~“နောက်တစ်ယောက် ထပ်လာနေပြီ”
“အသံကို နားထောင်ကြည့်ရတာ... ထိပ်တန်း အဆင့် ပညာရှင်တစ်ယောက် ဖြစ်မယ်”
ရေပေါ်ဖြူမြို့တော် အတွင်းရှိ ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများ၏ မျက်နှာများ လေးနက်သွားကြ၏။
လူကို မမြင်တွေ့ရသေးသော်ငြား... ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြီးကို ခံစားနေရပြီ ဖြစ်၏။ ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်အဆင့်’ ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်
တောင်ကြီး တစ်လုံး ဖိချထားသကဲ့သို့ လေးလံလှသော ဖိအားက သူတို့အား အသက်ရှူကျပ်သွားစေတော့သည်။
“ဘယ်သူလဲ... ပုန်းမနေနဲ့။ ထွက်ခဲ့စမ်း”
ကုန်းချင်းချိုး ဘေးဘီဝဲယာကို ကြည့်လိုက်၏။ မျက်နှာတွင် သတိထားမှု အပြည့်ရှိသော်လည်း၊ စကားပြောသူ၏ တည်နေရာကို အတိအကျ ရှာမတွေ့ပေ။
“မင်း အပေါ်မှာလေ”
အေးစက်ပြီး အိုမင်းသော အသံတစ်ခု အထက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ကုန်းချင်းချိုး သည် လက်တစ်ဖက်ဖြင့် လက်ဟန် ရေးဆွဲလိုက်ရာ နွယ်ပင်များစွာ ကောင်းကင်သို့ ထိုးတက်သွားသော်လည်း လေဟာနယ်ကိုသာ ဖမ်းဆုပ်လိုက်မိသည်။
“ထောင်ချောက်ပဲ”
ကုန်းချင်းချိုး မျက်နှာ ပျက်သွားသည်။
နောက်တစ်ခဏတွင် မြေကြီးထဲမှ အဘိုးအို တစ်ဦး ခုန်ထွက်လာ၏။ ခါးကိုင်းနေသော်လည်း လက်နှစ်ဖက်ကို ယှက်ပြီး ထူးခြားသော လက်သီးသင်္ကေတ တစ်ခု ဖန်တီးကာ ကုန်းချင်းချိုး ကို ရိုက်နှက်လိုက်သည်။
ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာရာ သူမ အစွမ်းကုန် ခုခံသော်လည်း အချည်းနှီး ဖြစ်သွား၏။ သူမ ရှေ့တွင် ပေါ်လာသော အကာအကွယ် ဒိုင်းများသည် စက္ကူများအလား စုတ်ပြတ်သတ်သွားသည်။
ပြင်းထန်သော ရိုက်ချက်ကြောင့် ကုန်းချင်းချိုး လွင့်ထွက်သွားသည်။
‘ဘုန်း...’
သူမ သွေးတစ်လုပ် အန်ချလိုက်၏။ မျက်နှာ ဖြူလျော့သွားသည်။ ရုတ်တရက် ပေါ်လာသော ဆံပင်ဖြူ အဘိုးအိုကို သူမ ဘယ်လိုမှ မယှဉ်နိုင်ပေ။
ပြိုင်ဘက်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်အဆင့်၌ ရှိနေ၏။ သူမမှာမူ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်၌သာ ရှိနေသေးသည်။
အထောက်အကူပြု ကျင့်စဉ်များစွာ ရှိသော်ငြား မည်သည့်အရာကမျှ ‘ပြီးပြည့်စုံခြင်း အဆင့်’ သို့ မရောက်ရှိသေးသဖြင့် တိုက်ခိုက်ရေး စွမ်းရည်မှာ သိသိသာသာ တိုးတက်မလာပေ။
ထို့ပြင်... ဆံပင်ဖြူ အဘိုးအို၌လည်း အထောက်အကူပြု ကျင့်စဉ်များ ရှိနေပြန်၏။ အခြေခံ ခိုင်မာကာ စွမ်းအင် သိုလှောင်မှု များပြားလှရာ အဆင့်တူများထဲတွင်ပင် အင်မတန် သန်မာသောသူ တစ်ဦး ဖြစ်လေသည်။
ထို့ကြောင့် အဆင့် (၃) ဆင့် ကွာဟချက်ကို ကျော်ဖြတ်ကာ တိုက်ခိုက်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။
“ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်ပဲ ရှိသေးတာတောင် ငါ့ရဲ့ ‘ကနဦး ကောင်းကင် လက်သီး’ ကို ခံနိုင်ရည် ရှိပြီး မသေဘူး ဆိုတော့... ဂုဏ်ယူသင့်ပါတယ်”
ဆံပင်ဖြူ အဘိုးအို မထီမဲ့မြင် ပြုံးလိုက်ပြီး နောက်ထပ် တိုက်ခိုက်ရန် ပြင်လိုက်၏။
“ခွေးအိုကြီး... မရိုင်းစိုင်းနဲ့”
ကုန်းချင်းချိုး ဒဏ်ရာရသွားချိန်တွင် အဝေးမှ အော်သံ တစ်ခု ထွက်ပေါ်လာသည်။
“ငွေရောင်လှံတံ ထိုးဖောက်ခြင်း၊ ဝင်္ကပါကို ဖျက်ဆီးပြီး သတ်ဖြတ်ခြင်း”
ပြင်းထန်သော အရှိန်အဝါ တစ်ခု အဝေးမှ ပျံသန်းလာပြီး ဆံပင်ဖြူ အဘိုးအိုကို ပစ်မှတ်ထား တိုက်ခိုက်လိုက်၏။
“ဟေ...”
ဆံပင်ဖြူ အဘိုးအို အံ့သြသွားသည်။ လက်နှစ်ဖက်ဖြင့် လက်ဟန် ရေးဆွဲလိုက်ရာ ရွှေရောင် ဖျော့ဖျော့ လက်သီးရိပ် တစ်ခု ပေါ်လာပြီး လှံအလင်းတန်းကို ကာကွယ်လိုက်၏။ သို့သော် သူ မီတာ ဆယ်ဂဏန်း လွင့်ထွက်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
ကောင်းကင်ယံ အထက်တွင် လေပြင်းများ တိုက်ခတ်နေ၏။
ယခုအခါ၊ ငွေရောင် ချပ်ဝတ် ဝတ်ဆင်ထားသော လီဇီလုံသည် ငွေရောင်လှံတံကို ကိုင်ဆောင်ထားလေသည်။ မျက်လုံးများထဲတွင် ငွေရောင် အလင်းတန်းများ တောက်ပနေပြီး၊ အေးစက်သော အရှိန်အဝါများ ဝန်းရံနေ၏။ ပြိုင်ဘက်ကင်း စစ်သူကြီး တစ်ပါး အလား ခန့်ညားလှသည်။
“ငါက မြူခိုးတောင်ထိပ်က လီဇီလုံ ပဲ။ မင်းက ဘယ်သူလဲ။ ဘာလာလုပ်တာလဲ”
လီဇီလုံ ကောင်းကင်ယံတွင် မတ်မတ်ရပ်ပြီး မေးလိုက်၏။ ဝတ်ရုံစများ လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ် လွင့်ပျံနေ၏။
“ဇီလုံ စစ်သူကြီး”
“ဇီလုံ... ပြိုင်ဘက်ကင်း”
ရေပေါ်ဖြူမြို့တော်၏ မြို့နယ် (၄) ခုစလုံးမှ ပြည်သူများ အော်ဟစ် အားပေးနေကြတော့သည်။
ယန်ယွင် မြို့ (၁၃) မြို ၏ အစောင့်အရှောက် နတ်ဘုရား ဖြစ်သော လီဇီလုံ...ယခုလို အရေးကြုံချိန်မှာ ပေါ်လာတော့ လူထုကြီး စိတ်လှုပ်ရှားပြီး အားတက်သွားကြ၏။
“သာမန် ရေပေါ်ဖြူမြို့တော် လေးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ရှိနေတာတင် မကဘူး... အထွတ်အထိပ် အဆင့် ပါ ရှိနေတာလား”
ဆံပင်ဖြူ အဘိုးအို သည် လီဇီလုံ ကို စူးစိုက်ကြည့်လိုက်၏။ ပြိုင်ဘက်၏ စွမ်းအားက မသေးလှကြောင်း၊ အစွမ်းကုန် တိုက်ခိုက်မှ ရမည် ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
“ဝူဝူခိုင် အသတ်ခံရတာ မဆန်းပါဘူးလေ။ ဒီလို လူတွေ ရှိနေတာကိုး”
ဆံပင်ဖြူ အဘိုးအို အသက်ပြင်းပြင်း ရှူလိုက်၏။ မျက်နှာထား ပိုမို အေးစက်လာသည်။
“ဒါပေမဲ့... ဒီလောက်ပါပဲ။ ငါ့ရဲ့ သွေးနတ်ဆိုး ခန်းမဆောင် ကို ထိပါးရဲတဲ့သူတွေ အကုန် သေရမယ်”
ပြောပြီးသည်နှင့် သူသည် ကနဦး ကောင်းကင် လက်သီး ကို စုစည်းပြီး လီဇီလုံ ဆီသို့ ပစ်လွှတ်လိုက်၏။
လီဇီလုံ သည် သူ ကိုယ်တိုင် ဖန်တီးထားသော လျှို့ဝှက် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ ငွေရောင်လှံတံ ပစ်လွှတ်လိုက်သည်နှင့် သူ့အနောက်တွင် နဂါးဖြူတစ်ကောင် ပေါ်လာပြီး ရှေ့သို့ ခုန်အုပ်လိုက်၏။
လက်သီးရိပ် နှင့် နဂါးဖြူ ထိပ်တိုက် တွေ့ဆုံသွားပြီး အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ မီးရှူးမီးပန်းများထက် ပိုမို လှပတောက်ပနေ၏။
သူတို့နှစ်ဦး ဆက်လက် တိုက်ခိုက်ကြ၏။ မည်သူမျှ အသာစီး မရဘဲ သရေဖြစ်နေ၏။
မြူခိုးတောင်ထိပ် ပေါ်တွင်...
ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်နေမိသည်။ မျက်နှာထား အနည်းငယ် ထူးဆန်းနေ၏။
“ဒီ ဆံပင်ဖြူ အဘိုးအိုက သွေးနတ်ဆိုး ခန်းမဆောင် ရဲ့ ဌာနခွဲ အဖွဲ့ဝင် ဆိုတာ သေချာတယ်။ ဒါပေမဲ့... ဝူဝူခိုင်ကို ငါတို့ ရေပေါ်ဖြူမြို့တော် က လူတွေ သတ်လိုက်တာ ဆိုတာ ဘယ်လိုလုပ် သေချာနေရတာလဲ။ သက်သေ မလိုဘဲ ထင်ကြေးသက်သက်နဲ့ လုပ်တာများလား”
ယဲ့ဖုန်း နားမလည်နိုင် ဖြစ်နေ၏။
‘ဒါက နတ်ဆိုးဂိုဏ်းတွေရဲ့ မောက်မာမှု ဖြစ်လောက်တယ်။
မင်းက တရားခံ အစစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်... ငါ မင်းကို ကြည့်မရရင် သတ်ပစ်မယ် ဆိုတဲ့ သဘောပေါ့။’
“လီဇီလုံ တစ်ယောက်တည်း နိုင်ပါ့မလား မသိဘူး။ မနိုင်ရင်တော့ ငါ ဝင်ပါမှ ရမယ်”
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်၏။
သူ ဟူဖေးဖေး ကို ပေးမတိုက်ချင်။
သို့သော်၊ သူကိုယ်တိုင်လည်း မတိုက်ချင်ပါ
လီဇီလုံ အပေါ်မှာလည်း ယုံကြည်မှု သိပ်မရှိ ဖြစ်နေပါ၏။
ကြိုးစား ပမ်းစား ကျင့်ကြံခဲ့ပြီး၊ ယဲ့ဖုန်း ရဲ့ ကိုယ်တိုင် လမ်းညွှန်မှုနှင့် ‘ဒုတိယ ချီပင်လယ်’၏ နောက်ဆုံး အခန်းကဏ္ဍတွေကို အောင်မြင်ခဲ့၍ ချီပင်လယ် ပမာဏ နှစ်ဆ တိုးလာပေမယ့်... လုံလောက်မည် မထင်ပါ။
ဒါက ခံနိုင်ရည် ကိုပဲ တိုးစေ၏။ တိုက်ခိုက်ရေး စွမ်းရည်ကို တိုက်ရိုက် မတိုးစေပေ။
‘ကိုးဆင့် ကောင်းကင်နတ်ဘုရား ကျင့်စဉ်’ဆိုလျှင်လည်း... လီဇီလုံ၏ ပါရမီနှင့် တတိယအဆင့် ထိပ်ဆုံးပဲ ရောက်သေးသည်။ သူ၏ စိတ်စွမ်းအား က ‘ချီစုစည်းခြင်း အဆင့် ထိပ်ဆုံး’လောက်သာ ရှိသည်။ ယခုလို တိုက်ပွဲကြီးမှာ အသုံးမဝင်ချေ။
နောက်ပိုင်းမှာ ‘ရေအလင်းတန်း ကျင့်စဉ်’ နဲ့ ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ တွေကို ကျင့်ကြံခဲ့ပေမယ့်... ပထမအဆင့်ပဲ ရှိသေး၏။ စုစုပေါင်း တွက်ကြည့်ရင်... မြူခိုးဂိုဏ်း ရောက်ပြီးကတည်းက သူ့တိုက်ခိုက်ရေး စွမ်းရည် (၇၀) ရာခိုင်နှုန်းလောက် တိုးလာသည်။
သို့သော်၊ ဒီလောက်နှင့် မလုံလောက်သေးပါ။
ကောင်းကင်ယံ အထက်တွင် တိုက်ပွဲ ပြင်းထန်နေ၏။
လီဇီလုံ ထိုကွက်ကိုပဲ ထပ်သုံးပြန်သည်။ မီတာ ဆယ်ဂဏန်း ရှည်လျားသော အဖြူရောင် နဂါးတစ်ကောင် ဆံပင်ဖြူ အဘိုးအို ဆီသို့ ခုန်အုပ်သွားပြန်သည်။
“မင်း ဒီတစ်ကွက်ပဲ တတ်တာလား”
ဆံပင်ဖြူ အဘိုးအို ဒေါသထွက်လာတော့၏။
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးပြီ။
သူက မန္တန် အမျိုးမျိုး ပြောင်းသုံးနေပေမယ့်... လီဇီလုံ ကတော့ ဒီတစ်ကွက်တည်းကိုပဲ ထပ်ခါထပ်ခါ သုံးနေသည်။ တော်တော် ဆန်းကြယ်သည့် လူပင်။
“ဟုတ်တယ်။ ဒီဂိုဏ်းချုပ်က ဒီတစ်ကွက်ပဲ တတ်တယ်”
လီဇီလုံ ဂုဏ်ယူစွာ အော်ဟစ်လိုက်၏။
သူ့မှာ တခြား မန္တန်တွေ မရှိတာ မဟုတ်ပါ။ ငွေရောင်လှံတံ နှင့် သက်ဆိုင်တဲ့ မန္တန် မရှိခြင်းပါ။ ရှိတာတွေကလည်း ဒုတိယအဆင့်၊ တတိယအဆင့်တွေ ဆိုတော့ အားနည်း၏။ သူ ကိုယ်တိုင် ဖန်တီးထားသော လျှို့ဝှက် နည်းစနစ်လောက် မစွမ်းပါချေ။
“ကောင်းပြီလေ”
ဆံပင်ဖြူ အဘိုးအို လက်ဟန် ဖော်ဆောင်လိုက်၏။ ‘ဆဋ္ဌမအဆင့် မန္တန်’ ဖြစ်သော ‘ကနဦး ကောင်းကင် လက်သီး’ ကို အစွမ်းကုန် ထုတ်သုံးပြီး လီဇီလုံ ကို အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
‘ချွင်...’
တိုက်ခိုက်မှု နှစ်ခု ထိတွေ့သွားပြီး ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာသည်။ အချို့က ရေပေါ်ဖြူမြို့တော်၏ အကာအကွယ် ဒိုင်းကို ရိုက်ခတ်သွားပြီး အက်ကွဲကြောင်းများ ပိုမို ကြီးမားလာစေသည်။
ထိုစဥ်၊
“အဆောင်... ဖိနှိပ်စမ်း”
ကုန်းချင်းချိုး သည် ‘အသက်ဝိညာဉ် စွမ်းအား’ ပါဝင်သော ဆေးရည်ကို သောက်လိုက်ပြီး စာရွက် အဆောင် (၁၂) ခုကို ထုတ်ယူကာ လေထဲတွင် ကပ်လိုက်ပြီး မြို့တော် အကာအကွယ် ဒိုင်းကို ပြုပြင်လိုက်၏။
တိုက်ပွဲ ကြာလာသည်နှင့်အမျှ ဆံပင်ဖြူ အဘိုးအို၏ မျက်နှာထား ရုပ်ဆိုးလာသည်။
လီဇီလုံ ရဲ့ စွမ်းအားက သူ့ထက် နည်းနည်း အားနည်းပေမယ့်... ခံနိုင်ရည် ကတော့ အများကြီး သာလွန်နေတယ်။ ချီပင်လယ် ပမာဏကို တိုးစေတဲ့ အထောက်အကူပြု ကျင့်စဉ် တစ်ခုခု ကျင့်ကြံထားတာ သေချာတယ်။
“ဟ”
ဆံပင်ဖြူ အဘိုးအို တစ်ခုခု မှားနေပြီ ဆိုတာ ရိပ်မိလိုက်၏။
“ဒီကောင်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ငါ့လောက် မကောင်းပေမယ့်... ငါ့ကို တရစပ် တိုက်ခိုက်နိုင်နေတယ်။ ငါ စွန့်စားပြီး အဲဒီ မန္တန်ကို ထုတ်သုံးမှ ရတော့မယ်”
“ကနဦး ကောင်းကင် လက်သီး”
ဆံပင်ဖြူ အဘိုးအို လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီး လီဇီလုံ ကို တွန်းထုတ်လိုက်သည်။ ထို့နောက် မိုင်အနည်းငယ် အကွာသို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။ လက်နှစ်ဖက်ဖြင့် သင်္ကေတများ လျင်မြန်စွာ ပြုလုပ်လိုက်ရာ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များ သူ့ထံသို့ စုဝေးရောက်ရှိလာကြ၏။
အဘိုးအို၏ ဆံပင်များ လေထဲတွင် ဖရိုဖရဲ လွင့်ပျံနေပြီး မျက်လုံးများထဲမှ တောက်ပသော ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
“ ‘ခရမ်းရောင် ကောင်းကင် ဓားအလင်းတန်း’ ”
သူ စွန့်စားပြီး ‘သတ္တမအဆင့် မန္တန်’ ကို ထုတ်သုံးလိုက်၏။ ဝန်ပိလွန်းသဖြင့် ခန္ဓာကိုယ် တွန့်လိမ်သွားပြီး နှာခေါင်းသွေးများပင် ယိုစီးကျလာသည်။
သို့သော် ဤတိုက်ခိုက်မှုက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
တောက်ပသော ခရမ်းရောင် အလင်းတန်းများ ကောင်းကင်မှ ဆင်းသက်လာပြီး၊ ထက်မြက်သော ဓားတစ်လက် အဖြစ် စုစည်းကာ အဝေးရှိ လီဇီလုံ ကို ချိန်ရွယ်လိုက်၏။
“မကောင်းတော့ဘူး... ငါတို့ ပူးပေါင်းပြီး တိုက်မှ ရမယ်”
ကုန်းချင်းချိုး အခြေအနေ မဟန်မှန်း သိလိုက်သဖြင့် အနီရောင် အဆောင် (၁၂) ခုကို ပစ်လွှတ်လိုက်၏။ အဆောင်များသည် ဆံပင်ဖြူ အဘိုးအို အနီးသို့ ကျရောက်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
စွမ်းအားများ လှုပ်ခတ်သွားပြီး ခရမ်းရောင် ဓားအလင်းတန်း အနည်းငယ် ပြန့်ကျဲသွားကာ စွမ်းအား အနည်းငယ် လျော့ကျသွားသည်။
‘ရွှပ်...’
ဓားအလင်းတန်း တည့်တည့် ထိုးဖောက်ဝင်ရောက်လာသည်။ လီဇီလုံ သည် သူ့စွမ်းအား အကုန်လုံးကို ငွေရောင်လှံတံ ထဲသို့ ထည့်သွင်းလိုက်ပြီး ‘ငွေရောင်လှံတံ ထိုးဖောက်ခြင်း၊ ဝင်္ကပါကို ဖျက်ဆီးပြီး သတ်ဖြတ်ခြင်း’ ကို ထုတ်သုံးလိုက်၏။
‘ထန်း...’
ငွေရောင်လှံတံ သည် ခရမ်းရောင် ဓားအလင်းတန်း၏ ရိုက်ခတ်မှုကြောင့် အမှန်တကယ် ကျိုးကြေသွားသည်။
စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လီဇီလုံ ၏ ရင်ဘတ်ကို ရိုက်ခတ်သွားသည်။ သူသည် နောက်သို့ လွင့်ထွက်သွားပြီး သွေးများ အဆက်မပြတ် အန်ထွက်လာကာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
“ဇီလုံ စစ်သူကြီး မခံနိုင်တော့ဘူးလား”
ထိုအခိုက်အတန့်တွင် မြို့တော်တစ်ခုလုံးရှိ ပြည်သူများ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်သွားလေတော့သည်။
***