသော ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ တစ်ဦးကိုမူ တိုက်ရိုက် ရင်ဆိုင်နိုင်လောက်သည်။
ထိုသို့ တွေးမိသောအခါ ချောင်ကျားရှီးသည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီး ရှေးဟောင်း သစ်ပင်ကြီးကို သုံးကြိမ် ဦးညွှတ် ကန်တော့လိုက်၏။
ဒီသစ်ပင်ပေါ်က တစ်လုံးတည်းသော အသီးသာ မရှိလျှင်... သူ အခုလို အသွင်ပြောင်းလဲနိုင်မှာ မဟုတ်ပေ။
“အစေ့ရော”
ချောင်ကျားရှီး မေးလိုက်၏။
“စိတ်မပူပါနဲ့ ဂျူနီယာညီလေး။ မင်းရဲ့ စီနီယာအစ်ကိုကြီးက သေချာ သိမ်းထားပါတယ်”
လုံထျန်းရှင်းက လက်မအရွယ်အစား ရှိသော အစေ့ကို ထုတ်ပြလိုက်၏။
“ကောင်းပါပြီ... ဒါဆို ပြန်ကြစို့ဗျ”
ချောင်ကျားရှီး ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ရှေးဟောင်း သစ်ပင်ကြီးသည် အဆုံးအစမဲ့ ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ယံတွင် ပျံဝဲနေသည့် ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ တကယ့်ကို ဆန်းကြယ်လှ၏။
ပြန်လမ်း ကတော့... ဘယ်နားမှန်း ရှာမတွေ့ပေ။
“သတ္တိရှင် နှစ်ယောက်ကို အိမ်ပြန်ပို့ကြဟေ့”
ပင်လယ်လူသား ယဇ်ပလ္လင် ရှေ့တွင်... ခေါင်းဆောင်ကြီးသည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ထူးဆန်း၍ နေရခက်သော လက်ခုပ်တီး အက ကို စတင် ကခုန်လေတော့သည်။ ဟိုယွင်ကျဲကိုပါ အတင်း ဆွဲခေါ်ပြီး ကခိုင်းလိုက်သေးသည်။
“လက်ခုပ်တီး အကက အဝေးမှာ ရှိတဲ့ ပင်လယ်နတ်ဘုရားနဲ့ ဆက်သွယ်နိုင်တယ်။ ပင်လယ်နတ်ဘုရားက အဝေးရောက်နေတဲ့ စစ်သည်တော်တွေကို ပြန်ခေါ်လာပေးလိမ့်မယ်”
ပင်လယ်လူသား မိန်းကလေးတစ်ဦးက ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ဟိုယွင်ကျဲ အသည်းအသန် ကခုန်လေတော့သည်။
‘ရှက်စရာကောင်းပြီး နေရခက်ပေမယ့်... ဂျူနီယာညီလေး နှစ်ယောက် ပြန်ရောက်လာဖို့အတွက် သူ အစွမ်းကုန် ကြိုးစားရမှာပေါ့။
ဘာပဲပြောပြော... သူ့နောက်မှာ ဘယ်သူမှ ရှိတာ မဟုတ်ဘူး။ ဘယ်သူမှ မမြင်ဘူးလေ။’
သူ မသိလိုက်သည်က... မြူခိုးတောင်ထိပ် ပေါ်မှာ ယဲ့ဖုန်းနှင့် ကျီဇီလင်းတို့က နေကြာစေ့ စား၊ လက်ဖက်ရည် သောက်ရင်း ပင်လယ်လူသား ယဇ်ပလ္လင် နားမှာ ဖြစ်ပျက်နေသမျှကို အရသာခံ ကြည့်ရှုနေကြသည် ဆိုတာပါပင်။
*
အဝေးမှ ခေါ်သံတစ်ခု ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့၏ နားထဲသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။ အသံလာရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားရာ သူတို့၏ ခန္ဓာကိုယ်များသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပင်လယ်လူသား ယဇ်ပလ္လင် အနီးသို့ ကျရောက်သွားသည်။
“နောက်ဆုံးတော့ ပြန်ရောက်ပြီ”
သူတို့နှစ်ဦး ဘေးပတ်လည်ကို ကြည့်လိုက်ရာ ရင်းနှီးနေသော အရာဝတ္ထုများကို တွေ့လိုက်ရသဖြင့် သက်ပြင်းချနိုင်သွားကြ၏။
နောက်ဆုံးတော့ ဘေးကင်းပြီပေါ့။
“ကြိုဆိုပါတယ် စစ်သည်တော်တို့”
“မင်းတို့က လမ်းခရီးမှာ အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရတယ်။ ညီအစ်ကိုတွေကြားက သံယောဇဉ် အစစ်အမှန်ကို ပြသနိုင်ခဲ့တယ်။ မျက်နှာကြီးတွေရဲ့ ခြိမ်းခြောက်မှုကို မကြောက်ခဲ့ဘူး။ ဒါမှ စစ်သည်တော် အစစ်ဟေ့”
ဟု ပင်လယ်လူသား ခေါင်းဆောင်ကြီးက ကျယ်လောင်စွာ ကြေညာလိုက်သည်။
ထို့နောက်၊ခေါင်းဆောင်ကြီးက ဆက်လက် ဟစ်ကြွေးလိုက်ပါ၏။
“တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မျိုးဆက်သစ်လေးတွေကို ခေါ်ထုတ်လာခဲ့ကြ။ ဒီနေ့... ငါတို့ စစ်သည်တော်တွေအတွက် ငါးကြီး အကောင် (၁၀၀) သတ်ပြီး ပွဲခံကြမယ်”
မကြာမီ ပင်လယ်လူသား အချို့သည် ရေကန်ကြီး တစ်ကန်ကို သယ်ဆောင်လာကြသည်။ ရေကန်ထဲတွင် မီးအိမ်ငယ်လေးများ ချိတ်ဆွဲထားသော ထူးဆန်းသည့် သစ်ပင်တစ်ပင် ရှိ၏။
ထိုမီးအိမ်များထဲတွင် လက်မအရွယ်အစား ရှိသော ပုံရိပ်ငယ်လေးများကို ဝေဝါးစွာ မြင်တွေ့နေရသည်။
သူတို့တတွေက... သတ္တိရှင် လမ်းကြောင်းမှာ သေဆုံးသွားခဲ့တဲ့ ပင်လယ်လူသားတွေပင်။
“သူတို့ မသေဘူးလား”
ဟိုယွင်ကျဲ၊ ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
***