~ချောင်ကျားရှီး တုန်လှုပ်သွားသည်။
သူ့ရှေ့မှ စာအုပ်သည် အလွန် သစ်လွင်နေပြီး၊ မင်သားများပင် မခြောက်သေးပေ။
ပြီးတော့... ဒါတွေက ယဲ့ဖုန်းရဲ့ လက်ရေးတွေပင်။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဘယ်လိုလုပ်ပြီး စစ်သူကြီး အခန်းကဏ္ဍ အပြည့်အစုံကို ရထားတာလဲ”
ချောင်ကျားရှီး.. ရှေးဟောင်း စာအုပ်ကို ကောက်ယူပြီး လှန်လှော ကြည့်ရှုရင်း ပိုမို အံ့သြလာသည်။
ငါက ဂိုဏ်းချုပ်ကို မပြည့်စုံတဲ့ ကျင့်စဉ်တောင် မပေးရသေးဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ။
ဒါ နတ်မျက်စိနဲ့ ကြိုမြင်တာများလား။
ချောင်ကျားရှီး ပိုပြီး တုန်လှုပ်သွားသည်။
“ဒီလောကကြီးမှာ ဒီဂိုဏ်းချုပ် မလုပ်နိုင်တာ ဘာမှ မရှိဘူး။ တချို့ကိစ္စတွေက ယုံနိုင်စရာ မရှိဘူး ဆိုပေမယ့်၊ အံ့သြမနေဘဲ အေးဆေး လက်ခံလိုက်တာ ပိုကောင်းတယ်”
ယဲ့ဖုန်း မျက်နှာသေဖြင့် ဘလိုင်းကြီး လိမ်ညာ လေလုံးထွားလိုက်၏။
ချောင်ကျားရှီး ကတော့ အဟုတ်ကြီး မှတ်သွားသည်။
သူသည် ကျမ်းစာအုပ်ကို လက်ခံယူလိုက်ပြီး ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော် ကျင့်စဉ်ကို အလွတ်ရတာနဲ့ ဒီစာအုပ်ကို ပြန်လာပေးပါ့မယ်”
“ပြန်ပေးစရာ မလိုပါဘူး။ မင်းအတွက်ပါ”
ယဲ့ဖုန်း ပြောလိုက်၏။
သူက (၂) အုပ် ရေးထားသည်လေ။ တစ်အုပ်ကို ကျီဇီလင်းဆီ ပေးပြီး သိုင်းကျမ်းဆောင် မှာ ထားခိုင်းထားသည်။
နောက်မှ အားနေတာနှင့် နောက်ထပ် တစ်အုပ် ထပ်ရေးပြီး ချောင်ကျားရှီး ကို ပေးလိုက်ခြင်းပါ။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ချောင်ကျားရှီး အလွန် ကျေးဇူးတင်သွားသည်။ ကျင့်စဉ်ကို ယူဆောင်ပြီး ကမ်းပါးစွန်းသို့ သွားကာ အလေးအနက်ထား ဖတ်ရှုလေတော့၏။
အတွင်းထဲတွင် ‘ချီနှင့်သွေး ဓား’နှင့် ဆင်တူသော မန္တန်အချို့ ပါဝင်နေသည်ကို တွေ့လိုက်ရသောအခါ ချောင်ကျားရှီး အလွန် ဝမ်းသာသွားတော့သည်။
“ဒါတွေ ရှိရင်... ငါ့တိုက်ခိုက်မှုတွေက တစ်မျိုးတည်း ဖြစ်နေတော့မှာ မဟုတ်ဘူး”
ချောင်ကျားရှီး တိုးတိုးလေး ရေရွတ်လိုက်၏။
‘ချီနှင့်သွေး ဓား’ ကဲ့သို့သော မန္တန်များ မရှိလျှင်... သူတစ်ပါးနှင့် တိုက်ခိုက်သောအခါ သန်မာသည့် ရုပ်ခန္ဓာကိုသာ အားကိုး၍ အတင်း ဝင်တိုက်ရ၏။
ကြည့်ကောင်းသော်ငြား လက်တွေ့တွင်မူ အင်မတန် ပင်ပန်းရပါသည်။
ထို့ပြင် ဧရိယာအလိုက် တိုက်ခိုက်မှုများကိုလည်း မလုပ်နိုင်ပေ။
ရေရှည်တွင် ထိုအချက်က အားနည်းချက် တစ်ရပ် ဖြစ်လာလိမ့်မည်။
သို့သော် ယခုအခါတွင်မူ... ‘ချီနှင့်သွေး ဓား’ နှင့် ဆင်တူသည့် မန္တန်များကို ရရှိလာပြီဖြစ်ရာ သူ၏ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါ၏။
*
မြူခိုးတောင်ထိပ် ပေါ်တွင် တပည့်များသည် ဆက်လက်၍ ကြိုးစား ကျင့်ကြံနေကြသည်။
ဒုတိယမျိုးဆက် တပည့် အချို့သည် တာဝန် အသစ်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ‘ချီစုစည်းခြင်း စတုတ္ထအဆင့်’သို့ ရောက်ရှိသွားကာ ‘အပြင်စည်း တပည့်’ အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။
‘အတွင်းစည်း တပည့်’ စစ်ဆေးမှုကတော့ နည်းနည်း နှေးနေ၏။
လောလောဆယ် ဘယ်သူမှ အတွင်းစည်း တပည့် ဖြစ်မလာကြသေးပေ။
အခက်ခဲဆုံး ဖြစ်တဲ့ ‘စစ်မှန်သော တပည့်’ စစ်ဆေးမှု အတွက်ကတော့... ဒီအဆင့်မှာ မိုယင်နှင့် ဟိုယွင်ကျဲ (၂) ယောက်သာ မျှော်လင့်ချက် ရှိကြ၏။
“တိုးတက်မှုက နည်းနည်း နှေးနေတုန်းပဲ”
ယဲ့ဖုန်း ညည်းတွားရင်း ပိုမို သက်တောင့်သက်သာ ရှိမည့် အနေအထားသို့ ပြောင်းလဲ အိပ်စက်လိုက်သည်။
‘ဒေါင်...’
တောင်ခြေမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။ လက်ဝှေ့ယမ်းလိုက်ရာ ‘မြေခွေးတာ့ဟုန်’ သည် ကြက်ပေါင် တစ်ချောင်း ကိုက်လျက် တောင်အောက်သို့ ပြေးဆင်းသွားသည်။ ခဏအကြာတွင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျက်သရေရှိသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးကို ခေါ်ဆောင်လာခဲ့၏။
“ဟေ... နီရှန် နန်းတော် သခင်မပါလား။ ဘာကိစ္စ ရှိလို့လဲ”
ယဲ့ဖုန်း အံ့သြစွာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့ က တကယ့်ကို မေ့တတ်တာပဲ။ ကျွန်မတို့ နီရှန် နန်းတော် ကို လာပြီး တပည့်တွေကို လမ်းညွှန်ပေးဖို့ ဖိတ်ထားတာ ကြာပြီလေ။ အခုထိ တစ်ခါမှ ရောက်မလာသေးဘူး။ တကယ် ဝမ်းနည်းစရာ ကောင်းလိုက်တာ”
နီရှန် နန်းတော် သခင်မ သည် ယဲ့ဖုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ချိုသာစွာ ပြုံးလျက် စိုက်ကြည့်နေ၏။
‘အသက် နည်းနည်း ကြီးနေလို့သာပေါ့... မဟုတ်ရင် ဒီနန်းတော် သခင်မက တော်တော် မိုက်မှာ’
ယဲ့ဖုန်း သူမကို အကဲခတ်ကြည့်လိုက်ရာ ရုပ်ရည်၊ အမူအရာ၊ ကိုယ်ခန္ဓာ အားလုံး ပထမတန်းစား ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်မိသည်။
“ဂိုဏ်းချုပ်ယဲ့... ဂိုဏ်းချုပ်ယဲ့...”
ယဲ့ဖုန်း စိုက်ကြည့်နေသည်ကို သတိထားမိပြီး နန်းတော် သခင်မက လက်ဝှေ့ယမ်းပြလိုက်၏။
“အာ... တောင်းပန်ပါတယ်၊ စောစောက အိပ်ချင်နေလို့ အတွေးလွန်သွားတယ်”
ယဲ့ဖုန်း အရှက်ပြေအောင် ပြောလိုက်သည်။
“ဒါဆို... ဂိုဏ်းချုပ်ယဲ့ အားရင် ကျွန်မတို့ နီရှန် နန်းတော် ကို လာပြီး ဆိုးသွမ်းတဲ့ တပည့်လေးတွေကို လမ်းညွှန်ပေးပါဦးလား”
“ကောင်းပြီလေ... လိုက်ခဲ့ပါ့မယ်”
ယဲ့ဖုန်း ဘာမှ လုပ်စရာ မရှိတာနှင့် အပြင်ထွက်ပြီး အလှအပတွေ (အဲလေ... ရှုခင်းတွေ) ခံစားရတာ မဆိုးဘူးဟု တွေးလိုက်ပါ၏။
‘ရွှစ်...’
သူတို့နှစ်ဦး လေပေါ်တွင် လမ်းလျှောက်ပြီး ရေပေါ်ဖြူမြို့တော် ၏ မြို့ဟောင်း အပိုင်း (ယခင်က အနောက်ဘက် မြို့နယ်) သို့ ရောက်ရှိသွားကြ၏။ ပန်းရောင် နံရံ၊ အနီရောင် အမိုးများဖြင့် ဆောက်လုပ်ထားသော ရှေးဟောင်း နန်းတော်ကြီး ရှေ့တွင် ရပ်တန့်လိုက်ကြသည်။
ဤနေရာကား... နီရှန် နန်းတော်ပင် ဖြစ်သည်။
“ကြိုဆိုပါတယ် ဂိုဏ်းချုပ်ယဲ့”
နီရှန် နန်းတော်မှ အကြီးအကဲများ၊ ကြီးကြပ်သူများ နှင့် အမျိုးသမီး တပည့်များ အားလုံး ဝဲယာ စီတန်း ရပ်နေကြ၏။ ယဲ့ဖုန်း နှင့် နန်းတော် သခင်မ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ဦးညွှတ် နှုတ်ဆက်ကြ၏။
ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် ပန်းခင်းကြီးထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့မျက်လုံးများကို တည့်တည့် ကြည့်ထားသော်လည်း၊ မျက်လုံးထောင့်စွန်းမှတဆင့် အသားအရေ ဖြူဝင်းပြီး ရုပ်ရည်ချောမောကာ ခြေတံရှည်သော မိန်းကလေးများကို မြင်တွေ့နေရသည်။
“လူတွေ နီရှန် နန်းတော် မှာ မီးဖိုချောင် အလုပ်သမား ဖြစ်ဖို့ အသည်းအသန် ကြိုးစားကြတာ မဆန်းပါဘူးလေ။ ဒီက အလှလေးတွေကို လာချောင်းကြတာကိုး”
ယဲ့ဖုန်း သဘောပေါက်သွား၏။
မကြာမီ နီရှန် နန်းတော်၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌...
ယဲ့ဖုန်းသည် သူ့ရှေ့တွင် တန်းစီနေသော ရာချီသည့် လှပသော အမျိုးသမီး တပည့်များကို ကြည့်ပြီး ပြောလိုက်၏။
“မလုကြပါနဲ့။ တစ်ယောက်ချင်းစီ တန်းစီကြပါ”
သူ အရင်က နီရှန် နန်းတော် သခင်မ ကို ကတိပေးထားဖူးသည်လေ။ တပည့်တွေ အားလုံးကို ကိုယ်တိုင် လမ်းညွှန်ပေးပါ့မည်ဟူ၍။ ဒါကြောင့် ကတိဖျက်လို့ မဖြစ်ပေ။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မက နီရှန် နန်းတော်ရဲ့ အစ်မကြီး ‘ရွှီယွင်ပင်း’ ပါ။ ကျင့်ကြံခြင်း အဆင့်က ‘ချီစုစည်းခြင်း အဋ္ဌမအဆင့်’ ပါ။ ကျွန်မရဲ့ ကိုယ်လုံးအတိုင်းအတာ နဲ့ ကိုယ်အလေးချိန်ကတော့...”
အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ယဲ့ဖုန်း ရှေ့တွင် ရပ်လိုက်၏။ မျက်နှာ ရဲရဲနီနေပြီး စိတ်လှုပ်ရှားနေပုံ ရသည်။
“မိတ်ဆက်စရာ မလိုပါဘူး။ ကြုံတွေ့နေရတဲ့ ပြဿနာကိုသာ ပြောပါ”
ယဲ့ဖုန်း ချောင်းဟန့်လိုက်ပြီး လက်ကာပြကာ တားလိုက်၏။
“ကျွန်မ အလွန် ခက်ခဲတဲ့ ပြဿနာ တစ်ခု ကြုံနေရပါတယ်။ အဲဒါကတော့... ကျွန်မရှေ့မှာ ရပ်နေတဲ့ ခန့်ညားချောမောတဲ့ လူငယ်လေး တစ်ယောက် ရှိတယ်။ သူက ကျွန်မကို ကြိုက်လား၊ မကြိုက်လား ဆိုတာ မသိရဘူး”
ရွှီယွင်ပင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ယဲ့ဖုန်း မျက်နှာ ရဲသွားသည်။
ခန့်ညားချောမောတဲ့ လူငယ်လေး ဆိုတာ... ငါ့ကို ပြောတာများလား။
ထိုစဉ်၊ နီရှန် နန်းတော် သခင်မ သည် ရွှီယွင်ပင်း ကို မျက်စောင်းထိုးလိုက်ပြီး ဒေါသတကြီး ဆူပူလိုက်သည်။
“ဒီကောင်မလေး... ဘာတွေ ပြောနေတာလဲ။ ဂိုဏ်းချုပ်ယဲ့ ကို ဖိတ်ထားတာ ကျင့်ကြံခြင်းနဲ့ မန္တန် ပြဿနာတွေကို ဖြေရှင်းပေးဖို့။ ရည်းစားစကား ပြောဖို့ မဟုတ်ဘူး”
သူမ မပြောဘဲ ချန်ထားခဲ့သော စကားတစ်ခွန်း ရှိပါသေးသည်။
‘ရည်းစားစကား ပြောမယ် ဆိုရင်တောင်... နန်းတော် သခင်မ ဖြစ်တဲ့ ငါနဲ့ ဂိုဏ်းချုပ်ယဲ့ ပြောရမှာ။ ညီမလေး... မင်း အလှည့် မဟုတ်သေးဘူး။ သွား တန်းစီချေ’
ထိုစဥ်၊ ရွှီယွင်ပင်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး တောင်းပန်လိုက်သည်။
“အို... တောင်းပန်ပါတယ်။ ကျွန်မ မှားပြောမိသွားတယ်”
“ကျွန်မ မကြာသေးမီက ‘ချီစုစည်းခြင်း နဝမအဆင့်’ကို ရောက်ဖို့ အခက်အခဲ တွေ့နေပါတယ်။ ပြီးတော့ ‘ပန်းပွင့် လွင့်ပျံ ဝတ်ရုံစအက’ မန္တန်ကို ကျင့်ကြံတဲ့အခါ...”
မန္တန် ပညာရှင်ကြီး တစ်ယောက် အနေနှင့် ယဲ့ဖုန်း အများကြီး သိထားပါသည်။
ဒီ ‘ပထမအဆင့် မန္တန်’ ဖြစ်သော ‘ပန်းပွင့် လွင့်ပျံ ဝတ်ရုံစအက’ က မြူခိုးဂိုဏ်း၏ သိုင်းကျမ်းဆောင် မှာလည်း ရှိသည်။ ယဲ့ဖုန်း က ထိုအထဲက မန္တန်တွေ အကုန်လုံးကို နားလည်သဘောပေါက်ပြီးသားပင်။
ဘယ်လို နားလည်သလဲ ဆိုရင်တော့... ပိုက်ဆံ သုံးပြီးပေါ့။
“ဒီမန္တန်က နူးညံ့သိမ်မွေ့တဲ့ စွမ်းအား လိုအပ်တယ်။ အသက်ရှူနှုန်းကို ရှည်လျားပြီး တည်ငြိမ်အောင် ပြောင်းလဲရမယ်။ ဒါမှ အဆင့်တက်နိုင်မှာ...”
ထိုသို့၊ ယဲ့ဖုန်းက စတင် ရှင်းပြလိုက်၏။
ခဏအကြာတွင် ရွှီယွင်ပင်း သည် ဉာဏ်အလင်း ပွင့်သွားပြီး ဝမ်းသာအားရဖြင့် ယဲ့ဖုန်း ဆီသို့ ပြေးဝင်လာကာ ဖက်လိုက်တော့မလို ဖြစ်သွားသည်။
“ဟွန်း... ဂိုဏ်းချုပ်ယဲ့ ကို ထိရဲတယ်ပေါ့လေ။ နံရံကို မျက်နှာမူပြီး (၃) ရက် ဒဏ်ပေးမယ်”
နီရှန် နန်းတော် သခင်မ သည် ရွှီယွင်ပင်း ၏ လက်မောင်းကို ဆွဲကာ ဘေးသို့ ပစ်ထုတ်လိုက်၏။
ယဲ့ဖုန်း သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် မလှုပ်မယှက် နေနေ၏။
“နှမြောစရာပဲ... နည်းနည်းလေး လိုတော့တာကို”
ယဲ့ဖုန်း အပြင်ပန်းမှာ တည်ငြိမ်ခန့်ညားနေပေမယ့်... ရင်ထဲမှာတော့ တော်တော် စိတ်ပျက်နေမိသည်။
ကျေးဇူးတင်လို့ ဖက်တာလေးကိုများ... နန်းတော် သခင်မရာ။ ဘာကိစ္စ အတင်း ဆွဲထုတ်ပစ်လိုက်ရတာလဲ။
ယဲ့ဖုန်း ရင်ထဲ နာကျင်မိ၏။
သို့သော် ၊ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး တစ်ယောက် အနေနှင့်... တည်တည်ငြိမ်ငြိမ်ပဲ နေရမည်ပင်။ ရင်ထဲမှာ ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ပေါ်နေသော်ငြားလည်းပေါ့။
ထို့နောက် နီရှန် နန်းတော်မှ တပည့်များ တစ်ယောက်ပြီး တစ်ယောက် လာရောက် မေးမြန်းကြ၏။ ယဲ့ဖုန်း သည် ပြဿနာ အားလုံးကို လွယ်ကူစွာ ဖြေရှင်းပေးလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မရဲ့ သွေးခုန်နှုန်းကို စမ်းပေးပါလားဟင်”
နောက်ထပ် အမျိုးသမီး တပည့်တစ်ဦး လာမေးပြန်သည်။
“ယောက်ျား နဲ့ မိန်းမ မထိတွေ့ရဘူး”
နီရှန် နန်းတော် သခင်မ သည် ထိုမိန်းကလေး၏ ကော်လာကို ဆွဲပြီး ဆွဲထုတ်သွားပြန်သည်။
ယဲ့ဖုန်းခမျာ.. ကုလားထိုင်ပေါ်တွင် ထိုင်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေတော့၏။
ထိုစဉ်၊ ကောင်းကင်ယံ အထက်..
သွေးနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အဖြူရောင် မိကျောင်းခေါင်းခွံကြီး တစ်ခုပေါ်တွင် လက်နောက်ပစ်လျက် ရပ်နေ၏။ လေထဲတွင် ပျံသန်းလာပြီး နီရှန် နန်းတော်၏ တံခါးပေါက် ရှေ့သို့ ဆင်းသက်လိုက်၏။
ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ အေးစက်စွာ ပြုံးလိုက်၏။
“ဒီနေရာ ဖြစ်လောက်တယ်။ နှစ်တွေ အကြာကြီး နေပြီးမှ ဒီဌာနခွဲက ဘယ်လောက် တိုးတက်လာလဲ ကြည့်ရသေးတာပေါ့။ ငါ့အတွက် အရည်အသွေး ကောင်းတဲ့ ‘မီးဖို’ (နှစ်ကိုယ်တူ ကိင့်ကြံခြင်းအတွက် အသုံးပြု) တွေ လုံလောက်အောင် ထုတ်ပေးနိုင်မလား ဆိုတာ”
ပြောပြီးသည်နှင့် သူ နီရှန် နန်းတော် ထဲသို့ ဝင်ရောက်သွားသည်။
“ငါက ‘သွေးနတ်ဆိုး ခန်းမဆောင်’ ဌာနခွဲရဲ့ အကြီးအကဲ ‘ဝူဝူခိုင်’ ပဲ။ လက်ရှိ နီရှန် နန်းတော် သခင်မ ဘယ်သူလဲ။ ထွက်ခဲ့စမ်း”
ဝူဝူခိုင် သည် ရှေးဟောင်း အနီရောင် အမိန့်ပြား တစ်ခုကို ထုတ်ပြလိုက်၏။
‘ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်’ အရှိန်အဝါများ မုန်တိုင်းအလား ပေါက်ကွဲထွက်ပေါ်လာပြီး နီရှန် နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ယဲ့ဖုန်း မှလွဲ၍ ကျန်လူအားလုံးသည် ပခုံးပေါ်တွင် တောင်ကြီးနှစ်လုံး ပိနေသကဲ့သို့ လေးလံသော ဖိအားကို ခံစားလိုက်ရပြီး၊ ဝူဝူခိုင် ကို ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။
***