~“သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲရဲ့ အကြီးအကဲ တဲ့လား”
ထိုအမည်ကို ကြားလိုက်ရသောအခါ အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ မည်သည့် အဖွဲ့အစည်းမှန်း လုံးဝ
မသိကြ။
သို့သော်... ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်’ ရှိသည့် သူတစ်ဦးကပင် ဌာနခွဲ အကြီးအကဲသာ ဖြစ်နေသေးသည် ဆိုလျှင်... သွေးနတ်ဆိုး ခန်းမဆောင် ဟူသည်မှာ အနည်းဆုံး ‘ကြယ်နှစ်ပွင့် အဆင့်’ အဖွဲ့အစည်း ဖြစ်လောက်၏။ လွယ်လွယ်နှင့် ရန်စ၍ မဖြစ်။
တစ်ဖက်လူ ရောက်ရှိလာသည်နှင့် နီရှန်နန်းတော် တစ်ခုလုံး ဆိုးရွားသော အငွေ့အသက်များ ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ကျွန်မက နီရှန် နန်းတော် သခင်မ ပါ”
နန်းတော် သခင်မ သည် ယဲ့ဖုန်း ကို တောင်းပန်သည့် အပြုံးလေး ပြုံးပြလိုက်ပြီး ရှေ့သို့ ထွက်လာခဲ့သည်။
ဝူဝူခိုင် သည် ကျက်သရေရှိပြီး ရင့်ကျက်တည်ငြိမ်သော နန်းတော် သခင်မ ကို အကဲခတ်ကြည့်လိုက်ရာ မျက်လုံးများ အရောင်တောက်သွားသည်။ ထို့နောက် ဘေးပတ်လည်ကို ကြည့်လိုက်ရာ ရာချီသော လှပသည့် မိန်းမပျိုလေးများကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်မိသည်။
“ကောင်းတယ်... အရမ်း ကောင်းတယ်။ ‘မီးဖို’ တွေ အများကြီးပဲ။ အားလုံးက ထိပ်တန်း အရည်အသွေးတွေချည်းပဲ”
ဝူဝူခိုင် အလွန် ကျေနပ်နေ၏။
သွေးနတ်ဆိုး ခန်းမဆောင်သည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ထဲ၌ ရှိမနေသော်ငြား နယ်စပ်တွင် ဌာနခွဲတစ်ခု တည်ထောင်ထားကာ၊ ထိုမှတစ်ဆင့် နိုင်ငံအနှံ့အပြား၌ လက်ခွဲဂိုဏ်းများ ဖွဲ့စည်းထား၏။ ရည်ရွယ်ချက်မှာ သွေးနတ်ဆိုး ခန်းမဆောင်အတွက် မီးဖိုများ မွေးမြူပေးရန် သက်သက်ပင် ဖြစ်လေသည်။
နီရှန်နန်းတော်သည်လည်း ထိုလက်ခွဲဂိုဏ်းများထဲမှ တစ်ခုပင် ဖြစ်၏။
သို့သော် တည်ထောင်ပြီးချိန်မှစ၍ မည်သူမျှ လာရောက် မရိတ်သိမ်းကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုသို့သော လက်ခွဲဂိုဏ်း ရှိမှန်းပင် မေ့လျော့သွားကြတော့သည်။
မကြာသေးမီကမှ ဝူဝူခိုင် ကျင့်ကြံခြင်း အဆင့်တက်ရန် အခက်အခဲ တွေ့ကြုံနေစဉ်၊ အောင်မြင်နိုင်စွမ်း ပိုများစေမည့် ‘နှစ်ပါးသွား ကျင့်စဉ်’ တစ်ခုကို ရရှိလိုက်သဖြင့် ရှေးဟောင်း မှတ်တမ်းများကို ပြန်လည် ရှာဖွေရာမှ နီရှန်နန်းတော်ကို တွေ့ရှိသွားခြင်း ဖြစ်၏။
“မီးဖို” ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် နန်းတော်သခင်မ၏ မျက်နှာက အေးစက်သွားလေသည်။ ဝူဝူခိုင်သည် လူကောင်း မဟုတ်မှန်း ရိပ်မိလိုက်တော့၏။
မီးဖိုများ၏ ကံကြမ္မာမှာ အမြဲတမ်း ဆိုးရွားလေ့ ရှိပေသည်။
ကံကောင်းလျှင် ကျင့်ကြံခြင်း စွမ်းအားများ စုပ်ယူခံရကာ သာမန်လူ ဖြစ်သွားမည်။ ကံဆိုးပါက... အသက်ပါ ပျောက်ဆုံးသွားနိုင်ပေသည်။
“ငါတို့ နီရှန် နန်းတော် က ဘယ်သူ့ရဲ့ မီးဖိုမှ မဟုတ်ဘူး။ ပြီးတော့ နင်တို့ရဲ့ သွေးနတ်ဆိုး ခန်းမဆောင် ဆိုတာကိုလည်း တစ်ခါမှ မကြားဖူးဘူး”
နန်းတော် သခင်မ အေးစက်စွာ ပြောလိုက်၏။
ဝူဝူခိုင်က မထီမဲ့မြင် ပြုံးလိုက်သည်။
“အချိန်တွေ ကြာသွားလို့ နီရှန် နန်းတော် ဘယ်လို စတင်ခဲ့လဲ ဆိုတာကို မေ့သွားကြပြီ ထင်တယ်”
နန်းတော် သခင်မ မျက်မှောင်ကြုတ်လိုက်၏။
“ငါတို့ နီရှန် နန်းတော် ကို လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ‘နတ်သမီး နီရှန်’က တည်ထောင်ခဲ့တာ”
“ဟုတ်တယ်။ နတ်သမီး နီရှန် တည်ထောင်ခဲ့တာ မှန်ပါတယ်”
ဝူဝူခိုင် ဝန်ခံလိုက်၏။
သူသည် ရှေးဟောင်း စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး စာမျက်နှာ တစ်ခုကို လှန်ပြလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ငါတို့ ဌာနခွဲ ခေါင်းဆောင်ကြီးရဲ့ (၁၈) ယောက်မြောက် ကိုယ်လုပ်တော် နတ်သမီး နီရှန် က အမိန့်အရ ရေပေါ်ဖြူမြို့တော် ကို လာပြီး နီရှန် နန်းတော် ကို တည်ထောင်ခဲ့တယ်။ နန်းတော်က လှပတဲ့ မိန်းမပျိုတွေကိုပဲ လက်ခံတာက... ငါတို့ ဌာနခွဲအတွက် မီးဖိုတွေ မွေးမြူပေးဖို့ သက်သက်ပဲ”
“မဖြစ်နိုင်ဘူး”
နန်းတော် သခင်မ မျက်နှာ ပျက်သွားပြီး အော်ဟစ်လိုက်၏။
ကျန်လူအားလုံးလည်း မယုံကြည်နိုင် ဖြစ်နေကြ၏။
နှစ်ရာချီ သက်တမ်းရှိတဲ့ နီရှန် နန်းတော် က သွေးနတ်ဆိုး ခန်းမဆောင် အတွက် မီးဖို မွေးမြူရေး စခန်း တစ်ခုတဲ့လား။
ဘယ်သူမှ လက်မခံနိုင်ကြပါ။
ယဲ့ဖုန်း ကတော့ ကုလားထိုင်ပေါ်မှာ ထိုင်နေတုန်းပါပင်။
သူ့ရှေ့မှာ အရပ်ရှည်သော မိန်းကလေးတွေ ကာနေ၍ ဝူဝူခိုင် က သူ့ကို မမြင်ရသေးပေ။
“မဖြစ်နိုင်စရာ မရှိပါဘူး။ မင်းတို့ နီရှန် နန်းတော် က ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် အတွက် မီးဖို ထောက်ပံ့ပေးတဲ့ နေရာ အစစ်ပါပဲ”
ဝူဝူခိုင် က နန်းတော် သခင်မ ကို ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်၏။
“အမျိုးသမီးကောင်း တစ်ယောက်ပဲ။ ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိတယ်။ ငါ ဒီလို ပုံစံမျိုး အကြိုက်ဆုံးပဲ။ ဒီနေ့... မင်းအပြင် နောက်ထပ် မီးဖို (၃၀) ပါ ငါ့အတွက် ထောက်ပံ့ပေးရမယ်”
“နင်... ရိုင်းစိုင်းလှချည်လား”
နန်းတော် သခင်မ ဒေါသကြောင့် တုန်ရီနေ၏။
မီးဖို ဆိုသော စကားကို ပေါ့ပေါ့ပါးပါး ပြောထွက်ရဲတာ... တကယ့်ကို မောက်မာလွန်းသည်။
‘ဝှီး...’
ချက်ချင်းပင် နန်းတော် သခင်မ သည် ‘ပထမအဆင့် မန္တန်’ ဖြစ်သော ‘ပန်းပွင့် လွင့်ပျံ ဝတ်ရုံစအက’ ကို ထုတ်သုံးလိုက်၏။ သူမ ဘေးပတ်လည်တွင် ပန်းပွင့်ဖြူများ ပေါ်လာပြီး ဝတ်ရုံစအကများ အဖြစ် ပြောင်းလဲကာ ဝူဝူခိုင် ဆီသို့ လှည့်ပတ် တိုက်ခိုက်လိုက်သည်။
“ကလေးအကွက်တွေပါ”
ဝူဝူခိုင် ဟားတိုက် ရယ်လိုက်ပြီး လက်ညှိုးတစ်ချောင်း တောက်လိုက်ရာ သူ့ရှေ့တွင် (၇) ထောင့်ပုံစံ အလင်းအကာအကွယ် တစ်ခု ပေါ်လာပြီး တိုက်ခိုက်မှု အားလုံးကို လွယ်ကူစွာ ကာကွယ်လိုက်၏။
‘ဘုန်း...’
အလင်းအကာအကွယ် တုန်ခါသွားပြီး နန်းတော် သခင်မ လွင့်ထွက်သွားကာ လူအုပ်ကြားထဲသို့ ပြုတ်ကျသွားသည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။
“သခင်မ...”
“အဆင်ပြေရဲ့လား”
ရွှီယွင်ပင်း နှင့် အခြား တပည့်များ အလျင်အမြန် တွဲထူလိုက်ကြ၏။
မိန်းကလေးများ နန်းတော် သခင်မ ဘေးသို့ စုဝေးရောက်ရှိသွားကြသဖြင့်၊ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယဲ့ဖုန်း ကို ဝူဝူခိုင် မြင်တွေ့သွားသည်။
“ဟေ... ငါ့ထက်တောင် ချောတဲ့ သာမန်လူ တစ်ယောက် ဘာလို့ ဒီမှာ ရှိနေတာလဲ”
ဝူဝူခိုင် ယဲ့ဖုန်း ကို စိုက်ကြည့်လိုက်၏။ ရင်ထဲတွင် သတိထားလိုက်မိသည်။
ဆရာသမား တစ်ယောက်များ ဖြစ်နေမလား။
သို့သော်၊ ချက်ချင်းပင်... ကုလားထိုင်ပေါ်က လူငယ်လေးက ချောမောပေမယ့် သာမန်လူ စစ်စစ် ဖြစ်ကြောင်း၊ ဝိညာဉ်စွမ်းအင် တစ်စက်မှ မရှိကြောင်း တွေ့ရှိလိုက်ရသည်။
“ဂိုဏ်းချုပ်ယဲ့... ကယ်ပါဦး”
ရွှီယွင်ပင်း နှင့် အခြား မိန်းကလေးများ သည် သူတို့ သခင်မတောင် မယှဉ်နိုင်မှန်း သိလိုက်သဖြင့် ထိတ်လန့်သွားကြပြီး ယဲ့ဖုန်း ကို အကူအညီ တောင်းလိုက်ကြ၏။
လူတိုင်း၏ မျက်လုံးထဲတွင် ယဲ့ဖုန်း သာ ဝင်ပါလိုက်လျှင်... ဝူဝူခိုင် လို အကောင်မျိုးကို ပုရွက်ဆိတ် တစ်ကောင်လို ဖိသတ်ပစ်နိုင်မည်ဟု ယုံကြည်နေကြသည်။
“ဟား... ဂိုဏ်းချုပ်ယဲ့ တဲ့လား။ သာမန်လူ တစ်ယောက်ကိုများ မျှော်လင့်ချက် ထားနေကြသေးတယ်”
ဝူဝူခိုင်က ကဲ့ရဲ့လျက် မထီမဲ့မြင် ပြုံးလိုက်၏။
‘ဒေါင်...’
ယဲ့ဖုန်း ကြွေရည်သုတ် လက်ဖက်ရည်ခွက်ကို စားပွဲပေါ် တင်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
“သွေးနတ်ဆိုး ခန်းမဆောင် ဆိုတာ ဘယ်လို အဖွဲ့အစည်း မို့လို့... ဒီဂိုဏ်းချုပ် တစ်ခါမှ မကြားဖူးရတာလဲ”
သူ သေချာပေါက် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါ။
ရေပေါ်ဖြူမြို့တော် က မြူခိုးဂိုဏ်း၏ အုပ်ချုပ်မှုအောက်မှာ ရှိသည်လေ။ ဒီမြို့ထဲက အင်အားစုတွေ အားလုံးက မြူခိုးဂိုဏ်းနှင့် ဆက်စပ်နေသည်။
ပြင်ပ ရန်သူက လာဖိနှိပ်နေမှတော့... သူ ဝင်ပါရမည်ပေါ့။
“သာမန်လူ တစ်ယောက်က ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် အကြောင်း သိဖို့ ထိုက်တန်လို့လား”
ဝူဝူခိုင် ရုတ်တရက် ဘဝင်မြင့်သွား၏။
“ဒါပေမဲ့... မင်း အမှုန့်ချေခံရတော့မှာ ဆိုတော့ သနားလို့ ပြောပြလိုက်မယ်။ ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် က ‘ကြယ်သုံးပွင့် ဂိုဏ်း’ ဖြစ်ပြီး ‘မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်’ ပေါင်းများစွာ ရှိတယ်”
ကြယ်သုံးပွင့်။
မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေ ရှိတယ် လား။
အားလုံး အသက်ရှူမှားသွားကြ၏။
ယဲ့ဖုန်း ပင်လျှင် အနည်းငယ် အံ့သြသွားသည်။
ထို့အပြင်... သူ အန္တရာယ် အငွေ့အသက် တစ်ခုကို အာရုံခံမိလိုက်၏။
ဂိုဏ်းရဲ့ ‘အန္တရာယ် သတိပေးစနစ်’ အလုပ်လုပ်လာသည်ပင်။
အန္တရာယ် ရှိတယ် ဆိုပေမယ့် သိပ်တော့ မပြင်းထန်ပါ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် မြို့တော်မှာ ရှုဟွာမိုနှင့် စတွေ့တုန်းက ခံစားချက်မျိုးပါပင်
ဆိုလိုတာက... မြူခိုးဂိုဏ်း တောင့်ခံနိုင်တယ် ဆိုသည့် သဘောပင်။
“သြော်... မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေ ရှိတယ်ပေါ့။ ကြားရတာ နားထောင်လို့ ကောင်းသားပဲ။ လက်ခုပ်တီးပေးရမလား”
ယဲ့ဖုန်း အဝတ်အစားပေါ်မှ ဖုန်များကို ခါလိုက်ပြီး လှောင်ပြောင်လိုက်၏။
“ဟွန်း... မင်းက ငါတို့ သွေးနတ်ဆိုး ခန်းမဆောင် ကို အထင်သေးရဲတယ်ပေါ့။ သေလိုက်တော့”
ဝူဝူခိုင် က သွေးနတ်ဆိုး ခန်းမဆောင် နာမည်ကို ထုတ်ပြောတာ ယဲ့ဖုန်း လို “သာမန်လူ” နှင့် စကားနိုင်လုဖို့ မဟုတ်။ နီရှန် နန်းတော် က လူတွေကို ခြိမ်းခြောက်ချင်၍ ဖြစ်သည်။
ယခုတော့ ယဲ့ဖုန်း၏ ရိုင်းစိုင်းသည့် စကားတွေကို ကြားလိုက်ရတော့ သတ်ချင်စိတ် ပေါက်သွားသည်။
သူ့လက်ညှိုးကို ထိုးလိုက်ရာ ယဲ့ဖုန်း၏ မျက်ခုံးနှစ်ခုကြားကို ဖောက်ထွင်းတော့မယောင် ဖြစ်သွားသဖြင့် နီရှန် နန်းတော်မှ မိန်းကလေးများ အော်ဟစ်လိုက်ကြ၏။
သို့သော် ယဲ့ဖုန်းသည် လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ပြီး ဝူဝူခိုင် ၏ လက်ချောင်းကို ဖမ်းဆုပ်လိုက်၏။ ဝူဝူခိုင် ဘယ်လောက်ပဲ ရုန်းရုန်း၊ ဖြုတ်လို့ မရတော့ပေ။
“မင်း... မင်းက သာမန်လူ မဟုတ်ဘူး။ ခန္ဓာကိုယ် ကျင့်ကြံသူ ပဲ”
ဝူဝူခိုင် မျက်နှာ ဖြူလျော့သွားပြီး အခြေအနေ မဟန်မှန်း သိလိုက်ရသည်။
“အေး... အဲဒီလို ပြောလို့ ရပါတယ်”
ယဲ့ဖုန်း ခြေတစ်ချက် ကန်လိုက်ရာ ဝူဝူခိုင် ၏ ဝမ်းဗိုက်ကို တည့်တည့် ထိမှန်သွားသည်။ ဝူဝူခိုင် သည် သည်းခြေရည်များ အန်ထွက်လာပြီး ပုစွန်ဆိတ်ကဲ့သို့ ကွေးကောက်သွားသည်။
‘ဂျွတ်...’
ယဲ့ဖုန်း လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ရာ ဝူဝူခိုင် ၏ လက်ချောင်း ကျိုးကြေသွားသည်။ ထို့နောက် လက်သီးတစ်ချက် ထိုးလိုက်ရာ ဝူဝူခိုင် လွင့်ထွက်သွားပြီး လေထဲတွင် မီးရှူးမီးပန်းများအလား ပေါက်ကွဲသွားသည်။
သိုလှောင်လက်စွပ် တစ်ကွင်း မြေကြီးပေါ် ပြုတ်ကျလာသည်။ ယဲ့ဖုန်း လှမ်းဖမ်းလိုက်ပြီး ‘သူရဲကောင်း ဝိညာဉ်စွမ်းအား’ ဖြင့် ချိတ်ပိတ်ထားမှုကို ဖွင့်လိုက်၏။
ထို့နောက် စောစောက ဝူဝူခိုင် ထုတ်ပြခဲ့သော ရှေးဟောင်း စာအုပ်ကို လှန်လှော ကြည့်ရှုလိုက်၏။
ဖတ်ပြီးနောက် သူ့မျက်နှာ ဒေါသကြောင့် နီမြန်းလာသည်။
“သွေးနတ်ဆိုး ခန်းမဆောင်... တကယ့်ကို ယုတ်မာလိုက်တဲ့ ကောင်တွေ။ စက်ဆုပ်စရာ ကောင်းလိုက်တာ”
ယဲ့ဖုန်း စာအုပ်ထဲမှ အကြောင်းအရာများကို ကြည့်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။
နီရှန် နန်းတော် သခင်မ၊ ရွှီယွင်ပင်း နှင့် အခြားသူများလည်း စူးစမ်းချင်စိတ်ဖြင့် ယဲ့ဖုန်း အနားသို့ ရောက်လာကြ၏။
“ခင်ဗျားတို့ နီရှန် နန်းတော် က တကယ်ပဲ သွေးနတ်ဆိုး ခန်းမဆောင် ဌာနခွဲရဲ့ လက်ခွဲဂိုဏ်းတွေထဲက တစ်ခု ဖြစ်နေတယ်။ မီးဖို မွေးမြူဖို့ သက်သက် ဖွဲ့စည်းထားတာ။ တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ခင်ဗျားတို့လို လက်ခွဲဂိုဏ်းပေါင်း (၁၀၀) မက ရှိတယ်”
ယဲ့ဖုန်း အေးစက်စွာ ပြောလိုက်ပြီး စာအုပ်ကို နန်းတော် သခင်မ ထံ ပစ်ပေးလိုက်၏။
“တကယ်လား”
လူတိုင်း မျက်နှာ ဖြူလျော့သွားကြ၏။
မယုံကြည်နိုင်စွာဖြင့် စာအုပ်ကို အလျင်အမြန် လှန်လှော ကြည့်ရှုကြပြီး ကိုယ်တိုင် အတည်ပြုလိုက်ကြသည်။
***